၂၀၂၅ စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မူမဲ့/အစီအစဉ်မဲ့ လျှောက်လှမ်းနေကြတဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာ သိသာထင်ရှားတယ်လို့ ယာယီသမ္မတဒူဝါလရှီးလပြောကြား
📌 ၂။ မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း)အတည်ပြုနိုင်မှု ပြည်ထောင်စုဝန်ကြီးချုပ် ဂုဏ်ယူဝမ်းမြောက်
📌 ၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရေးနှင့် အရေးပေါ် ဆေးကုသခွင့်ရရှိရေးအတွက် စစ်ကော်မရှင်အား ဖိအားပေးတိုက်တွန်းရန် ဂျပန်အစိုးရအားစာပေးပို့ခဲ့
📌 ၄။ ”လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း" ဖြစ်မြောက်ရေးကော်မတီ နှင့် တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများစည်းလုံးညီညွတ်မှုကွန်ယက်(TCSN) တို့ တွေ့ဆုံဆွေးနွေး
📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၁၂) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် မိန်းကလေးတဦး ပါဝင်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရခိုင်ပြည်က ကျောင်းသားတွေကို ဗုံးကြဲသတ်ဖြတ်တဲ့ အကြမ်းဖက်စစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသား ကွန်ရက် ပြင်းပြင်းထန်ထန် ရှုတ်ချ
🚩 ၂။ဘဖာပွန်ခရိုင်မှာ အခုလဝက်အတွင်း တိုက်ပွဲ အကြိမ် ၅၀ ကျော်ဖြစ်ခဲ့ပြီး စစ်သား ၄ဦး သေဆုံး
🚩 ၃။ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း စစ်မှုထမ်းတပ်သားသစ် ၁၄ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်
🚩 ၄။ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ တိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အရပ်သားပြည်သူ ၂ဝ ကျော် သေဆုံး
🚩 ၅။ ဆိပ်ဖြူမြို့နယ်မှာ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မူမဲ့/အစီအစဉ်မဲ့ လျှောက်လှမ်းနေကြတဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာ သိသာထင်ရှားတယ်လို့ ယာယီသမ္မတဒူဝါလရှီးလပြောကြား
စက်တင်ဘာလ (၁၇)ရက်
စက်တင်ဘာ၁၆ရက်တွင် ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေး (၃/၂၀၂၅)တွင် ယာယီသမ္မတဒူဝါလရှီးလက မူမဲ့/အစီအစဉ်မဲ့ လျှောက်လှမ်းနေကြတဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာ သိသာထင်ရှားတယ်လို့ ပြောကြားလိုက်ပါတယ်။
"နွေဦးတော်လှန်ရေးမှာ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံနဲ့ အင်အားစုပေါင်းစုံပါဝင်တယ်ဆိုပေမယ့် ကျွန်တော်တို့ဟာ မူမဲ့/အစီအစဉ်မဲ့ လျှောက်လှမ်းနေကြတဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော်တို့မှာ ပန်းတိုင်လည်းရှိတယ်၊ ရည်မှန်းချက်လည်း ရှိတယ်။ဒါ့အပြင် သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်လည်း ရှိပါတယ်။ သက်ဆိုင်ရာ နယ်ပယ်ဒေသအလိုက် အစီအမံပြုထားတဲ့ မူဘောင်တွေလည်း ရှိထားပြီး ဖြစ်ပါတယ်"လို့ပြောပါတယ်။
အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ နှင့် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မန္တလေးဒေသ တော်လှန်ရေးအင်အားစုများတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း)အတည်ပြုနိုင်မှု ပြည်ထောင်စုဝန်ကြီးချုပ် ဂုဏ်ယူဝမ်းမြောက်
စက်တင်ဘာလ (၁၇)ရက်
မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း)အတည်ပြုနိုင်မှု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအထူးပဲ ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့ပါတယ်။
မန္တလေးတိုင်းလွှတ်တော် အထူးအစည်းအဝေး (၃/၂၀၂၅)ကို စက်တင်ဘာလ (၁၆)ရက်တွင် ကျင်းပခဲ့ပါတယ်။
"မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံကနေ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း)ကို ပဏာမ အတည်ပြုနိုင်ခဲ့တာဟာ ပါဝင်ကြတဲ့ အစုအဖွဲ့တွေအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီမူကြမ်းဟာ စာရွက်ပေါ်က သဘောတရားသက်သက် မဟုတ်ပဲ မန္တလေးဒေသက ပြည်သူတွေရဲ့ဆန္ဒနဲ့ အခက်အခဲတွေကို အတူရင်ဆိုင်ဖြေရှင်းပြီး ကျေကျေလည်လည် ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ ရလဒ်အဖြစ် ပေါ်ထွက်လာတဲ့ မူကြမ်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီမူကြမ်းကို မန္တလေးတိုင်းလွှတ်တော်ကနေ လွှတ်တော်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အတည်ပြုပြဋ္ဌာန်းနိုင်တော့မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အရင်းအနှီးကြီးလွန်းတဲ့ တော်လှန်ရေးဖြစ်တာကြောင့် အနာဂတ်တိုင်းပြည်အတွက် အမြတ်ကြီးကြီးရဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
========================
📌📌 ၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရေးနှင့် အရေးပေါ် ဆေးကုသခွင့်ရရှိရေးအတွက် စစ်ကော်မရှင်အား ဖိအားပေးတိုက်တွန်းရန် ဂျပန်အစိုးရအားစာပေးပို့ခဲ့
စက်တင်ဘာလ (၁၇)ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရေးနှင့် အရေးပေါ် ဆေးကုသခွင့်ရရှိရေးအတွက် စစ်ကော်မရှင်အား ဖိအားပေးတိုက်တွန်းရန် ဂျပန်အစိုးရအား စာပေးပို့ခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွှတ်ပေးရေးနှင့် အရေးပေါ် ဆေးကုသခွင့်ရရှိရေးအတွက် စစ်ကော်မရှင်အား ဖိအားပေးတိုက်တွန်းရန် ဂျပန်အစိုးရအား မြန်မာနိုင်ငံသားများမှ တောင်းဆိုသည့်စာအား ပေးအပ်ခဲ့တယ်လို့ စက်တင်ဘာ၁၆ရက်မှာ NUG support Team Japanက သတင်းထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်စစ်အာဏာသိမ်းစဥ်ကတည်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားစစ်အုပ်စုကအကျဥ်းချဖမ်းဆီးထားခြင်းဖြစ်ပါတယ်။
========================
📌📌 ၄။ ”လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း" ဖြစ်မြောက်ရေးကော်မတီ နှင့် တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများစည်းလုံးညီညွတ်မှုကွန်ယက်(TCSN) တို့ တွေ့ဆုံဆွေးနွေး
စက်တင်ဘာလ (၁၇)ရက်
တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများစည်းလုံးညီညွတ်မှုကွန်ယက်(TCSN)ကို စက်တင်ဘာလ (၁၅) ရက်နေ့တွင် စတင် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
ထိုတွေ့ဆုံဆွေးနွေးမှုတွင် ဖြစ်မြောက်ရေးကော်မတီမှနေ၍ ဒုတိယအကြိမ် နိုင်ငံ့လုံးဆိုင်ရာ CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံမှတဆင့် ပေးအပ်လိုက်သော လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခြင်းနှင့် ဆက်လက်လုပ်ဆောင်နေသည်များကို မျှဝေခြင်း ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ပြီး တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများစည်းလုံးညီညွတ်မှုကွန်ယက်(TCSN)ဘက်မှနေ၍ အောက်ခြေမှ စတင်စုဖွဲ့၍ CDM နိုင်ငံ့ဝန်ထမ်းများအားလုံးပါဝင်နိုင်သော စုဖွဲ့မှုထိ ဖြစ်လာနိုင်အောင် (၁)နှစ်ကျော်ကြာ ကြိုးပမ်းအားထုတ်ခဲ့ရပုံများနှင့် လက်ရှိ တနင်္သာရီတိုင်းမှ CDM နိုင်ငံ့ဝန်ထမ်းများပိုမိုပါဝင်လာနိုင်ရေးနှင့်အတူ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင် လက်ရှိတော်လှန်ရေးအခင်းအကျင်းတွင် တရုတ်နိုင်ငံ၏ ဖိအားများ၊ အတုအယောင်တရားမဝင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ တုန့်ပြန်ဆောင်ရွက်ရန် လုပ်ငန်းစဥ်များနှင့် ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဖြစ်မှုသတင်းများပေါ်ထွက်လာမှုအပေါ်တွင် လူထုလှုပ်ရှားမှုလုပ်ငန်းများကို ပိုမိုအားစိုက်လုပ်ဆောင်ကြရန် အထူးအလေးပေးဆွေးနွေးခဲ့ကြပြီး (၂) နာရီအကြာတွင် အစည်းအဝေးကို အောင်မြင်စွာရပ်နားခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၁၂) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် မိန်းကလေးတဦး ပါဝင်
စက်တင်ဘာလ (၁၇)ရက်
နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး နှင့် အမျိုးသား စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် မိန်းကလေးတဦး ပါဝင်တယ်လို့ AAPPက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၇) ဦးနှင့် အမျိုးသား (၅) ဦး စုစုပေါင်း (၁၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် မိန်းကလေးတဦး ပါဝင်ပါတယ်။
အဆိုပါ သေဆုံးသူများအနက် ကယားပြည်နယ်၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် (၃) ဦးစီဖြင့် အများဆုံးသေဆုံးခဲ့ပြီးအဆိုပါကာလအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၈) ဦး၏ စာရင်းကိုလည်း သီးခြား ကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အခြေစိုက်သည့် အမှတ်(၁၀၂) ခြေလျင်တပ်ရင်းနှင့် ဖရူဆိုမြို့နယ်ရှိ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေါဘျာကူးကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင် မိသားစုဝင်များ ဖြစ်ကြသည့် မီမာ၊ ငါးရယ်နှင့် စူးမာတို့ သုံးဦးကို ကျည်စထိမှန်၍ သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရခိုင်ပြည်က ကျောင်းသားတွေကို ဗုံးကြဲသတ်ဖြတ်တဲ့ အကြမ်းဖက်စစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသား ကွန်ရက် ပြင်းပြင်းထန်ထန် ရှုတ်ချ
စက်တင်ဘာလ (၁၇)ရက်
ရခိုင်ပြည်က ကျောင်းသူ၊ ကျောင်းသားတွေကို ဗုံးကြဲသတ်ဖြတ်တဲ့ အကြမ်းဖက်စစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ အာရက္ခ အမျိုးသားကွန်ရက် - Worldwide United Arakan Network-WUAN က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်း ၂ကျောင်းကို ညသန်းခေါင်အချိန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ WUAN က စက်တင်ဘာ ၁၅ ရက် နေ့စွဲနဲ့ ဒီနေ့ စက်တင်ဘာ ၁၇ ရက်မှာ မြန်မာ- အင်္ဂလိပ် ၂ ဘာသာနဲ့ ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။
ကျောင်းနေကလေးငယ်တွေ ညဘက် အိပ်မောကျနေချိန် စာသင်ကျောင်းတွေပေါ်ကို ရက်စက်ကြမ်းကြုတ် လူမဆန်စွာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်မှုအပေါ် ကျွန်ုပ်တို့ ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်က ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ ညသန်းခေါင် ၁ နာရီကျော်အချိန်မှာ အကြမ်းဖက် လေတပ်က သရက်တပင်ကျေးရွာမျာရှိတဲ့ ပုဂ္ဂလိက အထက်တန်းကျောင်းတွေဖြစ်တဲ့ ပညာပန်းခင်းစာသင်ကျောင်းနဲ့ အမြင်သစ်စာသင်ကျောင်းတွေပေါ်ကို ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကနဦးမှာ အသက် ၁၅ နှစ်ကနေ ၁၇ နှစ်အရွယ် ကလေးငယ် ၁၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ရာမှာ ဒဏ်ရာပြင်းထန်တဲ့ ကလေးငယ်တွေထဲက သုံးယောက် ထပ်မံ သေဆုံးခဲ့ရတဲ့အတွက် အခုအခါ သေဆုံးတဲ့ ကျောင်းသား ကျောင်းသူ ၂၂ ဦးအထိ ရှိလာခဲ့ပြီလို့လည်း ထုတ်ပြန်ချက် က ဆိုထားပါတယ်။
အကြမ်းဖက် စစ်ကော်မရှင် ဖက်ဆစ်စစ်တပ်ဟာ ဂျီနီဗာကွန်ဗင်းရှင်းမှာပါတဲ့ စစ်မက်ဖြစ်ပွားတဲ့ နေရာတွေက အရပ်သား တွေကို ကာကွယ်စောင့်ရှောက်ရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို လုံးဝ အလေးမထားဘဲ စစ်ပွဲနဲ့ မဆိုင်တဲ့ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံနဲ့ အများပြည်သူ သွားလာနေထိုင်တဲ့ ရခိုင်ပြည်အနှံ့ကနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ သာသနိက အဆောက်အအုံတွေအပါအဝင် မြို့ ရွာတွေမှာရှိတဲ့ လူနေ ရပ်ကွက်တွေကို အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်းတွေကို ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်ကိုလည်း ကမ္ဘာလုံးဆိုင်ရာ အာရက္ခ အမျိုးသားကွန်ရက်က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပါတယ်။
========================
🚩🚩 ၂။ဘဖာပွန်ခရိုင်မှာ အခုလဝက်အတွင်း တိုက်ပွဲ အကြိမ် ၅၀ ကျော်ဖြစ်ခဲ့ပြီး စစ်သား ၄ဦး သေဆုံး
စက်တင်ဘာလ (၁၇)ရက်
ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ - ၅ နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်မှာ အခု စက်တင်ဘာလဝက်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးသွားတယ်လို့ KNU ဖာပွန်ခရိုင်က မနေ့ စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ ကို KNU တပ်မဟာ - ၅ က ဖာပွန်ခရိုင်က ကရင်ဘာသာနဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
KNU တပ်မဟာ - ၅ ဖာပွန်ခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ KNLA နဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ခဲ့တွေဖော်ပြထားတာလို့ နားလည်ရပါတယ်။
စက်တင်ဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အတွင်း တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ခဲ့တာရှိပြီး စစ်တပ်ဘက်က ၄ ဦးသေဆုံးကာ ဒဏ်ရာရ သူ ၈ ဦးရှိတဲ့အကြောင်းနဲ စစ်စခန်းတခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ဒရုန်းတွေ၊ ဂျက်ဖိုက်တာတွေနဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း KNU တပ်မဟာ - ၅ ဖာပွန်ခရိုင်က အသိပေးထားပါတယ်။
========================
🚩🚩 ၃။ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း စစ်မှုထမ်းတပ်သားသစ် ၁၄ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်
စက်တင်ဘာလ (၁၇)ရက်
အခုနှစ် ဇူလိုင်နဲ့ ဩဂုတ်လအတွင်း စစ်မှုထမ်းတပ်သားသစ် ၁၄ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာရှိတယ် လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၇ မှာ ထုတ်ပြန်လာပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်မိစ္ဆာအဖွဲ့ရဲ့ အတင်းအဓမ္မ ပေါ်တာအဆွဲခံရတဲ့ တိုင်းရင်းသား လူငယ် ၁၄ ဦး ဟာ အခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း သူတို့ကိုင်ဆောင်တဲ့ MA-3 အမျိုးအစား လက်နက်ငယ် ၅ လက်၊ MA-1 အမျိုးအစား လက်နက်ငယ် ၂ လက်၊ လက်ပစ်ဗုံးသီး ၉ လုံး၊ ၆၀ မမ လက်နက်ကြီးကျည် ၄ ဖူး၊ အီနာဂါ ၃ လုံး၊ ကျည်ဘောက် ၁၅ ခု၊ ၅ ပွိုင့် ၅၆ ကျည် ၁၂၀၀ တောင့်တို့နဲ့အတူ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရုံး Drone တပ်ဖွဲ့ - Wing of Kalay ထံ ခိုလှုံလာခဲ့တာလို့ ဆိုပါတယ်။
အခုလို အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရုံး Drone တပ်ဖွဲ့ - Wing of Kalay တပ်ဖွဲ့အနေနဲ့ တိုင်းရင်းသားလူငယ်လူရွယ်တွေကို အရေးပေါ် ဆုတော်ငွေအဖြစ် တဦးကို ကျပ်သိန်း ၃၀စီ ချီးမြှင့်ခဲ့တယ်လို့ အသိပေးပါတယ်။
လက်ရှိမှာ အလင်းဝင်လာတဲ့လူငယ်တွေဟာ မိမိတို့တော်လှန်ရေးရဲဘော်တွေနဲ့အတူ စစ်မိစ္ဆာတွေကို ပြန်လည်တိုက်ခိုက်နေ တယ်လို့လည်း ထပ်ပြီးအသိပေးထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ မတရားအာဏာလုအဖွဲ့ဟာ လက်ရှိအချိန်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရာတိုင်းမှာ စစ်ရှုံး နေပြီး နိုင်ငံတကာရဲ့ ယုံကြည်ထောက်ခံမှု လုံးဝ မရှိတာကြောင့် စစ်ရှုံးနေတဲ့ စစ်အုပ်စုဟာ တိုင်းပြည်ရဲ့ အနာဂတ် ကြယ်ပွင့် တွေဖြစ်တဲ့ တိုင်းရင်းသား လူငယ်လူရွယ်တွေကို လူမျိုးပျက်သုန်းစေဖို့ ရည်ရွယ်ပြီး လက်နက်အားကိုးနဲ့ အဓမ္မပေါ်တာဆွဲ ကာ စစ်မြေပြင်မှာ အသေခံခိုင်းပြီး စစ်အာဏာရှင် သက်ဆိုးရှည်စေရေး လူမဆန်စွာ မိုက်တွင်းနက်နေတယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေးခရိုင် ပကဖ အနေနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလု စစ်မိစ္ဆာတသိုက် အမြစ်ပြတ်တဲ့အထိ တော်လှန်ရေး ညီနောင်တပ်တွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ကနေ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရုံး Drone တပ်ဖွဲ့ - Wing of Kalay ဟာ စစ်ဏာရှင် အမြစ်ပြတ်ချေမှုန်း ရေး ၂၀၂၁ ခုနှစ်ကစပြီး အခြား လက်နက်ကိုင် တပ်ရင်း တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲပေါင်းများစွာမှာ လက်နက်စွဲကိုင် တော်လှန်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
========================
🚩🚩 ၄။ အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ တိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အရပ်သားပြည်သူ ၂ဝ ကျော် သေဆုံး
စက်တင်ဘာလ (၁၇)ရက်
အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လအတွင်း အရပ်သားပြည်သူ ၂၁ ဦး သေဆုံးခဲ့ရတယ်လို့ အကြမ်းဖက်စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Spring Revolution Database - SRD က ဒီနေ့ စက်တင်ဘာ ၁၇ မှာ ထုတ်ပြန်ပါတယ်။
SRD ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လအတွင်းမှာ စက်တပ်လေထီးတွေနဲ့ ပဲခူး၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မကွေးတိုင်းမှာ အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ပဲခူးတိုင်းမှာ ၇ဦး၊ စစ်ကိုင်းတိုင်းမှာ ၅ ဦး၊ မန္တလေးတိုင်းမှာ တဦး သေုံးခဲ့ရတယ်လို့လည်း အင်ဖို့ဂရပ်နဲ့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လအတွင်းမှာ စက်တပ်လေထီးအပါအဝင် လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၄၆ ကြိမ်ခန့် ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါသေးတယ်။
လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို Y-12၊ Yak-130 လေယာဥ်တွေအပြင် Mi-35 လို ဘက်စုံသုံး တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေကိုပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ စက်တင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Spring Revolution Database - SRD ရဲ့ အင်ဖိုဂရပ်အရ ကရင်နီပြည်ဟာ ၇၅ ကြိမ်နဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ အများဆုံး ခံခဲ့ရပြီး စစ်ကိုင်းတိုင်းက ၇၃ ကြိမ်နဲ့ ဒုတိယအများဆုံး တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
လေကြောင်းကိုသာ အားကိုးနေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လအတွင်းမှာ ပြည်နယ်ခုနစ်ခုဖြစ်တဲ့ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ မကွေး၊ မန္တလေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတို့ကို လေကြောင်းက နေ တိုက်ခိုက်ခဲ့တယ်လို့ SRD မှတ်တမ်းအရ သိရပါတယ်။
Spring Revolution Database SRD ဟာ အကြမ်းဖက်စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်ကနေ မျက်မှောက်ကာလအထိ မျက်ခြေမပြတ် အစဥ်တစိုက် စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ သုတေသနအဖွဲ့အစည်းတခုဖြစ်ပါတယ်။
========================
🚩🚩 ၅။ ဆိပ်ဖြူမြို့နယ်မှာ ဇူလိုင်နဲ့ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရ
စက်တင်ဘာလ (၁၇)ရက်
မကွေးတိုင် ဆိပ်ဖြူမြို့နယ်မှာ ဇွန်လနဲ့ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၁၄ ဦးသေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရသွားတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။
ဆိပ်ဖြူမြို့နယ် ဆယ်မိုင်လမ်းဆုံဂိတ်ကနေ ကင်းယူဖို့ ထွက်လာတဲ့ အင်အား ၂၀ ခန့်ရှိတဲ့ စစ်သားတွေကို ဇွန်လ ၁၁ ရက်နေ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၇ ရက်နေ့မှာလည်း စစ်သားတွေပါလာတဲ့ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဇွန်လ ၃၀ ရက်နေ့မှာလည်း ဆိပ်ဖြူမြို့ကနေ စစ်ကား ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၃၀ ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာတော့ ၃ ဦးသေပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ အသိပေးထားပါတယ်။
သြဂုတ် ၁၃ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ရာမှာ ရဲ ၃ ယောက် ပြင်းထန်ဒဏ်ရာရသွားသလို သြဂုတ် ၁၅ ရက်မှာ အဲဒီရဲစခန်းကိုပဲ ဒရုန်းနဲ့ ဗုံးသီး ၅ လုံး ကြဲချခဲ့ရာမှာတော့ ရဲ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP က ထုတ်ပြန်ထားပါတယ်။
ဒရုံးစစ်ဆင်ရေးတွေမှာ ရဲတွေ ထိခိုက်မှုရှိသလို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP က ဒရုန်းတစင်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP နဲ့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ - ၃ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။








No comments:
Post a Comment