၂၀၂၅ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ
📌 ၂။ စစ်တပ်၏ ထိုးစစ်ကို ချေမှုန်းရန် နယ်မြေအချို့ စွန့်လွှတ်ရနိုင်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား
📌 ၃။ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံပိတ်ပွဲနှင့် (၈၀) ကြိမ်မြောက် အထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အဖွဲ့ တက်ရောက်
📌 ၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်း (၅) တိုင်းမှ လူ့အခွင့်အရေးတာဝန်ခံများ ၂၂ ကြိမ်မြောက် တွေ့ဆုံမှု ပြုလုပ်ခဲ့
📌 ၅။ အိမ်သုံး လျှပ်စစ်ပစ္စည်း၊ မော်တာနှင့် အဝတ်လျှော်စက် ပြုပြင်သင်တန်း သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အာရက္ခရေပိုင်နက်အတွင်း ငါးခိုးဖမ်းသူများက AA လုံခြုံရေးအရာရှိနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၁ဦးကို သတ်ဖြတ်ပြီး လက်နက်လုယူကာ ထွက်ပြေး
🚩 ၂။ ဖားကန့်အနီး ညောင်ပင်ကုန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး သုံ့ပန်းများ ဖမ်းဆီးရမိ
🚩 ၃။ ထမင်းမစားရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA, KNDO, တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား
🚩 ၄။ နန်းစောင်းပုရွာသစ် တိုက်ပွဲမှာ အိန္ဒိယနိုင်ငံသား ကသည်းသူပုန် အပါအဝင် စစ်သုံ့ပန်း ၇ ဦးကို ဖမ်းဆီးရမိ
🚩 ၅။ သပိတ်ကျင်းနဲ့ မတ္တရာ မြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ
🚩 ၆။ ဝက်လက်မြို့နယ်အရှေ့ခြမ်းနှင့် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် အရပ်သားတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ
စက်တင်ဘာ ၁၁
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၂/၂၀၂၅) ကို စက်တင်ဘာလ ၁၁ရက်နေ့ မနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၁/၂၀၂၅) တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁၄:၄၅)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၂။ စစ်တပ်၏ ထိုးစစ်ကို ချေမှုန်းရန် နယ်မြေအချို့ စွန့်လွှတ်ရနိုင်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား
စက်တင်ဘာ ၁၁
Radio NUG
အကြမ်းဖက်စစ်တပ်၏ ထိုးစစ်များကို ထိထိရောက်ရောက် ချေမှုန်းနိုင်ရေးအတွက် နယ်မြေအချို့ကို စွန့်လွှတ်ရနိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PVTV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါတယ်။
ဦးရည်မွန်က အိမ်နီးချင်း အာဏာရှင်နိုင်ငံအချို့၏ ထောက်ခံမှုကြောင့် စစ်ကောင်စီသည် စိတ်ဓာတ်စစ်ဆင်ရေးများဖြင့် ထိုးစစ်များ ဆင်နွှဲလာကြောင်း၊ တော်လှန်ရေးအင်အားစုများအနေဖြင့် ရန်သူ၏ ထိုးစစ်ကို ချေမှုန်းရန် နယ်မြေအချို့ စွန့်လွှတ်ရကောင်းသော်လည်း စစ်မျက်နှာအလိုက် ထိထိရောက်ရောက် ချေမှုန်းနိုင်ရေးအတွက် ကြိုးစားနေကြောင်း ဆိုထားပါတယ်။
"လတ်တလော အရေးကြီးတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ TNLA ဆိုရင် ဒါ နောင်ချိုကို လက်လွှတ်ခဲ့ရတယ်။ မန္တလေးဒေသ PDF တွေလည်း သပိတ်ကျင်းကို လက်လွှတ်ခဲ့ရတာ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်က ဒါ ခံစစ်တွေတိုက်ဖို့ သင့်တော်တဲ့အချိန် မဟုတ်ဘူးဗျ။ အဲဒီအတွက် မြို့တွင်းက ကိုယ့်တပ်တွေ မြို့ပြင်ပြန်ထွက်ပေးတဲ့ သဘောပါပဲ။ အခုဆိုရင် ဒါ လှုပ်ရှားစစ်နဲ့ ရန်သူကို ပြန်ထိုးနေတဲ့အချိန်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်"လို့ ဝန်ကြီးက ဆိုထားပါတယ်။
၎င်းက လက်နက်ခဲယမ်းရရှိရေးတွင် ပြည်တွင်းရေးသို့ ဝင်ရောက်စွက်ဖက်နေသည့် နိုင်ငံကြီးတစ်ခု၏ ဖိအားပေးမှုကြောင့် အခက်အခဲများရှိသော်လည်း၊ တော်လှန်ရေးတပ်များအနေဖြင့် လက်နက်များကို စုဆောင်းထုတ်လုပ်နိုင်မှုနှင့် ရန်သူ၏ လက်နက်များကို သိမ်းဆည်းအသုံးပြုနိုင်မှု တိုးတက်လာသည်ကို အရေးကြီးသော အောင်မြင်မှုအဖြစ် အသိပေးထားပါတယ်။
“ကျွန်တော်တို့ ဆက်ပြီးတော့ တိုက်နိုင်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
ထို့အပြင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ စစ်ရေး၊ နိုင်ငံရေးနှင့် လူထုနည်းလမ်းများဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပြီး အကြမ်းဖက်စစ်တပ်သည် ၎င်း၏ အမာခံနိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပြီး တရားဝင်မှုရှာဖွေရန် ကြိုးပမ်းနေသော်လည်း၊ ထိုရွေးကောက်ပွဲသည် တရားမျှတမှုမရှိသည့်အပြင် နိုင်ငံတကာမှ လက်ခံမှာမဟုတ်ကြောင်း ထောက်ပြထားပါတယ်။
“ပြည်သူအများစုကတော့ ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲ ဒါကို ပြတ်ပြတ်သားသားဆန့်ကျင်ကြလိမ့်မယ်ဆိုတာ သိကြပါတယ်။” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဦးရည်မွန်က တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်မှုနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း အလေးထားပြောကြားခဲ့ပါတယ်။
“တကယ်တော့ဒီအချိန်က စစ်အုပ်စုအနေနဲ့ သူ ခေါင်းပြန်ထောင်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ပဲ။ အဲဒီအချိန်မှာ ကျွန်တော်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးပြစ်တင် ဝေဖန်နေရမယ့်အချိန်တော့မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အားသာချက်တွေပိုပြီးတော့ အားကောင်းအောင် အားနည်းချက်တွေကိုလည်း လိုအပ်သလိုဖြည့်ဆည်းနိုင်အောင် ကျွန်တော်တို့အားလုံးအတူတကွ ဝိုင်းရုန်းကြရမယ့်အချိန်လို့တော့ ကျွန်တော်တို့ဒီလို ကြည့်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၃။ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံပိတ်ပွဲနှင့် (၈၀) ကြိမ်မြောက် အထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အဖွဲ့ တက်ရောက်
စက်တင်ဘာ ၁၁
Radio NUG
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်သော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (79th UNGA) ၏ ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ပြီးနောက် (၈၀) ကြိမ်မြောက် အထွေထွေညီလာခံ (80th UNGA) ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားကို ထိုနေ့ မွန်းလွဲ ၃ နာရီတွင်မှာပဲ ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ အစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
(၇၉) ကြိမ်မြောက် ညီလာခံ ပိတ်ပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ညီလာခံသဘာပတိ H.E. Mr. Philemon Yang ၏ တာဝန်ထမ်းဆောင်မှုအတွင်း ကမ္ဘာ့စိန်ခေါ်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခဲ့သည့်အတွက် ဂုဏ်ပြုချီးမွမ်းခဲ့ပြီး H.E. Mr. Philemon Yang ကလည်း Pact for the Future အတည်ပြုမှုအပါအဝင် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ ဦးဆောင်မှုများကို ပြန်လည်သုံးသပ်ပြီး ပံ့ပိုးကူညီသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် (၈၀) ကြိမ်မြောက် ညီလာခံသဘာပတိအဖြစ် ရွေးချယ်ခံရသူ ဂျာမနီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း H.E. Ms. Annalena Baerbock က ကျမ်းသစ္စာကျိန်ဆိုကာ ညီလာခံ၏ သင်္ကေတ Gavel ကို လွှဲပြောင်းလက်ခံခဲ့ပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၇၉) ကြိမ်မြောက် ညီလာခံကာလအတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလအထိ ပင်မအစည်းအဝေးများနှင့် ကော်မတီ ၆ ခု၏ အစည်းအဝေးများတွင် မိန့်ခွန်းပေါင်း ၆၀ ခန့် ပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ ၉ ရက်အထိ ဒုတိယအပိုင်းကာလတွင်လည်း မျက်နှာစုံညီ အစည်းအဝေးများတွင် မိန့်ခွန်းများ ပြောကြားခဲ့ပါတယ်။
ထို့ပြင် လုံခြုံရေးကောင်စီ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကလေးသူငယ်ရေးရာနှင့် အမျိုးသမီးရေးရာဆိုင်ရာ အစည်းအဝေးများတွင်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မိန့်ခွန်းများတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးအတွက် ပြည်သူများ၏ ကြိုးပမ်းမှုများကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။
(၈၀) ကြိမ်မြောက် ညီလာခံ ဖွင့်ပွဲတွင် H.E. Ms. Annalena Baerbock က “Better Together: 80 years and more for peace, development and human rights” မျှော်မှန်းချက်ဖြင့် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ၈၀ နှစ်ပြည့် အထိမ်းအမှတ်နှင့်အတူ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးများအတွက် အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါတယ်။
ညီလာခံတွင် အဖွဲ့ဝင် ၉ နိုင်ငံပါဝင်သည့် Credentials Committee ကို အန်ဒိုရာ၊ ဘော့စ်ဝါနာ၊ တရုတ်၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ မလေးရှား၊ ရုရှား၊ ဆီနီဂေါ၊ ထရီနီဒက်နှင့် တိုဘာဂိုနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြင့် ဖွဲ့စည်းခန့်အပ်ခဲ့ပါတယ်။ ထို့ပြင် ထိုင်ခုံနေရာချထားမှုကို နီဂျဲနိုင်ငံဖြင့် စတင်ပြီး အင်္ဂလိပ်အက္ခရာစဉ်အလိုက် ချထားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ ဖော်ပြခဲ့ပါတယ်။
========================
📌📌 ၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်း (၅) တိုင်းမှ လူ့အခွင့်အရေးတာဝန်ခံများ ၂၂ ကြိမ်မြောက် တွေ့ဆုံမှု ပြုလုပ်ခဲ့
စက်တင်ဘာ ၁၁
Radio NUG
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနှင့် တနင်္သာရီတိုင်းစတဲ့ တိုင်းဒေသကြီး ငါးခုက လူ့အခွင့်အရေးတာဝန်ခံတွေရဲ့ ၂၂ ကြိမ်မြောက်တွေ့ဆုံမှုကို စက်တင်ဘာလ ပထမပတ်ထဲတွင် ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုအတွင်း မြေပြင်လူ့အခွင့်အရေးတာဝန်ခံများက မြေပြင်မှာ ကောက်ယူထားတဲ့ အချက်အလက်တွေနဲ့ online monitoring က ကောက်ယူရရှိထားမှု အခြေအနေတွေကို တိုင်းအလိုက် ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် ဝန်ကြီးဌာနဘက်က ပြီးခဲ့တဲ့လတွေက ရေးရာတာဝန်ခံတွေ တင်ပြထားချက်တွေအပေါ် ဆောင်ရွက်ထားမှုတွေကို ပြန်လည်ရှင်းလင်းခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယခုတစ်ကြိမ်တွေ့ဆုံမှုတွင် ရေးရာတာဝန်ခံများက မြေပြင်မှာ လူ့အခွင့်အရေးအသိပညာပေးမှုများ ပိုမိုလုပ်ဆောင်လိုတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာနည်းပြ (TOT ) သင်တန်းတွေကို တောင်းဆိုခဲ့တယ်လို့ ဆိုထားပါတယ်။
လူအခွင့်အရေးဆိုင်ရာတာဝန်ခံများသည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်တဲ့ အခြားသက်ဆိုင်ရာ တာဝန်ခံများနဲ့ ပူးပေါင်းချိတ်ဆက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို စုဆောင်းမှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို ချိတ်ဆက်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းများကို ရှာဖွေခြင်းနဲ့ လူ့အခွင့်အရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၅။ အိမ်သုံး လျှပ်စစ်ပစ္စည်း၊ မော်တာနှင့် အဝတ်လျှော်စက် ပြုပြင်သင်တန်း သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့
စက်တင်ဘာ ၁၁
Radio NUG
ပြည်သူ့ပန်းတိုင် ပေါင်းစည်းလမ်းအသက်မွေးသင်တန်းဌာန၏ “အိမ်သုံး လျှပ်စစ်ပစ္စည်း၊ မော်တာနှင့် အဝတ်လျှော်စက် ပြုပြင်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲ” ကို စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အဆိုပါသင်တန်းတွင် အိမ်သုံး လျှပ်စစ်ပစ္စည်းအမျိုးမျိုးနှင့် မော်တာ၊ အဝတ်လျှော်စက်များ စစ်ဆေးပြုပြင်ခြင်းကို (၆) ပတ်တာ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသင်တန်းကို CDM စစ်သား/ရဲသား၊ CDM အရပ်ဘက်နှင့် တက်ကြွလှုပ်ရှားသူ (၁၁) ယောက် တက်ရောက်ခဲ့ပြီး (၉) ဦး သင်တန်းဆင်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတွင် ကျရာအခန်းကဏ္ဍမှ အားဖြည့်ပါဝင်ခဲ့ကြသည့် CDMr များနှင့် တက်ကြွလှုပ်ရှားသူများ၏ဘဝ ဆက်လက်ရှင်သန်ရပ်တည်ရေး၊ တိုးတက်ရေးတို့အတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်ပေးသည့်အနေဖြင့် အဆိုပါသင်တန်းကို စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်တယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အာရက္ခရေပိုင်နက်အတွင်း ငါးခိုးဖမ်းသူများက AA လုံခြုံရေးအရာရှိနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၁ဦးကို သတ်ဖြတ်ပြီး လက်နက်လုယူကာ ထွက်ပြေး
စက်တင်ဘာ ၁၁
Radio NUG
ရသေ့တောင်မြို့နယ်အတွင်း တရားမဝင် ငါးခိုးဖမ်းရန် ကျူးကျော်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေများထဲမှ အကြမ်းဖက်သမားများပါဝင်သည့် လှေတစ်စီးက အာရက္ခတပ်တော် (AA) ၏ လုံခြုံရေးအရာရှိနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင် ၁ဦးကို သတ်ဖြတ်ပြီး လက်နက်များ လုယူကာ ထွက်ပြေးသွားခဲ့ကြောင်း အာရက္ခတပ်တော်မှ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၀) ရက်နေ့၊ နေ့လယ် (၁) နာရီကျော်ခန့်မှစ၍ အာရက္ခပြည်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက်ကျေးရွာ၏ အနောက်ဘက် (၆.၇၅) ကီလိုမီတာခန့် အကွာတွင်လည်းကောင်း၊ ချိန်ခါလီရွာ၏ အနောက်ဘက် (၆.၇၂) ကီလိုမီတာ ခန့်အကွာတွင်လည်းကောင်း ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး (၈၀) ခန့်သည် အာရက္ခ ရေပိုင်နက်အတွင်း၌ အစုလိုက်အပြုံလိုက် တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသို့ ငါးခိုးဖမ်းနေသည်ကို အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ငါးခိုးဖမ်းဘုတ် (၅) စီးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန် ကမ်းစပ်သို့ ညနေ (၇) နာရီခန့်အချိန်တွင် ခေါ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်
ထိုသို့ ခေါ်ဆောင်လာစဉ် အဆိုပါ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် (၅) စီးထဲမှ ငါးဖမ်းသမားများအဖြစ် ဟန်ဆောင်လိုက်ပါလာသော အကြမ်းဖက်သမားများ ပါဝင်သည့် ငါးခိုးဖမ်းဘုတ် (၁) စီးမှ အကြမ်းဖက်သမားများသည် ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် AA လုံခြုံရေးအရာရှိ တစ်ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင် တစ်ဦးတို့အား သတ်ဖြတ်ကာ လက်နက်များကိုပါ လုယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲသို့ ထွက်ပြေးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။
အာရက္ခရေပိုင်နက်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူများကို အာရက္ခတပ်တော်မှ ဖမ်းဆီးစစ်ဆေးခဲ့သည်မှာ အကြိမ်ပေါင်း မြောက်မြားစွာရှိခဲ့ပြီဖြစ်ပြီး နှစ်ဖက်အပြန်အလှန်လေးစားမှုဖြင့် ၎င်းတို့အား အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ကာ အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
ယခုတစ်ကြိမ်သည် အာရက္ခရေပိုင်နက်အတွင်းသို့ အစုလိုက်အပြုံလိုက် ဗြောင်ကျကျ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူများကိုပါ သတ်ဖြတ်၍ လက်နက်လုယူခြင်းသည် အကြမ်းဖက်သောလုပ်ရပ်မျိုးဖြစ်ပြီး အာရက္ခတပ်တော်အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဖားကန့်အနီး ညောင်ပင်ကုန်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး သုံ့ပန်းများ ဖမ်းဆီးရမိ
စက်တင်ဘာ ၁၁
Radio NUG
စက်တင်ဘာ ၁၀ ရက်တွင် ညောင်ပင်ကုန်းရပ်ကွက်အနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကော်မရှင်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်ဖွဲ့များက နံနက်ပိုင်းနှင့် ညပိုင်းတွင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း သတင်းရှိပါတယ်။
တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး စစ်သုံ့ပန်းများကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
စစ်ကြောင်းများကို ဦးစီးနေသူများမှာ တပ်မကုန်းတပ်မှူး ဗိုလ်မှူးချုပ် ကောင်းမင်းထွဋ်နှင့် မိုးကောင်းမြို့အခြေစိုက် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးချုပ် ဇော်လင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့သည့် ၃ လအတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး၊ ၎င်းတို့၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သား ၇၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့ အနောက်ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၁၀,၀၀၀ ကျော်သည် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရပြီး၊ စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ထမင်းမစားရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA, KNDO, တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွား
စက်တင်ဘာ ၁၁ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစား ရွာကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA, KNDO ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက KNLA, KNDO ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ထားတဲ့ ထမင်းမစား ကျေးရွာက စစ်ကော်မရှင်တပ်စခန်းကို ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ တပ်ဘက်က စစ်ကြောင်းပြန်ထိုးလာတာလို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းဟာ စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ KNLA တပ်မဟာ(၄) လက်အောက်ခံ KNLA နဲ့ KNDO တပ်ရင်းများရဲ့ ဦးဆောင်မှုအောက်က တော်လှန်ရေး ပူးပေါင်းတပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်က ပြည်သူ့စစ်များ အပါအဝင် (၁၅) ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့မှာ စစ်ကြောင်း နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ နန်းစောင်းပုရွာသစ် တိုက်ပွဲမှာ အိန္ဒိယနိုင်ငံသား ကသည်းသူပုန် အပါအဝင် စစ်သုံ့ပန်း ၇ ဦးကို ဖမ်းဆီးရမိ
စက်တင်ဘာ ၁၁ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းစောင်းပုရွာသစ် တိုက်ပွဲမှာ အိန္ဒိယနိုင်ငံမှ ကသည်းသူပုန် အပါအဝင် စစ်သုံ့ပန်း (၇) ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
နန်းစောင်းပုရွာကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို စက်တင်ဘာလ ၂ ရက်နေ့က တိုက်ခိုက်ခဲ့ရာ အိန္ဒိယနိုင်ငံသား ကသည်းသူပုန် အပါအဝင် သုံ့ပန်း (၇) ဦး၊ အလောင်း (၄) လောင်းနဲ့ လက်နက် (၅) လက်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။
၎င်းစစ်ကြောင်းကို စစ်ကော်မရှင်ရဲ့ ဒကစ(ကလေး) လက်အောက်ခံ တတက (၁၀) မှ ဗိုလ်မှူးရဲမျိုးမင်း၊ ဗိုလ်ကြီး ပြည့်ဖြိုးအောင်နဲ့ ဗိုလ်ကြီး နိုင်ဝင်းစိုးတို့က ဦးစီးကာ ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ (၆)၊ ခလရ (၈၇၊ ၂၂၉)၊ SNA တို့အပြင် အိန္ဒိယနိုင်ငံသား ကသည်း (ULFA) နဲ့ နာဂ (NSCN) သူပုန်အဖွဲ့တွေက အင်အား (၁၃၀) ခန့်ဖြင့် ထိုးစစ်ဆင်လာတာလို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းကို ကလေးခရိုင်၊ ကွပ်ကဲရေးမှူး ဦးစီးတဲ့ ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူး စစ်ကြောင်း၊ ကလေးမြို့နယ် ပလဖ နဲ့ Zoland PDF ပူးပေါင်းအဖွဲ့က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း MA-1 (၃) လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ 7.62 ကျည် (၂၇၇) တောင့်၊ 5.56 ကျည် (၈၉) တောင့်၊ RPG ဗုံးသီး (၁) လုံး၊ RPG ပို့ယမ်း (၃) ခု၊ နင်းမိုင်း (၁၂) ခု၊ မိုင်းရှင်းစက် (၁) လုံး၊ ကျည်အိမ်မျိုးစုံ (၁၉) ခုနဲ့ မူးယစ်ဆေး အမျိုးအစား (၃) မျိုးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကလေးခရိုင်အတွင်း ပြီးခဲ့တဲ့ ဩဂုတ်လကစတင်ပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ကသည်း (ULFA) နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့များကို တိုက်ပွဲများမှာ စတင် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ အမှတ် (၁) စစ်ဒေသက အသိပေးထားပါတယ်။
========================
🚩🚩 ၅။ သပိတ်ကျင်းနဲ့ မတ္တရာ မြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ
စက်တင်ဘာ ၁၁ ရက်၊
Radio NUG
မန္တလေးတိုင်း၊ သပိတ်ကျင်း နဲ့ မတ္တရာ မြို့နယ်တို့မှာ စစ်ကော်မရှင် တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၅ ဦး၊ သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ MDY-PDF နဲ့ Voice of Mandalay က သတင်း ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၁ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှာ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါးနီကျေးရွာကို စစ်ကော်မရှင် တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ MDY PDF က ဆိုပါတယ်။
ထို့အပြင် ညနေ ၅ နာရီခွဲခန့်မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း ကျေးရွာရှိ လူနေရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ ၂ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မတ္တရာမြို့နယ် အရှေ့ခြမ်း၊ ရှာစေးချက်လေး ရွာကို စက်တင်ဘာလ ၁၀ ရက်နေ့၊ ည ၁ နာရီ ၄၉ မိနစ် ခန့်မှာ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက် ခဲ့တယ်လို့ Voice of Mandalay ထုတ်ပြန်ထားပါတယ်။
၎င်းလေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကာ နွား ၇ ကောင်၊ ဝက် ၁ ကောင် နဲ့ ကြောင် ၁ ကောင် သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ ဝက်လက်မြို့နယ်အရှေ့ခြမ်းနှင့် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် အရပ်သားတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့
စက်တင်ဘာ ၁၁
Radio NUG
စက်တင်ဘာ ၁၁ ရက်နေ့တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ တပ်ရွာအောက်ရွာနှင့် အထက်ရွာသို့ စစ်ကော်မရှင်တပ်ဖွဲ့များ ထပ်မံဝင်ရောက်လာပြီး၊ ဦးနှောက်ချို့ယွင်းသူ အမျိုးသားတစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး ပစ်သတ်ခဲ့ကာ ၎င်း၏ရုပ်အလောင်းကို မြစ်ထဲသို့ ပစ်ချခဲ့ကြောင်း The voice of wetlet madayar မှ အသိပေးထုတ်ပြန်ပါတယ်။
ထိုနေ့တွင်ပင် နေ့လယ် ၁:၂၇ နာရီခန့်တွင် စိန်ပန်းကုန်းအနောက်ဘက်မှ သင်္ဘောများဖြင့် စုန်ဆင်းလာသော စစ်ကော်မရှင်တပ်ဖွဲ့များသည် အေးကျွန်းရွာနှင့် ပတ္တမြားကျွန်းရွာများသို့ ဝင်ရောက်ကာ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စက်တင်ဘာ ၁၁ ရက် ညနေ ၆:၁၅ ခန့်တွင် စစ်ကိုင်းမြို့နယ် မြောက်ခြမ်း၊ တလိုင်းရွာသို့ စစ်ကော်မရှင်တပ်ဖွဲ့များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ၎င်းတို့၏ ရှေ့ပြေးအင်အားအချို့သည် ရွာတောင်ဘက် မကျည်းပင်အနီးသို့ ရောက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၀ ရက်တွင်လည်း ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း၊ တပ်ရွာအထက်ရွာရှိ အိမ်ခြေ ၅၀ ခန့်နှင့် အမှတ် ၃ ခရိုင်ချင်းဆက်လမ်းမပေါ်ရှိ ပြည်သူပိုင်နေအိမ်များကို ညနေ ၅:၅၃ ခန့်တွင် တစ်ကြိမ်၊ တပ်ရွာအောက်ရွာရှိ နေအိမ်များကို ည ၉:၀၀ ခန့်တွင် နောက်တစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment