၂၀၂၅ ဇူလိုင်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေးအောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီး ဝန်ကြီးအများစု ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ အလုပ်လုပ်နေကြပြီလို့ ဆို
📌 ၂။ ငလျင်ဘေးသင့်မိသားစုအများစု စားနပ်ရိက္ခာအကူအညီတွေအပေါ်ကို အားထားနေကြရဆဲဖြစ်တယ်လို့ UN Myanmar ထုတ်ပြန်
📌 ၃။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု ဆက်လက်မြင့်တက်နေ
📌 ၄။ ဇွန်လအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၃၄ ဦး သေဆုံး
📌 ၅။ BPLAရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်ရင်း (၁)ရင်းစာအတွက် ကျည်ကာဦးထုပ်နဲ့ vestတွေ တပ်ဆင်ပေးဖို့ Shield Our Comrades ကမ်ပိန်း ရာခိုင်နှုန်းနည်းနေ၍ လူထုဝန်းရံပေးရန် နှိုးဆော်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ နောက်ဆုံးလက်ကျန် တပ်စခန်း ခလရ (၁၃၅) တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေ
🚩 ၂။ ညောင်လေးပင်၊ ပုဇွန်မြောင်းရွာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ဗိုလ် ၁ဦး သေဆုံး
🚩 ၃။ ဇီးကုန်းမြို့ အ.ထ.က ၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၄ဦး သေဆုံး
🚩 ၄။ တညောင်ဓာတ်အားပေး ခွဲရုံကို ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံး
🚩 ၅။ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားဆေးခန်းပျက်စီး
🚩 ၆။ ကောလင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရ
🚩 ၇။ မော်ချီးတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ အရပ်သားပြည်သူ ၆ဦး သေဆုံး၊
🚩 ၈။ သီပေါကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
🚩 ၉။ ဖားဆောင်းနဲ့ ဘောလခဲ မြို့က တိုက်ပွဲများအတွင်း KNDF တပ်ရင်း (၁၅) မှ ရဲဘော် ၂ ဦး ကျဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေးအောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီး ဝန်ကြီးအများစု ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ အလုပ်လုပ်နေကြပြီလို့ ဆို
ဇူလိုင် ၁၄ရက်
Radio NUG
တော်လှန်ရေးအောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီး ဝန်ကြီးအများစုသည် ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ အလုပ်လုပ်နေကြပြီလို့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက ဇူလိုင်လ ၁၃ရက်မှာ ပြုလုပ်တဲ့ "အောင်ပွဲသစ်ဆီ ပဲခူး တနင်္သာရီ" ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာ ဆိုပါတယ်။
"အများက ပြောကြတယ်။ NUGကို အားမရဘူးဆိုပြီး။ ကျွန်တော်တို့လည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ ကျွန်တော်မြန်မာပြည်ထဲကို ပြန်ရောက်နေတာကိုက NUGရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဥ်ထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော် အခုပြန်ရောက်နေတဲ့ နေရာဆို အရင်က ဝန်ကြီး တစ်ပါးပဲ ရှိပါတယ်။ အခုဆို ကိုးယောက် ရှိပါပြီ။ အလုပ်တွေ လုပ်နေတယ်။ အားလုံးကို ထိန်းကျောင်းဖို့ပါ။ ပသုံးလုံးကိုလည်း ထိန်းကျောင်းဖို့ပါ။ အားလုံးလည်း ဆိုးနေတာ မဟုတ်ပါဘူး။ ကောင်းတဲ့နေရာတွေလည်း ရှိပါတယ်။ ဆိုးတဲ့နေရာကို ထိန်းညှိဖို့တွေ လုပ်နေတယ်"လို့ ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုခေါင်းဆောင်များကို သုံးလ လုံးလုံးသွားရောက်တွေ့ဆုံခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက အသိပေးဆိုပါတယ်။
========================
📌📌 ၂။ ငလျင်ဘေးသင့်မိသားစုအများစု စားနပ်ရိက္ခာအကူအညီတွေအပေါ်ကို အားထားနေကြရဆဲဖြစ်တယ်လို့ UN Myanmar ထုတ်ပြန်
ဇူလိုင်လ ၁၄ ရက်
Radio NUG
ငလျင်ကြီး လှုပ်ခတ်ပြီး ရက်ပေါင်း ၁၀၀ ကျော်ကြာခဲ့တာတောင်မှ သက်ရောက်မှုတွေကို နက်နက်ရှိုင်းရှိုင်း ခံစားနေကြရဆဲ ဖြစ်ပြီး ငလျင်ဘေးသင့် မိသားစုတော်တော်များများဟာလည်း စားနပ်ရိက္ခာအကူအညီတွေအပေါ်ကို အားထားနေကြရဆဲဖြစ်ကာ အခုလို မိုးတွင်းရောက်လာချိန်မှာ အရာရာဟာ ပိုခက်ခဲလာပါတယ်လို့ United Nations Myanmar မှ သတင်းထုတ်ပြန်ပါတယ်။
လက်ရှိအချိန်ထိ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ်အတွက် လိုအပ်သောရန်ပုံငွေ ၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထားပြီး ငလျင်အတွက် နောက်ဆက်တွဲ ရန်ပုံငွေတောင်းခံလွှာအတွက် ၃၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု ဆက်လက်မြင့်တက်နေ
ဇူလိုင် ၁၄ရက်
Radio NUG
အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများမှာ ယခင်သီတင်းပတ်တွင်လည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်ကို အေအေပီပီ၏ လေ့လာစောင့်ကြည့်မှုအရ တွေ့ရတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၈ ရက်နေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာနှင့် မရမ်းချောင်းကျေးရွာကို စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် လေးဦးတို့မှာ ကျည်စထိမှန်၍ သေဆုံးခဲ့ပါတယ်။
ထိုနေ့တွင်ပင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ သုံးဦး သေဆုံးခဲ့သည့်အပြင် ဇူလိုင်လ ၉ ရက်နေ့ကလည်း ၎င်းမြို့နယ်ကို လေကြောင်းဖြင့် ထပ်မံဗုံးကြဲခဲ့သောကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ပါတယ်။
အလားတူ ဇူလိုင်လ ၉ ရက်နေ့မှာ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ လိုလော်ထီးကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့၌ စစ်ကိုင်းမြို့နယ်၊ လင်းတလူကျေးရွာရှိ စစ်ရှောင်လူဦးရေ ၁၀၀ ကျော် ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးများအပါအဝင် နှစ်ဒါဇင်နီးပါး သေဆုံးခဲ့သလို ထိုနေ့တွင်ပင် ဝက်လက်မြို့နယ်၊ ရေလည်မော်ကျေးရွာ ကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၄။ ဇွန်လအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၃၄ ဦး သေဆုံး
ဇူလိုင်လ ၁၄ရက်
Radio NUG
သတင်းမီဒီယာများမှ အချက်အလက် စောင့်ကြည့်လေ့လာ မှတ်တမ်းတင်ထားမှုများအရ ၂ဝ၂၅ ခုနှစ်၊ ဇွန်လအတွင်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး (၃၄)ဦး အသက်ဆုံးရှုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၈)ဦး၊ ပြည်သူများ၏ ရွာနှင့် နေအိမ်များအား ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၁) ဦး၊ ကျည်ထိမှန်မှုကြောင့် (၂) ဦး၊ အကြမ်းဖက် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် (၁) ဦးနှင့် မြေမြှုပ်မိုင်းကြောင့် (၂) ဦး တို့ သေဆုံးခဲ့ရပြီး အသက်ဆုံးရှုံးခဲ့သည့် အမျိုးသမီး (၃၄) ဦးထဲမှ ( ၄) ဦးသည် အသက် (၁၈) နှစ်အောက်များ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် အမျိုးသမီးပေါင်း (၄၉)ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၃ဝ)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၄)ဦး၊ ကျည်ထိမှန်မှုကြောင့် (၂)ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁) ဦး၊ အကြမ်းဖက် စစ်အုပ်စု၏ လက်အောက်ခံ အုပ်ချူပ်ရေးမှုး၏ ရိုက်နှက်ခံရမှုကြောင့် (၁) ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် (၁) ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ BPLAရဲ့ အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်ရင်း (၁)ရင်းစာအတွက် ကျည်ကာဦးထုပ်နဲ့ vestတွေ တပ်ဆင်ပေးဖို့ Shield Our Comrades ကမ်ပိန်း ရာခိုင်နှုန်းနည်းနေ၍ လူထုဝန်းရံပေးရန် နှိုးဆော်
ဇူလိုင်လ ၁၄ရက်
Radio NUG
အသစ်ဖွဲ့စည်းလိုက်တဲ့ တပ်ရင်း (၁)ရင်းစာအတွက် ကျည်ကာဦးထုပ်နဲ့ vestတွေ တပ်ဆင်ပေးဖို့ Shield Our Comrades ကမ်ပိန်းကို စတင်ခဲ့တာ ကမ်ပိန်းကာလ တစ်လပြည့်လာသော်လည်း ကမ်ပိန်းရဲ့ တားဂတ်ပမာဏက 51.9%သာ ရရှိထားသေးတယ်လို့ BPLA_Ventureက အသိပေးဆိုထားပါတယ်။
တားဂတ်ပမာဏနဲ့ တော်တော်ဝေးဝေးမှာပဲ ရှိနေသေးတာကြောင့် အခက်အခဲတွေကြားထဲက ထောက်ပို့ပြည်သူတွေကိုပဲ ကမ်ပိန်းမှာ အားဖြည့်ပေးကြဖို့အတွက် တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖားဆောင်းမြို့သိမ်းတိုက်ပွဲ နောက်ဆုံးလက်ကျန် တပ်စခန်း ခလရ (၁၃၅) တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေ
ဇူလိုင်လ ၁၄ ရက်၊
Radio NUG
ကရင်နီပြည်၊ ဖားဆောင်းမြို့သိမ်း တိုက်ပွဲအတွင်း နောက်ဆုံးလက်ကျန် စစ်ကောင်စီရဲ့ ခလရ (၁၃၅) တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သား ၂ ဦး အရှင်ဖမ်းဆီးရမိထားတယ်လို့ အလယ်ပိုင်းတိုင်း အထူး စစ်ဆင်ရေး တပ်ဖွဲ့ထံက သိရပါတယ်။
ဇူလိုင်လ ၇ ရက်နေ့မှာ ခလရ- ၁၃၅ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့က စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင် ဖမ်းဆီရမိခဲ့ပြီး အခြား မဟာမိတ် တပ်ဖွဲ့များကလည်း ဖမ်းဆီးရမိထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဖားဆောင်းမြို့ရှိ ခလရ (၁၃၄) နဲ့ ခလရ (၁၃၅) စခန်းသိမ်း တိုက်ပွဲများမှာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့က ရဲဘော် (၁၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကာ အခြားမဟာမိတ် တပ်ဖွဲ့များလည်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ပြီး အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာ ဒေသခံ ညီနောင်မဟာမိတ်များနှင့် အတူ ဘောလခဲ၊ ဖားဆောင်း စစ်ဒေသများမှာ စစ်ဆင်ရေးများ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ညောင်လေးပင်၊ ပုဇွန်မြောင်းရွာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ဗိုလ် ၁ဦး သေဆုံး
ဇူလိုင်လ ၁၄ ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အထက်ပိုင်းရှိ ကျောင်းကြီးဘုန်းကြီးကျောင်းမှ စစ်ကောင်စီတပ်ဖွဲ့များသည် တောရလေးဘုန်းကြီးကျောင်းဘက်သို့ RPG ၄၀ မမ နှင့် ၆၀ မမ လက်နက်များဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့ကြောင်း Fire Dragon မှ သတင်းထုတ်ပြန်ပါတယ်။
ထိုသို့ ပစ်ခတ်ဝင်ရောက်လာမှုကြောင့် ၃၇၀၃ တပ်ရင်းမှ ရဲဘော်များနှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် ညောင်လေးပင်ရှိ ခမရ ၂၀ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကာ တာပြတ်တံတားဂိတ်မှ ဒရုန်းဖြင့် ဗုံးသီးများချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲသည် နေ့လယ် ၁၂ နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ဇီးကုန်းမြို့ အ.ထ.က ၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ရာ ၄ဦး သေဆုံး
ဇူလိုင်လ ၁၄ရက်
Radio NUG
ဇူလိုင်လ ၁၄ရက် နေ့လယ် ၁နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ အ.ထ.က ၁ မှာ အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီနဲ့ ပျူစောထီးများကို တိုက်ခိုက်ခဲ့တယ်လို့ DU WON PDF က သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ၁ ဦး ထွက်ပြေးလွတ်မြောက်သွားကာ ကာဘိုင် သေနတ် ၂ လက်၊ AK သေနတ် ၁ လက်နှင့် အိုင်ကွန် ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင်လှုပ်ရှား ပကဖ ဗိုလ်ရသ (ခ) ဗိုလ်ပိုင်ချဲ့အဖွဲ့နှင့် ရေဦးနယ် ဓူဝံ ပကဖ ဂျာဂျာ တော်လှန်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ တညောင်ဓာတ်အားပေး ခွဲရုံကို ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံး
ဇူလိုင်လ ၁၄ ရက်၊
Radio NUG
မကွေးတိုင်း၊ ဆိပ်ဖြူမြို့မှ တညောင် ဓာတ်အားပေး ခွဲရုံကို ထွက်လာတဲ့ ကား ၄ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးခဲ့တယ်လို့ သခင်ဖိုးလှကြီး တပ်ခွဲက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့က ဆိပ်ဖြူမြို့မှ ထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် ည ၁၀ နာရီ ၃၅ မိနစ်မှာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဓာတ်အားပေး ခွဲရုံနဲ့ ကင်းပုန်း ထွက်ဝပ်ရာ နေရာများကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦးဒဏ်ရာရခဲ့ကာ ၃ ဦး ထပ်မံ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ယခု တိုက်ခိုက်မှုများကို သခင်ဖိုးလှကြီး တပ်ဖွဲ့ (ချောက်) နဲ့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁/၂) တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားဆေးခန်းပျက်စီး
ဇူလိုင်လ ၁၄ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ နံနက် ၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဒီးမော့ဆိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း CTER-Karenni မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အရပ်သားဆေးခန်း တစ်ခု၊ အဆောက်အအုံ ၂ လုံးပျက်စီးကာ မော်တော်ယာဉ်တစ်စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုများသည် နေရာ ၃ ခုကို ပစ်မှတ်ထားပြုလုပ်ခဲ့ပြီး ပေါင် ၂၀၀ ခန့်အလေးချိန်ရှိသော ဗုံးများကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
========================
🚩🚩 ၆။ ကောလင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရ
ဇူလိုင်လ ၁၄ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး တစ်ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Kawlin People Defence Force က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၄ ရက် မနက် ၄ နာရီ ၃၈ မိနစ် အချိန်မှာ တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဖြင့် ကောလင်းအရှေ့ခြမ်း၊ ဒိုးပင်ရွာ အနီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်တယ်လို့ သိရပါတယ်။
ထို့အပြင် ဆီဘောက်ဆာ ကား ၂ စီး၊ ထမင်းဆိုင် ၁ ဆိုင် အပါအဝင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများစွာ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ မော်ချီးတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ အရပ်သားပြည်သူ ၆ဦး သေဆုံး၊
ဇူလိုင်လ ၁၄ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီမှ ကရင်နီပြည်နယ် မော်ချီးတွင် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း CTER-Karenni မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား၁၁ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုတိုက်ခိုက်မှုသည် မော်ချီမြို့အတွင်း ၈ ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး လူပေါင်း ၃၀ ၏ အသက်ကို ဆုံးရှုံးစေခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင်လအတွင်း ကရင်နီပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ သီပေါကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
ဇူလိုင်လ ၁၄ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်နယ်မြေ၊ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ သီပေါမြို့၊ လားရှိုး-မန္တလေး လမ်းပေါ်က Hsipaw ဖုန်းဆိုင်အနီးနဲ့ ရွှေလုံး အလှပြင်ဆိုင် အနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရွှေလုံးဆိုင်ပိုင်ရှင်နဲ့ ဆိုင်ရှေ့မှာ ရှိနေတဲ့ ကယ်ရီသမား တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂ ဦး ရှိခဲ့ကာ ၁ ဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကလည်း သီပေါမြို့ကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ အစိုးရ အဆောက်အဦး ၅ လုံးနဲ့ နေအိမ် ၈ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ရပါသေးတယ်။
========================
🚩🚩 ၉။ ဖားဆောင်းနဲ့ ဘောလခဲ မြို့က တိုက်ပွဲများအတွင်း KNDF တပ်ရင်း (၁၅) မှ ရဲဘော် ၂ ဦး ကျဆုံး
ဇူလိုင်လ ၁၄ ရက်၊
Radio NUG
ဘောလခဲမြို့နဲ့ ဖားဆောင်းမြို့က တိုက်ပွဲများအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် (၁၅) မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရဲဘော် ခွန်းဟဲဒီလင်း (ခ) ဂျေဆန်ဟာ ဘောလခဲ စစ်ဆင်ရေး တခုအတွင်း စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက် ချေမှုန်းစဉ် လေယာဉ်ဖြင့် ဗုံးကြဲခံခဲ့ရတာကြောင့် မတ်လ ၂၀ ရက်နေ့မှာ မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ရဲဘော် စောဆာဘွယ်မူး (ခ) ခူးထျိုးရယ်ဟာလည်း ဖားဆောင်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ရင်း စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဇွန်လ ၂၃ ရက်နေ့မှာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဖားဆောင်း၊ ဘောလခဲ (၄) လတာ တိုက်ပွဲများအတွင်း KNDF တပ်ရင်း ၁၅ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရတဲ့အပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာ ရသူ ၁၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ၂ ဦးအား ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ ဝမ်းနည်းရပြီး အာဇာနည် သူရဲကောင်းများအဖြစ် အစဉ်လေးစား အသိမှတ်ပြု မှတ်တမ်းတင်ပါကြောင်း KNDF တပ်ရင်း (၁၅) က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment