၂၀၂၅ ဇူလိုင်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသော လူငယ်များအနေဖြင့် အခွင့်သာသည့်အချိန်တိုင်းတွင် တော်လှန်ရေးအင်အားစုများထံသို့ ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်းခိုလှုံလာကြပါရန် NUG တိုက်တွန်းနှိုးဆော်
📌 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းခြင်း ၄ နှစ်ပြည့်အခမ်းအနားသို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့
📌 ၃။ (PNFC)၊ (PNLO) နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး
📌 ၄။ အကျဥ်းထောင်တွင်း ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ရုပ်အလောင်းကို မိသားစုပြန်လည်ရရှိ
📌 ၅။ ထီးချိုင့်မြို့နယ်အတွင်း စစ်တပ်လေကြောင်းအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ရွာက စစ်ကောင်စီ တပ်စခန်းများအားလုံးကို သိမ်းပိုက်၊ ဒရုန်းဂျမ်ဘာကား၊ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့် ဗိုလ်ကြီးအပါ စစ်သုံ့ပန်း ၁၆ဦး ဖမ်းမိ
🚩 ၂။ ရွှေဘိုမြို့နယ်၊ သီလုံးပျူရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၃။ မိုင်တိုင် (၃၁၈)သို့ မောင်းနှင်လာသည့် ရဲကားအားတိုက်ခိုက်ရာ ၂ဦး သေဆုံး
🚩 ၄။ ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်
🚩 ၅။ ဟူးဆွန်ကျေးရွာမှ လက်ဖက်ခြံသွားတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
🚩 ၆။ လက်ဆည်ရဲစခန်းသိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ကျဆုံးခြင်း ဈာပနအခမ်းအနားပြုလုပ်
🚩 ၇။ ကချင် ပြည်နယ်နဲ့ ကရင်နီ ပြည်နယ်တို့မှာ စစ်ကောင်စီ တပ်သား ၂ ဦး အသီးသီး အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသော လူငယ်များအနေဖြင့် အခွင့်သာသည့်အချိန်တိုင်းတွင် တော်လှန်ရေးအင်အားစုများထံသို့ ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်းခိုလှုံလာကြပါရန် NUG တိုက်တွန်းနှိုးဆော်
ဇူလိုင်လ ၂၁ရက်
Radio NUG
အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးမှုကြောင့် တပ်သားသစ်များအဖြစ် စုဆောင်းခြင်းခံခဲ့ရသော လူငယ်များအနေဖြင့် အခြေအနေ အရပ်ရပ်ကို အစဉ်အမြဲနားစွင့်လျက် အခွင့်သာသည့်အချိန်တိုင်းတွင် တော်လှန်ရေးအင်အားစုများထံသို့ ဆက်သွယ်၍ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်းခိုလှုံလာကြပါရန် အမျိုးသားညီညွတ်ရေး အစိုးရက လေးနက်စွာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ပြည်သူ့ရင်ခွင်ထံ ကူးပြောင်းခိုလှုံလာကြမည့် တပ်သားသစ်များ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများက နွေးထွေးစွာ ကြိုဆိုလျက်ရှိပါကြောင်း အသိပေးထားပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် လက်ပါးစေ စစ်ကောင်စီတို့သည် စစ်ရေးအရ ရှုံးနိမ့်မှုများကို တန်ပြန်ရန် "ပြည်သူ့စစ်မှုထမ်းဥပဒေ" အမည်ခံကာ လူငယ် ၇သောင်းနီးပါးကို အတင်းအဓမ္မ ဖမ်းဆီးစုဆောင်း၍ စစ်သင်တန်းများသို့ ပို့ဆောင်ခဲ့ပြီး စစ်မြေပြင်များသို့ စေလွှတ်အသုံးချလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် အဓမ္မစစ်မှုထမ်း အပတ်စဉ်အလိုက် လူဦးရေ ၄ ထောင်အနည်းဆုံး ရရှိရန် ကြိုးပမ်းနေပြီး အပတ်စဉ် တစ်ခုနှင့် တစ်ခု လူဦးရေ ရရှိမှု မပြည့်မီသဖြင့် မြင်တွေ့သမျှ လူငယ်များကို အရှိန်အဟုန်မြှင့် အဓမ္မ ဖမ်းဆီးလျက်ရှိတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီက တရားလက်လွတ် ဆောင်ရွက်နိုင်ရန် ၎င်းတို့၏ စစ်မှုထမ်းနည်းဥပဒေက ခွင့်ပြုပေးထားပြီး နည်းလမ်းမျိုးစုံဖြင့် ထင်ရာစိုင်းလုပ်ပိုင်ခွင့်များကို တရားလက်လွတ်ပေးအပ်ထားကာ လူငယ်များ၏ ဘဝနှင့် အသက်ကို လောင်းကြေးထပ် ချနင်းဖျက်ဆီးလျက်ရှိတယ်လို့ အသိပေးထားပါတယ်။
နိုင်ငံတဝန်းတွင် ခရီးသွားလာခွင့်များကို တင်းကျပ်ကန့်သတ်ပြီး မြို့ရွာအဝင်အထွက်များနှင့် လမ်းမများပေါ်တွင် လူငယ်များကို ပြောင်ပြောင်တင်းတင်း အဓမ္မဖမ်းဆီးလျက်ရှိသည့်အပြင် စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို နည်းပညာအသုံးပြုတည်ဆောက်နေပြီး လူငယ်များကို မှတ်တမ်းတင် စာရင်းသွင်းကာ သားကောင်များသဖွယ် ပိတ်လှောင်အသုံးချရန် အကွက်ကျကျ ပြင်ဆင်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မြေပြင်တွင် အလင်းဝင်လာသည့် အဓမ္မစုဆောင်းခံတပ်သားသစ်များ၏ ထွက်ဆိုချက်များအရ အကြမ်းဖက်စစ်ကောင်စီသည် အဓမ္မစုဆောင်းခံရသူများကို တိုက်ပွဲဒေသများတွင် ရှေ့ထွက်အသေခံ တပ်သားများအဖြစ် ရက်စက်စွာအသုံးချလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးများကို အမိန့်ပေးသုံးစွဲစေ၍ စစ်တိုက်ခိုင်းခြင်းများရှိကြောင်း သိရှိရသဖြင့် ယင်းလူငယ်များ၏အသက်ကို တန်ဖိုးမထားသည်မှာ များစွာပေါ်လွင်ထင်ရှားနေတယ်လို့ ဆိုပါတယ်။
ထိုအခြေအနေများကြောင့် အဓမ္မ စုဆောင်းခံရသော တပ်သားသစ်များသည် အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားအောက်တွင် ဆက်လက် အသုံးချမခံရစေရန် အခွင့်အခါသင့်သည်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံလာမှုများ မြေပြင်တွင် တနေ့တခြား တိုးပွားလာလျက်ရှိသည်မှာ အကြမ်းဖက်စစ်ကောင်စီဘက်တွင် ရပ်တည်လိုစိတ် မရှိသည့် ပြည်သူ့သားကောင်းများ၏ မှန်ကန်သော ရွေးချယ်မှုပင်ဖြစ်တယ်လို့ နှိုးဆော်ထားပါတယ်။
========================
📌📌 ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းခြင်း ၄ နှစ်ပြည့်အခမ်းအနားသို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာ ပေးပို့
ဇူလိုင်လ ၂၁ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်အောက်ရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ၏ ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သဝဏ်လွှာတစ်စောင် ထုတ်ပြန်ပေးပို့ခဲ့ပါတယ်။
သဝဏ်လွှာတွင် SOF ၏ ၄ နှစ်တာ တော်လှန်ရေးခရီးအတွင်း ပြည်သူလူထု၏ လွတ်လပ်ရေးအတွက် အသက်၊ သွေး၊ ချွေးများဖြင့် တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်များအား ဂုဏ်ပြုထောမနာပြုထားသည်။ အထူးသဖြင့် တော်လှန်ရေးအတွင်း အသက်ပေးဆပ်ခဲ့ရသည့် သူရဲကောင်းများကို လေးနက်စွာ ဦးညွှတ်အလေးပြုကြောင်း ဖော်ပြထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ ဘဝလုံခြုံရေးနှင့် အေးချမ်းသာယာမှုကို အပြည့်အဝရရှိစေရန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကတိပြုထားသည့်အပြင် ပြည်သူလူထုအတွက် ယုံကြည်အားကိုးရသော တပ်မတော်တစ်ရပ်ဖြစ်လာရန် SOF အနေဖြင့် ဆက်လက်အားထုတ်ရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ (PNFC)၊ (PNLO) နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး
ဇူလိုင်လ ၂၁ရက်
Radio NUG
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့သည် ဇူလိုင်လ ၂၀ ရက်နေ့တွင် ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အတွင်းရေးမှူးနှင့် မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီဝင်များ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
တွေ့ဆုံဆွေးနွေးပွဲ၌ မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်း ရေးဆွဲရေးလုပ်ငန်းစဉ်နှင့်တကွ ရေးဆွဲထားသော မူကြမ်းကို မျှဝေဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ယင်းနောက် တက်ရောက်လာသူများအကြား မေးခွန်းများ မေးမြန်းခြင်း၊ အကြံပြုခြင်း၊ ဆွေးနွေးဖလှယ်ခြင်းနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၄။ အကျဥ်းထောင်တွင်း ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ရုပ်အလောင်းကို မိသားစုပြန်လည်ရရှိ
ဇူလိုင်လ ၂၁ရက်
Radio NUG
ဇူလိုင်၂၁ရက်နေ့တွင် ကွယ်လွန်သူ မဝတ်ရည်အောင် အသက် (၂၆)နှစ်၏ ကျန်ရစ်သော ရုပ်အလောင်းအား အင်းစိန်ဆေးရုံကြီးမှ ရေဝေးသုဿန်အအေးခန်းသို့ ပို့ဆောင်ရာတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပို့ဆောင်ပေးခဲ့ပြီး မိသားစုမှ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ (၂၀ ) ရက်နေ့၌ အသက်(၂၅)နှစ်အရွယ် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သူ မဝတ်ရည်အောင်ဟာ စစ်ကြောရေး၌ ညှဉ်းပမ်းနှိပ်စက်ခံရခြင်းကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တစ်ဝိုက်တွင် ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
မဝတ်ရည်အောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး မဝတ်ရည်အောင်ကို အင်းစိန်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က) နဲ့ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးနောက် ဒိုက်ဦးအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခံခဲ့ရပါတယ်။
ထို့နောက် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြန်လည်ခေါ်ဆောင်၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ပုဒ်မ ၅၂ (က)နဲ့ ထောင်ဒဏ် ၄ နှစ် ထပ်မံချခံခဲ့ရပါတယ်။
ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးတွင် သွားထုတ်ချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ သိရပြီး ဇူလိုင်လ ၂၂ရက်နေ့ မနက် ၁၁နာရီမှာ သင်္ဂြိုလ်မယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ထီးချိုင့်မြို့နယ်အတွင်း စစ်တပ်လေကြောင်းအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်
ဇူလိုင်လ ၂၁ရက်
Radio NUG
အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေကိုလေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုများပြားခဲ့တဲ့စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်တပ်လေကြောင်း အန္တာရာယ်နဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုလုပ်လျှက်ရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လထဲတွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတချို့မှာ ရှိတဲ့ စာသင်ကျောင်းတွေနဲ့ စစ်ရှောင်နေရာတချို့မှာ လေကြောင်းရန်နဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေနဲ့အတူ လေကြောင်းအန္တရာယ်ကို ကာကွယ်ဖို့ သရုပ်ပြ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေကိုလည်း ကျေးရွာလူ့အခွင့်အရေးတာဝန်ခံတွေက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တချို့ကျေးရွာတွေမှာတော့ လူ့အခွင့်အရေးရာတာဝန်ခံတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေကပါ ပူးပေါင်းပါဝင်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုလိုလေကြောင်းအန္တရာယ် အသိပညာပေးကာကွယ်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အသိပညာပေးအချက်အလက်တွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အခြေခံပြီး လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေက မျှဝေပြောပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုကဲ့သို့ အသိပညာပေးမှုတွေ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်တပ်လေယာဉ် ပျံဝဲလာတာကြောင့်ကျေးရွာတချို့က ပြည်သူတွေ လက်တွေ့တိမ်းရှောင်ပုန်းအောင်းခဲ့ကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ရွာက စစ်ကောင်စီ တပ်စခန်းများအားလုံးကို သိမ်းပိုက်၊ ဒရုန်းဂျမ်ဘာကား၊ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့် ဗိုလ်ကြီးအပါ စစ်သုံ့ပန်း ၁၆ဦး ဖမ်းမိ
ဇူလိုင်လ ၂၁ရက်
Radio NUG
၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း ရန်သူ့ထံမှ ဒရုန်းဂျမ်ဘာ ကားတစ်စီး၊ ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦးအပါအဝင် သုံ့ပန်း(၁၆)ဦး ဖမ်းဆီးရမိခဲ့ပြီး ရန်သူ့အလောင်း (၁၅) ခု သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာများ ရရှိသူများပြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ နှင့် SSTF တပ်ဖွဲ့တို့မှ ပူးတွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ရွှေဘိုမြို့နယ်၊ သီလုံးပျူရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်
ဇူလိုင်လ ၂၁ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာ (ပျူရွာ) မှ ပျူစောထီးများဟာ တောင်ယာစိုက်ပျိုး ရိတ်သိမ်းနေတဲ့ ပြည်သူများအား နှောင့်ယှက်ပစ်ခတ် နေတာကြောင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ သီလုံး ပျူများအား ၆၀ မမ၊ စက်ကလေး၊ လက်နက်ငယ်များဖြင့် အာဇာနည်နေ့ အထိမ်းအမှတ် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ပန်းရုံ ပျူရွာနဲ့ ဇီးဖြူကုန်း ပျူရွာတို့မှ တပ်ကူရောက်လာကာ RPG ၂ လုံး ပစ်ခတ်ခဲ့ပေမယ့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ဇန်နဝါရီ ၂၁ ရက်နေ့ထဲက သီလုံးရွာကို ပျူစောထီးတွေက သိမ်းထားခဲ့တာဖြစ်ပြီး ၎င်းတို့နဲ့ အတူမနေလိုတဲ့ ပြည်သူများဟာ နီးစပ်ရာမှာ ထွက်ပြေးတိမ်းရှောင် နေကြတာကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိကို သတင်းအတိကျ မရနိုင်သေးဘူးလို့ ဆိုပါတယ်။
ယခုစစ်ဆင်ရေးကို Shwebo Crocodile၊ Firly Dragon Force၊ ရွှေဘိုမြို့နယ် ပြည့်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ Shwebo Federal Army၊ HG Fighter ၊Shwebo Western Revolution Force၊ ဒေါင်းစစ်သည်၊ စွန်ရဲရွှေဘို၊ Eye For Eye၊ တောင်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (FIF) နဲ့ ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒပယ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ မိုင်တိုင် (၃၁၈)သို့ မောင်းနှင်လာသည့် ရဲကားအားတိုက်ခိုက်ရာ ၂ဦး သေဆုံး
ဇူလိုင်လ ၂၁ ရက်
Radio NUG
ဇူလိုင်လ ၂၀ရက်နေ့ နံနက် (၇:၂၂)အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၁၈)သို့ မောင်းနှင်လာသည့် စစ်ကောင်စီကား တစ်စီးအား မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းတို့မှ ပြောက်ကျား ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ် ပါလာသော ရဲတပ်သား ( ၂)ဦး သေဆုံးခဲ့ပြီး BA-94 (၂)လက်၊ ကျည်ဘောက် (၅)ဘောက်၊ 9mm ကျည် (၁၂၃)တောင့်၊ 7.62ကျည် (၁၂၇)တောင့်တို့အားသိမ်းဆည်းရမိခဲ့ကာ ရဲကား (၁)စီးအား မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်
ဇူလိုင်လ ၂၁ရက်
Radio NUG
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ လက်ဆည်ရဲစခန်းအား အမှတ်(၈) စစ်ကြောင်း၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ဇူလိုင်လ ၁၇ ရက် နံနက် ၀၄:၃၀ နာရီတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း ရဲစခန်းအတွင်းရှိ ရဲတန်းလျား ၄ ဆောင်နှင့် ဘန်ကာ ၄ ခုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ လက်နက်ခဲယမ်းနည်းပါးမှုနှင့် ရန်သူ့စစ်ကူအင်အား အလျင်အမြန်ရောက်ရှိလာမှုတို့ကြောင့် ပင်မအဆောက်အဦး ၁ ဆောင်နှင့် ဘန်ကာ ၂ ခုသိမ်းပိုက်ရန် မပြီးမြောက်မီ ဆုတ်ခွာခဲ့ရကြောင်း အမှတ်(၈) စစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော် ၂ ဦးနှင့် အမှတ်(၈) စစ်ကြောင်းမှ ရဲဘော် ၁ ဦး၊ စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အမှတ်(၈) စစ်ကြောင်းမှ ရဲဘော်နဂါးနှင့် ရဲဘော်စိုင်းနောင်(ခ)ထွန်းခ တို့ အသက်ပေးလှူခဲ့ရသည့်အပြင် Type-81 သေနတ် ၂ လက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ရန်သူ့ဘက်တွင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ထပ်မံထိခိုက်သေဆုံးမှုများ ရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ဤစစ်ဆင်ရေးတွင် ပခုက္ကူခရိုင်တပ်ရင်း-၁၉၊ တပ်ခွဲ-၃ (ဆိပ်ဖြူ ဗိုလ်မထားတပ်ဖွဲ့)၊ အညာမြေတပ်ပေါင်းစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု (PLC) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဟူးဆွန်ကျေးရွာမှ လက်ဖက်ခြံသွားတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
ဇူလိုင်လ ၂၁ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ (၁) နယ်မြေ၊ မိုင်းငေါ့မြို့နယ်၊ ဟူးဆွန်ကျေးရွာမှ အမျိုးသမီး တစ်ဦး လက်ဖက်ခြံသွားရင်း မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၀ မိနစ် အချိန်မှာ အသက် ၂၈ နှစ်အရွယ်ရှိ ဒေါ်အေးအေးဝင်း ဆိုသူဟာ လက်ဖက်ခြံသွားရင်း ညောင်ပင်အနီးမှာ မိုင်းနင်းမိခဲ့တာပါ။
မိုင်းပေါက်ကွဲမှုကြောင့် ဒေါ်အေးအေးဝင်းဟာ နေရာမှာပဲ သေဆုံးသွားခဲ့ရပြီး ၎င်းရဲ့ ရုပ်အလောင်းကို ကျေးရွာ တာဝန်ရှိသူတွေနဲ့ ပြည်သူလူထုက ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကလည်း နမ့်ခမ်းမြို့ စခန်းသစ်ဟောင်း အနီးတွင် ပြောင်းဖူးခြံ ရှင်းနေတဲ့ အမျိုးသမီး တစ်ဦး မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရပါသေးတယ်။
========================
🚩🚩 ၆။ လက်ဆည်ရဲစခန်းသိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ ကျဆုံးခြင်း ဈာပနအခမ်းအနားပြုလုပ်
ဇူလိုင်လ ၂၁ရက်
Radio NUG
ဇူလိုင်လ(၁၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရှိ လက်ဆည်ရဲစခန်းသိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးခဲ့ရသော ပြည်သူ့တော်လှန်ရေးတပ်ဦး၏ တပ်စု၂၊တပ်စုမှူး၊ အမှတ် ၈စစ်ကြောင်း၏ တပ်စိတ်မှူး ရဲဘော်စိုင်းနောင် (ခ) ရဲဘော်ထွန်းခ၏ ဈာပနအခမ်းအနားကို ဇူလိုင်လ (၁၉)ရက်နေ့တွင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၏ ယာယီဌာနချုပ် တစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ရဲဘော်များနှင့် ပြည်သူလူထုမှ အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်ခြင်း၊ ရဲဘော်များမှ သေနတ်ပစ်ဖောက် အလေးပြုခြင်းများ ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)၊ ကျန်ရစ်သူမိသားစု၊ မဟာမိတ်အသီးသီးနှင့် ရွာသူရွာသားများမှ အသီးသီး လွမ်းသူ့ပန်းခွေများပေးပို့ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ရဲဘော်စိုင်းနောင်(ခ) ရဲဘော်ထွန်းခသည် တပ်ဦး၏အကျိုးကိုရှေးရှူကာ တာဝန်များကို ကိုယ်ကျိုးစွန့်၍ ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး တပ်ဦး၏ ညီညွတ်ရေး၊ ညီညွတ်ရေး၏ ရှေ့ဆောင်လမ်းပြဖြစ်သော အမှတ် (၈)စစ်ကြောင်းတွင်လည်း သက်တမ်း သုံးခုလုံးတွင် တက်ကြွစွာပါဝင်ခဲ့ကာ အဖိနှိပ်ခံလူထုအတွက်တိုက်ပွဲများကို သူ၏ အသက် ကျဆုံးသည်အထိ ရွပ်ရွပ်ချွံချွံ ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ကချင် ပြည်နယ်နဲ့ ကရင်နီ ပြည်နယ်တို့မှာ စစ်ကောင်စီ တပ်သား ၂ ဦး အသီးသီး အလင်းဝင်
ဇူလိုင်လ ၂၁ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦးနဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အခြေစိုက် အမှတ် (၃၅၆) တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး တော်လှန်ရေး တပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့က ဝိုင်းမော် မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲ ဒု-တပ်ကြပ် တစ်ဦးဟာ မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၃) ပကဖ အဖွဲ့ထံ လက်နက်မဲ့ ချိတ်ဆက်အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်မဲ့ အလင်းဝင်လာခဲ့တဲ့ ရဲ ဒု-တပ်ကြပ်ကို ၎င်းရဲ့ ဆန္ဒအတိုင်း ကူညီပေးနိုင်တာတွေကို ကူညီဆောင်ရွက်ပေးထားတယ်လို့ မုံရွာ ပကဖ တာဝန်ရှိသူက ပြောပါတယ်။
အလားတူ ဇူလိုင်လ ၁၇ ရက်နေ့မှာ လွိုင်ကော် အခြေစိုက် (၃၅၆) တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်နှင့်တကွ ကရင့်အမျိုးသား ကာကွယ်ရေးတပ် KNDF B-14 ထံကို ဘက်ပြောင်းခိုလှုံ လာခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင် စစ်ကောင်စီတပ်သား စောချစ် (ခ) ချစ်စမ်းမောင်ဟာ AK-47 တစ်လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်ဆန် ၁၇၂ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ဖုန်း ၁ လုံးတို့ကို ယူဆောင်လာခဲ့တာကြောင့် ထိုက်သင့်တဲ့ ဆုငွေများ ၊ အကူအညီများ ပေးအပ်ကာ လုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ဒေါနတပ်ရင်း (၂) YGF က အခြေခံ/အထူး စစ်ဆင်ရေးသင်တန်း အပတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်
ဇူလိုင်လ ၂၁ ရက်၊
Radio NUG
အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်း (၂) YGF က ဖွင့်လှစ်တဲ့ အခြေခံ/အထူး စစ်ဆင်ရေး သင်တန်း အပတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုပါ သင်တန်းဆင်းပွဲကို နည်းဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကို ၊ ဒေါန တပ်ရင်း (၂) တပ်ရင်းမှူး ဗိုလ်ကျန်ရစ် ၊ မဟာမိတ် တပ်ဖွဲ့များဖြစ်ကြတဲ့ NMSP A.D ရာမညတပ်တော် (RMA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော ၊ MSRF တပ်ရင်းမှူး ဗိုလ်မှူး Dragon ၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) တပ်ခွဲမှူးနှင့် ဖိတ်ကြားထားတဲ့ မဟာမိတ်တပ်မှူးများ ဧည့်သည်တော်များ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားကို မနက် ၉ နာရီမှာ စတင် ဖွင့်လှစ်ခဲ့ပြီး အလံတင် အလေးပြုခြင်း၊ သစ္စာအဓိဌာန် ရွတ်ဆိုခြင်း၊ သင်တန်းဆင်းရဲဘော်များမှ စစ်ကြောင်းအလိုက် ချီတက်အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြပြီး အဖွင့် မိန့်ခွန်းကို ဗျူဟာမှူး စောဒါးကို မှ ပြောကြားခဲ့ကာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ပေးပို့ခဲ့တဲ့ သင်တန်းဆင်း သဝဏ်လွှာကို ဒေါနတပ်ရင်း (၂) တပ်ရင်းမှူး ဗိုလ်ကျန်ရစ် က ဖတ်ကြားခဲ့ပါတယ်။
သင်တန်းဆင်း အမှာစကားကို NMSP-AD ရာမညတပ်တော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော နဲ့ မဟာမိတ် တပ်များကိုယ်စား အားပေးစကားကို MSRF တပ်ရင်းမှူး ဗိုလ်မှူး Dragon တို့က ပြောကြားခဲ့ကာ သင်တန်းဆင်း ဂုဏ်ပြုလွှာနဲ့ တာဝန်ပေး အမိန့်စာကို သက်ဆိုင်ရာ တာဝန်ခံ တပ်ခွဲမှူးများထံ ပေးအပ်ခဲ့ပြီး ထူးချွန်သင်တန်းသားများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကာ သင်တန်းဆရာ များကိုလည်း အသိမှတ်ပြု လက်မှတ်များ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ထိုနောက် လက်နက်ကြီး သင်တန်းဆင်း သင်တန်းသားများက လက်နက်ကြီး ပစ်ခတ်ပုံအား သရုပ်ပြခြင်း၊ အထူး စစ်ဆင်ရေး သင်တန်းသားများက လက်နက်မဲ့ ကိုယ်ခံစွမ်းရည်အား အဖွဲ့လိုက် သရုပ်ပြခဲ့ကြကာ အခမ်းအနားကို ၁၀ နာရီ ၃၈ မိနစ်မှာ အောင်မြင်စွာ ပိတ်သိမ်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment