၂၀၂၅ သြဂုတ်လ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "ဘယ်နည်းနဲ့ ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် အနာဂတ် တရားမျှတတဲ့ သာယာဝပြောတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်"လို့ ယာယီသမ္မတ ပြောကြား
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) တို့ တွေ့ဆုံ၍ တော်လှန်ရေး အောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆွေးနွေး
📌 ၃။ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဆိုင်ရာ ကိစ္စရပ်နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို မျှဝေ ဆွေးနွေး
📌 ၄။ ဂန့်ဂေါမြို့ မြောက်ဘက် ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၉ အဆင့် မြေငလျင်လှုပ်ခတ်
📌 ၅။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စေလိုရာစေ စေတနာ့ဝန်ထမ်းဆရာ/ဆရာမများအား ခေါ်ယူ
📌 ၆။ မြန်မာ့ဒီမိုကရေစီရေးအတွက် ကိုရီးယားအစိုးရထံ တောင်းဆိုသည့် လက်မှတ်ရေးထိုး ကမ်ပိန်း မှလက်မှတ်ပေါင်း ၈,၈၈၈ ခု ရရှိရန် ရည်မှန်းထား
📌 ၇။ သရုပ်ဆောင်ဒေါင်းသြစတြေးလျနိုင်ငံမြို့ကြီး၃မြို့သို့လာရောက်၍ပရိသတ်များနဲ့တွေ့ဆုံမည်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရွာငံမှာ စစ်ကောင်စီ စစ်ကြောင်းကို ဖျက်အားပြင်း မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ၁၂ ဦး သေဆုံး
🚩 ၂။ ကျောက်မဲနဲ့ နောင်ချိုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သံဃာ တစ်ပါး ပျံလွန်
🚩 ၃။ ဖားကန့်မြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိခင် တစ်ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ဒဏ်ရာပြင်းထန်ရ
🚩 ၄။ တနိုင်းမြို့နယ် ဝါရာဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ
🚩 ၅။ ကျောက်ဖြူမြို့နယ်၊ သဒ္ဓတ္ထိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
🚩 ၆။ လက်ပံပြင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး မိသားစုဝင် ၃ ဦး ဒဏ်ရာရ
🚩 ၇။ စစ်အုပ်စုက ထောက်ပို့လေယာဉ် (Y-12)နဲ့ ၂၀၂၅ ထုတ် Brand New (၈၁) မမ ဗုံးသီးတွေကို နေရာမှားချ၍ တော်လှန်ရေးရဲဘော်များရရှိ
🚩 ၈။ မယ်စဲ့မြို့သိမ်း တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ KNPLF ရဲဘော်တစ်ဦး ၂ နှစ်ကြာမှာ ကျဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "ဘယ်နည်းနဲ့ ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် အနာဂတ် တရားမျှတတဲ့ သာယာဝပြောတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်"လို့ ယာယီသမ္မတ ပြောကြား
ဇူလိုင်လ ၃၁ရက်
Radio NUG
"ဘယ်နည်းနဲ့ ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် အနာဂတ် တရားမျှတတဲ့ သာယာဝပြောတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်"လို့ ယာယီသမ္မတဒူဝါလရှီးလက ဇူလိုင်လ ၃၁ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။
"ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ဖြစ်ဖြစ် စစ်ရေးဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာလျှင် ကျွန်တော်တို့ မျှော်မှန်းတဲ့ အနာဂတ် တရားမျှတတဲ့ သာယာဝပြောတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်ဆိုတာကတော့ ကျွန်တော်တို့ အားလုံးရဲ့ စိတ်ဆန္ဒ ပြည်သူအားလုံးရဲ့ စိတ်ဆန္ဒလည်းဖြစ်ကြောင်း၊ အဲဒါကတော့ အဓိက ကျွန်တော်တို့ သွားရမှာ ဖြစ်တဲ့အတွက်ကြောင့် တချို့နေရာတွေမှာ reform လုပ်ရမှာဖြစ်ကြောင်း၊ အဲလိုလုပ်လာတဲ့အခါမှာ ကျွန်တော်တို့အားလုံးဟာ တော်လှန်ရေးသမားပီပီ အမှန်ကို ရပ်တည်လို့ ကိုယ်ကျိုးစွန့်ပြီးတော့ တိုင်းသူပြည်သားတွေရဲ့ အနာဂတ် တည်ဆောက်နေတဲ့သူတွေ ဆိုတာကို စိတ်နှလုံးထဲမှာ ယုံကြည်ချက် ကြီးကြီးမားမားနဲ့ ဆက်ပြီးတော့ ရပ်တည်သွားဖို့ ဖြစ်ကြောင်း၊ အခုချိန်ထိ ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ တော်တော်ကောင်းတယ်လို့ပဲ ကျွန်တော်ခံယူကြောင်း၊ ဒါပေမယ့် ပိုမိုကောင်းမွန်လာအောင် လုပ်ရမှာဖြစ်ကြောင်း" ယာယီသမ္မတက ပြောပါတယ်။
အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။
အလားတူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်က ပြောကြားရာတွင်လည်း "ဝန်ကြီးတချို့လည်း စစ်ကိုင်း၊ မကွေးဘက် ခရီးတွေဆန့်နိုင်နေကြပြီဖြစ်တာမို့ ပကတိအခြေအနေတွေကို ပိုသိရှိပြီး၊ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်မယ့်၊ ပိုမိုထိရောက်မယ့် အခြေအနေတွေကို စီမံဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ မြေပြင်ပကတိအခြေအနေဆိုတာ စစ်ကိုင်း၊ မကွေး သက်သက်ကို ညွှန်းတာတော့ မဟုတ်ဘူးဆိုတာ နားလည်ကြရမှာ ဖြစ်ပါတယ်။ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမှာ ပိုအားစိုက်ကြရမှာဖြစ်သလို မျက်ခြေပြတ်ခံလို့ မရတဲ့ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ စတဲ့ဒေသတွေကိုလည်း လစ်လျူရှုလို့ မရဘူး"လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) တို့ တွေ့ဆုံ၍ တော်လှန်ရေး အောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆွေးနွေး
ဇူလိုင်လ ၃၁ရက်
Radio NUG
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT) တို့ တွေ့ဆုံ၍ တော်လှန်ရေး အောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နေ့၊ နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် CRPH အတွင်းရေးမှူးအဖွဲ့ဝင်၊ ဒေါ်ဖြူဖြူသင်းက ၂၀၂၅ ခုနှစ်၊ လုပ်ငန်းဆောင်ရွက်ချက်အား ရှင်းလင်းတင်ပြခဲ့ကာ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များက အဖွဲ့အစည်း၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဥ်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသူများက တော်လှန်ရေး အောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ ပိုမိုပူးပေါင်း ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းစဥ်များနှင့် အနာဂတ်တွင်လည်း ချိတ်ဆက် လုပ်ဆောင်သွားနိုင်မည့် လုပ်ငန်းစဥ်များအပေါ် အပြန်အလှန်ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဆိုင်ရာ ကိစ္စရပ်နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို မျှဝေ ဆွေးနွေး
ဇူလိုင်လ ၃၁ရက်
Radio NUG
မန္တလေးဒေသ တော်လှန်ရေးအင်အားစုများအကြားတွေ့ဆုံမှုအစည်းအဝေးကို (ဇူလိုင်လ ၃၁ ရက်) က Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။
အစည်းအဝေးတွင် ပထမ အစီအစဉ်အနေဖြင့် ဆောင်ရွက်လျက်ရှိသော မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဆိုင်ရာ ကိစ္စရပ်နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို မျှဝေ ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် မန်းတိုင်းလွှတ်တော်၏ ဆောင်ရွက်မှုများကို မျှဝေဆွေးနွေးခြင်း၊ လူသားစာနာကဏ္ဍ၊ CDM နှင့် ပညာရေးကဏ္ဍများကို မျှဝေ ဆွေးနွေး ဖလှယ်ခဲ့ကြပြီး လက်တလော နိုင်ငံရေး၊ တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများကို အပြန်အလှန် မျှဝေ၊ ဆွေးနွေးကြပါတယ်။
ဒါ့အပြင် မန္တလေးဒေသမှ တော်လှန်ရေးအင်အားစုများအားလုံး ပိုမို လွှမ်းခြုံကျယ်ပြန့်ပြီး စုစည်းခိုင်မာကာ ရှေ့ဆက်၍ တော်လှန်ရေးအလုပ်များကို အရှိန်ကောင်းသထက် ကောင်းအောင် ပူးပေါင်း၊ လက်တွဲ၊ ဖော်ဆောင်နိုင်ရေးအတွက်လည်း ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံညှိနှိုင်းကြရာမှာ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Region Hluttaw - CRMH) အပါအဝင် မန်းဒေသကိုယ်စားပြု ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထုလှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မန်းတိုင်းတွင်း ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများအစရှိသဖြင့် ကဏ္ဍပေါင်းစုံမှ တော်လှန်ရေး ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက် ဦးရေ (၄၆) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ဂန့်ဂေါမြို့ မြောက်ဘက် ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၉ အဆင့် မြေငလျင်လှုပ်ခတ်
ဇူလိုင်လ ၃၁ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၈:၅၆ မိနစ်အချိန်ခန့်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့၏မြောက်ဘက်၊ မြေအောက်အနက် ၁၂၅ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၉ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUGမှ သတင်းထုတ်ပြန်ပါတယ်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးထားပါတယ်။
========================
📌📌 ၅။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စေလိုရာစေ စေတနာ့ဝန်ထမ်းဆရာ/ဆရာမများအား ခေါ်ယူ
ဇူလိုင်လ ၃၁ရက်
Radio NUG
ကယန်းအမျိုးသားပညာရေးကော်မတီ၏ အခြေခံပညာရေးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စေလိုရာစေ စေတနာ့ဝန်ထမ်းဆရာ/ဆရာမများ ခေါ်ယူမည်ဖြစ်တာကြောင့် အမှန်တကယ် စိတ်ပါဝင်စားသူများ သတ်မှတ်ချက်များနှင့်အညီ လာရောက်လျှောက်ထားနိုင်ကြောင်း ဇူလိုင်လ ၃၀ရက်နေ့က ခေါ်ယူကြောင်း စာထုတ်ပြန်ပါတယ်။
စေလိုရာစေ စေတနာ့ဝန်ထမ်းဆရာ/ဆရာမများသည် အနည်းဆုံး အလယ်တန်းပြီးမြောက်သူများ ဖြစ်ရမှာဖြစ်ပြီး ဒေသမရွေး၊ ကျောင်းမရွေး သွားရောက်တာဝန် ထမ်းဆောင်နိုင်ရမယ်လို့ ဖော်ပြထားပါတယ်။
စေတနာ့ဝန်ထမ်းဆရာ/ဆရာမဖောင် အားဖော်ပြပါ (google Form)တွင် တိုက်ရိုက် ဖြည့်သွင်းနိုင်ပြီး ဩဂုတ်လ (၁၅)ရက်နေ့ နောက်ဆုံးထား ပေးပို့ခြင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။
========================
📌📌 ၆။ မြန်မာ့ဒီမိုကရေစီရေးအတွက် ကိုရီးယားအစိုးရထံ တောင်းဆိုသည့် လက်မှတ်ရေးထိုး ကမ်ပိန်း မှလက်မှတ်ပေါင်း ၈,၈၈၈ ခု ရရှိရန် ရည်မှန်းထား
ဇူလိုင်လ ၃၁ရက်
Radio NUG
မြန်မာ့ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ အစိုးရထံ တောင်းဆိုသည့် လက်မှတ်ရေးထိုး လှုပ်ရှားမှု ပြုလုပ်နေပြီး လက်မှတ်ရေးထိုးကမ်ပိန်းသည် ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီ (၈၈၈၈) အရေးတော်ပုံ (၃၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး လက်မှတ်ပေါင်း ၈,၈၈၈ ခု ရရှိရန် ရည်မှန်းထားတယ်လို့ MFDMCမှ ဖော်ပြပါတယ်။
လက်မှတ်ထိုးကမ်ပိန်းလှုပ်ရှားမှုကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား),မြန်မာ့ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် (MFDMC), KOCO(Korea Solidarity for Overseas Community) (해외주민운동연대) နှင့် Suwon Migrants Centerတို့ ဦးဆောင်၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။
အွန်လိုင်း လက်မှတ်ရေးထိုး ကမ်ပိန်းကို မည်သူမဆို လွယ်ကူစွာ ပါဝင် လက်မှတ်ရေးထိုးနိုင်ပြီး စုဆောင်းရရှိသည့် လက်မှတ်များနှင့်အတူ ကိုရီးယားအစိုးရထံ တောင်းဆိုချက် (၇) ချက်ပါဝင်သည့် အိတ်ဖွင့်ပေးစာကို လာမည့် သြဂုတ်လ (၈) ရက်နေ့တွင် ဆိုးလ်မြို့ရှိ သမ္မတရုံးရှေ့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တရားဝင် ပေးပို့သွားမှာဖြစ်ပါတယ်။
တောင်းဆိုချက်များတွင် ကိုရီးယားအစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွေ့ကျသော ထောက်ခံအားပေးမှုများ ဆောင်ရွက်ပေးရန်၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှုကို ပိုမိုကူညီပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုပေးအပ်ရန်စတဲ့အချက်များ ပါဝင်ပါတယ်။
========================
📌📌 ၇။ သရုပ်ဆောင်ဒေါင်းသြစတြေးလျနိုင်ငံမြို့ကြီး၃မြို့သို့လာရောက်၍ပရိသတ်များနဲ့တွေ့ဆုံမည်
ဇူလိုင်လ ၃၁ရက်
Radio NUG
သရုပ်ဆောင်ဒေါင်း သြစတြေးလျနိုင်ငံ မြို့ကြီး၃မြို့သို့ လာရောက်၍ ပရိသတ်များနဲ့တွေ့ဆုံမည်ဖြစ်ကြောင်းသိရပါတယ်။
"၂၀၂၅ ခုနှစ် စက်တင်ဘာ ၇ ရက်ကြရင် Melbourne ရဲ့နှလုံးသားအကြားမှာ တစ်ညလုံး ဒေါင်းရဲ့သံစဉ်တွေနဲ့အတူ ရင်ခုန်ကြရတော့မှာ ဖြစ်ပါတယ်။ ဒေါင်းကို ချစ်ကြတဲ့သူတွေ ဒေါင်းနဲ့အတူ အမှတ်တရအသစ်တစ်ခုခု ဖန်တီးနိုင်ဖို့အတွက် ဒီညက ရင်ခုန်စရာကောင်းတဲ့အမှတ်တရ ညလေးတစ်ည ဖြစ်လာနိုင်တာမို့ စောင့်မျှော်နေကြသူတွေရဲ့ ရင်ခုန်သံစကားလေးတွေကိုလည်း ကြားချင်ပါတယ်။ ပွဲအကြောင်းအသေးစိတ်နဲ့ လက်မှတ်ရောင်းချမှု အသိပေးကြေညာချက်တွေကို မကြာခင်မှာ ဆက်လက်ကြေညာပေးသွားမှာ ဖြစ်ပါတယ်"လို့Daung's Ausi Tour Page ကဖော်ပြပါတယ်။
သရုပ်ဆောင်ဒေါင်းဟာ စက်တင်ဘာ ၇ ရက် မှာ မဲလ်ဘုန်း၊ စက်တင်ဘာ ၁၃ ရက်မှာ ဆစ်ဒနီ၊ စက်တင်ဘာ ၂၀ ရက်နေ့မှာ ဘရစ်ဘိန်းမြို့များသို့ ရောက်ရှိမှာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရွာငံမှာ စစ်ကောင်စီ စစ်ကြောင်းကို ဖျက်အားပြင်း မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ၁၂ ဦး သေဆုံး
ဇူလိုင်လ ၃၁ ရက်၊
Radio NUG
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တောင်ဦးကျေးရွာနဲ့ ရနဲကျေးရွာကြားမှာ စစ်ကောင်စီ စစ်ကြောင်းကို ဖျက်အားပြင်း မိုင်းများဖြင့် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ ၁၂ ဦး သေဆုံးခဲ့တယ်လို့ DSNDA က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၇ ရက် နေ့လည် ၁၁ နာရီခန့်မှာ စစ်ကောင်စီ တပ်အင်အား ၂၄၀ ဖြင့် တောင်ဦးရွာဘက်ကနေ ရနဲရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ဖျက်အားပြင်း မိုင်းများအပြင် လက်နက်ငယ်များနဲ့ ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း မိုင်းကွင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ကာ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦး မျက်မြင် သေဆုံးသွားခဲ့တယ်လို့ DSNDA က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံး၊ ဒဏ်ရာရသူတွေကို ရနဲရွာဘက် ကားနဲ့ ပြန်သယ်သွားခဲ့ပြီး လက်ရှိအချိန်ထိ ရနဲကျေးရွာမှာ စစ်ကောင်စီ တပ်အင်အား ၂၀၀ ကျော် တပ်စွဲထားကာ အနီးနားက ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ထို့အပြင် အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးရိုက်နှက်တာတွေလည်း ရှိနေပြီး ပြန်မလွတ်သေးဘူးလို့ သိရကြောင်း၊ ရွာငံဒေသမှာ စစ်ရေး တင်းမာလာနိုင်တာကြောင့် ပြည်သူများအနေနဲ့ အသွားအလာ သတိရှိကြဖို့ အသိပေးထားပါတယ်။
========================
🚩🚩 ၂။ ကျောက်မဲနဲ့ နောင်ချိုမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သံဃာ တစ်ပါး ပျံလွန်
ဇူလိုင်လ ၃၁ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ ကျောက်မဲ မြို့နယ်နဲ့ နောင်ချို မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့မှာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး (၁၅) လုံး ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ကျေးရွာအတွင်းနဲ့ ဘုန်းကြီးကျောင်းတို့မှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် သံဃာတော် တစ်ပါး ပျံလွန်တော်မူသွားခဲ့ပြီး စစ်ဘေးရှောင်နေတဲ့ အသက် ၅၂ နှစ်အရွယ် ဦးဌေးအောင်၊ အသက် ၆၀ အရွယ် ဦးငြိမ်းမောင်၊ အသက် ၃၇ နှစ်အရွယ် ဦးနေစိုးထွန်း၊ အသက် ၅၈ နှစ်အရွယ် ဦးဇော်ဝင်းဦးနဲ့ အသက် ၅၆ နှစ်အရွယ် ဦးဌေးဦးတို့ ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အလားတူ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီး ၁၀ လုံး၊ ဒရုန်း ၂ စီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေါ်မာသိန်းချို (အသက် ၅၀) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်ကလည်း ဟိုခိုကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
========================
🚩🚩 ၃။ ဖားကန့်မြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိခင် တစ်ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ဒဏ်ရာပြင်းထန်ရ
ဇူလိုင်လ ၃၁ရက်
Radio NUG
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ ဖြူစင်ကုန်းတွင် ဇူလိုင် ၃၀ ရက် ည ၈ နာရီခွဲဝန်းကျင်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၇ နှစ်အရွယ် မိခင်တစ်ဦး သေဆုံးပြီး သူမ၏ ကလေးငယ် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
လက်နက်ကြီးမှာ စစ်ကောင်စီ၏ ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ပြီး၊ ဖြူစင်ကုန်းရှိ နေအိမ်တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ထိုဖြစ်စဉ်တွင် အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူ၏ လက်တစ်ဖက် ဖြတ်တောက်ခဲ့ရပြီး၊ အသက် ၁၃ နှစ်အရွယ် သားဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိကာ ဆေးရုံတွင် ကုသမှုခံယူနေရသည့်အပြင် အိမ်နီးချင်း အမျိုးသား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံများ၏ ပြောကြားချက်အရ လက်နက်ကြီးပစ်ခတ်မှုမတိုင်မီ စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ကင်းထောက်မှုများ ပြုလုပ်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ နေထိုင်ရာ နေရာသို့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် နေအိမ်များ၏ အမိုးများ ပျက်စီးခဲ့ပြီး အနီးဝန်းကျင်ရှိ အိမ်များလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး၊ ၃ လအတွင်း ကျေးရွာ ၁၀ ရွာမှ ပြည်သူ ၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရကာ အရပ်သား ၅၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ တနိုင်းမြို့နယ် ဝါရာဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ
ဇူလိုင်လ ၃၁ရက်
Radio NUG
တနိုင်းမြို့နယ်၊ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာတွင် ဇူလိုင် ၂၉ ရက် မနက် ၆ နာရီဝန်းကျင်က ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၏ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး အနည်းဆုံး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNG သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ဝါရာဇွပ်ရွာရှိ ဘုန်းကြီးကျောင်းကို ရည်ရွယ်ချက်ရှိရှိ ဒရုန်း ၂ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုနေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးတပ်ဖွဲ့များ ရှိနေသည်ဟု ထင်မှားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ဘုန်းကြီးကျောင်းထဲမှာ ဆင်းရဲသားကလေးတွေ ကျောင်းတက်နေတာများပြီး သေဆုံးသွားသည့် ကလေးငယ် ၂ ဦးမှာ ဆယ်ကျော်သက်အရွယ် အလယ်တန်းကျောင်းသားများဖြစ်ကာ ဒဏ်ရာရသူ ၅ ဦးမှာ အနီးရှိ ရှဒူးဇွပ်ကျေးရွာတွင် ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ကျောက်ဖြူမြို့နယ်၊ သဒ္ဓတ္ထိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဇူလိုင်လ ၃၁ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မင်းရပ်တိုက်နယ်၊ သဒ္ဓတ္ထိန်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ရခိုင်အခြေစိုက် Arakan Princess Media က ဖော်ပြထားပါတယ်။
ဇူလိုင်လ ၃၀ ရက်၊ နေ့လယ် ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် သဒွတ္ထိန်ဘုန်းကြီးကျောင်း ကျောင်းဆောင်ကြီး၊ သံဃာဆောင်၊ သိမ်၊ ဓမ္မာရုံ ခေါင်မိုး နဲ့ နံရံတချို့ ပြိုကျပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျော်ပြောက်ရွာ ဘုန်းကြီးကျောင်းနဲ့ ကုလဘာရွာကို စစ်ကောင်စိက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်တော် ၉၃ နှစ်အရွယ် ဆရာတော် တစ်ပါးနဲ့ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါသေးတယ်။
========================
🚩🚩 ၆။ လက်ပံပြင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး မိသားစုဝင် ၃ ဦး ဒဏ်ရာရ
ဇူလိုင်လ ၃၁ ရက်၊
Radio NUG
ကရင့်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ် ခရိုင်၊ လယ်မူလားမြို့နယ်၊ ပုလော ကျေးရွာအုပ်စု၊ လက်ပံပြင်ရွာမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး မိသားစုဝင် ၃ ဦး ဒဏ်ရာရ ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၆ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်မှာ လက်ပံပြင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ခရစ်ယာန် ဘာသာရေး ခန်းမဆောင် အဆောက်အအုံတစ်လုံး ပျက်စီးခဲ့ပြီး မိသားစု တစ်စု ဗုံးစ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးစထိမှန် ခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ် စောကျော်လင်း (ခ) စောဒိုခို သေဆုံးခဲ့ပြီး ၎င်းရဲ့ မိသားစုဝင်တွေ ဖြစ်တဲ့ နော်ညိုညို (၃၀ နှစ်)၊ စောဗိုလ်စန်းဘက် (၇ နှစ်) နဲ့ နော်စုသိန်းအောင် (၄ နှစ်)တို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဘာသာရေးခန်းမဆောင်ဟာ ကလေးငယ်များ ပညာသင်ကြားမှုအတွက် အသုံးပြုနေတဲ့ စာသင်ကျောင်း ဖြစ်ပြီး စစ်ကောင်စီက စစ်ရေးပစ်မှတ် မဟုတ်တဲ့ ဘာသာရေး အဆောက်အအုံများနဲ့ စာသင်ကျောင်းဆောင်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ KNU က အသိပေး ထားပါတယ်။
========================
🚩🚩 ၇။ စစ်အုပ်စုက ထောက်ပို့လေယာဉ် (Y-12)နဲ့ ၂၀၂၅ ထုတ် Brand New (၈၁) မမ ဗုံးသီးတွေကို နေရာမှားချ၍ တော်လှန်ရေးရဲဘော်များရရှိ
ဇူလိုင်လ ၃၁ရက်
Radio NUG
စစ်အုပ်စုကထောက်ပို့လေယာဉ် (Y-12)နဲ့ ၂၀၂၅ ထုတ် Brand New (၈၁) မမ ဗုံးသီးတွေကို နေရာမှားချ၍ တော်လှန်ရေးရဲဘော်များ ရရှိခဲ့ကြောင်း ဇူလိုင် ၃၁ရက် ကော်ပရာစစ်ကြောင်း လက်နက်ကြီးတပ်ခွဲက အသိပေးဖော်ပြပါတယ်။
"မင်းအောင်လှိုင်ကတော့ သူ့သားသမီးတွေ မလိမ္မာလို့ ဆုံးမပေးဖို့ ပီဒီအက်ဖ် ထောက်ပို့လေယာဉ် (Y-12)နဲ့ ၂၀၂၅ ထုတ် Brand New (၈၁) မမ ဗုံးသီးတွေကို airdrop ချပြီး ပီဒီအက်ဖ်တွေဆီလက်ဆောင်ပို့ပေးသွားကြောင်း သတင်းပါးပါရစေ"လို့ ဖော်ပြပါတယ်။
========================
🚩🚩 ၈။ မယ်စဲ့မြို့သိမ်း တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ KNPLF ရဲဘော်တစ်ဦး ၂ နှစ်ကြာမှာ ကျဆုံး
ဇူလိုင်လ ၃၁ ရက်၊
Radio NUG
မယ်စဲ့မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - KNPLF အမှတ် (၉၄၂၀) တပ်ရင်းမှ ရဲဘော်တစ်ဦး ၂ နှစ်ခန့် အကြာမှာ ကျဆုံးခဲ့တယ်လို့ KNPLF က ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က မယ်စဲ့မြို့သိမ်း တိုက်ပွဲမှာ ခါးနောက်ကျော လက်နက်ငယ်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော် ပက်ထရစ်ဟာ ၂၀၂၅ ဇူလိုင်လ ၂၉ ရက်နေ့ ည ၉ နာရီမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော် ပက်ထရစ်ဟာ မယ်စဲ့တိုက်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ခန္ဓာကိုယ် အောက်ပိုင်းသေခဲ့ပြီး ဒုက္ခိတ ရဲဘော် အဖြစ် ၂ နှစ်ကြာ ဖြတ်သန်းခဲ့ရပြီးနောက် ကွယ်လွန်အနိစ္စ ရောက်ခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေး တာဝန်များကို ထမ်းဆောင်ရင်း လမ်းခုလတ်မှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်ပက်ထရစ်အတွက် KNPLF အမှတ် (၉၄၂၀) တပ်ရင်းအနေဖြင့် များစွာ ဝမ်းနည်းကြေကွဲရပြီး အာဇာနည် သူရဲကောင်းအဖြစ် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment