၂၀၂၅ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ရန် NUCCနှင့် NUG တွေ့ဆုံ
📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာများကို NUG ကြိုဆို
📌 ၃။ ဩဂုတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၁၃.၁၇) သန်း ပံ့ပိုးပေးနိုင်ခဲ့
📌 ၄။ ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) မှ (၃၄) နှစ်ပြည့် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ အခမ်းအနားအား ဂုဏ်ပြုကျင်းပ
📌 ၅။ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ဒေါ်စန္ဒာမင်း ပါဝင်တဲ့ NDFပါတီအပါအဝင် ပါတီ ၄ ခုကို ဖျက်သိမ်း
📌 ၆။ CDM စစ်သား/ရဲသား/မိသားစုဝင်များအတွက် “စွန့်ဦးဖောက်ထွက် အနာဂတ်အတွက်” အသေးစားသက်မွေးလုပ်ငန်းများ ပျိုးထောင်ခြင်း အစီအစဉ် စတင်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်ကို KNU သဝဏ်လွှာပေးပို့
🚩 ၂။ ထီးလင်းနဲ့ တနင်္သာရီမှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ ကားတန်းတို့ကို စောင့်ကြိုတိုက်ခိုက်ခဲ့
🚩 ၃။ ဝက်လက်မှာ စစ်ကော်မရှင်က Y12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံး
🚩 ၄။ ရေဖြူမြို့နယ်၊ ရာဖူးရွာကို စစ်ကော်မရှင်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် တဦး သေဆုံး
🚩 ၅။ ဖားကန့်မြို့နယ်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ ဦး ဒဏ်ရာရ
🚩 ၆။ စစ်ကော်မရှင်တပ်မှ တပ်သားတစ်ဦး လက်နက်နဲ့တကွ (DPLA)ထံ အလင်းဝင်ရောက်
🚩 ၇။ နတ်မောက်မြို့နယ်တွင် ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်များကို PDF တပ်ရင်းက မိုးတွင်းအရန်ရိက္ခာများ ဝေငှပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ရန် NUCCနှင့် NUG တွေ့ဆုံ
စက်တင်ဘာ ၉
Radio NUG
တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုများရရှိရေးကို ရည်ရွယ်ကြိုးပမ်းသွားမည့် ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်အကောင်အထည်ဖော်နိုင်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြား တွေ့ဆုံမှုတခုကို စက်တင်ဘာလ ၉ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေးကို အကောင်အထည်ဖော်နိုင်ရန်အတွက် အပြန်အလှန်ဆွေးနွေးခြင်းနှင့် နှစ်ဖက် ပူးတွဲလုပ်ဆောင်နိုင်ကြမည့် နည်းလမ်းများကို စုစည်းဖော်ထုတ်ခြင်းများပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာများကို NUG ကြိုဆို
စက်တင်ဘာ ၉
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တူရ့်ခ်နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုးလပ်စ် ကူမ်ဂျီယန်တို့၏ အစီရင်ခံစာများနှင့် ဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ကြေညာပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တူရ့်ခ်က “မြန်မာနိုင်ငံတစ်ဝှမ်း အရပ်သားများသည် အရက်စက်ဆုံးသော ဒုက္ခများကို ရင်ဆိုင်နေရပြီး အခြေအနေသည် နိမ့်ကျမှု အဆင့်သစ်သို့ ရောက်ရှိနေသည်”လို့ ဖော်ပြခဲ့သလို (IIMM) အကြီးအကဲ နီကိုးလပ်စ် ကူမ်ဂျီယန်ကလည်း “မြန်မာနိုင်ငံတွင် နိုင်ငံတကာရာဇဝတ်မှုများ မကြာခဏ ပိုမိုကျူးလွန်လာနေပြီး ပြည်သူများ၏ ဆင်းရဲဒုက္ခသည် ပိုမိုဆိုးရွားလာသည်” လို့ ဆိုထားကြောင်း သိရပါတယ်။
အစီရင်ခံစာများတွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများဖြစ်သည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ပြန်ပေးဆွဲပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းခြင်း၊ ဖမ်းဆီးထားသူများကို စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ လူသားချင်းစာနာမှု အကူအညီများကို ပိတ်ပင်ခြင်း၊ နေအိမ်များ၊ ဆေးရုံများ၊ ဘာသာရေးနေရာများ၊ စစ်ဘေးရှောင်စခန်းများနှင့် ကျောင်းများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းတို့ကို ဖော်ပြထားပါတယ်။
ထို့ပြင် ရိုဟင်ဂျာနှင့် အခြားလူနည်းစုများအပေါ် ဖိနှိပ်မှုများ ပိုမိုဆိုးရွားလာနေသည်ကိုလည်း မီးမောင်းထိုးပြခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက “ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ရိုဟင်ဂျာလူနည်းစုအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်မှုသည် ပိုမိုဆိုးရွားလာသည်”လို့ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
NUGအနေဖြင့် ကုလသမဂ္ဂလူ့အခွင့်အရေးရုံး (OHCHR) နှင့် IIMM ၏ လုပ်ဆောင်ရန် တောင်းဆိုချက်များကို ထောက်ခံပြီး
- မြန်မာနိုင်ငံ၏ အခြေအနေတစ်ခုလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းရန် လုံခြုံရေးကောင်စီကို ဖိအားပေးခြင်း
- ရိုဟင်ဂျာများကို ကာကွယ်ရန် နိုင်ငံတကာတရားရုံး (ICJ) ၏ ယာယီအမိန့်များကို အပြည့်အဝ လေးစားလိုက်နာခြင်း
- စစ်ကောင်စီသို့ လက်နက်၊ ဂျက်လေယာဉ်ဆီနှင့် နှစ်ဖက်သုံးပစ္စည်းများ စီးဆင်းမှုကို အလျင်အမြန် ရပ်တန့်ရန် နိုင်ငံများကို ဖိအားပေးခြင်း
- နိုင်ငံများအနေဖြင့် နိုင်ငံတကာဒုက္ခသည်များအတွက် ဘေးကင်းပြီး သိက္ခာရှိသော လမ်းကြောင်းများ ဖန်တီးပေးရန်နှင့် ပြည်ပနှင်ထုတ်ပို့ခြင်းမူ (non-refoulement) ကို လေးစားခြင်း
- အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်၊ တည်ဆောက်သော ဆွေးနွေးမှု၊ ပြန်လည်သင့်မြတ်ရေးနှင့် လူ့အခွင့်အရေးကို လေးစားရန် တောင်းဆိုထားသည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကို အကောင်အထည်ဖော်ခြင်း
- လိုအပ်နေသည့် အရပ်သားများအတွက် လူသားချင်းစာနာမှု အကူအညီများအပေါ် ကန့်သတ်ချက်များအားလုံးကို ဖယ်ရှားခြင်း
- စစ်ကောင်စီ၏ လှည့်စားရွေးကောက်ပွဲအစီအစဉ်ကို ပိတ်ပင်ခြင်း စတဲ့ အချက်များအတွက် ဆက်လက်ပံ့ပိုးသွားမယ်လို့ ကတိပြုထားပါတယ်။
IIMM က မြန်မာလေတပ်၏ အမိန့်ပေးရာကွင်းဆက်ဆိုင်ရာ သက်သေများ စုဆောင်းနေပြီး UK နှင့် အခြားနိုင်ငံများမှ အာဏာပိုင်များအပြင် ICC၊ ICJ နှင့် အာဂျင်တီးနားသို့ သတင်းအချက်အလက်များ ပေးအပ်နေသည်ကို ကျေနပ်အားရဖွယ် တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ်ရန်၊ ပြစ်ဒဏ်ကင်းလွတ်မှုကို တန်ပြန်ရန်နှင့် မြန်မာပြည်သူများ၏ အကျိုးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို လှုပ်ရှားဆောင်ရွက်ရန် OHCHR နှင့် IIMM ၏ ဆက်လက်ကြိုးပမ်းမှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ဩဂုတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၁၃.၁၇) သန်း ပံ့ပိုးပေးနိုင်ခဲ့
စက်တင်ဘာလ ၉ ရက်၊
Radio NUG
၂၀၂၅၊ ဩဂုတ်လ တစ်လတာအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၂၁၃.၁၇) သန်းကို အမှန်တကယ် လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
တော်လှန်ပြည်သူများရဲ့ ပြည်သူမှ ပြည်သူ အလှူငွေများကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/ စစ်ဘေးရှောင် ပြည်သူ (၅၉,၀၅၄) ဦးရဲ့ အရေးပေါ် စားနပ်ရိက္ခာအတွက် ငွေကျပ် (၁၀၂.၈၁) သန်း၊ ထိတွေ့တိုက်ပွဲများမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူ (၁၇၄) ဦးနဲ့ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ပြည်သူ (၅၂၅) ဦး အတွက် အရေးပေါ် လူသားချင်း စာနာမှု အကူအညီအဖြစ် ငွေကျပ် (၅၁.၅၉) သန်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများနဲ့ ၎င်းတို့ မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၀.၇၅) သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအား ငွေကျပ် (၄၇.၄၂) သန်း၊ CDM ဝန်ထမ်းများနှင့် ၎င်းတို့ရဲ့ မိသားစုများအား ငွေကျပ် (၅.၆၀) သန်းနဲ့ အထွေထွေ လူသားစာနာမှု အကူအညီအဖြစ် ငွေကျပ် (၅.၆၀) သန်းကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးဌာနအနေဖြင့် ဩဂုတ်လ တလတာ ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေများကို အစီရင်ခံတင်ပြရင်း ၄ နှစ်ကျော် တော်လှန်ရေး ကာလအတွင်း အဖက်ဖက် အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံ ပါဝင်တော်လှန်နေသော ပြည်သူ တဦးချင်းစီတိုင်းရဲ့ လုပ်ဆောင်ချက်များ၊ ထားရှိတဲ့ စိတ်ဓါတ်များကို လေးစားဂုဏ်ယူမိကြောင်း၊ ရှေ့ဆက်လည်း ယခုလို မလျော့သောဇွဲဖြင့် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြပါစေကြောင်း တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) မှ (၃၄) နှစ်ပြည့် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ အခမ်းအနားအား ဂုဏ်ပြုကျင်းပ
စင်တင်ဘာ ၉
Radio NUG
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ကရင်အမျိုးသားရဲတပ်ဖွဲ့ (K.N.P.F) မှ စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၃၄) နှစ်ပြည့် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့အား အကျဥ်းချုပ် ဂုဏ်ပြုကျင်းပခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ အမှတ် (၆) တပ်မဟာအတွင်း ကရင်အမျိုးသား ရဲတပ်ဖွဲ့ (K.N.P.F) မှ ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ ပြည်သူလူထု ဘေးကင်းလုံခြုံမှုရှိစေရေး၊ မှုခင်းကြိုတင်တားဆီးရေး၊ ဖြစ်ပေါ်လာသော ရာဇ၀တ်မှုခင်းများကို ကော်သူးလေရာဇ၀တ် ဥပဒေကျင့်ထုံးအရ ဆက်လက်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို အဓိကထားလုပ်ဆောင်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ ကော်သူးလေနယ်မြေအတွင်း တရားဥပဒေစိုးမိုးမှုရှိစေရန် မှုခင်းကြိုတင်တားဆီးရေး အစီအစဥ်များဖြစ်သည့် ယာဥ် မဆင်မခြင်မောင်းနှင်သူများအား စာရင်းပြုစုကာ မူးယစ်ဆေး၀ါးသုံးစွဲမှု ရှိ/မရှိ စစ်ဆေးမှုပြုခြင်း၊ တောပုန်းသေနတ် စာရင်းများပြုစုခြင်း၊ ဒေသခံပြည်သူများ မဟုတ်သည့် ရပ်ဝေးရပ်ခြားမှ လာရောက်အလုပ် လုပ်ကိုင်သူများအား စာရင်းပြုစုခြင်း၊ ဒေသခံပြည်သူလူထုများ၏ သက်ဆိုင်ရာဒေသမှ တောင်းဆိုမှုအပေါ် မူးယစ်ဆေးဝါးဟန့်တားလျှော့ချရေး လုပ်ငန်းအစီအစဥ်များ လုပ်ဆောင်ခြင်းနှင့် လိုအပ်မှုအပေါ် ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှု စသည်များ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
စိန်ခေါ်မှုတစ်ရပ်အနေဖြင့် (K.N.P.F) ကရင်အမျိုးသားရဲတပ်ဖွဲ့ မှ လတ်တလော အခြေအနေတွင် ကော်သူးလေ ဒေသအတွင်း တရားဥပဒေစိုးမိုးမှု နည်းပါးနေသေးသလို စစ်ပူကာလလည်း ဖြစ်နေသည့်အတွက် မူးယစ်ဆေးဝါး ပေါများနေပြီး မသမာသည့် စီးပွားရေးသမားများမှ တရားဥပဒေစိုးမိုးမှု မရှိစေရေးအတွက် လုပ်ဆောင်ရာ၌ လမ်းကြောင်းများ ပွင့်နေခြင်းကြောင့် ရဲနှင့် မှုခင်းစုံစမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။
ထို့ကြောင့် ဒေသအတွင်းရှိ ပြည်သူလူထုများအနေဖြင့် နိုင်ငံရေးအသိစိတ် နိုးကြားမှုများ ရှိစေရန်နှင့် ကော်သူးလေ တရားဥပဒေ ဆိုင်ရာ လုပ်ငန်းများကို နားလည်သိရှိနိုင်ရန် Community Legal Volunteer (C.L.V) နှင့် ကရင်အမျိုးသား ရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ကာ ပြည်သူလူထုထံသို့ လိုက်လံချပြသည့် ပညာပေးရေး အစီအစဥ်များလည်း ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
ထိုသို့ ကော်သူးလေ တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် ဥပဒေ ဘက်တော်သားများ ဖြစ်ကြသည့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များ၊ (K.N.L.A) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ (K.N.D.O) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တို့အပြင် ပူးပေါင်းတပ်ဖွဲ့များအားလုံးနှင့် ပြည်သူလူထု တစ်ရပ်လုံး (K.N.P.F) ကရင်အမျိုးသား ရဲတပ်ဖွဲ့ နှင့်အတူ တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါ၀င် ကူညီဆောင်ရွက်မှု ပြုပေးပါရန် ဒူးပလာယာခရိုင် (K.N.P.F) ကရင်အမျိုးသားရဲတပ်ဖွဲ့မှူး ဗိုလ်မှူး စောငြိမ်းချမ်းမှ တိုက်တွန်း ပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ဒေါ်စန္ဒာမင်း ပါဝင်တဲ့ NDFပါတီအပါအဝင် ပါတီ ၄ ခုကို ဖျက်သိမ်း
စက်တင်ဘာ ၉
Radio NUG
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးပါတီ ၄ ခုကို ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
ဖျက်သိမ်းခံရသည့် ပါတီများမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပါတီများသည် သတ်မှတ်ထားသည့် လူဦးရေနှင့် ရုံးခန်းဖွင့်လှစ်မှု စည်းမျဉ်းများကို မလိုက်နာနိုင်သည့်အတွက် ၎င်းတို့၏ မှတ်ပုံတင်ကို ပယ်ဖျက်လိုက်ကြောင်း အကြောင်းပြထားပါတယ်။
NDF ပါတီသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ခွဲထွက်လာသူများက တည်ထောင်ခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်မည့် ရွေးကောက်ပွဲကို ထောက်ခံထားပါတယ်။
NLD ၏ အမတ်ဟောင်း ဒေါ်စန္ဒာမင်း အပါအဝင် NLD ပါတီဝင်တချို့သည် NDF သို့ ပြောင်းလဲခိုလှုံခဲ့ပြီး စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့ပါတယ်။
========================
📌📌 ၆။ CDM စစ်သား/ရဲသား/မိသားစုဝင်များအတွက် “စွန့်ဦးဖောက်ထွက် အနာဂတ်အတွက်” အသေးစားသက်မွေးလုပ်ငန်းများ ပျိုးထောင်ခြင်း အစီအစဉ် စတင်
စက်တင်ဘာ ၉
Radio NUG
နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်ရပ်တည် ဘက်ကူးပြောင်းလာခဲ့ကြသည့် CDM စစ်သား/ရဲသား/မိသားစုဝင်များကို စွန့်ဦးတီထွင်လုပ်ငန်းများတွင် အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရန်အတွက် ပြည်သူ့ပန်းတိုင်က “စွန့်ဦးဖောက်ထွက် အနာဂတ်အတွက်” အသေးစားသက်မွေးလုပ်ငန်းများ ပျိုးထောင်ခြင်းအစီအစဉ် (Entrepreneurship Incubation Program) ကို ဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်သည့် နည်းပညာအကြံပေး၊ ကြီးကြပ်ရေးအဖွဲ့ The Next Step Project အပါအဝင် လျှောက်လွှာ ရွေးချယ်မည့် ထိုင်း/အိန္ဒိယရှိ အသိုင်းအဝိုင်းအသီးသီးတွင် ဦးဆောင်လှုပ်ရှားနေသည့် (၅) ဦးပါ ရွေးချယ်မှုကော်မတီတို့ဖြင့် လုပ်ငန်းစတင်ခြင်း အစီအစဉ်ကို ၂၀၂၅၊ စက်တင်ဘာ ၉ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အစီအစဉ်တွင် လျှောက်ထားသူ CDM စစ်သား/ရဲသား/မိသားစုဝင်များ ထဲမှ တော်လှန်ရေးတွင် တက်ကြွစွာပါ၀င်နေမှု၊ ဆက်လက်ပါ၀င်လိုစိတ်နှင့် အသေးစားလုပ်ငန်းဆောင်ရွက်မှုတွင် လူ့အခွင့်အရေး၊ ကျင့်၀တ်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း၊ လုပ်ငန်း၏ ဖြစ်တန်စွမ်းများအပေါ် မူတည်သုံးသပ်၍ ကာလံဒေသံနှင့်အညီ ရွေးချယ်ရေးကော်မတီက မူများချမှတ်ကာ စိစစ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရပါက နယ်မြေဒေသနှင့် ဘဝအခြေအနေသစ်တွင် စွန့်ဦးစီးပွားရေးနှင့် သက်မွေးလုပ်ငန်းများ အောင်အောင်မြင်မြင် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် အခွင့်အလမ်းနှင့် လက်တွေ့စီမံလုပ်ဆောင်ရမှုများကို The Next Step Project အဖွဲ့နှင့်အတူ လေ့လာသင်ယူခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်ကို KNU သဝဏ်လွှာပေးပို့
စက်တင်ဘာလ ၉ ရက်၊
Radio NUG
ဗမာ့အမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်မှာ ကရင့်အမျိုးသား အစည်းအရုံး (KNU) က ထူးခြားတဲ့ ဝိသေသရှိသော တော်လှန်ရေးအဖွဲ့အစည်း တစ်ခုအဖြစ် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
အာဏာရှင် စနစ်ဆိုးအောက်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ဆိုးသွမ်း ရက်စက်လှတဲ့ ဖိနှိပ်အုပ်စိုးမှုများကို ကိုယ်တိုင် ရင်ဆိုင်တွေ့ကြုံခံစားရပြီး ဆန့်ကျင်တော်လှန်လာတဲ့ ဗမာတော်လှန်ရေး အဖွဲ့အစည်းများအထဲမှ ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ဟာ ထူးခြားတဲ့ဝိသေသရှိသော တော်လှန်ရေး အဖွဲ့အစည်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ ပြည်သူများအပေါ် မတရားဖိနှိပ် အကြမ်းဖက်မှုများကို မလိုလားတဲ့ တော်လှန်ရေးအဖွဲ့အစည်း အသစ်များစွာ ပေါ်ပေါက်လာခဲ့သလို BNRA ကလည်း အများနည်းတူ စနစ်ပြောင်းဖို့ ရည်ရွယ်ပြီး အသက်၊ သွေး၊ ချွေး၊ ခန္ဓာတွေ ရင်းနှီးပေးဆပ်ကာ ပြည်သူ့တော်လှန်ရေးမှာ ပါဝင်လာခဲ့တာ (၂) နှစ် ပြည့်မြောက်ခဲ့ပြီးလို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
KNU အနေနဲ့လည်း စစ်အာဏာရှင် စနစ်အပါအဝင် ဘယ်လို အာဏာရှင် စနစ်မဆို ချုပ်ငြိမ်းပြီး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနဲ့ ငြိမ်းချမ်းခြင်းတို့ကို အခြေခံတဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ အတူတကွ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။
========================
🚩🚩 ၂။ ထီးလင်းနဲ့ တနင်္သာရီမှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ ကားတန်းတို့ကို စောင့်ကြိုတိုက်ခိုက်ခဲ့
စက်တင်ဘာလ ၉ ရက်၊
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်း မြို့နယ်နဲ့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်တို့မှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ ယာဉ်တန်းတို့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၈ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ ထီးလင်းမြို့ကနေ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ထန်းပင်ကုန်းရွာ အနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ယောဒေသ ကာကွယ်ရေးတပ် - YDF က ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃ ဦး ထိမှန်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ခြင်း မရှိပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ စက်တင်ဘာလ ၉ ရက် နေ့လယ် ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ မြိတ်မြို့ကနေ တနင်္သာရီဘက်ကို မောင်းနှင်လာတဲ့ စစ်ကော်မရှင် ရိက္ခာကား ၄ စီးကို ရမ်းဖိုကျေးရွာ၊ တံတားကြီး အရောက်မှာ မိုင်း (၁၂) လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်း တပ်ဖွဲ့ က ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကားပေါ်ပါလာတဲ့ စစ်ကော်မရှင် တပ်အင်အား (၈၀) ဦးခန့်က လမ်းမကြီးတလျောက် လက်နက်ငယ်များဖြင့် ပစ်ခတ်သွားခဲ့ပြီး လမ်းကင်းချထားတဲ့ တပ်အင်အား (၁၀၀) ခန့်နဲ့ တော်လှန်ရေး ပူးပေါင်း အဖွဲ့များ ၁၃ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ် ပကဖ၊ တနင်္သာရီရိုးမ ဇုန် (၃)၊ မြိတ်ခရိုင် ပကဖ နဲ့ ဗိုလ်ခရင်း တပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ဝက်လက်မှာ စစ်ကော်မရှင်က Y12 ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံး
စက်တင်ဘာလ ၉ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ စစ်ကော်မရှင်က Y-12 တစီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသား ၄ ဦး သေဆုံးခဲ့တယ်လို့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်မှာ စစ်သင်္ဘောများပေါ်မှာ ပျံဝဲခဲ့တဲ့ Y-12 တစ်စီးဖြင့် သစ်ဆိပ်၊ အင်ဒေါင်း ၊ ရုံပင်ကုန်း ၊ မင်းကုန်း ၊ နဘဲပင်လှ ၊ တပ်သာ ရွာများကို ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသား ၄ ဦး သေဆုံးခဲ့ကာ ၁၃ ဦးခန့် စိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့သော နေရာများဟာ တိုက်ပွဲများ မရှိနေဘဲ အရပ်သား ပြည်သူများသာ နေထိုင်သော နေရာများ ဖြစ်ပါတယ်။
ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာရှေ့ မြစ်ကြောင်းထဲမှ အောက်ဘက်ကို စုန်ဆင်းသွားတဲ့ စစ်သင်္ဘော ၁၄ စီး ထဲမှ တချို့ဟာ မန္တလေး ဆိပ်ကမ်းမှာ စတင် ကပ်နေပြီလို့ သိရပြီး နောက်ကျန် သင်္ဘောများလည်း ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ရေဖြူမြို့နယ်၊ ရာဖူးရွာကို စစ်ကော်မရှင်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် တဦး သေဆုံး
စက်တင်ဘာလ ၉ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကော်မရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၈ ရက် နေ့လယ် ၁၁ နာရီအချိန်က မရမ်းချောင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်ကနေ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၃ နှစ်အရွယ်ရှိ မငွေမှုံဦးရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ကာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် အသက် ၄၀ အရွယ်ရှိ ကိုဝင်းရွှေဆိုသူ ဘယ်ဘက်ခြေသလုံးဖောက်ဝင်၊ အရိုးကျိုးဒဏ်ရာရခဲ့ပြီး ရာဖူး ရွာသား တဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ ဦးသူရအောင် (ပဲခူးတိုင်း၊ မုန်းမြို့နယ်မှ ရွှေပြောင်းအလုပ်သမား ဖြစ်သူ) ကိုလည်း ထိုနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီး သွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကော်မရှင်တပ်က အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေတာ ၂ လနီးပါး ရှိနေပြီလို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ဖားကန့်မြို့နယ်တွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ ဦး ဒဏ်ရာရ
စက်တင်ဘာ ၉
Radio NUG
စက်တင်ဘာလ ၉ ရက် နံနက် ၁ နာရီဝန်းကျင်တွင် ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ ဆိပ်မူကျေးရွာဘက်သို့ လက်နက်ကြီး အလုံး ၂၀ ကျော် ပစ်ခတ်ခဲ့ရာ ရပ်ကွက် ၃ ရှိ တရုတ်ဘုံကျောင်းရှေ့ အလယ်တန်းကျောင်းအနီးရှိ နေအိမ်တစ်လုံး ထိမှန်ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထိုဖြစ်ရပ်တွင် ကျောင်းဆရာ ကိုလှိုင်မင်းထွန်း၊ ကိုဇော်ဝင်းနိုင်၊ ကိုမျိုးတို့အပြင် ဘဇံချောက်ကျေးရွာမှ ဒေသခံ ၄ ဦးနှင့် အခြားသူများ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် နံနက် ၁၀ နာရီဝန်းကျင်တွင် ရှရော်ခ ညောင်ပင်ကုန်းနှင့် ဆန်ကြွယ်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ကချင်တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်မှ စတင်ကာ စစ်ကောင်စီတပ်သည် ဖားကန့်မြို့ထဲသို့ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေပြီး နေအိမ်များနှင့် ယာဉ်များ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖားကန့်မြို့ အနောက်ခြမ်းရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ စစ်ကော်မရှင်တပ်မှ တပ်သားတစ်ဦး လက်နက်နဲ့တကွ (DPLA)ထံ အလင်းဝင်ရောက်
စက်တင်ဘာ ၉
Radio NUG
စစ်ကော်မရှင်တပ်မှ တပ်သားတစ်ဦးဟာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)ထံသို့ စက်တင်ဘာလ ၉ရက် မနက်ပိုင်းတွင် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာကြောင်း သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်ရောက်လာသော တပ်သားသည် အသက်၂၅ နှစ်အရွယ် ဖြိုးမင်းစံဆိုသူ ဖြစ်ပြီး စစ်မှုထမ်းမဲနှိုက်စနစ်နဲ့ ပြင်ဦးလွင်ကနေ စစ်ကော်မရှင်တပ်ထဲကို ရောက်ရှိလာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကျိုင်းတောင်း အမှတ်(၃) အခြေခံစစ်သင်တန်းကျောင်းမှာ ကာလတိုသင်တန်း (၃) လကြာ တက်ရောက်ခဲ့ပြီး ကလော တပ်မ(၅၅) တပ်ရင်းအမှတ် ခလရ (၇)တပ်ရင်းတွင် ကိုယ်ပိုင်နံပါတ် ပစ/၁၂၅၉၈၈တပ်သားအနေနဲ့ တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။
"စစ်ကော်မရှင် တပ်အတွင်းမှာ အလိုမတူဘဲ စစ်မှုထမ်းခေါ်ခံရသူတွေဟာ နေ့တိုင်းနီးပါး ထွက်ပြေးလွတ်မြောက်နေသူတွေ အများအပြားရှိနေတယ်"လို့ ဘက်ပြောင်းခိုလှုံလာသူ ဖြိုးမင်းစံက ပြောကြားထားပါတယ်။
စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲမတိုင်ခင် စစ်မှုထမ်းခေါ်ထားတဲ့ တပ်သားသစ်တွေကို ရှေ့တန်းစစ်ပြင်တွေမှာ အများအပြားအသုံးပြုပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ အသိပေးထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ စစ်ရေးတွင် အပြင်းထန် ထိုးစစ်ဆင်တိုက်ခိုက်နေရုံသာမက စစ်အုပ်ချုပ်ရေးသက်တမ်းတိုးရန်အတွက် ရည်ရွယ်ပြီး တရုတ်ရဲ့အကူအညီပေးမှုဖြင့် ရွေးကောက်ပွဲကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ပြည်သူတွေကို ဖိအားပေးဆောင်ရွက်တွေလည်း ရှိနေတယ်လို့လည်း သိရှိရပါတယ်။
========================
🚩🚩 ၇။ နတ်မောက်မြို့နယ်တွင် ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်များကို PDF တပ်ရင်းက မိုးတွင်းအရန်ရိက္ခာများ ဝေငှပေး
စက်တင်ဘာ ၉
Radio NUG
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ရိက္ခာပြတ်လပ်နေသည့် စစ်ရှောင်ပြည်သူများကို နတ်မောက်မြို့နယ် အမှတ် (၉၀၂) တပ်ရင်း People's Defence Force (PDF) က မိုးတွင်းအတွက် စုဆောင်းထားသည့် အရန်ရိက္ခာများ ဝေငှပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ လဆန်းပိုင်းမှစတင်ကာ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး ၉ ရက်ခန့် ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ထို့ကြောင့် ဒေသခံအများစုမှာ အနီးဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း လူဦးရေ ၂၀၀ ခန့်မှာ တောထဲတွင် ပုန်းရှောင်နေရကာ ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရတာကြောင့် ဝေငှပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရိက္ခာကူညီလိုသူတွေရှိရင် တပ်ရင်းက ကြားခံပြီး ဆောင်ရွက်ပေးမှာဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment