၂၀၂၅ စက်တင်ဘာလ ၂၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာ့နွေဦးတက္ကသိုလ်က အခြေခံ အင်္ဂလိပ်စာသင်တန်းဖွင့်ဖို့ စီစဉ်နေ
📌 ၂။ ကျန်းမာရေးသုတေသနညီလာခံ ၂၀၂၅ (Research Conference 2025)သုံးရက်တာကျင်းပမည်
📌 ၃။ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင်ဖို့ စည်းလုံးညီညွတ်မှုလိုတယ်လို့ ကင် အဲရစ် သတိပေး
📌 ၄။ မှောင်ခိုသယ်လာတဲ့ ရှားပါးပန်ဒါနီ ၉ ကောင်ကို အင်းတော် PDF ကယ်တင်နိုင်ခဲ့
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နယ်စပ်တလျောက် စိမ့်ဝင်နေတဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ AA လုံခြုံရေး တိုးမြှင့်
🚩 ၂။ ကနီမြို့နယ် ချောင်းမရွာကို ဝင်လာတဲ့စစ်တပ်စစ်ကြောင်းကို ၁၃ ရက်ကြာ တိုက်ခိုက်မှုမှာ စစ်သား ၁၂ ဦးသေဆုံးပြီး ယင်းမာပင်ပကဖ ဒုတာဝန်ခံ ကိုနိုင်မင်းကျဆုံး
🚩 ၃။ ရေဖြူမြို့နယ် ပယကျေးရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်မှုမှာ စစ်သား ၃ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာ့နွေဦးတက္ကသိုလ်က အခြေခံ အင်္ဂလိပ်စာသင်တန်းဖွင့်ဖို့ စီစဉ်နေ
စက်တင်ဘာလ (၂၀)ရက်
အင်္ဂလိပ်စာကို အခြေခံကစပြီး စနစ်တကျလေ့လာချင်သူ Beginner တွေနဲ့ Pre-intermediate level ရှိချင်သူတွေအတွက် မြန်မာ့နွေဦးတက္ကသိုလ်က “English Language Proficiency Course for Beginners” သင်တန်း စီစဉ်ပေးထားတယ်လို့ ဒီနေ့ စက်တင်ဘာ ၂ဝ မှာ ထုတ်ပြန်လာပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ်က အခြေခံ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ကြောင်းကြေညာခြင်း ဆိုပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အင်္ဂလိပ်စာ four skills ဖြစ်တဲ့ writing, reading, listening နဲ့ speaking တို့ကို အခြေခံကနေ စနစ်တကျ လေ့လာချင်သူ တွေ၊ အင်္ဂလိပ်စာရဲ့အခြေခံဖြစ်တဲ့ vocabulary နဲ့ grammar ပိုင်းအားနည်းသူတွေ၊ နားထောင်ရင်နားလည်ပေမယ့် စကားပြောဖို့အတွက် အခက်အခဲဖြစ်နေသူတွေနဲ့ အခြေခံသိထားပေမယ့် လက်တွေ့သုံးဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသူတွေ တက်ရောက်သင့်တယ်လို့ မြန်မာ့နွေဦးတက္ကသိုလ်က အကြံပြုထားပါတယ်။
ဒီသင်တန်းမှာ four skills အတွက် အထောက်ကူဖြစ်စေဖို့ grammar, vocabulary နဲ့ pronunciation တို့ကို စိတ်ဝင်စားစရာ ခေါင်းစဉ်တွေ၊ လေ့ကျင့်ခန်းတွေနဲ့ ပြင်ဆင်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
သင်တန်းတက်ရောက်ပြီးသူတွေအနေနဲ့ အင်္ဂလိပ်စာကို အခြေခံကစပြီး စနစ်တကျနားလည်နိုင်မှာဖြစ်သ လို vocabulary နဲ့ grammar တည်ဆောက်ပုံတွေကို သေချာသိလာနိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အင်္ဂလိပ်စကားကို အရင်ထပ်ပိုပြီး ယုံကြည်မှုရှိရှိ ပြောလာနိုင်မှာဖြစ်တဲ့အပြင် လိုအပ်နေတဲ့ skills တွေအတွက် ကိုယ်တိုင် self-study လုပ်နိုင်တဲ့အထိ တိုးတက်မှုတခု ရှိလာနိုင်တဲ့အထိ ပြောင်းလဲမှုတွေကို ကိုယ်တိုင်မြင်လာနိုင်မယ်လို့ လည်း အသိပေးထားပါတယ်။
Zoom Class နဲ့ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလအနေနဲ့ အောက်တိုဘာ ၁၃ ကနေ ၂ဝ၂၆ ခုနှစ် ဇန်နဝါရီလအထိ သတ်မှတ်ထားပြီး အပါတ်စဉ် တနင်္လာ အင်္ဂါနေ့ ည ၇ နာရီကနေ ၉ နာရီထိ သင်ကြား ပေးမယ်လို့ သိရပါတယ်။
သင်တန်းတက်လိုသူတွေအနေနဲ့ QR ကို scan လုပ်ပြီး လျှောက်ထားနိုင်သလို https://edu.nugmyanmar.org/Eng4SkilRegister ကနေ စက်တင်ဘာ ၃ဝ ရက်နေ့အထိ လျှောက်ထားနိုင်ပြီး သင်တန်းသားဦးရေ ၅ဝ ထိသာ လက်ခံမှာဖြစ်ကြောင်းနဲ့ သင်တန်းကြေး ကျပ် ၅ သောင်း သတ်မှတ်ထားတဲ့အကြောင်း မြန်မာ့နွေဦးတက္ကသိုလ် စီမံရေးရာဌာန လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနခွဲက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ ကျန်းမာရေးသုတေသနညီလာခံ ၂၀၂၅ (Research Conference 2025)သုံးရက်တာကျင်းပမည်
စက်တင်ဘာလ (၂၀)ရက်
ကျန်းမာရေးသုတေသနညီလာခံ ၂၀၂၅ (Research Conference 2025)ကို သုံးရက်တာ ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။
ကျန်းမာရေးသုတေသနညီလာခံ ၂၀၂၅ (Research Conference 2025)၌ ပါဝင်တက်ရောက်နိုင်ရန် (၂၀-၉-၂၀၂၅) ရက်နေ့တွင် စတင်၍ Register ပြုလုပ်နိုင်ကြောင်း NUGကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။
ညီလာခံကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ညီလာခံခေါင်းစဉ်မှာ "ခက်ခဲရှုပ်ထွေးသော အရေးပေါ်အခြေအနေများကြားမှ ကျန်းမာရေးကဏ္ဍ - မြန်မာ့အကျပ်အတည်း စိန်ခေါ်မှုများထဲမှ သုတေသနနှင့် တုံ့ပြန်မှု" "Health in Complex Emergencies: Research and Response in Myanmar's Crises" ဖြစ်ပါတယ်။
========================
📌📌 ၃။ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင်ဖို့ စည်းလုံးညီညွတ်မှုလိုတယ်လို့ ကင် အဲရစ် သတိပေး
စက်တင်ဘာလ (၂၀)ရက်
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင်ဖို့ဆိုရင် စည်းလုံးညီညွတ်ဖို့လိုတယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင် အဲရစ် က ဒီနေ့ စက်တင်ဘာ ၂ဝ မှာ သတိပေး ပြောကြားလိုက်ပါတယ်။
Boston မြို့မှာ လမ်းလျှောက်ရင်း ဖခင်ဖြစ်သူ ဒေါက်တာ မိုက်ကယ် အဲရစ်ကို သတိရမိတဲ့အကြောင်း အသိပေးရာမှာ အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဒေါက်တာ မိုက်ကယ် အဲရစ် ဟာ ၁၉၉၀ ပြည့်နှစ်အစောပိုင်းကာလက ဟားဗတ်တက္ကသိုလ်မှာ သင်ကြားခဲ့ပြီး သူ့ဘဝတလျှောက်လုံးကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ထောက်ခံ ပံ့ပိုးပေးခဲ့ သူလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖခင်ဖြစ်သူ မိုက်ကယ် အဲရစ်ရဲ့ တာဝန်ကို လက်ဆင့်ကမ်းယူထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင် အဲရစ် က အသိပေးပါတယ်။
ကင် အဲရစ် က မေမေပြောခဲ့သလို “အကြောက်တရားက ပြိုကွဲခြင်းရဲ့ အရင်းအမြစ်ပါ။ အကြောက်တရားက မုန်းတီးမှုတွေ ကို ဖြစ်စေပြီးတော့ ဒီမုန်းတီးခြင်းကပဲ ပြိုကွဲခြင်းကို ဖြစ်စေပါတယ်" လို့ ပြောပါတယ်။
အခုလဲ စစ်အာဏာရှင်တွေဟာ ကြောက်ရွံ့မှုနဲ့ ပြိုကွဲခြင်းကို ဆက်လက်အသုံးချပြီး အာဏာကို ထိန်းချုပ်နေကြောင်းနဲ့ ဒီနည်းနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တည်ဆောက်လို့ မရနိုင်ဘူးလို့လည်း ဆိုထားပါတယ်။
ကျွန်တော်တို့ရဲ့ အကြီးဆုံးခွန်အားက ဘာသာမတူ၊ လူမျိုးမတူတဲ့ မျိုးဆက်တွေ အားလုံး ပေါင်းစည်းပြီး အတူတကွ လုပ်ဆောင်နေကြခြင်းပါ။ ဒီလိုအတူတကွပူးပေါင်းကြမှသာ အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ရယူနိုင်မှာဖြစ်ပါတယ်လို့လည်း ကင် အဲရစ် က တဆက်တည်း အသိပေးထားပါတယ်။
ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ပေါင်းများစွာသော လူတွေဟာ အသက် သွေး၊ ချွေး ဘဝ တွေရင်းထားရတဲ့အတွက် အားလုံး စည်းလုံးညီညွတ်ဖို့၊ စည်းလုံးညီညွတ်မှုကသာ အကြီးမားဆုံး လက်နက်ဖြစ်တာကြောင့် အားလုံးစည်းလုံးညီညွတ်မှ အောင်မြင်မှုကိုရမှာဖြစ်တယ်လို့ ကင် အဲရစ် က ပြောဆိုထားပါတယ်။
လူထုခေါင်းဆောင်လဲဖြစ် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်လဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင် အဲရစ် ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ် စိုးရိမ်တယ်လို့ အခုလဆန်းပိုင်းမှာ ထုတ်ဖော်ပြာ ဆိုခဲ့ပြီးနောက်ပိုင်း ရခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလတို့နဲ့ ဆက်တိုက်တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေရးအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၄။ မှောင်ခိုသယ်လာတဲ့ ရှားပါးပန်ဒါနီ ၉ ကောင်ကို အင်းတော် PDF ကယ်တင်နိုင်ခဲ့
စက်တင်ဘာလ (၂၀)ရက်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆေးရေးဂိတ်မှာ ကချင်ပြည်နယ်ကနေ ကားနဲ့ သယ်လာတဲ့ ရှားပါးမျိုးစိပ် ပန်ဒါနီ ၉ ကောင် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရှားပါးမျိုးစိတ်ဖြစ်ပြီး အထူးကာကွယ် စောင့်ရှောက်ဖို့ ဥပဒေပြဌာန်းပြီး ကာကွယ်ထားတဲ့ ပန်ဒါနီ - Red Panda ၉ ကောင် ကို မှောင်ခိုသယ်လာသူတွေ အင်းတော်မြို့ကိုဖြတ်သန်းချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၉ ရက် နေ့မှာ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
အင်းတော်မှာ ရှားပါးမျိုးစိပ် ပန်ဒါနီလေးတွေ ဖမ်းမိတာရှိတယ်လို့ ဒေသတော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ Indaw Revolution – IR Team က အတည်ပြုထားပါတယ်။
ဒေသတွင်းလမ်းပိုင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လုံခြုံရေးယူနေချိန် ကားအတွင်း လှောင်အိမ်တွေနဲ့ သယ်ဆောင်လာတဲ့ ပန်ဒါနီလေးများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သယ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒီ ပန်ဒါနီတွေကို ကချင်ပြည်နယ်ကနေ သယ်ဆောင်လာတာဖြစ်ပြီး သယ်ဆောင်လာတဲ့ ကားသမား ၂ ဦးရဲ့ထွက်ဆိုချက်အရ လုပ်ငန်းရှင်တွေကို ခေါ်ထားတယ်လို့ ဒေသသတင်းရင်းမြစ်အဆိုကို ကိုးကားပြီး Kachinwae သတင်းဌာနကလည်း ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ပန်ဒါနီလေးတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက နေရပ်ကိုသယ်ယူသွားပြီလို့သိရတဲ့ အကြောင်းလည်း Kachinwae သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ပန်ဒါနီလေးတွေဟာ စိတ်ဖိစီးမှုဖြစ်ပြီး သေဆုံးတတ်တာမို့ သူတို့ကို သယ်ယူမယ်ဆိုရင် လှောင်အိမ်ကျယ်ပြီး အအေးဓာတ် ပေးနိုင်တဲ့ ကားတွေနဲ့ သယ်ယူတာ အကောင်းဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံက တောရိုင်းတိရိစ္ဆာန်မျိုးစိပ်တွေကို မှတ်တမ်းတင်ပြီး လေ့လာနေတဲ့ Native Species Conservation and Identification (NSCI) အဖွဲ့က တာဝန်ရှိသူက Kachinwae သတင်းဌာနကို ပြောထားပါတယ်။
ပန်ဒါနီတွေရဲ့ နေရင်းဒေသက ပူတာအိုလွင်ပြင်အပေါ်ပိုင်းဒေသဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ်မှာသာတွေ့ရမှာ ဖြစ်ပြီး လူတွေဖမ်းယူသတ်ဖြတ်၊ ရောင်းဝယ်မှုတွေကြောင့် ရှားပါးလာရကြောင်းနဲ့ လူတွေသာ ဖမ်းယူခြင်းမပြုဘူးဆိုရင် ပုံမှန်မျိုးပွားပြီး အကောင်ရေတိုးပွားလာနိုင်တယ်လို့ NSCI က တာဝန်ရှိသူက ရှင်းပြထားပါတယ်။
ပန်ဒါနီလေးတွေကို ကချင်ပြည်နယ် မြောက်ဖျားစွန်းဒေသတွေဖြစ်တဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နဲ့ ဖုန်ကန်ရာဇီဘေးမဲ့ တော၊ ကချင်ပြည်နယ်အရှေ့မြောက်စွန်းဒေသတွေဖြစ်တဲ့ မဂျယ်တောင်နဲ့အီမောဘွန်ဒေသတွေမှာတွေ့ရပြီး မြန်မာနဲ့ တရုတ် နိုင်ငံထိစပ်နေတဲ့ဒေသတွေ၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံထိစပ်နေတဲ့ တောင်တန်းဒေသတွေမှာ အဓိကနေထိုင်ကြတယ်လို့ NSCI မှတ်တမ်းတွေအရ သိရပါတယ်။
ပန်ဒါနီဟာ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေတဲ့ မျိုးစိတ်ဖြစ်နေပြီလို့ Kachin Alliance အဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နယ်စပ်တလျောက် စိမ့်ဝင်နေတဲ့ ARSA နဲ့ RSO အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ AA လုံခြုံရေး တိုးမြှင့်
စက်တင်ဘာလ (၂၀)ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခြေကုပ်ရယူပြီး နယ်စပ်တလျောက် စိမ်ဝင်လာတဲ့ ARSA နဲ့ RSO စစ်သွေးကြွတွေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကာကွယ်တိုက်ဖျက်နိုင်ဖို့ လုံခြုံရေးတိုးမြင့်သွားမယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။
ARSA နဲ့ RSO စစ်သွေးကြွလက်နက်ကိုင်အဖွဲ့တွေ နယ်စပ်ဒေသက မူဆလင်မဟုတ်သူတွေကို သတ်ဖြတ်မှုတွေ ပြုလုပ်နေ တာကြောင့် နယ်စပ်နေပြည်သူတွေ လုံခြုံရေးသတိရှိကြဖို့ ရခိုင့်တပ်တော် AA က သတိပေးချက် ထုတ်ပြန်ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်တော်က တိုက်ခိုက်ပြီးသိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ ပြည်သူ့လုံခြုံရေးတာဝန်တွေ ဆောင်ရွက်နေသလို အာဏာသိမ်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေကို ခုခံနေတယ်လို့ ဆိုပါတယ်။
ဒီလို ဆောင်ရွက်နေချိန်မှာ ဒေသနေပြည်သူတွေ လုံခြုံရေး အချိန်ပြည့် မဆောင်ရွက်နိုင်သေးတာကို အခွင့်ကောင်းယူပြီး ARSA ၊ RSO စတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ခြေကုပ်ယူပြီး နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းတွေ က တဆင့် မောင်တောခရိုင်အတွင်းကို စိမ့်ဝင်နေတယ်လို့ ULA/AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မောင်တောခရိုင်အတွင်း ခိုးဝင်ရောက်ရှိလာကြတဲ့ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေဟာ လူသူကင်းဝေးတဲ့ တောတောင်တွေ လူပြတ်တဲ့နေရာတွေမှာ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်ဖို့ သွားလာနေကြတဲ့ ဒေသနေပြည်သူတွေထဲက မူဆလင်မဟုတ်တဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ ပြန်ပေးဆွဲတာနဲ့ သတ်ဖြတ်တာတွေ အခုရက်ပိုင်းမှာ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တွေဟာ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ပုံစံမျိုး တိုက်ပွဲအတုတွေဖန်တီးပြီး သူတို့ကို ပိုမိုထောက်ခံလာစေဖို့ ဝါဒဖြန့်လှုံ့ဆော်တာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
တောတောင်တွေနဲ့ လူသွားလူလာပြတ်တဲ့နေရာတွေက မူဆလင်မဟုတ်တဲ့ အာရက္ခပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အာရက္ခတပ်တော်ယူနီဖောင်းတွေ လဲလှယ်ကာ တိုက်ပွဲအတွင်း အာရက္ခတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတဲ့ပုံစံမျိုး လုပ်ကြံ ဖန်တီးပြီး ဆိုရှယ်မီဒီယာစာမျက်နှာတွေကတဆင့် ပုံမှားရိုက်လှည့်စားပြီး သူတို့ကို ထောက်ခံတဲ့ အစ္စလာမ်မစ် အစွန်း ရောက်အဖွဲ့တွေရဲ့ အားပေးမှု၊ ထောက်ပံ့မှုတွေ ပိုရအောင် ကြိုးစားနေတာတွေလည်း တွေ့ရှိနေရတယ်လို့ ULA/AA ထုတ်ပြန်ချက်မှာ ထပ်ပြီး ဖော်ပြထားပါတယ်။
အခုလို ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ အာရက္ခမိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို အစ္စလာမ်မစ် အစွန်းရောက် ARSA နဲ့ RSO တွေက ခြိမ်းခြောက်နေတာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ လုံခြုံရေး သတိထားရမယ် အချိန်ကာလဖြစ်တယ်လို့ အာရက္ခတပ်တော်က သတိပေးထားပါတယ်။
ဒါကြောင့် ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ အာရက္ခပြည်သူတွေအနေတဲ့ တောတောင်တွေနဲ့ လူပြတ်တဲ့ နေရာတွေကို သွားလာမယ်ဆိုရင် တယောက်တည်း ဒါမှမဟုတ် လူအနည်းစုနဲ့ သွားလာကြတာမျိုး အတတ်နိုင် ဆုံး မလုပ်ကြဖို့၊ ကျန်းမာရေးကိစ္စနဲ့ မသွားမဖြစ် သွားလာရမယ့် အရေးကြီးကိစ္စတွေရှိလာရင် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့ အနီးစပ်ဆုံးနေရာတွေမှာ သတင်းပေးပို့ပြီးမှ သွားလာကြ ဖို့လည်း တိုက်တွန်းထားပါတယ်။
တဆက်တည်းမှာ ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ အာရက္ခပြည်သူများအနေနဲ့ ULA/AA နဲ့ ပူးပေါင်းပါဝင်ကြဖို့လည်း နှိုးဆော်ထားပါတယ်။
လက်ရှိမှာ ULA/AA အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေကိုလည်း ရခိုင်ပြည်နဲ့ဆက်စပ်နေတဲ့ဒေသတွေမှာ နေ့တိုင်း ခုခံစစ် ဆင်နွှဲနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ကနီမြို့နယ် ချောင်းမရွာကို ဝင်လာတဲ့စစ်တပ်စစ်ကြောင်းကို ၁၃ ရက်ကြာ တိုက်ခိုက်မှုမှာ စစ်သား ၁၂ ဦးသေဆုံးပြီး ယင်းမာပင်ပကဖ ဒုတာဝန်ခံ ကိုနိုင်မင်းကျဆုံး
စက်တင်ဘာလ (၂၀)ရက်
စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာကို ဝင်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၁၃ ရက်ကြာ တိုက်ခိုက်ချေမှုန်း ခဲ့ရာမှာ စစ်သား ၁၂ ဦးထက်မနည်းသေဆုံးသွားသလို ယင်းမာပင် ပကဖ က ဒုတာဝန်ခံ ကိုမင်းနိုင် ကျဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ က ဒီနေ့ စက်တင်ဘာ ၂ဝ မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာပါတယ်။
စက်တင်ဘာ ၄ ရက် မနက် ၈ နာရီခန့်ကစပြီး မုံရွာမြို့အခြေစိုက် နမခကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ကျော်ဟာ ယင်းမာပင်မြို့နယ် တရော်ကျင်းရွာကတဆင့် ကနီမြို့နယ်ဘက်ကို စတင်စစ်ကြောင်းထိုး လာခဲ့ရာမှာ နေလည် ၂ နာရီခန့်မှာ ကနီမြို့နယ် ချောင်းမရွာကို ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထွက်လာရာလမ်းမှာ ကနီမြို့နယ်မှာရှိတဲ့ တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။
အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၅ ရက်နေ့ကစပြီး ကနီမြို့နယ် ချောင်းမရွာကို အခြေပြုပြီး အနီးပတ်ဝန်းကျင်ကရွာတွေ ကို မီးရှို့တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အိမ် ၅ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လည်း ထိတွေ့တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၇ ရက်မနက်ပိုင်းမှာ ချောင်းမရွာကိုရောက်နေတဲ့ စစ်ကြောင်းကို စစ်ကူပေးဖို့ မုံရွာအခြေစိုက် နမခဌာနချုပ်က နေ ယင်းမာပင်မြို့နယ် တရော်ကျင်းရွာကို အင်အား ၃၀၀ ကျော် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ယင်းမာပင်ခရိုင်ပကဖ၊ ယင်းမာပင်မြို့နယ် ပကဖ၊ ဆားလင်းကြီးမြို့နယ် ပကဖ၊ ယင်းမာပင်ခရိုင် ဗျူဟာ - ၄၇၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁ တို့ ပူးပေါင်းပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ် စစ်ကြောင်းဟာ တရော်ကျင်းရွာကနေ ရှေ့ ဆက်မတက်နိုင်တော့ဘဲ တော်လှန်ရေးတပ်တွေရဲ့ ဝိုင်းပတ်ပိတ်ဆို့တာကို ခံလိုက်ရတယ်လို့လည်း သိရပါတယ်။
စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းမှာတော့ ချောင်းမရွာမှာ ပိတ်မိနေတဲ့ စစ်တပ် စစ်ကြောင်းကို ယင်းမာပင်ခရိုင် ကွပ်ကဲရေး နဲ့ ကနီမြို့နယ်မှာရှိတဲ့ တော်လှန်ရေးတပ်တွေ၊ ပကဖတိုက်ခိုက်ရေးအဖွဲ့ တွေ၊ BLDF ၊ BNRA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် Y-12 ထောက်ပို့လေယာဉ်၊ ဂျက်ဖိုက်တာတို့ရဲ့ လေကြောင်းပစ်ကူရယူပြီး ချောင်းမရွာကနေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ချောင်းမရွာက ဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ဆုတ်ခွာရာလမ်းမှာ တော်လှန်ရေးတပ်တွေ ဘက်က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယင်းမာပင်မြို့နယ် ပကဖ ဒုတာဝန်ခံ ကိုနိုင်မင်း ကျဆုံးခဲ့ရတာလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ PDF တပ်ရင်းတွေနဲ့အတူ စစ်ကူလာတဲ့ အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းကို ၁၃ ရက် တိုင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်သားတွေ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနဲ့ ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်သားတွေကိုင်တဲ့ သေနတ် ၆ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
စစ်ကြောင်းဝင်တဲ့ ၁၃ ရက်တာကာလမှာ မုံရွာ နမခ၊ ကျောက်စစ်ပုံ အမတ-၅၀၈၊ အောင်ဇေယျအကျိူးကုန်းတို့ကနေ ၁၂၀ မမ၊ ဟောင်ဝှပ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦးသေ ဆုံးခဲ့ရပြီး ၁၅ ဦး ဒဏ်ရာရတာရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲတွင်း စစ်သားအလောင်း ၁၀ လောင်းနဲ့ လက်နက်မျိုးစုံ ၇ လက် အပါအဝင် စစ်အသုံး အဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ရေဖြူမြို့နယ် ပယကျေးရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်မှုမှာ စစ်သား ၃ ဦးသေဆုံး
စက်တင်ဘာလ (၂၀)ရက်
တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ဦးသေဆုံးသွားတယ်လို့ နည်းဗျူဟာ ၃၃ က ဒီနေ့ စက်တင်ဘာ ၂ဝ မှာ ထုတ်ပြန်ပါတယ်။
ပယကျေးရွာမှာ အင်အား ၆ဝ ခန့်နဲ့ တပ်စွဲနေတဲ့ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စက်တင်ဘာ ၁၈ ရက်နေ့က တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။
အဲဒီနေ့မနက် ၆ နာရီခန့်အချိန်မှာ ပယကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင် ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ၁ နာရီခန့်ကြာတဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အဲဒီဂိတ်စခန်းဟာ ဇာဒီနဲ့ ကံပေါက်ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာရှိတာတာကြောင့် စစ်တပ်ဘက်ကပစ်တဲ့ လက်နက် ကြီးတွေကြောင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် တဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရသွားသလို ဒေသနေပြည်သူ ၂ ဦး လည်း ဒဏ်ရာရသွားတဲ့အတွက် မိဘပြည်သူများအနေနဲ့ ဂရိုစိုက် နေထိုင်ပေးကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
တိုက်ပွဲဖြစ်ပြီးတဲ့နောက် ခလရ ၂၇၃ တပ်ရင်းကနေ စစ်ကား ၄ စီးနဲ့ အဲဒီဂတ်စခန်းမှာ စစ်အင်အား ထပ်ဖြည့်ထားတယ်လို့ သိရပါတယ်။
ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ဒေါနစစ်ကြောင်း - ၃ (KBDF)၊ ဒေါနတပ်ခွဲ - ၆ (ဝေဟင်တပ်ဖွဲ့)၊ ဒေါနတပ်ခွဲ - ၇ (LPF)၊ ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း - T1၊ ရေဖြူမြို့နယ် ပ.က.ဖ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နဲ့ ဗထူးတပ်မတော် (B.H.A) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment