၂၀၂၅ သြဂုတ်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုအစိုးရနှင့် မန္တလေးဒေသအကြား လုပ်ပိုင်ခွင့် ခွဲဝေရေးကိစ္စရပ်များ (Division of Competency) နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် မျှဝေဆွေးနွေးခဲ့
📌 ၂။ Safe Schools, Safe Education Campaign သြဂုတ်လ ၁၅ရက်နေ့အထိ အလှူငွေ လက်ခံရရှိမှုအခြေအနေကို ပညာရေးဝန်ကြီးဌာနထုတ်ပြန်
📌 ၃။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို ပုံဖော်နိုင်ဖို့အတွက် ယူကေအစိုးရက ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆို
📌 ၄။ မိုးကုတ်မြို့တွင် PSLF/TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီး ဂေါ်ရခါးလူမျိုး (၈၄)ဦးကိုလည်း မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့
📌 ၅။ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား KNU ဖားအံခရိုင်မှ အခြေခံစားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့
📌 ၆။ နိုင်ငံ့ဝန်ထမ်း CDM များ၊ မြေပြင် တပ်ရင်းတပ်ဖွဲ့များနဲ့ အဖွဲ့အစည်းများအား နွေဦးထီ ကိုယ်စားလှယ်များအဖြစ် ပါဝင်ရန် ဖိတ်ခေါ်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သံဖြူဇရပ် - ရေး အမြန်လမ်းပေါ်တွင် ရွေးကောက်ပွဲအတွက် သင်တန်းတက်ရောက်မည့် Non-CDM ပညာရေးဝန်ထမ်းများ ဖမ်းဆီးရမိ၊ ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံ
🚩 ၂။ မုံရွာတွင် စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်သား ၄၀ ကျော်သေဆုံး၊ စစ်သား ၁ဦး၊ လက်နက်ခဲယမ်းများ၊ ၁၂ဘီးကားနှင့် ဆိုင်ကယ် ၁စီးစီ သိမ်းဆည်းရရှိ
🚩 ၃။ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၂၀ ခန့် ထိခိုက်ဒဏ်ရာရ
🚩 ၄။ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ ဂိတ်ချ၍ ငွေအတင်းအဓမ္မတောင်းခံ၊ စစ်ကောင်စီစခန်းများမှ လက်နက်ကြီးများ ကျေးရွာများအတွင်းသို့ ပစ်ခတ်
🚩 ၅။ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ (၂၁)ဦး ရှိလာ
🚩 ၆။ ခလရ (၅၀) တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
🚩 ၇။ ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းနှင့် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၄) သင်တန်းဆင်းပွဲများ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုအစိုးရနှင့် မန္တလေးဒေသအကြား လုပ်ပိုင်ခွင့် ခွဲဝေရေးကိစ္စရပ်များ (Division of Competency) နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် မျှဝေဆွေးနွေးခဲ့
ဩဂုတ်လ၁၅ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ (FSCC) လုပ်ငန်းအဖွဲ့ နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့သည် ယနေ့ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့တွင် ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အရာရှိများနှင့် မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီဘက်မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုအစိုးရနှင့် မန္တလေးဒေသအကြား လုပ်ပိုင်ခွင့်ခွဲဝေရေးကိစ္စရပ်များ (Division of Competency) နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် မျှဝေဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ Safe Schools, Safe Education Campaign သြဂုတ်လ ၁၅ရက်နေ့အထိ အလှူငွေ လက်ခံရရှိမှုအခြေအနေကို ပညာရေးဝန်ကြီးဌာနထုတ်ပြန်
သြဂုတ်လ၁၅ရက်
Radio NUG
Safe Schools, Safe Education Campaign သြဂုတ်လ ၁၅ရက်နေ့အထိ အလှူငွေ လက်ခံရရှိမှုအခြေအနေအား ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ဖော်ပြပါတယ်။
Fund Raisers များဖြစ်ကြတဲ့ OFP and Other International FRsမှ 58,672.00 USD၊ Spring Crowd Fund(SCF)မှ 39,229,091.92 MMK၊ GoFundMe (Brighter Future Foundation)မှ 530.00 POUNDနှင့် GoFundMe (HDFM)မှ 2,898.00 USD ရရှိထားပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့် ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် ဆောင်ရွက်လျက်ရှိသည့် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး ကမ်ပိန်းတွင် ပါဝင်ကူညီပံ့ပိုးပေးကြပါရန် ဆက်လက် ဖိတ်ခေါ်အပ်တယ်လို့ ဖော်ပြပါတယ်။
ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းကို ရည်မှန်းချက် - အမေရိကန်ဒေါ်လာ (၄) သိန်းရည်မှန်းထားပြီး ကမ်ပိန်းကာလ - ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိသတ်မှတ်ထားပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို ပုံဖော်နိုင်ဖို့အတွက် ယူကေအစိုးရက ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆို
သြဂုတ်လ ၁၅ရက်
Radio NUG
အသက်ပေးခဲ့ကြတဲ့ ဗြိတိသျှနဲ့ ဓနသဟာယ စစ်မှုထမ်းများရဲ့ အမွေအနှစ်တွေကို မှတ်သားပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို ပုံဖော်နိုင်ဖို့အတွက် ယူကေအစိုးရက ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် (၈၀) ပြည့်ဖြစ်တဲ့ သြဂုတ်လ ၁၅ရက်မှာ ဗြိတိသျှသံရုံး၊ ရန်ကုန်က ဖော်ပြပါတယ်။
"ဒုတိယကမ္ဘာစစ်က မြန်မာနိုင်ငံအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မျိုးဆက်တို့အား အမှတ်ရပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးအတွင်း တိုက်ခိုက်ရင်း ကျဆုံးခဲ့ကြတဲ့ ဗြိတိသျှနဲ့ ဓနသဟာယစစ်မှုထမ်းများကို အောက်မေ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ ကျွန်ုပ်တို့ ဗြိတိသျှသံရုံး၊ ရန်ကုန် အကြီးအကဲ Andrew Jackson က ရန်ကုန်စစ်သင်္ချိုင်း (ဟံသာဝတီ) မှာ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အသက်ဆုံးရှုံးပေးဆပ်ရမှုတွေက ကြီးမားခဲ့သလို နှစ်ဖက်စလုံးက လူဦးရေသန်းနှင့်ချီ သေကျေပျက်စီးခဲ့ပါတယ်။ ဝမ်းနည်းဖွယ်ကတော့ ဒီကနေ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခများက မြန်မာနိုင်ငံသားများအတွက် မယုံနိုင်လောက်အောင် ကြီးမားတဲ့ အခက်အခဲများ တဖန်ဖြစ်ပေါ်စေပါတယ်။ ပြည်သူများက ဒီအခက်အခဲတွေကို ခါးစည်းရင်ဆိုင်နေရပါတယ်။ "လို့ ဖော်ပြပါတယ်။
========================
📌📌 ၄။ မိုးကုတ်မြို့တွင် PSLF/TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ပြီး ဂေါ်ရခါးလူမျိုး (၈၄)ဦးကိုလည်း မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့
သြဂုတ်လ ၁၅ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်းနှင့် ဂေါ်ရခါးပြည်သူလူထုတို့ သြဂုတ်လ (၁၄)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်းက ဦးဆောင်ပြီး ဂေါ်ရခါးပြည်သူလူထုတို့နှင့် ဒေသတွင်းအုပ်ချုပ်ရေး၊ သင်ကြားရေးပိုင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရန် ဝိုင်းဝန်ဆွေးနွေးခဲ့ကြပြီး ယခုကာလအတွင်း PSLF/TNLAတို့၏ လုပ်ငန်းဆောင်တာများနှင့် ရပ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်စေရန် ပြန်လည်ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ရှိ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ဒေသတွင်းတည်ငြိမ်ရေးကို ဆောင်ရွက်နိုင်ရန် ဂေါ်ရခါးပြည်သူလူထုကို ဖိတ်ခေါ်ခဲ့ပြီး စစ်မှုထမ်းရန် အဆင်သင့်မဖြစ်သေးသော ဂေါ်ရခါးလူမျိုး (၈၄)ဦးကိုလည်း တွေ့ဆုံဆွေးနွေးပွဲအတွင်း သက်ဆိုင်ရာတာဝန်ရှိသူနှင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ်တားအိုမ်တမာဝ်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဂေါင်ဆဲင်၊ PSLF/TNLA တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် မိဘပြည်သူလူထုများအပါအဝင် စုစုပေါင်းလူဦးရေ (၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၅။ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား KNU ဖားအံခရိုင်မှ အခြေခံစားနပ်ရိက္ခာများ သွားရောက် ထောက်ပံ့
ဩဂုတ်လ ၁၅ ရက်
Radio NUG
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ(၇) ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ဖားအံခရိုင် တာဝန်ရှိခေါင်းဆောင်များက ဩဂုတ်လ (၁၃)ရက်နေ့တွင် အခြေခံစားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ကျေးနယ် (၇) ခု၊ အိမ်ခြေ (၂၅၆၄) လုံး၊ လူဦးရေ (၁၁၅၇၆) ယောက်ကို လှိုင်းဘွဲမြို့နယ်တာဝန်ရှိသူများ စာရင်းကောက်ယူခဲ့ပြီး အဆိုပါလှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများရှိရာသို့ ဖားအံခရိုင် တာဝန်ရှိခေါင်းဆောင်များနှင့် လှိုင်းဘွဲမြို့နယ် တာဝန်ရှိခေါင်းဆောင်များကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ရေဘေးသင့်ပြည်သူများကို အားပေးစကားများလည်း ပြောကြားခဲ့တယ်လို့ ဖော်ပြပါတယ်။
ရေဘေးသင့်ပြည်သူများဆီသို့ သွားရောက်တွေ့ဆုံခဲ့သော တာဝန်ရှိခေါင်းဆောင်များမှာ ဖားအံခရိုင်မှ တွဲဘက်အတွင်းရေးမှူး ပဒိုစောဂေထူး၊စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး ပဒိုနော်ရှီးဝါးနှင့်အခြားတာဝန်ရှိများ၊ လှိုင်းဘွဲမြို့နယ် ဥက္ကဋ္ဌ ပဒိုစောထွန်းနီ၊ ဒုဥက္ကဋ္ဌတပ်ရင်း(၂၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မန်းဂျွန် နှင့် စည်းရုံးရေးနှင့်ပြန်ကြားရေးဌာနမှူး ပဒိုစောထူးထူးတို့ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ နိုင်ငံ့ဝန်ထမ်း CDM များ၊ မြေပြင် တပ်ရင်းတပ်ဖွဲ့များနဲ့ အဖွဲ့အစည်းများအား နွေဦးထီ ကိုယ်စားလှယ်များအဖြစ် ပါဝင်ရန် ဖိတ်ခေါ်
သြဂုတ်လ ၁၅ရက်
Radio NUG
ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေးအတွက် တာဝန်ယူကူညီနေသော ပြည်သူ့သူရဲကောင်းများဖြစ်သည့် နိုင်ငံ့ဝန်ထမ်း CDM များ၊မြေပြင် တပ်ရင်းတပ်ဖွဲ့များ၊ အဖွဲ့အစည်းများအား နွေဦးထီ ကိုယ်စားလှယ်များအဖြစ် ပါဝင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သြဂုတ်လ ၁၅ရက်တွင် နွေဦးထီမိသားစုက အသိပေးကြေညာပါတယ်။
"နွေဦးထီဆိုတာ ပြည်သူ့အနာဂတ်အတွက် အိပ်မက်လမ်းသစ်များကို ခင်းကျင်းပေးသည့်အပြင် တရားမျှတမှုနှင့် ဓမ္မလမ်းကို မလွဲမသွေ လျှောက်လှမ်းနေသော သူရဲကောင်းများအတွက်လည်း အထူးဂုဏ်ပြုသည့် အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။"လို့ ဖော်ပြပါတယ်။
နွေဦးထီ ကိုယ်စားလှယ်၏ အကျိုးကျေးဇူးများတွင်
- နွေဦးထီ လက်မှတ် ဖြန့်ဖြူးရောင်းချမှု ပမာဏအလိုက် လစဉ် 10 % အထိ ဂုဏ်ပြု ချီးမြှင့်ခြင်း၊
- ထောက်ခံချက်ပြည့်စုံသော CDM များနှင့် မြေပြင်အဖွဲ့များအတွက် ထပ်ဆောင်း 25 % ဂုဏ်ပြု ချီးမြှင့်ခြင်း၊
- (၃)လ တစ်ကြိမ် နွေဦးထီ အရောင်းကိုယ်စားလှယ်များအတွက် သီးသန့် ဂုဏ်ပြုပွဲများ ဖိတ်ကြားခြင်းနှင့်
- နွေဦးထီ မိသားစုဝင်များအတွက် အခြား အထူးအကျိုးကျေးဇူးများ ပါဝင်တယ်လို့ အသိပေးထားပါတယ်။
ထိုသို့ ပါဝင်ရန်အတွက် CDM ဖြစ်ကြောင်း ထောက်ခံချက်များ၊ တပ်ရင်း၊ တပ်ဖွဲ့ ဖြစ်ကြောင်း အသိအမှတ်ပြု ထောက်ခံချက်များဖြင့် လျှောက်ထားနိုင်ပြီး နွေဦးထီမှ ဂုဏ်ပြုချီးမြှင့်ငွေများ အကျိုးခံစားခွင့်များကို သတ်မှတ်ချက်နှင့်အညီ ဂုဏ်ပြု ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သံဖြူဇရပ် - ရေး အမြန်လမ်းပေါ်တွင် ရွေးကောက်ပွဲအတွက် သင်တန်းတက်ရောက်မည့် Non-CDM ပညာရေးဝန်ထမ်းများ ဖမ်းဆီးရမိ၊ ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး မိသားစုဝင်များထံ ပြန်လည်အပ်နှံ
ဩဂုတ်လ ၁၅ရက်
Radio NUG
မွန်ပြည်နယ် သံဖြူဇရပ် - ရေး အမှတ် - (၈) အမြန်လမ်းပေါ်တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနအောက်ရှိ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တပ်ဖွဲ့တို့မှ ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမည့် Non - CDM ဝန်ထမ်းများ၏ စာရင်းများကို တော်လှန်ရေးအဖွဲ့များမှ ရရှိထားပြီးဖြစ်တာကြောင့် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဩဂုတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် သင်တန်းတက်ရောက်မည့် Non-CDM ပညာရေးဝန်ထမ်း (၄) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသည့် Non-CDM ပညာရေးဝန်ထမ်း (၄) ဦးအား မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တပ်ဖွဲ့တာဝန်ရှိသူများမှ (၂၄)နာရီခန့် စစ်ဆေးရန် ထိန်းသိမ်းထားခဲဲ့ပြီး ဩဂုတ်လ (၁၅) ရက်နေ့တွင် ၎င်းတို့၏ မိသားစုဝင်များထံ စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ပတ်သက်ခြင်း မပြုရန် ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မုံရွာတွင် စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်သား ၄၀ ကျော်သေဆုံး၊ စစ်သား ၁ဦး၊ လက်နက်ခဲယမ်းများ၊ ၁၂ဘီးကားနှင့် ဆိုင်ကယ် ၁စီးစီ သိမ်းဆည်းရရှိ
ဩဂုတ်လ ၁၅ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသော စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းတစ်ခုကို မုံရွာခရိုင် ကွပ်ကဲရေးမှူး၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၁၀ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းမှ သတင်းရရှိပါတယ်။
ထိုတိုက်ခိုက်မှုတွင် စစ်သား ၁ ဦးကို MA1 သေနတ် ၁ လက်၊ ကျဉ်ဘောက် ၄ ဘောက်နှင့် ၅.၅၆ မမ ကျည် ၈၂ တောင့်တို့နှင့်အတူ အရှင်ဖမ်းမိခဲ့သည့်အပြင် ၁၂ ဘီးကား ၁ စီးနှင့် FZ ဆိုင်ကယ် ၁ စီးကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ဆင်ရေးတွင် ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အရာတော်တိုက်နယ် ၉/၁၀/၁၁ အဖွဲ့များ၊ မုံရွာခရိုင် ဗျူဟာ ၆၆၊ PLA တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်ဖွဲ့နှင့် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၃။ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၂၀ ခန့် ထိခိုက်ဒဏ်ရာရ
ဩဂုတ်လ ၁၅ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးပျူရွာမှ ဩဂုတ်လ ၁၃ ရက်နေ့တွင် ထွက်ခွာလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းတစ်ခုသည် ဝက်လက်မြို့နယ်၊ ပုလဲသွယ်ရွာသို့ ဝင်ရောက်စဉ် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ စောင့်ကြိုတိုက်ခိုက်မှုကို ခံရပြီး မူလထွက်ခွာရာနေရာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ပွဲကို အမှတ် ၂ ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ အမှတ် ၂ ရွှေဘိုခရိုင်တပ်ရင်း (၁/၂/၃/၄/၅/၁၇/၂၃)၊ M.Sai.Naw ဒရုန်းအဖွဲ့၊ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့နှင့် သစ်ဆိပ်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီမှ ဂိတ်ချ၍ ငွေအတင်းအဓမ္မတောင်းခံ၊ စစ်ကောင်စီစခန်းများမှ လက်နက်ကြီးများ ကျေးရွာများအတွင်းသို့ ပစ်ခတ်
ဩဂုတ်လ ၁၅ရက်
Radio NUG
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊လယ်ဒိုမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၂)ရက်နေ့၊ ညနေ(၂)နာရီအချိန်ခန့်က တုံးတံတားကျေးရွာမှ စောအယ်ထူးစိုး(၂၀)နှစ် သည် ပိန်းဇလုပ် ရထားလမ်းကုန်းအနီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီချထားသော ဘုန်းကြီးကျောင်းဂိတ်တွင် စစ်ကောင်စီတပ်မှ ဖမ်းစီးခံရပြီး ငွေတောင်းခံသောကြောင့် သိန်း(၁၀၀)ပေးခဲ့ရကာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ထို့ပြင် လယ်ဒိုမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ဩဂုတ်လ(၇)ရက်နေ့၊ ည(၁၁)နာရီ(၄၀)မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက်တပ်ရင်း ခလရ-၂၆၄မှ တောင်ခင်ကျေးရွာသို့ လက်နက်ကြီး 120mm တစ်လုံးပစ်ခတ်ခဲ့ရာ တောင်ခင်ရွာအနောက်သစ်ရပ်ကွက်ဘေး ဦးပေတိုး၏ နနွင်းစိုက်ခင်းသို့ ကျရောက်ခဲ့ပြီး ဩဂုတ်လ (၉)ရက်နေ့ ညနေ(၁၁)နာရီ(၄၀)မိနစ်အချိန်က ပဲနွယ်ကုန်းမှ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် လက်နက်ကြီး ၁၂၀မမ (၂)လုံး ပစ်ခတ်ခဲ့ရာ နံဇလေးကျေးရွာဘေး လယ်ကွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ကာ ဩဂုတ်လ (၁၀)ရက်နေ့၊ နေ့လယ် (၁၂)နာရီ(၃၀)မိနစ်အချိန်တွင် စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက်တပ်ရင်း ခလရ-၂၆၄မှ လက်နက်ကြီး ၁၂၀မမ(၁)လုံးပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာဘေးတွင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြပါတယ်။
တို့အတူ ဆောထိမြို့နယ်တွင် ရေဖြူကန်ရှိ စစ်ကောင်စီတပ်၏ ခမရ-၂၀သည် ဩဂုတ်လ(၉)ရက်နေ့၊ ညနေ(၆)နာရီ(၁၅)မိနစ်မှ (၉)နာရီ(၄၈)မိနစ်အထိ လက်နက်ကြီး ၆၀မမ(၇)လုံး ပစ်ခတ်ခဲ့ရာ ဂွေးကုန်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်(၈)နာရီခွဲ အချိန်တွင် ဖားဘော်ကျေးရွာ၌နေသော အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ-၅၉၈သည် လက်နက်ကြီး ၈၁မမ(၁)လုံး ပစ်ခတ်ခဲ့ရာ သံမန်ဇရပ်ကျေးရွာအနားသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူ (၂၁)ဦး ရှိလာ
ဩဂုတ်လ ၁၅ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သေဆုံးသူ ပြည်သူလူထု (၂၁)ဦး ရှိလာပြီး (၇)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁၄ရက်နေ့ ည (၈း၃၀)နာရီအချိန်၌ မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချမှုကြောင့် အမျိုးသမီး (၁၆)ဦး၊ အမျိုးသား (၅)ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး (၂)ဦး၊ အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၅)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။
========================
🚩🚩 ၆။ ခလရ (၅၀) တပ်ရင်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
ဩဂုတ်လ ၁၅ရက်
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့ အခြေစိုက် ခလရ(၅၀) တပ်ရင်းမှ ဒုတပ်ကြပ် အဆင့်ရှိ တပ်သားတစ်ဦးသည် ဩဂုတ်လ ၈ရက်နေ့တွင် MA-11 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်ဘောက် ၃ခု ၊ ကျည် ၇၁ ထောင့်၊ စကားပြောစက် ၂လုံး တို့နဲ့အတူ ယောကာကွယ်ရေးတပ် မြေပြင်စစ်ဒေသရုံးသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရောက်လာသော တပ်သားကို စစ်ဒေသရုံး၏ ဥပဒေများနှင့်အညီ ကာကွယ်ပေးသွားမှာဖြစ်ပြီး သိန်း ၃၀ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းနှင့် ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၄) သင်တန်းဆင်းပွဲများ ပြုလုပ်
သြဂုတ် ၁၅ ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ စိုးမိုးနယ်မြေတစ်နေရာတွင် ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ထိုသင်တန်းကို Earthquake People's Defence Force၊ Thu Rain ( TR)၊ Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Forceစသည့် သင်တန်းအပတ်စဉ်(၁)တွင် ပါဝင်ပူးပေါင်းအားဖြည့်ခဲ့တဲ့ ပခုက္ကူခရိုင်အတွင်း အခြေပြုတော်လှန်ရေးတပ်ဖွဲ့ (၅)ဖွဲ့အပြင် Red Fighter နှင့် ပခုက္ကူမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ စသည့် တပ်ဖွဲ့ (၂) ဖွဲ့မှလည်း သင်တန်းအပတ်စဉ် (၂) တွင်ပါဝင်ပူပေါင်းခဲ့တယ်လို့ ဖော်ပြပါတယ်။
သင်တန်းအပတ်စဉ် (၂) ကို တော်လှန်ရေးတပ်ဖွဲ့ (၇) ဖွဲ့မှ ရဲဘော်/ရဲမေ (၇၀) ဦး ခန့်တက်ရောက်ခဲ့ပြီး ၎င်းသင်တန်းတွင် စစ်ပညာသင်တန်း၊ ရုံးပိုင်းဆိုင်ရာ သင်တန်း၊ CoC နှစ်ရပ်၊ ပြည်သူ့စစ် မဟာဗျူဟာနှင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှု သင်တန်းများကို ရက်ပေါင်း (၄၅) ရက်ကြာ သင်ကြားခဲ့တယ်လို့ သိရပါတယ်။
ထိုသင်တန်းကို ကူညီပေးသော မြိုင်ပကဖ မှ သင်တန်းကျောင်းအုပ်ဆရာ ဆရာပါဝါ၊ မြိုင်ပကဖမှ စစ်ဘက်ဆိုင်ရာသင်တန်းဆရာများ၊ ရုံးပိုင်းဆိုင်ရာ သင်တန်းဆရာများ၊ ပခုက္ကူမြို့နယ် (ပ.အ. ဖ )ရုံးအဖွဲ့မှ ဆရာမနှင့် သင်တန်းတက်ရောက်ခဲ့တဲ့ ရဲဘော်/ရဲမေ တစ်ဦးချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိကြောင်း အသိပေးထားပါတယ်။
နောက်ထပ်သင်တန်းအပတ်စဉ်များတွင် မည်သည့်တော်လှန်ရေး တပ်ဖွဲ့ များမဆို ပခုက္ကူခရိုင် Local တပ်ရင်း (၁) ကို ပူးပေါင်းပါဝင်စေလိုကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ်(၄) သင်တန်းဆင်းပွဲကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment