၂၀၂၅ ဇူလိုင်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာနှင့် လူထုတွေ့ဆုံပွဲကို ဆစ်ဒနီမြို့မှာ ပြုလုပ်
📌 ၂။ ဒီပဲယင်းမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်များအတွက် ရေစီး၊ ရေလာ ကောင်းမွန်စေရန် ဆောင်ရွက်
📌 ၃။ စစ်ကောင်စီက မတရား ဖမ်းဆီးထားတဲ့ ရတနာပုဂံတိုက် ဆရာတော် ပျံလွန်တော်မူ
📌 ၄။ ထိုင်းစစ်တပ်က ကမ္ဘောဒီးယား၏ Phu Makhuea တောင်ထိပ်စစ်စခန်းကို သိမ်းယူ၊ ကမ္ဘောဒီးယားက အပစ်ရပ်ရန် တောင်းဆို
📌 ၅။ မိုးကုတ်နှင့် သီပေါမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးနဲ့ သုံးစွဲသူ ၇ ဦးကို တအောင်းပြည် ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
📌 ၆။ နမ့်ဆန်၊ အထက်မန်လွယ်ကျေးရွာတွင် မိသားစုဝင် (၂)ဦး ပိုးသတ်ဆေး သောက်ပြီး သတ်သေရာ (၁)ဦး သေဆုံး
📌 ၇။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ရန်ကုန်တွင် ဆန္ဒပြ
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်ဖြူတွင် တရုတ်စီမံကိန်းအနီး တိုက်ပွဲမဖြစ်ရန် AA ကို ဖိအားပေးပြီး စစ်ကောင်စီအား ဒရုန်းနှင့် နည်းပညာထောက်ပံ့မှု တရုတ် ပြုလုပ်နေဟု ဆို
🚩 ၂။ ကျောက်ကြီးမြို့နယ်မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်
🚩 ၃။ ဒီမော့ဆို အနောက်ခြမ်းကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်
🚩 ၄။ မိုးကုတ်နဲ့ ကျောက်မဲမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး
🚩 ၅။ နွားထိုးကြီးမြို့နယ်တွင် စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၄ ဦးအပါအဝင် ၆ ဦးသေဆုံး
🚩 ၆။ CDF-ZOTUNG ရဲ့ (၄) ကြိမ်မြောက် Special Force Training သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာနှင့် လူထုတွေ့ဆုံပွဲကို ဆစ်ဒနီမြို့မှာ ပြုလုပ်
ဇူလိုင်လ ၂၆ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် လူထုတွေ့ဆုံပွဲကို ဇူလိုင်လ ၂၆ရက်နေ့ ဆစ်ဒနီမြို့မှာ CRPH/NUG Support Group NSW က ဦးဆောင်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာသည် စစ်အာဏာရှင်စနစ်ကို မြန်မာပြည်မှ အပြီးတိုင် တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အဓိကကျသော (1) Bottom-up federalism formation, (2) Political transformation, (3) Military transformation, (4) Geopolitical transformation, (5) Socio-economic transformation ကို အကောင်အထည်ဖော် လုပ်ဆောင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ပြည်သူလူထု သိလိုသော မေးခွန်းများကိုလည်း ရင်းနှီးခင်မင်စွာ ဖြေကြားသွားခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေါက်တာဆာဆာ၊ ခရီးစဉ်နှင့် အခမ်းအနားကို ဖြစ်မြောက်အောင် စီစဉ်ပေးခဲ့သူများ၊ အခမ်းအနားအစီအစဉ်တွင် ပါဝင်ကူညီခဲ့သူများ၊ ကြွရောက်လာကြသော လူကြီးမင်းများနှင့် တိုင်းရင်းသား ညီအကိုမောင်နှစ်မများ၊ ကျွေးမွေးတည်ခင်းသော အလှူရှင်များနှင့် အခမ်းအနား ပြင်ဆင်သိမ်းဆည်းပေးသည့် စေတနာ့ဝန်ထမ်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၂။ ဒီပဲယင်းမြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်များအတွက် ရေစီး၊ ရေလာ ကောင်းမွန်စေရန် ဆောင်ရွက်
ဇူလိုင်လ ၂၆ရက်
Radio NUG
ဒီပဲယင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းခွင်များအတွက် အရေးကြီးသော YMC-MBC မူးတလျှောက် ရေစီး၊ ရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဆည်မြောင်းဌာန၊ စိုက်ပျိုးရေးဌာနတို့နှင့် ဒေသတွင်းရှိ တောင်သူများ ပူးပေါင်း၍ ရေလမ်းရှင်း၊ အမှိုက်ဆည်ယူခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို ဇူလိုင်လ စိုက်ပျိုးချိန်အမှီ အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီက မတရား ဖမ်းဆီးထားတဲ့ ရတနာပုဂံတိုက် ဆရာတော် ပျံလွန်တော်မူ
ဇူလိုင်လ ၂၆ရက်
Radio NUG
အကြမ်းဖက် စစ်အုပ်စုက မတရား ဖမ်းဆီးထားတဲ့ မန္တလေးမြို့၊ ရတနာပုဂံတိုက်မှ ဆရာတော်ဟာ နှိပ်စက်ခံရမှု ဒဏ်ရာများနဲ့ ဆေးဝါးကုသမှု လုံလောက်စွာ မရခဲ့တာကြောင့် ပျံလွန်တော်မူသွားတယ်လို့ သံဃသမဂ္ဂ(မန္တလေး) က ထုတ်ပြန်ထားပါတယ်။
ဆရာတော် ဦးပသံသိယဟာ မတရား ဖမ်းဆီး၊ နှိပ်စက်မှု ဒဏ်ရာများကြောင့် ကင်ဆာ ရောဂါဖြင့် ဇူလိုင်လ ၂၅ ရက်နေ့မှာ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ပျံလွန်တော်မူသွားခဲ့တာလို့ ဆိုပါတယ်။
ဆရာတော်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညအချိန်မှာ စစ်ကောင်စီက မတရား ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ၂၀၂၃ ဇူလိုင်လ ၁၇ ရက်နေ့မှာ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
အကျဉ်းထောင်အတွင်း နှိပ်စက်မှုများကြောင့် ဆရာတော်ဟာ ကင်ဆာရောဂါ ဝေဒနာကို စတင်ခံစားခဲ့ရပြီး ၂၀၂၃ အောက်တိုဘာလ ၁၅ ရက်နေ့မှာ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသ ပေးခဲ့တယ်လို့ သိရပါတယ်။
သို့ပေမယ့် ဆေးဝါးကုသမှု လုံလောက်စွာ မရခဲ့တာကြောင့် ထောင်ကျပြီး ၂ နှစ်အကြာ သက်တော် ၃၆၊ ဝါတော် ၁၆ ဝါမှာ ပျံလွန်တော် မူခဲ့ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆရာတော် ဦးပသံသိယ အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ဖိနှိပ်ထိန်းချုပ်ပြီး လုံလောက်တဲ့ ဆေးကုသမှု မပေးဘဲ အသက်သေဆုံးစေတာက အကြမ်းဖက် စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုသာ ဖြစ်တယ်လို့ မှတ်ယူကြောင်း သံဃသမဂ္ဂ (မန္တလေး) က ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုရဲ့ ရဟန်းရှင်လူ ပြည်သူလူထု အပေါ် မတရား ဖမ်းဆီးထိန်းသိမ်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် အခြား မတရားပြုမူများကို တရားမျှတမှု ရရှိသည်အထိ ပြည်သူလူထု နှင့်အတူ လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ သံဃသမဂ္ဂ (မန္တလေး) သဘောထားထုတ်ပြန် ထားပါတယ်။
========================
📌📌 ၄။ ထိုင်းစစ်တပ်က ကမ္ဘောဒီးယား၏ Phu Makhuea တောင်ထိပ်စစ်စခန်းကို သိမ်းယူ၊ ကမ္ဘောဒီးယားက အပစ်ရပ်ရန် တောင်းဆို
ဇူလိုင်လ ၂၆ရက်
Radio NUG
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် အငြင်းပွားနေသော နယ်မြေအတွက် တိုက်ပွဲများ တတိယရက် ဆက်လက် ဖြစ်ပွားနေပြီး၊ ထိုင်းစစ်တပ်က ကမ္ဘောဒီးယား၏ Phu Makhuea တောင်ထိပ်စစ်စခန်းကို သိမ်းယူခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြထားပါတယ်။
ဇူလိုင် ၂၆ ရက် ထိုင်းစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ထိုင်းစစ်တပ်က အဆိုပါစခန်းကို သိမ်းပိုက်ပြီး ထိုင်းအလံလွှင့်ထူခဲ့ကာ တိုက်ပွဲအတွင်း ကမ္ဘောဒီးယားစစ်သား ၁၀ ဦး သေဆုံးခဲ့သလို AK-47၊ M16 သေနတ်များ၊ စက်သေနတ်၊ RPG၊ ၄၀ မမ လက်နက်နှင့် ဒရုန်းများ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားဘက်က လက်နက်ကြီးများဖြင့် ပြန်လည်သိမ်းယူရန် ကြိုးပမ်းနေကာ ထိုင်းစစ်တပ်က Phu Makhuea တောင်တဝိုက်ကို အပြည့်အဝထိန်းချုပ်ထားပြီး လက်နက်ကြီးများ တပ်ဆင်ထားသလို ကမ္ဘောဒီးယား၏ ကာကင်းစခန်းများနှင့် ကေဘယ်လ်ရထားများကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တိုက်ပွဲများ နှစ်ရက်ကြာပြီးနောက် ကမ္ဘောဒီးယားက ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုထားပြီး ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး ချာဟေကီအိုက ငြိမ်းချမ်းသောနည်းလမ်းဖြင့် အငြင်းပွားမှုများကို ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သော်လည်း ထိုင်းဘက်က ချက်ချင်းတုံ့ပြန်မှု မပြုသေးဘဲ၊ နှစ်နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးရန်သာ လိုလားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်၊ အမေရိကန်တို့က ပဋိပက္ခဖြေရှင်းရေးအတွက် ကြားဝင်ညှိနှိုင်းရန် ကမ်းလှမ်းထားသော်လည်း၊ ထိုင်းက ပြင်ပအဖွဲ့အစည်းများ၏ ဝင်ရောက်စွက်ဖက်မှုကို လက်မခံဘူးလို့ သိရပါတယ်။
တိုက်ပွဲများကြောင့် နှစ်ဖက်နယ်စပ်ရှိ ဒေသခံသိန်းနှင့်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ ထိုင်းဘက်တွင် အရပ်သားအများစုအပါအဝင် ၁၅ ဦး၊ ကမ္ဘောဒီးယားဘက်တွင် ၁၂ ဦး သေဆုံးခဲ့သည့်အပြင် လမ်းချော်ကျည်ဆန်များကြောင့် လာအိုနိုင်ငံအတွင်း နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မိုးကုတ်နှင့် သီပေါမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးနဲ့ သုံးစွဲသူ ၇ ဦးကို တအောင်းပြည် ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ
ဇူလိုင်လ ၂၆ရက်
Radio NUG
PSLF/TNLA ထိန်းချုပ်နယ်မြေ၊ မိုးကုတ်နဲ့ သီပေါမြို့နယ်တို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးနဲ့ သုံးစွဲသူ ၇ ဦး တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာ မိုးကုတ်မြို့တွင် ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေရင်း မူးယစ်ဆေး ရောင်းဝယ်သူ ကိုဘုန်းမြင့်နိုင် (၃၆ နှစ်) အား ဘိန်းဖြူထည့်ထားတဲ့ မျက်စဉ်းဆေးဗူး ၁ ဗူး၊ ယာမဆေးပြား ၂၀၀ ပြား၊ ဖုန်း ၁ လုံး၊ ငွေသား (၁,၀၈၀,၀၀၀) ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် လယ်ဦး ရပ်ကွက်ကိုလည်း ထပ်မံစစ်ဆေး ဆောင်ရွက်ခဲ့ရာ နေအိမ် တအိမ်မှာ မူးယစ်ဆေး သုံးစွဲနေတဲ့ ကိုယုဖူး၊ ကိုတွမ်ချီ၊ ကိုအခွါအေတို့ကို ယာမဆေးပြား ၂၄ ပြား၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် အင်းချောက် ကျေးရွာနဲ့ ပန်လင် ကျေးရွာကို ရှောင်တခင် စစ်ဆေးမှု ထပ်မံပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲသူ ကိုလောက်ယူ၊ ကိုလောက်ဟန်၊ ကိုဟာမင်းကျော်နဲ့ ကိုဆန်သာကျော်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ သီပေါမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဒေါ်ဟွမ်ဦး၊ စိုင်းဝင်းထွန်း၊ မျိုးမင်းဦး နှင့် အမျိုးသား တစ်ဦး တို့ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် ၅ ခွက်၊ ယာမဆေးပြား ၁၁ ထုတ်နဲ့ ၂၆ ပြားတို့ကို ဖမ်းဆီးရမိ ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဦးလှအောင် (၅၂ နှစ်) အား ယာမဆေးပြား အထုတ်သေး ၁၁ ထုတ် နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ထိမ်းသိန်းထားပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူ သွားမယ်လို့ အသိပေး ထားပါတယ်။
========================
📌📌 ၆။ နမ့်ဆန်၊ အထက်မန်လွယ်ကျေးရွာတွင် မိသားစုဝင် (၂)ဦး ပိုးသတ်ဆေး သောက်ပြီး သတ်သေရာ (၁)ဦး သေဆုံး
ဇူလိုင်လ ၂၆ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ အထက်မန်လွယ်ကျေးရွာတွင် မိခင်နှင့် သမီးဖြစ်သူတို့သည် ပိုးသတ်ဆေးသောက်ပြီး ကိုယ်ကိုကိုယ် သတ်သေရာတွင် မိခင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ (၂၃)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန်၌ လက်ဖက်ခြံတဲတွင် အသက် (၄၂)နှစ်အရွယ် ဦးအိုက်ခိုနှင့် အသက် (၃၃)နှစ်အရွယ် ဒေါ်အီမေတို့ဇနီးမောင်နှံ (၂)ဦးသည် အချင်းစကားများပြီးနောက် ဇနီးဖြစ်သူနှင့် ၎င်းတို့သမီးသည် ပိုးသတ်ဆေးကို ယူသောက်ပြီး ကိုယ်ကိုကိုယ်သတ်သေရန် ကြံစည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုနောက် အမျိုးသားဖြစ်သူမှ ၎င်း၏ အမျိုးသမီးနှင့် သမီးဖြစ်သူကို ဆေးကုသရန် ပို့ဆောင်ခဲ့သော်လည်း ပိုးသတ်ဆေး၏ အဆိပ်ပြင်းထန်မှုကြောင့် မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပြီး အသက် (၄)နှစ်အရွယ် သမီးဖြစ်သူလည်း ဆေးကုမှု ခံယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ထို့အတူ မေလ (၂၈)ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်တွင် အသက် (၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိသားစုပြဿနာဖြင့် စိတ်ဖိစီးမှုများပြီး ပိုးသတ်ဆေးကို ယူသောက်ကာ ကိုယ်ကိုကိုယ် သတ်သေသွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ရန်ကုန်တွင် ဆန္ဒပြ
ဇူလိုင်လ ၂၆ရက်
Radio NUG
စစ်ကောင်စီက ငလျင်ဘေးကူညီငွေများဖြင့် ရွေးကောက်ပွဲကို ပြုလုပ်မည်ဖြစ်တာကြောင့် ပြည်သူများမှ အတူတကွ ဆန့်ကျင်ကြဖို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ က "ငလျင်ဘေးကူညီမှုနဲ့ လုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကြ"ဆိုတဲ့ ဘန်နာနဲ့အတူ ရန်ကုန်တွင် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ငလျင်အရေးပေါ် ကယ်ဆယ်ရေးငွေများကို ပြည်သူများရဲ့ ပြန်လည်ထူထောင်ရေးအတွက် အသုံးမပြုဘဲ၊ လက်နက်ဝယ်ယူခြင်း၊ ကျေးရွာများကို ဗုံးကြဲခြင်းနှင့် အာဏာတည်မြဲရေးအတွက် တရားမဝင် ရွေးကောက်ပွဲပြင်ဆင်ခြင်းများတွင် အလွဲသုံးစားပြုလုပ်နေတာကြောင့် ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ပြီး ပြည်သူများမှ အတူတကွ ဆန့်ကျင်ကြဖို့ ညီနောင်လေးဖွဲ့က တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်ဖြူတွင် တရုတ်စီမံကိန်းအနီး တိုက်ပွဲမဖြစ်ရန် AA ကို ဖိအားပေးပြီး စစ်ကောင်စီအား ဒရုန်းနှင့် နည်းပညာထောက်ပံ့မှု တရုတ် ပြုလုပ်နေဟု ဆို
ဇူလိုင်လ ၂၆ရက်
Radio NUG
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း တရုတ်အစိုးရသည် အာရက္ခတပ်တော် (AA) အား တရုတ်စီမံကိန်းများအနီး တိုက်ပွဲမဖော်ဆောင်ရန် ဖိအားပေးထားပြီး၊ တစ်ဖက်တွင် စစ်ကောင်စီအား ခေတ်မီဒရုန်းများ၊ နည်းပညာနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောကြားချက်ကို နိရဉ္စရာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော်၏ ထိုးစစ်သည် မေလနောက်ဆုံးအပတ်တွင် ရွှေသဘာဝဓာတ်ငွေ့သန့်စင်သိုလှောင်စက်ရုံ (OGT) အနီးအထိ ရောက်ရှိခဲ့သော်လည်း၊ တရုတ်၏ ဖိအားကြောင့် AA သည် အဆိုပါဧရိယာမှ နောက်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် တရုတ်လုံခြုံရေးဝန်ထမ်းတွေပါ ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ ပါဝင်နေတယ်လို့ ၎င်းက ဆက်လက်ပြောကြားထားပါတယ်။
တရုတ်အစိုးရသည် မြန်မာပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမပြုဟု ပြောဆိုထားသော်လည်း၊ စစ်ကောင်စီအား စစ်ရေးအရ ထင်ရှားစွာ ထောက်ပံ့ပေးနေတာကို Justice for Myanmar မှလည်း ထောက်ပြထားပါတယ်။
========================
🚩🚩 ၂။ ကျောက်ကြီးမြို့နယ်မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်
ဇူလိုင်လ ၂၆ရက်
Radio NUG
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ရင်းတိုက်ကုန်း ကျေးရွာနှင့် လက်ပတ် ကျေးရွာတို့မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ အမှတ် (၂) စစ်ဆင်ရေး နယ်မြေက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့က ရင်းတိုက်ကုန်းရွာရှိ စစ်ကောင်စီ စခန်းကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၅)၊ အမှတ် (၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒို တပ်ရင်းနဲ့ KNLA တပ်ရင်း (၉) တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများနဲ့ စစ်သုံးဆက်စပ်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်မှလည်း ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အလားတူ လက်ပတ်ကျေးရွာက စစ်ကောင်စီ တပ်စခန်းကို ဇူလိုင်လ ၂၅ ရက်နေ့မှာပဲ ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ (၂၄)၊ အမှတ် (၃၅၀၃) တပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူဟာ (၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ အမှတ် (၃၇၀၃) တပ်ရင်း ၊ တောကျီးကန်းတပ်ရင်းနဲ့ KNLA တပ်ရင်း (၈) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း ရဲဘော် ၁ ဦး ကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ ဒီမော့ဆို အနောက်ခြမ်းကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်
ဇူလိုင်လ ၆ရက်
Radio NUG
ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ၂ ရက်ဆက်တိုက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က သိရပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်မှာ ဒီမော့ဆို အနောက်ဘက်ခြမ်းကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်တချို့ ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်ကလည်း ဒီမော့ဆို အနောက်ဘက်ခြမ်းကို လက်နက်ကြီး ၇ လုံး ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီမောဆို အနောက်ဘက်ခြမ်းကို ဇူလိုင်လ အတွင်း လက်နက်ကြီး ပစ်ခတ်မှုများအပြင် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းကလည်း ဒီမော့ဆို အနောက်ခြမ်း တနေရာကို လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက် ခဲ့ပါသေးတယ်။
ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းကြီးတလျှောက်ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် နန်းမယ်ခုံ မြို့အနီးကို ထပ်မံ စစ်ကြောင်းထိုးလာရာ တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျေးရွာ ၅ ရွာထက်မနည်း စစ်ဘေးရှောင်နေရတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ မိုးကုတ်နဲ့ ကျောက်မဲမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး
ဇူလိုင်လ ၂၆ရက်
Radio NUG
မန္တလေးတိုင်း၊ မိုးကုတ်မြို့ နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်မှုတွေကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
TNLA တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ၊ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန် ထားပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့၊ ညနေ ၄ နာရီ ၅၈ မိနစ် အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူလူထုကို ဦးတည်ကာ စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ဖြင့် အလုပ်ပြန်လာတဲ့ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဟိုတယ် အဆောက်အဦးတချို့ ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခိုက်ခိုက်ခဲ့ရာ ဒေသခံ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားပါတယ်။
ဇူလိုင်လ ၂၆ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က နောင်ပိန် ကျေးရွာထဲကို လက်နက်ကြီး ၇ လုံးခန့် ပစ်ခတ်ခဲ့တာဖြစ်ပြီး နောင်ချိုကနေ စစ်ရှောင်လာတဲ့ ဒေသခံ ၂ ဦးကို ထိမှန်ခဲ့ကာ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ နွားထိုးကြီးမြို့နယ်တွင် စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၄ ဦးအပါအဝင် ၆ ဦးသေဆုံး
ဇူလိုင်လ ၂၆ ရက်
Radio NUG
ဇူလိုင် ၂၆ ရက်တွင် တံတားဦးမြို့နယ်မှ နွားထိုးကြီးမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များက မျက်ရှုရွာရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေထိုင်သည့် ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး၊ နောက်ထပ် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ CDF-ZOTUNG ရဲ့ (၄) ကြိမ်မြောက် Special Force Training သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
ဇူလိုင်လ၂၆ရက်
Radio NUG
CDF-ZOTUNG မှ ဦးစီးကျင်းပသည့် (၄) ကြိမ်မြောက် Special Force Training ပြီးစီးမှုနှင့် ရဲဘော်သစ်များအား ဆုပေးခြင်း၊ ဆုတောင်းပေးခြင်းအခမ်းအနားကို ဇူလိုင်လ (၂၄) ရက်နေ့တွင် ဇိုတုန်ဒေသတစ်နေရာ၌ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ရက်ရှည်သင်တန်းဖြစ်သည့် ၎င်းသင်တန်းအတွက် တာဝန်ယူ ဦးစီးပေးကြသည့် တာဝန်ရှိသူများနှင့် အကျွေးအမွေး အားထည့်ပေးကြသည့် ပြည်တွင်း၊ ပြည်ပရှိ တော်လှန်မိဘပြည်သူများအပေါ် ကျေးဇူးအထူးတင်ရှိတယ်လို့ ဆိုထားပါတယ်။
တန်းတူညီမျှမှု အပြည့်အ၀ရှိသော ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးနှင့် အမိချင်းလဲန်း၊ ချင်းလဲန်းရှိ ပြည်သူများအတွက် ဆက်လက်၍ တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








No comments:
Post a Comment