၂၀၂၅ စက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံဆန္ဒပြပွဲများ ပြင်သစ်နှင့် တောင်ကိုရီးယားတို့တွင် ပြုလုပ်
📌 ၂။ အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်များဖြင့် ချီတက်သပိတ်မှောက်ခဲ့
📌 ၃။ ချင်းပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်နိိမိတ်အနီး ရစ်ခ်တာစကေး (၄.၁) အဆင့်အင်အား အနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်
📌 ၄။ နေပြည်တော် တပ်ရင်း - ၈၀၈ မှ ပြုလုပ်တဲ့ ဂန်းအလက် (၂၀) ဝယ်ယူရန်အတွက် “အော်ပရေးရှင်း စစ်တောင်း” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ပေးကြရန် ဖိတ်ခေါ်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမောက်မြို့သိမ်းအောင်ပွဲ PDF များကို ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ဂုဏ်ပြု
🚩 ၂။ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ကျီစုရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်
🚩 ၃။ မိုးကုတ်မြို့နယ် ဘုရားသုံးဆူကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး ထပ်မံ ကြဲချတိုက်ခိုက်
🚩 ၄။ လေးကေကော်မြို့သစ်ကို သိမ်းယူဖို့ အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေ
🚩 ၅။ တောင်သာမြို့နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်းစောင့် ရဲများမှ မင်းကန်ရွာမှ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိန်းမှုကျူးလွန်ခဲ့
🚩 ၆။ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ တပ်သား (၂) ဦး အလင်းဝင်ရောက်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံဆန္ဒပြပွဲများ ပြင်သစ်နှင့် တောင်ကိုရီးယားတို့တွင် ပြုလုပ်
ပြင်သစ်နိုင်ငံ ပါရီမြို့နှင့် လီယွန်မြို့ကြီးများတွင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံဆန္ဒပြပွဲ Global Action for Credential Campaign 2025 ကို ဒေသစံတော်ချိန် စက်တင်ဘာ (၂၁) ရက်က ကျင်းပခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
ဆန္ဒပြပွဲတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့် ကုလသမဂ္ဂမျက်နှာစာတွင် မြန်မာပြည်သူများ၏ အသံအတွက် ဆက်လက်ပြောကြားပေးနိုင်ရေး၊ ဆက်လက် ကိုယ်စားပြုခွင့်ရရေးကို အဓိကထားတောင်းဆိုခဲ့ကြပါတယ်။
ထို့အပြင်အမေစုဆေးကုသခွင့် အမြန်ဆုံးရရှိရေးနှင့် မတရားသဖြင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက်လည်း တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲအတွက် ဦးဆောင်စီစဥ်သော ပြင်သစ်ရောက်မြန်မာများအသင်း၊ ပါရီ၊ လီယွန် အပါအဝင် မြန်မာ့အရေးအတွက် သွေးမအေးပဲ စီစဥ်ခဲ့ကြသူ၊ ပူးပေါင်းပါဝင်ခဲ့ကြသူ ပြင်သစ်ရောက်တော်လှန်ရေးညီအစ်ကိုမောင်နှမများအားလုံးကို အသိမှတ်ပြု ကျေးဇူးတင်အပ်ကြောင်း ဖော်ပြထားပါတယ်။
အလားတူ တောင်ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့၊ မြောင်ဒုံမှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေး ထောက်ခံဆန္ဒပြပွဲကို စက်တင်ဘာ (၂၁) ရက်နေ့၊ နေ့လည်ပိုင်းအချိန်မှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး (ကိုရီးယား) ထံမှ သိရပါတယ်။
အကြိမ် (၈၀) မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြည်သူ့သူရဲကောင်း ဦးကျော်မိုးထွန်းရဲ့နေရာ ဆက်လက်တည်ရှိနေရေး၊ အဲဒီကမှတဆင့် နိုင်ငံ့ကိုယ်စားလှယ်အဆင့်အတန်း ရရှိရေးတို့အတွက် မြန်မာပြည်သူများရဲ့ တောင်းဆိုချက်ကို ကိုရီးယားအစိုးရထံသို့ အိတ်ဖွင့်ပေးစာအဖြစ် ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။
ဆန္ဒပြပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက တော်လှန်ရေး အခြေအနေများကို အကျယ်တဝင့် ပြောကြားပြီး ညီညွတ်စည်းလုံးစွာ အောင်ပွဲရတဲ့အထိ လုပ်ဆောင်ကြရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်။
မနေ့က ဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) က တာဝန်ခံကျင်းပပြီး၊ ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဖွဲ့အစည်းများ နဲ့ တက်ရောက်လာသူများကလည်း တော်လှန်ရေးကို ယုံကြည်မှုခိုင်မာစွာ ဆက်လက်ချီတက်ရန်၊ မသမာသူများရဲ့ အန္တရာယ်ကို ရှောင်ရှားရန်နှင့် အချင်းချင်း စည်းလုံးညီညွတ်ရန် ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်များဖြင့် ချီတက်သပိတ်မှောက်ခဲ့
အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်များဖြင့် ချီတက်သပိတ်မှောက်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု၊ ယင်းမာပင်မြို့နယ်သပိတ်အင်အားစု၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ တကသကျောင်းသားဟောင်းများအင်အားစု ရန်ကုန် နှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ ပြည်သူများနှင့်အတူ သပိတ်စုံမှ အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်များဖြင့် ချီတက်သပိတ်မှောက်ခဲ့တယ်လို့သိရပါတယ်။
တရားမဝင်အတုအယောင်ရွေးကောက်ပွဲသည် အကြမ်းဖက်စစ်တပ်အတွက် နိုင်ငံရေးထွက်ပေါက် တစ်ခုသာ ဖြစ်ပြီး ပြည်သူလူထုအတွက် ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာကို ကျေးရွာတွေလှည့်ပြီး သပိတ်တရားဟောခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၃။ ချင်းပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်နိိမိတ်အနီး ရစ်ခ်တာစကေး (၄.၁) အဆင့်အင်အား အနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် (၁၃:၄၂) မိနစ်အချိန်ခန့်တွင် ချင်းပြည်နယ်၊ ပလက်ဝခရိုင်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်နိိမိတ်အနီး၊ မြေအောက်အနက် (၂၃၈) ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး (၄.၁) အဆင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၄။ နေပြည်တော် တပ်ရင်း - ၈၀၈ မှ ပြုလုပ်တဲ့ ဂန်းအလက် (၂၀) ဝယ်ယူရန်အတွက် “အော်ပရေးရှင်း စစ်တောင်း” ကမ်ပိန်းတွင် ပြည်သူများ ပါဝင်ပေးကြရန် ဖိတ်ခေါ်
နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော် PDF တပ်ရင်း - ၈၀၈ မှ ရဲဘော်များအတွက် ဂ_န်းအလက် (၂၀) ဝယ်ယူနိုင်ရန် ပြုလုပ်နေတဲ့ “အော်ပရေးရှင်း စစ်တောင်း” ကမ်ပိန်းဟာ နေပြည်တော်ရဲ့ နေရာတိုင်းမှာ အလံတွေလွင့်ထူနိုင်ဖို့အတွက် ကြိုးစားပြုလုပ်နေတဲ့ကမ်ပိန်း ဖြစ်တယ်လို့ သိရပါတယ်။
"ကျပ်သိန်း ၂,၀၀၀ နဲ့ နေပြည်တော်အထိ တက်လှမ်းနိုင်ဖို့ဆိုတာဝေးပါသေးတယ်။ သို့သော် လိုအပ်တာတွေ တပ်ဆင်ပြီး တဖြေးဖြေးချင်း တစ်လှမ်းချင်း အရောက်လှမ်းသွားမှာပါ။" လို့ ကမ်ပိန်းက ဆိုပါတယ်။
လူထုမှ ယုံကြည်စွာ ထောက်ပံ့ပေးမှုကို လူထုယုံကြည်မှုကို လက်ဆုပ်ကိုင်၍ ဆက်လက်ကြိုးစားသွားမည်ဖြစ်ပြီး လူထုတစ်ဦးတစ်ယောက်ချင်းတိုင်းမှ
ထောက်ပို့ပေးပါသော ဂ_န်း တစ်လက်ချင်းစီတိုင်းကို မိမိတို့အသက်ထက် တန်ဖိုးထားပါကြောင်း၊ ဆက်လက်၍လည်း လှူဒါန်းပေးကြဖို့နဲ့
ဂ_န်းတစ်လက်စာလှူဒါန်းမှုများကို သေနတ်အပေါ်တွင် လေဆာဖြင့် နာမည်များ ထိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“အော်ပရေးရှင်း စစ်တောင်း” ကမ်ပိန်းကို ပါဝင်ပေးမည့် ထောက်ပို့ပြည်သူ ညီအကိုမောင်နှမများအနေဖြင့် သေနတ်တစ်လက်လုံးစာအတွက်လည်း ထောက်ပို့နိုင်သလို အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းလိုက်လည်း ထောက်ပို့နိုင်တယ်လို့လည်း ဆိုထားပါတယ်။
"လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကြောင့်လှူဒါန်းလိုက်သည့် ဂန်းအား အသက်ထက်တန်ဖိုးထားကိုင်တွယ်ပါမယ်ဟု ကတိသစ္စာပြုပါသည်။ ဒါကြောင့် ကျွန်တော်တို့ အော်ပရေးရှင်း စစ်တောင်း ကမ်ပိန်းကို ဝိုင်းဝန်းပေးကြပါ" လို့လည်း တောင်းဆိုထားပါတယ်။
ကမ်ပိန်းကာလကတော့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်မှ နိုဝင်ဘာလ (၁၀) ရက်နေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီက ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမောက်မြို့သိမ်းအောင်ပွဲ PDF များကို ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ဂုဏ်ပြု
တော်လှန်ရေးတပ်များ ဗန်းမောက်မြို့သိမ်းအောင်ပွဲရရှိခဲ့မှုအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/ KIA) ခေါင်းဆောင်တဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ဂုဏ်ပြုလိုက်ပါတယ်။
ဗန်းမောက်မြို့ကိုတော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် မြို့အဝင် ဆိုင်းဘုတ်ရှေ့၌ PDF အလံလွှင့်ထူအောင်ပွဲခံခဲ့သည့် ရုပ်သံမှတ်တမ်းကို People’s Spring က သတင်းဖော်ပြခဲ့ရာမှာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဝင်ရောက်မှတ်ချက်ရေးသားဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။
“အတွေ့အကြုံနဲ့ စွမ်းရည်မြင့်လာသော PDF။ ပြည်သူ့အတွက် အောင်ပွဲတွေ ပိုပြီး ရရှိနိုင်ပါစေ” ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က မှတ်ချက်ရေးသားခဲ့တာပါ။
ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၏ အဆိုပါမှတ်ချက်အား လူမှုကွန်ယက်အသုံးပြုသောပြည်သူများက ကျေးဇူးတင်လေးစားကြောင်း တုန့်ပြန်မှတ်ချက်ရေးသားခဲ့ကြသည်ကိုလည်း တွေ့ရပါတယ်။
စစ်ကောင်စီနှင့် လက်အောက်ခံ ရှမ်းနီ SNA တို့ တပ်စွဲထားသည့် ဗန်းမောက်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးကို တော်လှန်ရေးပူးပေါင်းတပ်က စက်တင်ဘာ (၁၅) ရက်တွင် စတင်ခဲ့ရာ တိုက်ပွဲ (၆) ရက်မြောက်နေ့မှာ မြို့ကိုသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ရေးဖော်ဆောင်ခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာ (၁၉) ရက်တွင် ပြောပြထားပါတယ်။
တော်လှန်ရေးတပ်များက ဗန်းမောက်မြို့ကိုသိမ်းယူခဲ့သဖြင့် ယခုအခါ စစ်ကိုင်းတိုင်း၌ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော မြို့ (၇) မြို့အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
========================
🚩🚩 ၂။ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ကျီစုရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်
ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ကျီစုရွာကို အကြမ်းဖက်စစ်တပ်ရဲ့ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာက စက်တင်ဘာလ (၁၁) ရက်နေ့ မနက် (၀၁း၂၄) နာရီ နှင့် (၀၁း၂၉) နာရီတို့မှာ ဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း အသက် (၅၅) နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီး တစ်ဦး သေဆုံးခဲ့သလို အမျိုးသား (၆) ဦး နဲ့ အမျိုးသမီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
“တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ကျီစုရွာ စစ်ရှောင်ပြည်သူတွေ နေထိုင်တဲ့နေရာကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာပါ။ ပြည်သူတွေ သေဆုံး ဒဏ်ရာရပါတယ်။ စာသင်ကျောင်းနဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာလည်း အကြမ်းဖက်စစ်တပ်က ကျီစုရွာမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနှင့် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
========================
🚩🚩 ၃။ မိုးကုတ်မြို့နယ် ဘုရားသုံးဆူကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး ထပ်မံ ကြဲချတိုက်ခိုက်
စက်တင်ဘာ ၂၂ ၊ ၂၀၂၅
တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ဘုရားသုံးဆူကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကို မနေ့က ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က စက်တင်ဘာ (၂၂) ရက် မနက်မှာ သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ဘုရားသုံးဆူကျေးရွာကို စက်တင်ဘာ (၂၁) ရက်၊ နေ့လည် (၂း၂၀) အချိန်မှာ ဗုံးကြဲခဲ့တာကြောင့် ကြက်မွေးမြူရေးခြံပေါ် ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၀) ရက်နေ့မှာ ကျောက်မဲမြို့နယ်၊ လွယ်အံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပြည်သူများကို ဦးတည်ပြီး ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ဗုံးစထိမှန် ပျက်စီးခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာလအတွင်း လေကြောင်းကနေ ကျောက်မဲမြို့နယ်ကို (၅) ကြိမ်၊ သီပေါမြို့နယ်ကို (၁) ကြိမ်၊ မိုးကုတ်မြို့နယ်ကို (၁) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အထက်ပါ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၇) လုံး၊ စာသင်ကျောင်း (၁) ကျောင်း၊ဘုန်းကြီးကျောင်း (၁) ကျောင်း၊ ကား (၁) စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်တယ်လို့ TNLA က အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ လေးကေကော်မြို့သစ်ကို သိမ်းယူဖို့ အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေ
ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက်ခြမ်း ထိုင်း-မြန်မာ နယ်စပ် လေးကေကော်မြို့သစ်ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် စက်တင်ဘာလ (၂၂) ရက်နေ့ မနက်အစောပိုင်းမှစတင်ကာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်း (၃) ခုဖြင့် စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သတင်းရရှိပါတယ်။
လေးကေကော်ကိုသိမ်းယူဖို့အတွက် တပ်မ -၂၂၊ တပ်မ - ၅၅ လက်အောက်ခံတပ်တွေပါတဲ့ စစ်ကြောင်းဟာ အခုရက်ပိုင်းအတွင်း မြဝတီမြို့ကတဆင့် လေးကေကော်မြို့ဆီ စစ်ကြောင်းထိုးနေပြီး ဒီနေ့မနက်ပိုင်းမှာတော့ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ အမှတ် (၂၇၅) ခြေလျင်တပ်ရင်းကနေ လေးကေကော်မြို့ ဘက်ဆီ လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဟိုကောင် (အကြမ်းဖက်စစ်တပ်) တွေ (၂၇၅) ကနေ ပစ်ထုတ်နေတယ်လေ လေးကေကော်ထဲကို၊ သုံးလုံးတစ်တွဲ သုံးလုံးတစ်တွဲနဲ့ ပစ်ထုတ်နေတယ်” လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သံများကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စပ်အထိ ကျယ်လောင်စွာ ကြားရကြောင်း မဲဆောက်မြို့နေထိုင်သူများထံမှလည်း သိရှိရပါတယ်။
မြဝတီမြို့ ရဲ့ ဝင်ပေါက်ဖြစ်တဲ့ သင်္ဃန်းညီနောင်တပ်နယ်ကို ပြန်သိမ်းပြီးနောက်မှာ စစ်ကောင်စီတပ်ဟာ မြဝတီမြို့ တောင်ဘက်ခြမ်းရှိ KNU နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ထိုးစစ်ဆင်နေတာပါ။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လက်ခတ်တောင်စခန်းကုန်းကို သိမ်းခဲ့ပြီးနောက် လေးကေကော်ဘက်ဆီလည်း စစ်ဦးတည်ခဲ့တာပါ။
ဒါအပြင် လေးကေကော်မြို့ကတဆင့် မြဝတီ - ဝေါ်လေ လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေသလို ဝေါ်လေမြို့ နဲ့ စုကလိမြို့တွေကိုလည်း ပြန်လည်သိမ်းဖို့ အကြမ်းဖက်စစ်တပ်က ပြင်ဆင်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
မြဝတီမြို့နယ်ထဲက လေးကေကော်မြို့သစ်ကို ၂၀၁၅ ခုနှစ်မှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ စတင်ထူထောင်ပြီး အိမ်ခြေ (၆၀၀) ကျော်နဲ့လူဦးရေ သုံးထောင်ခန့် နေထိုင်ကာ မြို့သစ်ရဲ့လုံခြုံရေးကိုတော့ KNU က တာဝန်ယူတာလည်းဖြစ်ပါတယ်။
(၂၀၂၁) ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လေးကေကော်မြို့သစ်မှာ စစ်ကောင်စီကို ဆန့်ကျင်သူတွေ ခိုလှုံခဲ့ပြီး (၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်က မြို့ထဲကိုဝင်ပြီး ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်ခဲ့လို့ KNU တပ်ရင်း (၂၇) နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
========================
🚩🚩 ၅။ တောင်သာမြို့နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်းစောင့် ရဲများမှ မင်းကန်ရွာမှ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိန်းမှုကျူးလွန်ခဲ့
မန္တလေးတိုင်း၊တောင်သာမြို့နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်းစောင့် ရဲများမှ မင်းကန်ရွာမှ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိန်းမှုကျူးလွန်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာ (၇) နေ့ ညနေ (၆း၀၀) နာရီခန့်က ဘိုးဘွားဂိတ်အနီးရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့်ရဲများမှ မင်းကန်ရွာမှ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး မုဒိန်းမှုကျူးလွန်ခဲ့ကြောင်း လူထုလှုပ်ရှားမှု့ကော်မတီ (တောင်သာ) က တရားဝင်အတည်ပြုထားပါတယ်။
ကျူးလွန်ခံရသည့် အမျိုးသမီးသည် ညနေအလုပ်ပြန် ရေခပ်ဆင်းချိန်တွင် တရုတ်ပိုက်လိုင်းစောင့်များမှ စစ်ဆေးစရာရှိသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီး ည (၉း၀၀) နာရီတွင် ပြန်လွှတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း မနက်ခင်းမှသာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းဖြစ်စဉ်ကြောင့် တောင်သာရဲစခန်းတွင် အမှုဖွင့်လှစ်ထားသော်လည်း မြို့နယ်စစ်ကော်မရှင်မှ ထိထိရောက်ရောက် ဆောင်ရွက်ပေးထားခြင်းမရှိသေးကြောင်း သိရပါတယ်။
အလားတူစက်တင်ဘာ (၁၀) ရက်နေ့မှစ၍ ရုံးစည်ကြီး ရောက်ရှိတပ်စွဲထားသော မြင်းခြံ ပြည်သူ့စစ်အဖွဲ့နှင့် မှော်ဘီ ရဲတပ်ရင်း (၅) မှ ရဲစစ်ကြောင်းသည် ၎င်းတို့ရောက်ရှိစဉ်ကာလအတွင်း အမျိုးသမီး (၆) ဦး ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်ထားပြီး တိုက်တစ်လုံးအတွင်း ထိနိးသိမ်းထားကာ ဆို/က ပြုလုပ်ခိုင်းခြင်းနှင့် နေ့စဉ် မုဒိန်းမှုများ ကျူးလွန်လျှက်ရှိကြောင်းလည်း လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ) က ဆိုထားပါတယ်။
========================
🚩🚩 ၆။ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ တပ်သား (၂) ဦး အလင်းဝင်ရောက်လာ
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီ (တနောသရီ) မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ တပ်သား(၂) ဦးဟာ စက်တင်ဘာ (၂၀) ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ခလရ တပ်ရင်း(၂၈၀) မှ တပ်သား (၂) ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၁) ထံကို အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
အဆိုပါတပ်သား (၂) ဦးမှာ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်နေချိန်မှာ အဖမ်းခံရပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ၊ ကော့သောင်းဘက်ကို ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ပြန်လည်ပို့ဆောင်ခံရပြီးနောက် ကျွန်းစုမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို ခံခဲ့ရတာဖြစ်ပြီး စစ်သင်တန်း (၃) လ တက်ရောက်ခဲ့ရပြီးနောက်မှာ ရှေ့တန်းစစ်မြေပြင်ဖြစ်တဲ့ သိန်းခွန်းဘက်ကို အပို့ခံခဲ့ရချိန်မှာ ထွက်ပြေးခဲ့တာဖြစ်တဲ့အတွက် လက်နက် မပါဘဲ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment