၂၀၂၅ သြဂုတ်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အသက်မပြည့်သူများအား စစ်မှုထမ်းရန် တားမြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
📌 ၂။ စစ်ကောင်စီကို ကိုယ်စားပြုသည့် ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီအဖွဲ့များအား ဒဏ်ခတ်ပိတ်ဆို့ရန် JFM တိုက်တွန်း
📌 ၃။ အိန္ဒိယတွင် ရိုဟင်ဂျာဒုက္ခသည်များ အစုလိုက်နှင်ထုတ်ခံရ
📌 ၄။ ဆိုက်ကားနင်းသူများကို လူ ၁ စုမှ အလုပ်ဖြင့် ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးမှုများ ရှိလာ
📌 ၅။ လေကြောင်းဗုံးကြဲခြင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် မန်တုံမြို့နယ်နှင့် နမ္မတူမြို့နယ်ရှိ ပျက်စီးသွားသည့် နေအိမ်များကို ထောက်ပံ့ကြေးများ ပေးအပ်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်၊ ရှေ့တန်းရဲဘော်များထံ သွားရောက်အားပေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေး
🚩 ၂။ ကန့်ဘလူတွင် PDF များကို လမ်းဖွင့်ရန်ဆန္ဒပြသည့် ကားတန်းများ ပြည်သူများ စစ်ကောင်စီပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်
🚩 ၃။ ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအား Sniperဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက်ကြောင်း ပြန်ဆုတ်သွားတဲ့ စစ်သားများအား ထပ်မံမိုင်းဆွဲတိုက်ခိုက်
🚩 ၄။ ဝိုင်းမော်မြို့နယ်ရှိ ဘုရားကျောင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရ
🚩 ၅။ ကြို့ပင်ကောက်တွင် စက်ဘီးဖြင့် ထွက်ပြေးနေသည့် စစ်ရှောင်သားအမိ ဒရုန်းဗုံးကြဲခံရပြီး သေဆုံး
🚩 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သား ၄ဦး ထွက်ပြေးခိုလှုံလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အသက်မပြည့်သူများအား စစ်မှုထမ်းရန် တားမြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
ဩဂုတ် ၂၉
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနသည် အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် စစ်မှုထမ်းဆောင်ခြင်းမှ တားမြစ်ကြောင်း ဩဂုတ်လ ၂၉ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်ကြောင့် ဒေသကာကွယ်ရေးအဖွဲ့များတွင် လက်နက်ကိုင်ပါဝင်ခဲ့ရသည့် အသက်မပြည့်သေးသူများကို မိဘများထံ ပြန်လည်အပ်နှံရန်နှင့် ၎င်းတို့၏ ပညာရေးအခွင့်အလမ်းများ ရရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (ဥပဒေအမှတ် ၂၂) နှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်မှုဆိုင်ရာ နိုင်ငံတကာစာချုပ် (CRC-OPAC) တို့ကို လိုက်နာကြောင်း ဝန်ကြီးဌာနက ဆိုထားပါတယ်။
ထို့ပြင် ၂၀၂၁ ခုနှစ်မှစတင်ကာ ထုတ်ပြန်ခဲ့သည့် ကြေညာချက်များနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များတွင် ကလေးသူငယ်များအပါအဝင် ထိခိုက်လွယ်သည့်အုပ်စုများကို ကာကွယ်ရန်နှင့် ဆိုးရွားသည့် အကြမ်းဖက်မှု (Six Grave Violations) များကို တားဆီးရန် ညွှန်ကြားထားပြီး ၎င်းတို့တွင် ကလေးများအား တပ်သားသစ်အဖြစ် စုဆောင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ကျောင်းများနှင့် ဆေးရုံများအား တိုက်ခိုက်ခြင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သည့် တပ်သားသစ်စုဆောင်းရေးမူဝါဒတွင်လည်း အသက် ၁၈ နှစ်ပြည့်သူများကိုသာ တပ်ဖွဲ့ဝင်အဖြစ် လက်ခံရန် သတ်မှတ်ထားပြီး ထိုစည်းမျဉ်းများကို ဖောက်ဖျက်ပါက စစ်ဘက်ဆိုင်ရာ ဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
ယခုထုတ်ပြန်ချက်သည် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် နိုင်ငံတကာဥပဒေများကို လိုက်နာရန် NUG ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်းဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီကို ကိုယ်စားပြုသည့် ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီအဖွဲ့များအား ဒဏ်ခတ်ပိတ်ဆို့ရန် JFM တိုက်တွန်း
ဩဂုတ် ၂၉
Radio NUG
ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီအဖွဲ့များဖြစ်သည့် McKeon Group နှင့် DCI Group တို့သည် မြန်မာနိုင်ငံ၏ တရားမဝင် စစ်ကောင်စီကို ကိုယ်စားပြု၍ နိုင်ငံတကာ ဆက်ဆံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အကျိုးစီးပွားများ ဆောင်ရွက်ပေးနေသည့်အတွက် ၎င်းတို့အား ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
ဩဂုတ်လ ၁ ရက်နေ့တွင် McKeon Group သည် စစ်ကောင်စီနှင့် အမေရိကန်ဒေါ်လာ ၃၆၀,၀၀၀ တန်ဖိုးရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး၊ ယင်းမတိုင်မီက DCI Group ကလည်း အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ စာချုပ်တစ်ရပ်ကို စစ်ကောင်စီနှင့် ချုပ်ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စာချုပ်များသည် စစ်ကောင်စီ၏ နိုင်ငံတကာဆက်ဆံရေးနှင့် သဘာဝသယံဇာတဆိုင်ရာ အကျိုးစီးပွားများကို မြှင့်တင်ရန် ရည်ရွယ်ထားတယ်လို့ ဆိုထားပါတယ်။
Justice For Myanmar အဖွဲ့က ၎င်းလော်ဘီအဖွဲ့များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ကင်းလွတ်မှုဖြင့် ကျူးလွန်နေသည့် စစ်ကောင်စီကို ကိုယ်စားပြုလုပ်ဆောင်နေခြင်းအတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး “ဒီစီအခြေစိုက်လော်ဘီများအနေဖြင့် လက်ပန်းကျအောင် လျှော်ဖွတ်စေကာမူ မြန်မာစစ်တပ်လက်ဝယ် စွန်းထင်းနေသည့် သွေးများကား ပြောင်စင်နိုင်မည်မဟုတ်ပေ။” လို့ ၎င်းအဖွဲ့က ပြောကြားထားပါတယ်။
ထို့ပြင်၊ စစ်ကောင်စီ၏ ငွေပေးချေမှုများသည် ငွေကြေးခဝါချမှု သို့မဟုတ် မြန်မာပြည်သူများထံမှ ခိုးယူထားသည့် ပိုင်ဆိုင်မှုများဖြစ်နိုင်သည်ဟု Justice For Myanmar က သတိပေးထားပြီး၊ အဆိုပါ လော်ဘီအဖွဲ့များအနေဖြင့် ၎င်းတို့၏ ဝင်ငွေရင်းမြစ်များနှင့် စိစစ်မှုလုပ်ငန်းစဉ်များကို ထုတ်ပြန်သင့်တယ်လို့ တောင်းဆိုထားပါတယ်။
စစ်ကောင်စီသည် ၎င်း၏ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)” ကို “နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC)” အဖြစ် အမည်ပြောင်းလဲပြီးနောက် ထိုစာချုပ်များကို ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန် ကယ်ပေါက်တစ်ခု ဖန်တီးရန် ကြိုးပမ်းမှုဖြစ်တယ်လို့ သိရပါတယ်။
Justice For Myanmar က ကနေဒါ၊ ဥရောပသမဂ္ဂ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့အား SSPC ကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် အမြန်ထည့်သွင်းရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ အိန္ဒိယတွင် ရိုဟင်ဂျာဒုက္ခသည်များ အစုလိုက်နှင်ထုတ်ခံရ
ဩဂုတ် ၂၉
Radio NUG
အိန္ဒိယအာဏာပိုင်များသည် ၂၀၂၅ ခုနှစ် မေလမှစတင်ကာ ရိုဟင်ဂျာဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ တရားမဝင်နှင်ထုတ်နေပြီး ရာနှင့်ချီသော ဒုက္ခသည်များကို ဖမ်းဆီးထိန်းသိမ်းကာ အချို့ကို ရက်စက်စွာ ဆက်ဆံခဲ့ကြောင်း Human Rights Watch က သတင်းထုတ်ပြန်ပါတယ်။
BJP အုပ်ချုပ်သော ပြည်နယ်များတွင် ရိုဟင်ဂျာနှင့် ဘင်္ဂါလီဘာသာစကားပြော မွတ်စလင်များကို “တရားမဝင်ရွှေ့ပြောင်းသူ” အဖြစ် သတ်မှတ်ပြီး နှင်ထုတ်နေရာ၊ UNHCR မှတ်ပုံတင်ထားသူ ၁၉၂ ဦးအပါအဝင် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်ခဲ့သည့်အပြင် ရိုဟင်ဂျာ ၄၀ ဦးကို မြန်မာကမ်းရိုးတန်းအနီး ပင်လယ်ထဲသို့ အတင်းအကြပ် ပစ်ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“အိန္ဒိယ၏ ရိုဟင်ဂျာနှင်ထုတ်မှုသည် လူ့အသက်နှင့် နိုင်ငံတကာဥပဒေကို လျစ်လျူရှုခြင်းဖြစ်သည်” လို့ Human Rights Watch ၏ အာရှဒါရိုက်တာ အီလိန်းပီယာဆန်က ပြောကြားထားပါတယ်။
အိန္ဒိယတွင် ရိုဟင်ဂျာ ၄၀,၀၀၀ ခန့်ရှိပြီး ၂၀,၀၀၀ သည် UNHCR တွင် မှတ်ပုံတင်ထားကာ အိန္ဒိယသည် ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်ကို လက်မှတ်မထိုးထားသော်လည်း၊ နိုင်ငံတကာဥပဒေအရ အသက်အန္တရာယ်ရှိသည့်နေရာသို့ ပြန်ပို့ခြင်းကို တားမြစ်ထားတယ်လို့ သိရပါတယ်။
အာဏာပိုင်များက ဒုက္ခသည်များကို ရိုက်နှက်၊ ပစ္စည်းများသိမ်းဆည်းပြီး ခြိမ်းခြောက်ခဲ့ကြောင်း ဒုက္ခသည်များက ပြောကြားထားပြီး အိန္ဒိယတရားရုံးချုပ်သည် ရိုဟင်ဂျာများ၏ အဆင့်အတန်းကို စက်တင်ဘာလ ၂၃ ရက်တွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း၊ မေလတွင် နှင်ထုတ်မှုများကို ရပ်တန့်ရန် ငြင်းဆိုခဲ့တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၄။ ဆိုက်ကားနင်းသူများကို လူ ၁ စုမှ အလုပ်ဖြင့် ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးမှုများ ရှိလာ
ဩဂုတ် ၂၉
Radio NUG
ဩဂုတ်လအတွင်း ရန်ကုန်တိုင်း၊ မြို့နယ်အချို့တွင် ဆိုက်ကားနင်းပြီး အသက်မွေးသူများကို လူ ၁ စုမှ လိုက်လံငှားယမ်း ခေါ်ယူသွားပြီးနောက် အဆက်အသွယ်မရတော့ပဲ ပျောက်သွားသည့်ဖြစ်စဉ်များ ရှိလာကြောင်း Rangoon Scout Network မှ သတင်းဖော်ပြထားပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ အနောက်ပေ ၅၀၊ ၃ လမ်းဝန်းကျင်ရှိ ဆိုက်ကားနင်းသည့် လူငယ် ၂ ဦးကို အိမ်ပြောင်းအိမ်ရွှေ့ရန်အတွက်ဟုဆိုကာ လူ ၁ စုမှ ပိုက်ဆံပေး၍ အိမ်စီးကား ၁ စီးဖြင့် ခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့တွင်လည်း ကြည့်မြင်တိုင်မြို့နယ်၊ ညဈေးအနီး ဆိုက်ကားဂိတ်မှ ဆိုက်ကားနင်းသူ ၁ ဦးနှင့် အခြားအမျိုးသား ၁ ဦးတို့ကို ဘီဒိုရွှေ့စရာရှိလို့ဟုဆိုကာ လူ ၁ စုက ခေါ်ဆောင်သွားပြီးနောက် သတင်းအစအနပျောက်သွားတယ်လို့ ဆိုထားပါတယ်။
ထို့ပြင် တာမွေမြို့နယ်၊ မေတ္တာညွန့်ဘက်တွင်လည်း ယခုသီတင်းပတ်ထဲ အလားတူဖြစ်စဉ်များရှိလာတယ်လို့ သိရပါတယ်။
စစ်မှုထမ်းသင်တန်းအတွက် လိမ်လည် ဖမ်းဆီးသွားကြပုံရတယ်လို့လည်း ဒေသခံများက ဆိုကြပြီး အနှေးယာဉ်မောင်းနှင်သူများ သတိထားကြရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၅။ လေကြောင်းဗုံးကြဲခြင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် မန်တုံမြို့နယ်နှင့် နမ္မတူမြို့နယ်ရှိ ပျက်စီးသွားသည့် နေအိမ်များကို ထောက်ပံ့ကြေးများ ပေးအပ်
ဩဂုတ် ၂၉
Radio NUG
မေလနှင့် ဇွန်လတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဗုံးကြဲခြင်းကြောင့် ထိခိုက်ပျက်စီးသွားသည့် မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက်နှင့် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် ပျက်စီးသွားသည့် နေအိမ်များကို တအာင်းပြန်လည်ထူထောင်ရေးကော်မတီ (ရှမ်းမြောက်) အနေဖြင့် ထောက်ပံ့ကြေးများ ကူညီပေးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ သတင်းထုတ်ပြန်ပါတယ်။
မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက်တွင် နေအိမ် ၁၄ အိမ် နှင့် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် နေအိမ် ၁၂ အိမ် အပြင် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်များအတွက် ကွင်းဆင်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်၊ ရှေ့တန်းရဲဘော်များထံ သွားရောက်အားပေးခဲ့ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေး
ဩဂုတ် ၂၉
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-ဦးဆောင်အဖွဲ့မှ ရှေ့တန်းစစ်မြေပြင်တွင် မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းတိုက်ပွဲဝင်နေကြသည့် ရဲဘော်များထံသို့ သွားရောက် အားပေးတွေ့ဆုံ၍ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း နေပြည်တော် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
တိုင်း-ဦးဆောင်အဖွဲ့ဝင်များဖြစ်တဲ့ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနှင့် တိုင်းရုံးလုံခြုံရေးတပ်ဖွဲ့ရဲဘော်များ၊ ပျဉ်းမနားမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်မိုးကြိုးနှင့် လယ်ဝေးမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်စနေ တို့မှ သွားရောက်တွေ့ဆုံအားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ရဲဘော်များ၏ လိုအပ်ချက်များအား ပံ့ပိုးကူညီပေးပါသော ရဲဘော် သားသခင်(မကွေး) အား အထူးကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ကန့်ဘလူတွင် PDF များကို လမ်းဖွင့်ရန်ဆန္ဒပြသည့် ကားတန်းများ ပြည်သူများ စစ်ကောင်စီပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်
ဩဂုတ် ၂၉
RadioNUG
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လွှဲဆိပ်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လမ်းဖွင့်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည့် ကုန်ကားယာဉ်တန်းတစ်ခုသည် စစ်ကောင်စီထိန်းချုပ်ထားသည့် ငှက်ပျောတိုင်းရွာသစ်မှ ဘူးကုန်းကျေးရွာအထိ လမ်းပိုင်းတွင် ပိတ်ဆို့ခံခဲ့ရကြောင်း KBL-PDFမှ သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် ထိုပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး၊ ကားတန်းမှ ပြည်သူများသည် စားနပ်ရိက္ခာဝယ်ယူရန် PDF ထိန်းချုပ်နယ်မြေများသို့ လာရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
PDF ရဲဘော်(၁)ဦးမှ "မိမိတို့သေနတ်ပြောင်းမှာ ပြည်သူဘက်သို့ ဘယ်သောအခါမှ လှည့်မည်မဟုတ်ကြောင်း" ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအား Sniperဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက်ကြောင်း ပြန်ဆုတ်သွားတဲ့ စစ်သားများအား ထပ်မံမိုင်းဆွဲတိုက်ခိုက်
ဩဂုတ် ၂၉
Radio NUG
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်ဂိတ်စခန်းမှ အင်အား(၈၀)ဦးဖြင့် ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား သြဂုတ်လ ၂၈ရက်နေ့ မနက် (၀၉:၃၀)အချိန်ခန့်တွင် ၃၆၀၁တပ်ရင်း Sniperအဖွဲ့မှ (၂)ချက်ပစ်ခတ်တိုက်ခိုက်ရာ (၁)ဦး သေဆုံးပြီး (၁)ဦးဒဏ်ရာရရှိသွားကြောင်း PPDF-၃၆၀၁တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးနှင့် ဒဏ်ရာရရှိသူကို အထမ်းဖြင့်ထမ်း၍ ကျောက်ကြီးတောင်ဘက်သို့ နောက်ပြန်ဆုတ်သွားရာ ဗျူဟာ (၂၁) ကွပ်ကွဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ (၅)မှ ညနေ (၃:၄ဝ)အချိန်ခန့်တွင် ပြန်ချီတက်ရွာနှင့် ညောင်နီပင်ရွာကြားတွင် ပဒေသာမိုင်း (၄)လုံးမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် (၅)ဦး အပြင်းအထန်ဒဏ်ရာရရှိသွားပြီး (၄)ဦး မစိုးရိမ်ဒဏ်ရာရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် ဒဏ်ရာရရှိသူများကို အထမ်း (၉)ထမ်းဖြင့် ကျောက်ကြီးတောင်ဂိတ်စခန်းသို့ သယ်ဆောင်ပြီး ထိုမှတဆင့် မှတ္တိုင်ဘက်မှ ဖောကားဖြင့် လာရောက်သယ်ဆောင်ကာ ရွှေတောင်မြို့နယ် ကုတင် (၁၀၀)စစ်ဆေးရုံသို့ ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာအား နယ်မြေ ရှင်းလင်းရေးလုပ်ရာ (၅.၅၆) ကျည် (၂၀၀)တောင့်၊ အီနာဂါ (၁)လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၄။ ဝိုင်းမော်မြို့နယ်ရှိ ဘုရားကျောင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရ
ဩဂုတ် ၂၉
Radio NUG
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လုမြန်အနီးရှိ မုတ်ကျိတ်ရွာတွင် ဩဂုတ်လ ၂၇ ရက်က ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဒေသခံ ဘုရားကျောင်းတစ်ခုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်များထံမှ သိရပါတယ်။
မုတ်ကျိတ်ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ (KBC) ဘုရားကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချထားရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့အား တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူး တစ်ဦးနှင့် အရာရှိသုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၇ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များကို ဘုရားကျောင်းမှ မောင်းထုတ်နိုင်ခဲ့သော်လည်း၊ ၎င်းတို့သည် ဆုတ်ခွာပြီးနောက် လေကြောင်းမှ ပြန်လည်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း မြစ်ကြီးနားမှ သံချပ်ကာကားများဖြင့် စစ်ကောင်စီ ပစ်ကူရန် ကြိုးပမ်းခဲ့သော်လည်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ရှေ့တိုးနိုင်ခဲ့ပြီး စစ်ကောင်စီမှ သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ကြို့ပင်ကောက်တွင် စက်ဘီးဖြင့် ထွက်ပြေးနေသည့် စစ်ရှောင်သားအမိ ဒရုန်းဗုံးကြဲခံရပြီး သေဆုံး
ဩဂုတ် ၂၉
Radio NUG
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ဒေါင်းလေးရွာတွင် စစ်ရှောင်ရန် စက်ဘီးဖြင့် ထွက်ပြေးနေသည့် သားအမိ နှစ်ဦးကို စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၁) ထံမှ သတင်းရရှိပါတယ်။
ဩဂုတ်လ ၂၈ ရက်၊ နေ့လယ် ၂ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ဖောကား ၄ စီးဖြင့် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာပြီး၊ အလယ်ကုန်းရဲစခန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ဒေါင်းစပါးကွင်းရွာဘက်သို့ ပစ်ကူပေးခဲ့သည့်အပြင် ဒရုန်းဖြင့် ဗုံးသီးများ ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုညနေ ၄ နာရီ ၄၄ မိနစ်ခန့်တွင် တိမ်မြုပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေါင်းလေးရွာသို့ ဒရုန်းဖြင့် ဗုံး ၂ လုံး ကြဲချခဲ့ရာ၊ အသက် ၅ နှစ်အရွယ် မယွန်းမီမီနှင့် ၎င်း၏မိခင် အသက် ၃၂ နှစ်အရွယ် ဒေါ်ဇင်မာသင်းတို့ ဗုံးထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဗုံးများသည် ၎င်းတို့အပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ရုပ်အလောင်းများ ရှာမတွေ့ဘဲ အသားစများသာ ကျန်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဗုံးကြဲမှုများကြောင့် ဒေါင်းစပါးကွင်းရွာ၊ ဒေါင်းလေးရွာ၊ ကွေ့ချောင်းကြီးရွာ၊ ကွယ်ကျယ်ရွာ၊ ကြို့ကိုးပင်ရွာ၊ ကိုင်ကြီးရွာ၊ ကိုင်းကလေးရွာ၊ ကျီစုရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သား ၄ဦး ထွက်ပြေးခိုလှုံလာ
သြဂုတ် ၂၉
Radio NUG
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ကော့လှိုင်းရွာ၊ မရမ်းချောင်းရွာ၊ မိုင်၆၀ရွာ ၊ သာယာမွန်ကျေးရွာတို့အား အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးလာစဥ် ထိုအကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားများ ထွက်ပြေးလျက်ရှိရာ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရှေ့တန်းစစ်မြေပြင် တစ်နေရာ၌ ဖမ်းဆီးရမိကြောင်း နည်းဗျူဟာ (၃၃) အထူးစစ်ဆင်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
ထို စစ်မှုထမ်းတပ်သားသစ် ၄ဦးကို အမျိုးသားညီညွတ်ရေးအစိုးရမှ ချမှတ်ထားသည့် စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ထားပြီး ထို ၄ဦးမှာ ခမရ (၄၀၉ )မှ တပ်သား နန်းကိုကို၊ ခမရ (၄၀၅) သရက်ချောင်းမှ တပ်သား ဇေယျာဝင်း (ခ) ကျော်ဝင်း၊ ခမရ ( ၄၀၉ ) ကလိန်အောင်မှ တပ်သားနိုင်လင်းအောင်နှင့် ခလရ (၂၈၂ ) ကလိန်အောင်မှ တပ်သား ရန်နိုင်မင်း( ခ )ချစ်စမ်းမောင်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထွက်ပြေးလာသူများမှာ အကြမ်းဖက်စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကြောင့် ပေါ်တာဆွဲဖမ်းဆီးခြင်းခံရကာ စစ်သင်တန်း ၂လခွဲခန့်သာ သင်တန်းတက်ရောက်ခဲ့ပြီး စစ်မြေပြင်သို့ ပို့ဆောင်စဥ် ထွက်ပြေးခိုလှုံလာခြင်းဖြစ်တယ်လို့ သိရပါတယ်။
၎င်းတို့ထွက်ဆိုချက်အရ အထက်အရာရှိများမှ မတရားခိုင်းစေခြင်း၊ စစ်မြေပြင်၌ ရှေ့ဆုံးမှ ထားပြီး မတရားအမိန့်ပေးကာ တက်ခိုင်းခြင်း၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များထံမှ ပစ္စည်းများအား ဖောက်ယူ ခိုးယူခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သော တပ်ရင်းများမှာ ခလရ (၂၈၂)၊ ခမရ (၄၀၇)၊ ခမရ (၄၀၈)၊ ခမရ (၄၀၉)၊ ခမရ (၄၁၀)၊ ခလရ (၂၇၃)တို့ ဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် လုပ်ရပ်များတွင် ဗိုလ်မှူး စိုးမိုးကျော် ဒုတပ်ရင်းမှူး ခမရ ( ၄၀၉ )၊ ဗိုလ်ကျော်မျိုးခိုင် ခမရ ( ၄၀၉ )၊ ဗိုလ်ကြီးဝင်းမင်းစိုး၊ ဗိုလ်ကြီးအံ့ဘုန်းကျော်၊ ဗိုလ်ကြီးအာကာစိုး ခလရ ( ၂၈၂ )၊ ဗိုလ်မှူးကျော်ဆန်းထွန်း ခမရ ( ၄၀၇ )တို့ ဖြစ်ကြောင်း ထွက်ပြေးလာသူများမှ ထွက်ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment