၂၀၂၅ စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်အုပ်စုဟာ အာဏာတည်မြဲရေးအတွက် သက်တမ်းတိုးပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်လာတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြော
📌 ၂။ ထိုင်းနိုင်ငံ၊ စမွတ်စခွန် တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၄၇) ဦး အား လုပ်အားခများမပေးသည့်အပြင် အလုပ်မှထုတ်ပယ်လိုက်သည့်ကိစ္စအား သွားရောက်ကူညီဖြေရှင်းပေးခဲ့
📌 ၃။ တော်လှန်ရေးကာလအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် CDM သူရဲကောင်းတွေကို ထောက်ပံ့ကြေးပေးမယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းများ CDM ကော်မတီ ပြော
📌 ၄။ မီဇိုရမ်ပြည်နယ်ကို ရောက်နေတဲ့ CDM တပ်/ရဲ မိသားစုတွေကို ပြည်သူ့ပန်းတိုင်အဖွဲ့က ရိက္ခာထောက်ပံ့
📌 ၅။ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနက ကျောင်းကျန်းမာရေး ပညာပေး အစီအစဉ်ပြုလုပ်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်မဲ ပန်ကွမ်ရွာမကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ
🚩 ၂။ မြ၀တီမြို့နယ်က DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ရွာမှာရှိတဲ့ ဆေးရုံဟောင်းကို စစ်တပ်က ဒရုန်းတွေနဲ့ ဗုံးကြဲ
🚩 ၃။ ကျွန်းလှမြို့နယ်က ရွာကုန်းကြီးရွာအနီးကို စစ်တပ်က လေယာဉ်နဲ့ ဗုံးအလုံး ၃ဝ ကြဲချ
🚩 ၄။ မြင်းခြံ ကုက္ကဲအထက်တန်းကျောင်းခွဲမှာ တပ်စွဲနေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေပြီး လက်နက် ခဲယမ်းတွေ သိမ်းဆည်းရရှိ
🚩 ၅။ ရာမညမွန်တပ်တော်က မြို့ပြအနီးကပ်တိုက်ခိုက်မှု အပတ်စဉ် - ၁ သင်တန်းဆင်းပွဲကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုဟာ အာဏာတည်မြဲရေးအတွက် သက်တမ်းတိုးပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်လာတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြော
စက်တင်ဘာလ (၄)ရက်
နိုင်ငံတဝန်း အကြမ်းဖက်မှုတွေဆက်တိုက်လုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ အာဏာတည်မြဲရေးအတွက် သက်တမ်းတိုးပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးပြင်းထန်စွာ ပြုလုပ်လာတယ်လို့ NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက ထုတ်ဖော်ပြောလိုက်ပါတယ်။
အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ရာမှာ အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။
၇ ကြိမ်မြောက် အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးလိုက်တဲ့ ဖေဖော်ဝါရီလမှာဆိုရင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၃၆ ကြိမ်အထိ သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ အကြမ်းဖက်စစ်တပ်အနေနဲ့ သူတို့ အာဏာတည်မြဲရေးအတွက် အကြမ်းဖက်မှုတွေကို အရှိန်မြှင့်လာတာပဲလို့လည်း ထုတ်ပြန်ချက်က ထောက်ပြထားပါတယ်။
စစ်အုပ်စုရဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် မြင့်တက်လာခဲ့ရာမှာ အင်အားပြင်းငလျင်ဒဏ် ခံစားနေရတဲ့ကာလဖြစ်တဲ့ ဧပြီလမှာ ၅၀၈ ကြိမ်အထိ စံချိန်တင်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုအများဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရားမဝင်ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ လျော့မသွားပဲ ၄၉၃ ကြိမ်အထိ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ အကြမ်းဖက် အာဏာသိမ်းစစ်တပ်က သူတို့ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG လူ့အခွင့် အရေးဆိုင်ရာဝန်ကြီးဌာနက စနစ်တကျ မှတ်တမ်းတင်ထားပဲဖြစ်ပါတယ်။
========================
📌📌 ၂။ ထိုင်းနိုင်ငံ၊ စမွတ်စခွန် တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၄၇) ဦး အား လုပ်အားခများမပေးသည့်အပြင် အလုပ်မှထုတ်ပယ်လိုက်သည့်ကိစ္စအား သွားရောက်ကူညီဖြေရှင်းပေးခဲ့
စက်တင်ဘာလ (၄)ရက်
ထိုင်းနိုင်ငံ၊ စမွတ်စခွန် တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၄၇) ဦး အား လုပ်အားခများမပေးသည့်အပြင် အလုပ်မှထုတ်ပယ်လိုက်သည့်ကိစ္စအား သွားရောက်ကူညီဖြေရှင်းပေးခဲ့တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံ စမွတ်စခွန်ရှိ ကော်ဇွန်းထုတ်လုပ်သည့် စက်ရုံတစ်ခုမှ မြန်မာအလုပ်သမား(၄၇) ဉီးအား လုပ်အားခများမပေးသည့်အပြင် အလုပ်မှထုတ်ပယ်လိုက်သည့်အတွက် ကူညီဆောင်ရွက်ပေးပါရန် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် MHAC (မဟာမိတ်အဖွဲ့)ထံ အလုပ်သမားများမှတိုင်ကြားလာမှုအပေါ် အမျိုးသာညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူနှင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များသည် အလုပ်သမားများအား သွားရောက်တွေ့ဆုံခဲ့တယ်လို့NUG အလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေးယန္တရားကသတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့တွင် အလုပ်သမားများ ရပိုင်ခွင့်ရှိသည့် လုပ်အားခနှင့် အလုပ်ထုတ်ပယ်ခံရခြင်းကိစ္စအတွက် ထိုင်းနိုင်ငံ ဥပဒေအတိုင်း အလုပ်သမားများရပိုင်ခွင့်ရှိသည့် ကိစ္စရပ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာ နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၏တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးကာလအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် CDM သူရဲကောင်းတွေကို ထောက်ပံ့ကြေးပေးမယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းများ CDM ကော်မတီ ပြော
စက်တင်ဘာလ (၄)ရက်
တော်လှန်ရေးကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကရင်နီပြည်က နိုင်ငံ့ဝန်ထမ်း CDM တွေကို ထောက်ပံ့ကြေးပေးအပ်သွားမယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းများ CDM ကော်မတီက ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးကာလအတွင်းမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ကရင်နီပြည်က CDM တွေကို မှတ်တမ်းတင်နိုင်ဖို့နဲ့ သူတို့ရဲ့မိသားစုဝင် တွေကို ထောက်ပံ့ငွေ ပေးအပ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း အသိပေးထားပါတယ်။
ဒါကြောင့် မိသားစုဝင်တွေထဲမှာ ကျဆုံးသွားတဲ့ နိုင်ငံဝန်ထမ်း CDM တွေရှိရင် အချက်အလက်တွေ ဖြည့်စွက်ပြီး စာရင်းပေးပို့နိုင်တယ်လို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်းများ CDM ကော်မတီက ကြေညာထားပါတယ်။
ထောက်ပံ့ငွေကိုတော့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း CDM ကော်မတီရဲ့ ရန်ပုံငွေထဲကနေ ကျခံသုံးစွဲမှာဖြစ်ပြီး ရန်ပုံငွေ လက်ကျန်အပေါ်မူတည်ကာ ကျဆုံးသွားတဲ့ ခုနှစ်အလိုက် အဆင့်ဆင့် ပေးအပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မီဇိုရမ်ပြည်နယ်ကို ရောက်နေတဲ့ CDM တပ်/ရဲ မိသားစုတွေကို ပြည်သူ့ပန်းတိုင်အဖွဲ့က ရိက္ခာထောက်ပံ့
စက်တင်ဘာလ (၄)ရက်
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဆိုက်ဟာ - Saiha District အတွင်းမှာ ရောက်ရှိနေထိုင်ကြတဲ့ CDM စစ်သား၊ ရဲနဲ့ မိသားစု ဝင်တွေကို ပြည်သူ့ပန်းတိုင်အဖွဲ့က ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ အသားတု စတဲ့ အခြေခံရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဒီနေ့ စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
CDM တပ်/ရဲ တဦးကို ဆန်တအိတ်၊ ဆီ 1 kg ၂ ထုပ်၊ ဆား 1 kg ၂ ထုပ်၊ ကုလားပဲ 1 kg တထုပ်၊ အသားတု အထုပ်သေး ၂ ထုပ်နှုန်းနဲ့ တပ်/ရဲမိသားစု ၁၀ ဦးကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့အနေနဲ့ ရံပုံငွေရရှိမှုနဲ့ အခက်အခဲတွေပေါ် မူတည်ပြီး နေရာဒေသအသီးသီးက CDM စစ်သား/ ရဲသားနဲ့ သူတို့ မိသားစုတွေကို ချိတ်ဆက်ဖြန့်ခွဲ ကူညီပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း အသိပေးပါတယ်။
ဒီပံ့ပိုးကူညီမှုဟာ ပြည်သူ့တော်လှန်ရေးတရပ်လုံးရဲ့ လိုအပ်ချက်နဲ့ နှိုင်းယှဉ်လိုက်ရင် မပြောပလောက်ပေမယ့် အခုလို မမေ့ မလျော့ဂုဏ်ပြုမှုဟာ စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လာခဲ့ကြသူတွေအတွက် ရှေ့ဆက်နိုင်မယ့် အားတက်ဖွယ် ခွန်အားတရပ် ဖြစ်လာမယ်လို့ ပြည်သူ့ပန်းတိုင်က မျှော်လင့်ထားပါတယ်။
========================
📌📌 ၅။ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနက ကျောင်းကျန်းမာရေး ပညာပေး အစီအစဉ်ပြုလုပ်
စက်တင်ဘာလ (၄)ရက်
မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ကျန်းမာရေးဌာန DoH ဝန်းထမ်းတွေဦးဆောင်ပြီး ကျောင်းကျန်းမာရေး ပညာပေး အစီအစဉ်တခုပြုလုပ်ခဲ့တယ်လို့ MSFC က ဒီနေ့ စက်တင်ဘာ ၄ ရက်မှာထုတ်ပြန်လာပါတယ်။
ကျောင်းကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတဲ့ မူလတန်းအရွယ် ကလေးငယ်တွေကို ကျန်းမာရေး အသိပညာပေးတဲ့ အစီအစဉ်တခု လွတ်မြောက်နယ်မြေက စာသင်ကျောင်းတခုမှာ ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။
ကျောင်းကျန်းမာရေး အသိပညာပေး အစီအစဉ်မှာ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးတာတွေကို ကျန်းမာရေးဌာန - DoH ဝန်းထမ်းတွေက လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့
မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်မဲ ပန်ကွမ်ရွာမကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ
စက်တင်ဘာလ (၄)ရက်
ရှမ်းမြောက်ဒေသက TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့နယ် ပန်ကွမ်ရွာမကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့ စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီ ၄၆ မိနစ်အချိန်မှာ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ ဒေသသတင်းရင်း မြစ်တွေက ပြောပါတယ်။
ဗုံးကြဲမှုကြောင့် ပန်ကွမ်ရွာမမှာရှိတဲ့ စေတီ ၄ ဆူနဲ့ ဘုန်းကြီးကျောင်းကို ဗုံးစထိမှန်ပြီး ပြတင်းပေါက်တွေနဲ့ မှန်တံခါးတွေ ပျက်စီးခဲ့ပြီး အရပ်သားပြည်သူတွေနဲ့ အိမ်တွေ ထိခိုက်မှု မရှိဘူးလို့ ဒေသနေပြည်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တအာင်းအမျိုးသမီးများအဖွဲ့ - TMO မှာလည်း ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ဘုန်းကြီးကျောင်းကို ဦးတည်တိုက်ခိုက်တာဖြစ်ပေမယ့် စေတီနဲ့ကွယ်နေတာကြောင့် စေတီကုန်း ထိသွားတာလို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသနေပြည်သူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ယခုလပိုင်းမှာ ကျေးလက်ဒေသတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို ဦးတည်ပြီး လေကြောင်း ကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လာတာကို တွေ့ရတယ်လို့ တအာင်းအမျိုးသမီးများအဖွဲ့ - TMO က သုံးသပ်ထား ပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့မှာဆိုရင် ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲမှာပါတဲ့ ကွမ်းစလန်းကျေးရွာ ဘုန်းကြီးကျောင်း၊ဩဂုတ်လ ၂၉ ရက်နေ့ ညမှာ မိုင်းလုံမြို့နယ်ခွဲ နမ့်ခုံးအုပ်စု ပန်သပြေကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်း ကနေ ဗုံးကြဲခဲ့တာကြောင့် သာမဏေတပါး၊ မယ်သီရှင်တပါးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ရပြီး ဒေသခံ ၈ ဦးနဲ့ ရဟန်းသံဃာ ၅ ပါး ထိခိုက် ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ မယ်သီလရှင်ကျောင်း၊ ဇရပ်နဲ့ နေအိမ် ၁၄ လုံး ထိခိုက်ပျက်စီးခဲ့ တယ်လို့ TWO က ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
========================
🚩🚩 ၂။ မြ၀တီမြို့နယ်က DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ရွာမှာရှိတဲ့ ဆေးရုံဟောင်းကို စစ်တပ်က ဒရုန်းတွေနဲ့ ဗုံးကြဲ
စက်တင်ဘာလ (၄)ရက်
ကရင်ပြည်နယ် မြ၀တီမြို့ တောင်ဘက်က DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ကျေးရွာမှာရှိတဲ့ ဆေးရုံဟောင်းကို စစ်တပ်က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အဆောက်အအုံ ပျက်စီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၄ ရက် မနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်နဲ့ ၈ နာရီ မိနစ် ၅ဝ မှာ ကျောက်ခတ်ရွာ စာသင်ကျောင်းအနီး ဆေးရုံဟောင်း အဆောက်အအုံကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံဟောင်းအဆောက်အအုံ ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ အသိပေးပါတယ်။
မြ၀တီမြို့နယ်ထဲက ကျောက်ခတ်ကျေးရွာဟာ DKBA ထိန်းချုပ်နယ်မြေထဲမှာပါပြီး တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက် စစ်တပ်က လာရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသစစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသတွင်းသတင်းတွေကို အဓိကထားဖော်ပြနေတဲ့ Karen Information Center – KIC ကတော့ ကျောက်ခက်ဒေသက ဆေးရုံဟောင်းတခုကို စစ်အုပ်စုက အသေခံ ကာမီကာဇီ ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုကအသုံးပြုတဲ့ ကာမီကာဇီ ဒရုန်း ၂ စင်း ပေါက်ကွဲမှုကြောင့် ကျောက်ခက်ဆေးရုံ အဆောင်ဟောင်း အမိုးပွင့်သွား ပြီး အခန်းနံရံတွေ ပြိုကျပျက်စီးသွားကာ လူထိခိုက်မှုမရှိဘူးလို့ ဒေသတာဝန်ရှိသူတွေရဲ့ အတည်ပြုချက်ကို ကိုးကားပြီး KIC က ဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်စစ်အုပ်စုက အသေခံဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ကျောက်ခက်ဒေသခံတွေဟာ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ သတိနဲ့ နေထိုင်နေရသလို စာသင်ကျောင်းတွေလည်း ယာယီ ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ စက်တင်ဘာ ၃ ရက် မနက်ပိုင်းကလည်း ပိုင်ကျုံမြို့နယ် နော်တခီးရွာမှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းက ကလေးတွေ ကျောင်းတက်နေချိန်မှာ ကာမီကာဇီ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား တဦး၊ ဆရာတဦးနဲ့ ဆရာမတဦး ဒဏ်ရာရခဲ့ပါတယ်။
========================
🚩🚩 ၃။ ကျွန်းလှမြို့နယ်က ရွာကုန်းကြီးရွာအနီးကို စစ်တပ်က လေယာဉ်နဲ့ ဗုံးအလုံး ၃ဝ ကြဲချ
စက်တင်ဘာလ (၄)ရက်
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ရွာကုန်းကြီးရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေယာဉ်တွေနဲ့ ဗုံး အလုံး ၃ဝ ကြဲချခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ ည ၈ နာရီအချိန်မှာ တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံး ၂ လုံး၊ Y 12 လေယာဉ်နဲ့ ဗုံး ၂၈ လုံး ကြချခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပေမယ့် အရပ်သားပြည်သူထိခိုက်မှုတော့ မရှိဘူး လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကန့်ဘလူခရိုင်ထဲကရွာတွေကို စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေတာရှိပြီး ဩဂုတ်လ ၃၁ ရက်နေ့မှာဆိုရင် ဦးကင်းကြည်ရွာနဲ့ နှောကုန်းဘက်ကို ဒရုန်းနဲ့ ဗုံးတွေကြဲချခဲ့သလို ပုဏ္ဏားကြီးရွာက စစ်ဘေးရှောင် ဇနီးမောင်နှံကို ပစ်ခတ်သစ်ဖြတ်ကာ စစ်ရှောင်တဲ ၄ လုံးကိုလည်း စစ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၄။ မြင်းခြံ ကုက္ကဲအထက်တန်းကျောင်းခွဲမှာ တပ်စွဲနေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေပြီး လက်နက် ခဲယမ်းတွေ သိမ်းဆည်းရရှိ
စက်တင်ဘာလ (၄)ရက်
မန္တလေးတိုင်း မြင်းခြံမြို့နယ် ကုက္ကဲအထက်တန်းကျောင်းခွဲမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ဩဂုတ်လ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကုက္ကဲအထက် တန်းကျောင်းခွဲမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်သားတွေ ဟာ ဒေသနေပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ပြီး နေ့စဉ် အနိုင်ကျင့်လုယက်နှိပ်စက်နေတာကြောင့် စက်တင်ဘာ ၂ ရက် မနက် ၉ နာရီ ၁၅ မိနစ်အချိန် မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်သားတွေရှိတဲ့စခန်းကို ရှေ့ထွက်ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၇ ဦးကို သုတ်သင်ရှင်းလင်း နိုင်ခဲ့တာလို့ အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်သားတွေသေဆုံးသွားတာကြောင့် သူတို့ကိုင်တဲ့ MA 3 ၆ လက်၊ ကျည်ဘောက် ၂၀၊ MA5 တလက်၊ ၆၀ မမ တလက်၊5 ပွိုင့် 56 ကျည် ၉၀၄ တောင့်၊ 9 မမ ကျည် ၅ တောင့်၊ ၆၀ မမ ကျည် ၃ လုံး၊ အီနီဂါ ၂ လုံး၊ ဓား ၅ ချောင်း၊ လက်ပစ်ဗုံး ၂ လုံး၊ လေးခွ ၂ လက်၊ ဝက်အူလှည့်တချောင်း၊ ငွေသား ၁၄ သိန်း ၉သောင်း ၂ထောင်ကျပ်၊ ဖုန်း ၇ လုံး၊ လက်ပတ်နာရီ ၂ လုံးနဲ့ စစ်အသုံးအဆောင်တွေ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူလူထုကို အနိုင်ကျင်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ တိုက်နယ် ၁ အနေနဲ့ ဆက်လက် တိုက်ခိုက် သုတ်သင်ရှင်းလင်းသွားမယ်လို့ ကတိပြုထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ တွေ လုပ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့လည်း ဗုံးခိုးကျင်းတွေ တူးထားပြီး အထူးသတိပြုနေထိုင်ကြဖို့ ဒေသကာကွယ် ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ ရာမညမွန်တပ်တော်က မြို့ပြအနီးကပ်တိုက်ခိုက်မှု အပတ်စဉ် - ၁ သင်တန်းဆင်းပွဲကျင်းပ
စက်တင်ဘာလ (၄)ရက်
မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် - NMSP-AD/RMA ကဖွင့်တဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း - CQB အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ ပြုလုပ်ခဲ့ တယ်လို့ အဲဒီတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Close Quarters Battle – CQB လို့ခေါ်တဲ့ မြို့ပြ အနီးကပ်တိုက်ခိုက်မှုသင်တန်းဆင်းပွဲကို ဩဂုတ် ၃၁ ရက်က ကျင်းပ ခဲ့တာလို့ ဆိုပါတယ်။
သင်တန်းကာလအတွင်းမှာ သင်တန်းဆင်း ရဲဘော်တွေဟာ အခက်အခဲတွေကို ဇွဲ၊လုံ့လ၊ဝီရိယတို့နဲ့ ကျော်ဖြတ်ခဲ့ကြရပြီး သင်တန်းကာလတလျောက်လုံး စွမ်းဆောင်ရည်ကို ပြသတဲ့အနေနဲ့ စစ်ရေးသရုပ်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက် သင်တန်းဆင်းရဲဘော်တွေကို ရာမညမွန်တပ်တော် - RMA က ဒုစစ်ဦးစီးချုပ် - ၁ နိုင်စိုးဝင်း၊ ဒုစစ်ဦးစီချုပ် - ၂ နိုင်ကျည်ဆံနဲ့ စစ်ရေးနိုင်ငံရေးကော်မတီဝင် နိုင်သူရဌေးတို့က ခွန်အားဖြည့် မိန့်ခွန်းတွေပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
အဲဒီ အခမ်းအနားကို ရာမညမွန်တပ်တော် - RMA ဒုစစ်ဦးစီးချုပ် - ၁ နိုင်စိုးဝင်း၊ ဒုစစ်ဦးစီးချုပ် - ၂ နိုင်ကျည်ဆံ၊ စစ်ရေး နိုင်ငံရေးကော်မတီဝင် နိုင်သူရဌေး၊ သင်တန်းဆရာတွေ တာဝန်ရှိသူတွေနဲ့ တာဝန်သိပြည်သူတွေ တက်ရောက်ခဲ့ကြလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment