၂၀၂၅ စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဥပဒေပညာသင်ယူနေဆဲ CDM ကျောင်းသား၊ ကျောင်းသူများအတွက် New Curriculum Program တခု စီစဉ်နေတယ်လို့ မြန်မာ့နွေဦးတက္ကသိုလ် ပြော
📌 ၂။ ထီးလင်းနဲ့စလင်းမြို့နယ်မှာ လူ့အခွင့်အရေးဆိုင်ရာဟောပြောပွဲ ကျင်းပနိုင်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဆို
📌 ၃။ မယိမ်းမယိုင် ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အတူတကွကြိုးစားကြမယ်ဆိုရင် မြန်မာနိုင်ငံလည်း စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံပြန်ဖြစ်လာမယ်လို့ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်းပြော
📌 ၄။ ဒေါင်းရဲ့ မဲလ်ဘုန်းပွဲဖျော်ဖြေပွဲနေရရှိငွေ၉၀% ကို NUG ရဲ့ ငွေအလိုအပ်ဆုံး ဝန်ကြီးဌာန (၁) ခုထဲကို လှုဒါန်းမည်
📌 ၅။ ကျေးသီးမြို့နယ်တွင် (SSPP/SSA) မှ မှူးယစ်ဆေး ဝါးသုံးစွဲသူ အမျိူးသား(၂)ဦး ထပ်မံ ဖမ်းဆီးရမိ
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လုပ်ပိုင်ခွင့် အာဏာသက်ရောက်တဲ့ နယ်မြေအားလုံးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမလုပ်ဖို့ တားမြစ်ထားပြီး ကျား/မ ခွဲခြားဆက်ဆံမှုပြသနာ ပပျောက်ရေး ကြိုးပမ်းသွားမယ်လို့ KNU ဆို
🚩 ၂။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာတွေကို တိတိကျကျ လိုက်နာဖို့ တပ်မှူး တပ်သားအားလုံးကို KNU ညွှန်ကြား
🚩 ၃။ ယင်းမာပင်ခရိုင် PDF တပ်ရင်း - ၁ နဲ့ ၂၆ တရင်းတည်းဖြစ်အောင် ပူးပေါင်းဖွဲ့စည်း
🚩 ၄။ အမှတ် - ၇၈၀၅ တပ်ရင်းမှ ဆေးတပ်သားများ ခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဥပဒေပညာသင်ယူနေဆဲ CDM ကျောင်းသား၊ ကျောင်းသူများအတွက် New Curriculum Program တခု စီစဉ်နေတယ်လို့ မြန်မာ့နွေဦးတက္ကသိုလ် ပြော
စက်တင်ဘာလ (၂)ရက်
ဥပဒေပညာသင်ယူနေဆဲ CDM ကျောင်းသား၊ ကျောင်းသူများအတွက် New Curriculum Program တခု စီစဉ်နေတယ်လို့ မြန်မာ့နွေဦးတက္ကသိုလ်က ဒီနေ့ စက်တင်ဘာ ၂ ရက် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဥပဒေပညာ ကျောင်းသား၊ ကျောင်းသူများအတွက် သတင်းကောင်း “Three-Year LL.B Degree Program" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့နွေဦးတက္ကသိုလ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုမဖြစ်ခင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ မတိုင်ခင်ထိ တက်လက်စ ဥပဒေပညာ ကျောင်းသား၊ ကျောင်းသူတွေ အတွက် New Curriculum Program တခုကို စီစဉ်ပြီးတယ်လို့ မြန်မာ့နွေဦးတက္ကသိုလ် ဥပဒေပညာမဟာဌာနက အသိပေး ထားပါတယ်။
ဒီ Program မှာ ဥပဒေပညာ CDM ကျောင်းသား ကျောင်းသူအားလုံး ၃ နှစ်အတွင်း ဥပဒေပညာဘွဲ့ (LL.B degree) ရရှိစေဖို့ ဆောင်ရွက်ပေးမယ့် ၃ နှစ် တက်ရောက်ရမယ့် စနစ်သစ်လို့ သိရပါတယ်။
အရင် ၅ နှစ် သင်ကြားရေးစနစ်မှာ ပညာသင်ယူခဲ့ကြတဲ့ တက်လက်စ ဥပဒေပညာ CDM ကျောင်းသား၊ ကျောင်းသူတွေ လည်း အခု စနစ်သစ်မှာ ချိတ်ဆက်သင်ယူနိုင်မယ်လို့လည်း သိရပါတယ်။
၅ နှစ် သင်ကြားရေးစနစ်မှာ သင်ကြားသင်ယူခဲ့တဲ့ သင်တန်းသားတွေ မနစ်နာစေဖို့ တိကျတဲ့ ချိတ်ဆက်သင်ကြားမှုတွေ ကိုလည်း မကြာခင်မှာ အတန်းအလိုက် အသေးစိတ် ကြေညာပေးမယ်လို့လည်း မြန်မာ့နွေဦးတက္ကသိုလ် ဥပဒေပညာ မဟာ ဌာနက ပြောပါတယ်။
ဒီ program မှာ ၂၀၂၁ ဖေဖေါ်ဝါရီလ မတိုင်ခင် ပထမနှစ်ကနေ ပဉ္စမနှစ် အထိ တက်ရောက်ခဲ့ပြီး ပြီးမြောက်ခြင်းမရှိခဲ့တဲ့ နေ့သင်တန်းအားလုံး၊ အခု လက်ရှိ MNOU က ဖွင့်တဲ့သင်တန်းမှာ တက်ရောက်နေဆဲ သင်တန်းအားလုံး၊ အဝေးသင် သင်တန်းအားလုံးက ဥပဒေပညာ ကျောင်းသား၊ ကျောင်းသူအားလုံး တက်ရောက်သင်ကြားသင်ယူနိုင်တယ်လို့ မြန်မာ့နွေဦး တက္ကသိုလ် ဥပဒေပညာမဟာဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
========================
📌📌 ၂။ ထီးလင်းနဲ့စလင်းမြို့နယ်မှာ လူ့အခွင့်အရေးဆိုင်ရာဟောပြောပွဲ ကျင်းပနိုင်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဆို
စက်တင်ဘာလ (၂)ရက်
ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေးဗဟုသုတတွေ တိုးတက်လာစေဖို့ မြို့နယ်အသီးသီးမှာ အခြေခံလူ့အခွင့်အရေး ဟောပြောပွဲတွေနဲ့ သင်တန်းတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိရာမှာ ဩဂုတ်လအတွင်း ထီးလင်းနဲ့ စလင်းမြို့နယ်မှာ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနဲ့ သင်တန်းတွေပြုလုပ်နိုင်ခဲ့တယ်လို့ NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒေသနေပြည်သူတွေ လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတတွေ တိုးတက်လာစေဖို့အတွက် မြို့နယ်အသီးသီးမှာ အခြေခံလူ့အခွင့်အရေးဟောပြောပွဲတွေနဲ့ သင်တန်းတွေကို ဆက်တိုက်ပြုလုပ်နေတာနဲ့ ပတ်သက်လို့ အခုလို ပြောလာတာဖြစ်ပါတယ်။
ဩဂုတ်လအစောပိုင်းမှာ မကွေးတိုင်း ထီးလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ ဒေသခံပြည်သူ ၁၁၁ ဦးကို လူ့အခွင့်အရေး ဆိုင်ရာ ဟောပြောပွဲ ပြုလုပ်ခဲ့တာရှိပြီး မြို့နယ် လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေနဲ့ ကျေးရွာပအဖတာဝန်ခံတွေ ပူးပေါင်းပြီး ဟောပြောပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဟောပြောပွဲမှာ လူ့အခွင့်အရေးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အခြေခံလူ့အခွင့်အရေးနဲ့ UDHR စာတမ်းပါ အပိုဒ်တွေ အပြင် လေကြောင်းအန္တရာယ်ဖြစ်လာရင် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုပါ ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဟောပြောပွဲအပြီးမှာ ဒေသနေပြည်သူတွေက လူ့အခွင့်အရေးအကြောင်း ပိုမိုနားလည်လာပြီး အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ လူသားချင်းစာနာမှုအကြောင်းအရာတွေကိုပါ သိရှိလိုကြောင်း ရင်ဖွင့်ပြောဆိုခဲ့ကြတယ်လို့ အသိပေး ပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ စလင်းမြို့နယ်က NUG စိုးမိုးနယ်မြေထဲက ကျေးရွာတရွာမှာ သင်တန်းတခု ပြုလုပ် ခဲ့တာရှိပြီး ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ Volunteer တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ခံတွေ အပါအဝင် ၉၅ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စလင်းမြို့နယ်မျာလုပ်တဲ့ သင်တန်းမှာတော့ လူ့အခွင့်အရေးအခြေခံအကြောင်းအရာတွေအပါအဝင် စစ်သည်တော် ကျင့်ဝတ်တွေကို သင်ကြားပေးခဲ့တဲ့အတွက် သင်တန်းသားတွေအနေနဲ့ လူ့အခွင့်အရေးအကြောင်း သိရှိလာပြီး လွတ်လပ်စွာပြောဆိုခွင့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားနိုင်တဲ့အကြောင်းတွေပါ သိရှိခွင့်ရခဲ့တယ်လို့ မှတ်ချက်ပြုပြောကြားခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ မယိမ်းမယိုင် ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အတူတကွကြိုးစားကြမယ်ဆိုရင် မြန်မာနိုင်ငံလည်း စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံပြန်ဖြစ်လာမယ်လို့ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်းပြော
စက်တင်ဘာလ (၂)ရက်
မယိမ်းမယိုင် ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အတူတကွကြိုးစားကြမယ်ဆိုရင် မြန်မာနိုင်ငံလည်း စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံပြန်ဖြစ်လာမယ်လို့ ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။
"လစ်သူယေးနီးယားမှ မြန်မာပြည်သို့ တူညီသော ကြံ့ကြံ့ခံ တော်လှန်ခရီးစဉ် လစ်သူယေးနီးယားနိုင်ငံ UNESCO အဆောက်အဦးရှေ့ရောက်တော့ လောကကြီးက စွမ်းဆောင်ရည်၊ လွတ်လပ်ခြင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်တို့ကို အလွန်တန်ဖိုးထားတာဘဲလို့ တွေးမိတယ်။ လစ်သူယေးနီးယားရဲ့ သမိုင်းက မြန်မာနိုင်ငံအတွက် သတိပေးချက်တစ်ခုပါဘဲ၊သူတို့ဟာ ရုရှားရဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ ၅၁ နှစ်ကြာ ကြိုးစားတွန်းလှန်ခဲ့ရတယ်၊ ဘယ်လောက်ခက်ခဲပါစေ သူတို့ မျှော်လင့်ခြင်းကို မဆုံးရှုံးစေခဲ့ဘူး။ဒါဟာ ယနေ့မြန်မာပြည်အတွက် တိုက်ပွဲဝင်နေကြတဲ့ပြည်သူတွေ ခွန်အားဖြစ်စရာဘဲ။ ဘယ်လောက်ကြာကြာဖိနှိပ်ထားပါစေ ပြည်သူလူထုက အတူတူ တွန်းလှန်ကြရင် လွတ်လပ်ရမှာပါ။မယိမ်းမယိုင် ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အတူတကွကြိုးစားကြမယ်ဆိုရင် မြန်မာနိုင်ငံလဲ တနေ့မှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံပြန်ဖြစ်လာမှာပါ"လို့ကိုထိန်လင်းကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကိုထိန်လင်းဟာ မြန်မာပြည်၏လိုအပ်သောနေရာများနဲ့စစ်ရှောင်များကိုလက်ရှိမှာ ကူညီပံ့ပိုးလျက်ရှိပါတယ်။
========================
📌📌 ၄။ ဒေါင်းရဲ့ မဲလ်ဘုန်းပွဲဖျော်ဖြေပွဲနေရရှိငွေ၉၀% ကို NUG ရဲ့ ငွေအလိုအပ်ဆုံး ဝန်ကြီးဌာန (၁) ခုထဲကို လှုဒါန်းမည်
စက်တင်ဘာလ (၂)ရက်
သရုပ်ဆောင်ဒေါင်းရဲ့ မဲလ်ဘုန်းပွဲဖျော်ဖြေပွဲနေရရှိငွေ၉၀% ကို NUG ရဲ့ ငွေအလိုအပ်ဆုံး ဝန်ကြီးဌာန (၁) ခုထဲကို လှုဒါန်းမည်ဖြစ်ကြောင်းသိရပါတယ်။
"ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ ကြယ်တပွင့် "ဒေါင်း" ရဲ့ ဘဝမှာ ပထမဦးဆုံး ဂီတဖျော်ဖြေပွဲ၊ သြစတြေးလျကို ပထမဆုံး ရွေးချယ်ခဲ့တာ ကျေးဇူးတင်ရပါတယ်၊ သြစတြေးလျမှာလည်း မဲလ်ဘုန်းကို ပထမဆုံး ရွေးချယ်ခဲ့တာလည်း တွေ့ရပါတယ်။"ဒေါင်း" က သူအတွက် တော်လှန်ရေးသည်သာ ပထမ ဦးစားပေး၊ တော်လှန်ရေးကို တစိုက်မတ်မတ် ထောက်ကူနေကြတဲ့ ပြည်ပရောက် မိသားစုများကို တွေ့ချင်တာက ဒုတိယဦးစားပေးလို့ ဆိုပါတယ်။သူ့ဖျော်ဖြေပွဲတွေမှာ လက်မှတ်ရောင်းရငွေအားလုံး၊ ပွဲအထိမ်းအမှတ်ပစ္စည်းရောင်းရငွေအားလုံး၊ အစားအစာရောင်းရငွေအားလုံး၊ လေလံတင်ပစ္စည်းများ ရောင်းရငွေအားလုံးရဲ့ (ကုန်ကျစရိတ်နှုတ်ပြီး) ၉၀% ကို NUG ရဲ့ ငွေအလိုအပ်ဆုံး ဝန်ကြီးဌာန (၁) ခုထဲကို လှုဒါန်းမှာ ဖြစ်ပါတယ်၊ ကျန် ၁၀% ကို NUG သတင်းထုတ်ပြန်ရေးယူနစ်ကို လှုဒါန်းမှာ ဖြစ်ပါတယ်၊ မီဒီယာစစ်ပွဲအတွက်လည်း ကျနော်တို့မှာ အရင်းအမြစ် အလွန်လိုအပ်ပါတယ်"လို့ သြစတြေးလျနိုင်ငံNUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဖော်ပြထားပါတယ်။
ရုပ်ရှင်သရုပ်ဆောင်ဒေါင်း၏ရုပ်ရှင်လေးတွေ ပြသပြီး တော်လှန်ပရိသတ်နဲ့ ရင်းရင်းနှီးနှီး တွေ့နိုင်ဖို့ အစီအစဥ်လည်း ရှိသလို၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတဦးလည်း ဖြစ်လေတော့ ဘောလုံးကစားရင်း ဒေသခံ မိသားစုများနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေဖွဲ့ဖို့လည်း အစီအစဥ် ရှိကြောင်း သိရပါတယ်။
========================
📌📌 ၅။ ကျေးသီးမြို့နယ်တွင် (SSPP/SSA) မှ မှူးယစ်ဆေး ဝါးသုံးစွဲသူ အမျိူးသား(၂)ဦး ထပ်မံ ဖမ်းဆီးရမိ
စက်တင်ဘာလ (၂)ရက်
ရှမ်းပြည်နယ်၊ကျေးသီးမြို့နယ်တွင် (SSPP/SSA) မှ မှူးယစ်ဆေး ဝါးသုံးစွဲသူ အမျိူးသား(၂)ဦး ထပ်မံ ဖမ်းဆီးရမိတယ်လို့SSPP Infoက သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ၏ အုပ်ချူပ်ရေး နယ်မြေ မြို့နယ်အမှတ်(၅)ကျေးသီးမြိုနယ်က စစ်ဆေးရေးဂိတ် တစ်နေရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား(၂)ဦး ထပ်မံ ဖမ်းဆီးရမိတယ်လို့ယနေ့ဖော်ပြပါတယ်။
လွန်ခဲ့သည့် သြဂုတ်လ(၃၁)ရက်နေ့တွင် မူးယစ်ဆေးဝါး ကွင်းဆက်သတင်းအရ (SSPP/SSA) ၏ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သည် ကျေးသီးမြိုနယ်အတွင်းရှိ စစ်ဆေးရေးဂိတ် တစ်နေရာတွင် စောင့် ကြပ်စစ်ဆေး မှုများ ပြုလုပ်ရာ မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသား(၂)ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သုံးစွဲသူများကို အကျင့်စာရိတ္တပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ပေး သွားမှာဖြစ်ပြီး ကျန်ရှိသည့် ရောင်းဝယ်ဖြန့်ဖြူးသူ ကွင်းဆက်တရာခံများကိုလည်း အရေးယူနိုင်ရန် စုံစမ်း ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လုပ်ပိုင်ခွင့် အာဏာသက်ရောက်တဲ့ နယ်မြေအားလုံးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမလုပ်ဖို့ တားမြစ်ထားပြီး ကျား/မ ခွဲခြားဆက်ဆံမှုပြသနာ ပပျောက်ရေး ကြိုးပမ်းသွားမယ်လို့ KNU ဆို
စက်တင်ဘာလ (၂)ရက်
ကရင်အမျိုးအသားအစည်းအရုံးက ပြုလုပ်ခဲ့တဲ့ ကတိကဝတ်ပြုလွှာအရ မိမိတို့ လုပ်ပိုင်ခွင့် အာဏာသက်ရောက်တဲ့ နယ်မြေအားလုံးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမလုပ်ဖို့ အကြွင်းမဲ့ တားမြစ်ပိတ်ပင်ထားပြီး ကျား/မ ခွဲခြား ဆက်ဆံမှုပြသနာ ပပျောက်စေရေး ကြိုးပမ်းသွားမယ်လို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကတိကဝတ်ပြုလွှာ ကို ထပ်လောင်းအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်း ညွှန်ကြားချက်နဲ့ဆိုင်တဲ့ သတင်းစာရှင်းလင်းပွဲကို မနေ့ စက်တင်ဘာ ၁ ရက်က ထိုင်း -ကော်သူးလေနယ်စပ်တနေရာမှာကျင်းပခဲ့ရာမှာ KNU တာဝန်ရှိသူတွေက အခုလို ပြောဆို လိုက်တာဖြစ်ပါတယ်
ကရင်အမျိုးသားအစည်းအရုံးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကတိ ကဝတ်ပြုလွှာ ထပ်လောင်းအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ညွှန်ကြားချက် တရပ်ကို မနေ့ စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပြီး တချိန်တည်းမှာပဲ သတင်းစာရှင်းပွဲကိုလည်း ထိုင်း -ကော်သူးလေနယ်စပ်တနေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာ ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ပဒို စောတောနီး အပါအဝင် သတင်းဌာနအသီးသီးက သတင်းထောက်တွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားအစီအစဉ် ပထမပိုင်းမှာ ပဒိုစောတောနီးက ညွှန်ကြားချက်ပါ အကြောင်းအရာတွေထဲက အဓိကကျတဲ့ အကြောင်းအရာတွေကို ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယပိုင်းမှာ တက်ရောက်လာတဲ့ သတင်းထောက်တွေက မေးခွန်းတွေ မေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။
ပဒိုစောတောနီးက အခုထုတ်ပြန်ကြေညာချက်မှာ အပိုင်း ၃ ပိုင်းရှိပြီး ပထမအဆင့်မှာ လူထုဆီကိုထုတ်ပြန်တာ ဒုတိယ အဆင့်အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ထုတ်ပြန်တာ နောက်တပိုင်းက အုပ်ချုပ်ရေးလုပ်ငန်းက ဌာနဆိုင်ရာ တာဝန်ရှိ သူတွအားလုံးကို ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့်ဆိုင်တဲ့ ကတိကဝတ်ပြုလွှာကို ဂျီနီဗာခေါလ် အဖွဲ့အစည်းနဲ့ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့မှာ လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာတွေကို တိတိကျကျ လိုက်နာဖို့ တပ်မှူး တပ်သားအားလုံးကို KNU ညွှန်ကြား
စက်တင်ဘာလ (၂)ရက်
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာတွေကို တိတိကျကျ လိုက်နာဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူး တပ်သားတွေအားလုံးကို KNU တာဝန်ရှိသူတွေက ညွှန်ကြားလိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကတိ ကဝတ်ပြုလွှာ ထပ်လောင်းအတည်ပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ညွှန်ကြားချက် တရပ်ကို မနေ့ စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့မှာ KNU တာဝန်ရှိသူတွေက အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။
ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစံနှုန်းတွေနဲ့ တရားမျှတမှုအပေါ်ထားရှိတဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ကတိကာတ်ဖြစ်ပြီး အရေးကြီးတဲ့ သတိပေးချက်နဲ့ ညွှန်ကြားချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကတိကဝတ်ပြုလွှာမှာ ဖော်ပြထားတဲ့ ပြဌာန်းချက်တွေအတိုင်း အပြည်အဝ အကောင်အထည်ဖော် လိုက်နာဖို့ လိုတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်မှူး တပ်သားတွေအပြင် အုပ်ချုပ်ရေးပိုင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုပါ KNU တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။
လိုက်နာကျင့်သုံးရမယ့် စည်းကမ်းချက် ၈ ချက်ပါတဲ့ ဒီညွှန်ကြားချက်ဟာ အခုချိန်ကစပြီး အကျုံးဝင်ပြီဖြစ်တာကြောင့် ညွှန်ကြားချက်နဲ့ အမိန့်တွေကို လိုက်နာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတိပေးထားပါတယ်။
ညွှန်ကြားချက်နဲ့ အမိန့်တွေ ချိုးဖောက်သူတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အရေးယူခံရ မှာဖြစ်တဲ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ပြင်းထန်တဲ့ အကျိုးဆက်တွေ ခံစားရမယ်လို့လည်း ထပ်ပြီး သတိပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့်ဆိုင်တဲ့ ကတိကဝတ်ပြုလွှာကို ဂျီနီဗာခေါလ် အဖွဲ့အစည်းနဲ့ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့မှာ လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ယင်းမာပင်ခရိုင် PDF တပ်ရင်း - ၁ နဲ့ ၂၆ တရင်းတည်းဖြစ်အောင် ပူးပေါင်းဖွဲ့စည်း
စက်တင်ဘာလ (၂)ရက်
အင်အားကောင်းတဲ့ တပ်ရင်းဖြစ်လာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ယင်းမာပင်ခရိုင် PDF တပ်ရင်း - ၁ နဲ့ ၂၆ တရင်းတည်းဖြစ်အောင် ပူးပေါင်းဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းတိုင်း စစ်ဌာနအောက်မှာရှိတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၁ နဲ့ တပ်ရင်း အမှတ် ၂၆ တို့ တပ်ရင်းတခုတည်း ဖြစ်အောင် ပူးပေါင်းလိုက်တာလို့ သိရပါတယ်။
စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းဖို့ဆိုရင် စုစည်းညီညွတ်စွာ တိုက်ပွဲဝင်နိုင်ဖို့လိုတာကြောင့် ယင်းမာပင် ခရိုင် တပ်ရင်း အမှတ် ၁ နဲ့ တပ်ရင်း အမှတ် ၂၆ တို့ သြဂုတ် ၃၁ ရက်မှာ အပြီးသတ် ပူးပေါင်းလိုက်တာလို့ အသိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ အမှတ် - ၇၈၀၅ တပ်ရင်းမှ ဆေးတပ်သားများ ခေါ်ယူ
စက်တင်ဘာလ (၂)ရက်
အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၂၇ အမှတ် - ၇၈၀၅ တပ်ရင်းအောက်မှာရှိတဲ့ People Medic Force ဆေးတပ်ဖွဲ့က တော်လှန်ရေးမှာ အရေးပါတဲ့ ဆေးတပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူနေပါတယ်။
လူထုရဲ့ အောင်ပွဲနဲ့ တော်လှန်ရေးအားအင်ထဲမှာ ကျန်းမာရေးအဖွဲ့ဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ တခု ဖြစ်တဲ့အတွက် ဆေးတပ်ဖွဲ့ဝင်သစ်တွေ ခေါ်ယူလိုက်တာလို့ ဆိုပါတယ်။
ဆေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်လိုတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ အသက် ၁၈ နှစ်ကနေ ၃ဝ နှစ် အတွင်း ရှိရမှာဖြစ်ပြီး ကျန်းမာရေးကောင်းတဲ့သူ၊ ကျရာနေရာမှာ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ အသိပေးထားပါတယ်။
ဆေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်လိုသူတွေအနေနဲ့ People Medic Force ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ @Yeko17 ဆိုတဲ့ တယ်လီဂရမ်ကနေ စုံစမ်းမေးမြန်းပြီး ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။







No comments:
Post a Comment