၂၀၂၅ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လက်ရှိတော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီနှင့် ဖက်ဆစ်အာဏာရှင်စနစ်ကြား သမိုင်းဝင်တိုက်ပွဲဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မိန့်ခွန်းပြောကြားခဲ့
📌 ၂။ ကရင်နီပြည် နိုင်ငံဝန်ထမ်း စီဒီအမ် ကော်မတီမှ ကျဆုံး CDM (၇ ) ဦး၏ မိသားစုများထံ ထောက်ပံ့ကြေးများ ထပ်မံ ပေးအပ်
📌 ၃။ ပြည်သူ့ပန်းတိုင် နဲ့ Principles of Humanity (PoH) ပူးပေါင်းပြီး IHL အသိပညာပေးသင်တန်း ပြုလုပ်
📌 ၄။ ဒီးမော့ဆို အနောက်ခြမ်းက စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ
📌 ၅။ ဗစ်တာခင်ညိုရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဝါးချက်ကျေးရွာရှိ စစ်ကော်မရှင် ဂိတ်စခန်းကို သေနတ်မဖောက်ရဘဲ သိမ်းပိုက်နိုင်ခဲ့
🚩 ၂။ ဗန်းမောက်မြို့အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး SNA အဖွဲ့ဝင် ၂ ဦး အရှင်ဖမ်းမိ
🚩 ၃။ ကန့်ဘလူ၊ ငှက်ပျောတိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်
🚩 ၄။ ပုလောကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ့ ၁ ဦး ထိခိုက်ဒဏ်ရာရ
🚩 ၅။ ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
🚩 ၆။ မိုင်းလုံမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ် (၂၀) ထိမှန်ပျက်စီး
🚩 ၇။ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးထားတဲ့ ရာဇဝတ်အကျဉ်းသား တစ်ဦး ထွက်ပြေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လက်ရှိတော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီနှင့် ဖက်ဆစ်အာဏာရှင်စနစ်ကြား သမိုင်းဝင်တိုက်ပွဲဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မိန့်ခွန်းပြောကြားခဲ့
စက်တင်ဘာ ၂၇
Radio NUG
လက်ရှိတော်လှန်ရေးသည် ဖက်ဒရယ်ဒီမိုကရေစီနှင့် ဖက်ဆစ်အာဏာရှင်စနစ်ကြား သမိုင်းဝင်တိုက်ပွဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၃၇ နှစ်ပြည့် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ထို့အပြင် ပါတီ၏ ဒီမိုကရေစီအတွက် ကြိုးပမ်းမှုများနှင့် လက်ရှိတော်လှန်ရေးတွင် ပါဝင်နေသည့် အခန်းကဏ္ဍကို အလေးထားပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်က ၎င်း၏မိန့်ခွန်းတွင် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံမှ စတင်ပေါ်ပေါက်ခဲ့သည့် NLD ၏ သမိုင်းကြောင်းနှင့် ပြည်သူဗဟိုပြုသော လစ်ဘရယ်ဒီမိုကရေစီအတွေးအခေါ်ကို မီးမောင်းထိုးပြခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဖိနှိပ်ခံပြည်သူလူထုရဲ့ အခိုင်မာဆုံးနိုင်ငံရေးအင်အားစုအဖြစ် ရပ်တည်ခဲ့ပြီး စစ်အာဏာရှင်စနစ်ရဲ့ အမှောင်ထုကြားကနေ ဒီမိုကရေစီအလင်းရောင်ကို သယ်ဆောင်ပေးနိုင်ခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။
၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NLD ၏ အောင်မြင်မှုများကို ၎င်းက ပြန်လည်သုံးသပ်ပြခဲ့ပြီး၊ အထူးသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈၂.၄% ဖြင့် အနိုင်ရရှိခဲ့မှုသည် ပြည်သူလူထု၏ ယုံကြည်မှုကို ထင်ဟပ်ကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းယူခဲ့မှုကြောင့် ပြည်သူ့ဆန္ဒများ ထိခိုက်ခဲ့ရကြောင်း ၎င်းက ထောက်ပြခဲ့ပါတယ်။
NLD ၏ ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူများ၏ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုခဲ့ပြီး၊ ပါတီဝင်များ၏ မဆုတ်မနစ်သော ကြိုးပမ်းမှုများကို ချီးကျူးခဲ့ပါတယ်။
“ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တစ်ခု ထူထောင်နိုင်ရေးအတွက် NLD အနေဖြင့် NUG နှင့် တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်” ဟု ၎င်းက ကတိပြုခဲ့သည်။
တော်လှန်ရေးရဲ့ ရှေ့ခရီးတစ်လျှောက်လုံးမှာလည်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းနေတဲ့ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးနဲ့ ညီညွတ်ရေးတို့ ပြည့်စုံတဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်” ကို ထူထောင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးနဲ့အတူ လက်တွဲပြီး၊ အမြင်မတူတာတွေရှိခဲ့ရင်လည်း တူအောင် ညှိနှိုင်းကြလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ စဉ်ဆက်မပြတ် ဆက်လက် ပါဝင်သွားကြဖို့ လေးနက်စွာ တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ကရင်နီပြည် နိုင်ငံဝန်ထမ်း စီဒီအမ် ကော်မတီမှ ကျဆုံး CDM (၇ ) ဦး၏ မိသားစုများထံ ထောက်ပံ့ကြေးများ ထပ်မံ ပေးအပ်
စက်တင်ဘာ ၂၇ရက်
Radio NUG
ကရင်နီပြည် နိုင်ငံဝန်ထမ်း စီဒီအမ် ကော်မတီမှ CDM (၇ ) ဦးကို ထောက်ပံ့ကြေးများ ထပ်မံ ပေးအပ်ခဲ့ကြောင်း စက်တင်ဘာလ ၂၇ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
တပ်ပိုင်းဆိုင်ရာ ကျဆုံး CDM (၂) ဦး ၏ မိသားစုဝင်များ၊ ကျဆုံး ရဲ CDM - (၂) ဦး ၏ မိသားစုဝင်များ၊ ကျဆုံး CDM ကျန်းမာရေး - (၁) ဦး ၏ မိသားစုဝင်များ၊ ကျဆုံး CDM ပညာရေး - (၁) ဦး ၏ မိသားစုဝင်များနှင့် ကျဆုံး CDM ထွေ/အုပ် - (၁) ဦး ၏ မိသားစုဝင်များ စုစုပေါင်း ကျဆုံး CDM (၇ ) ဦး၏ မိသားစုဝင်များကို ထောက်ပံ့ကြေးများ ထပ်မံ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကော်မတီ အနေဖြင့် အတတ်နိုင်ဆုံး တတ်စွမ်းသမျှ ထောက်ပံ့ပေးနေပါကြောင်း၊ လက်ခံရရှိသော စာရင်းများကိုလည်း စီစစ်နေပါကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၃။ ပြည်သူ့ပန်းတိုင် နဲ့ Principles of Humanity (PoH) ပူးပေါင်းပြီး IHL အသိပညာပေးသင်တန်း ပြုလုပ်
စက်တင်ဘာ ၂၇ ရက်၊
Radio NUG
ပြည်သူ့ပန်းတိုင် နဲ့ Principles of Humanity အဖွဲ့တို့ ပူးပေါင်းပြီး International Humanitarian Law - IHL (နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ) ဆိုင်ရာ အသိပညာပေး မျှဝေမှု သင်တန်း တခုကို ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင် က ထုတ်ပြန်ထားပါတယ်။
ထိုင်း - မြန်မာ နယ်စပ် တနေရာမှာ ၂ ရက်တာ ပြုလုပ်ခဲ့တဲ့ အဆိုပါ သင်တန်းကို CDM စစ်သား၊ ရဲ နဲ့ မိသားစုဝင်များ၊ PDF ရဲဘော်ဟောင်းများ၊ CDM အရပ်ဘက် ဝန်ထမ်းများနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ စုစုပေါင်း (၃၅) ဦး ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သင်တန်းမှာ IHL ဥပဒေဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ အခြေခံမူများ၊ လက်နက်ကိုင် တိုက်ပွဲများအတွင်း လိုက်နာရမယ့် စံနှုန်းများ စတဲ့ အကြောင်းအရာ၊ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ပို့ချ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိလိုရာများ မေးမြန်းခြင်း၊ အမြင်၊ ယူဆချက်များကို အပြန်အလှန် ဆွေးနွေးခြင်းများ တက်တက်ကြွကြွ ပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ ဒီးမော့ဆို အနောက်ခြမ်းက စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ
စက်တင်ဘာ ၂၇ ရက်၊
Radio NUG
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ဘေးရှောင် စခန်းများမှာ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြပြီး အကူအညီ လိုအပ်နေတယ်လို့ Jobs For Kayah က ထုတ်ပြန်ထားပါတယ်။
မြေပြင်ကွင်းဆင်းခြင်းနဲ့ စစ်ရှောင်တွေက တင်ပြလာတဲ့ အချက်အလက်အခြေအနေတွေကို ကြည့်ခြင်းအားဖြင့် အရင် နှစ်တွေကထက် ပိုပြီး ခက်ခဲ ဒုက္ခရောက်နေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ Jobs For Kayah အဖွဲ့ထံ စာတင်/ လူကိုယ်တိုင် လာရောက်အကူအညီ တောင်းထားကြတဲ့ စစ်ရှောင် စခန်းပေါင်း ၈ ခု ရှိနေပြီး အဆိုပါ စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ကူညီ လှူဒါန်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ အသိပေးထားပါတယ်။
အလှူရှင် ပြည်သူများ အနေဖြင့် စစ်ရှောင် ပြည်သူ/ ကလေးငယ်များအတွက် ဆန်/ဆီ ဖြစ်စေ ရန်ပုံငွေ/အလှူငွေ ဖြစ်စေ ပါဝင်လှူဒါန်း ပေးကြဖို့ကို Jobs For Kayah အဖွဲ့က အကူအညီ တောင်းခံထားပါတယ်။
========================
📌📌 ၅။ ဗစ်တာခင်ညိုရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့
စက်တင်ဘာ ၂၇
Radio NUG
ဂီတလောကမှာ အဆိုပိုင်ပိုင် သီချင်းကောင်းများစွာနဲ့ ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ ဗစ်တာခင်ညိုရဲ့ စျာပနအခမ်းအနားကို စက်တင်ဘာလ ၂၇ရက် မွန်းလွဲ ၁နာရီခွဲတွင် ရေဝေးသုသန်က အထူးခန်းမဆောင် ၁မှာကျင်းပခဲ့ပါတယ်။
ဗစ်တာခင်ညိုဟာ အသက် ၈၀အရွယ်မှာပဲ သူမြတ်နိုးတဲ့ တေးသီချင်းတွေနဲ့အတူ မိသားစုတွေ၊ တေးပရိတ်သတ်တွေကို ချန်ထားရစ်ခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်နေ့က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ သူနဲ့ ခေတ်ပြိုင်အဆိုတော်တွေ အစုံအလင်နဲ့အတူ ဂီတရပ်ဝန်းက မိတ်ဆွေအပေါင်းအသင်းတွေအပြင် တေးချစ်သူ သူ့ပရိတ်သတ်တွေကလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ဗစ်တာခင်ညို ကွယ်လွန်ချိန်မှာ ဇနီးသည်နဲ့အတူ သား ၃ဦး ကျန်ရစ်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်၊ ပဒဲဖိုးနဲ့ မကြေးမုံတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဝါးချက်ကျေးရွာရှိ စစ်ကော်မရှင် ဂိတ်စခန်းကို သေနတ်မဖောက်ရဘဲ သိမ်းပိုက်နိုင်ခဲ့
စက်တင်ဘာ ၂၇ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အဝင်၊ ဝါးချက်ကျေးရွာတောင်ဘက်ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ် စခန်းကို သေနတ်တစ်ချက် မဖောက်ရဘဲ သိမ်းပိုက်ရရှိ ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ - UGF က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၆ ရက်က ၎င်း စစ်ဆေးရေး ဂိတ်စခန်းကို ပစ်ခတ်တိုက်ခိုက်ရန် သွားရောက်ခဲ့ရာ စစ်ကော်မရှင် တပ်သားများ ကားဖြင့် ထွက်ပြေးတိမ်းရှောင် သွားခဲ့တာကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင် တပ်ဖွဲ့ဟာ စစ်ကိုင်းမြို့ပေါ်မှာ အင်အားဖြည့်တင်းပြီး ဆုတ်ခွာရာ လမ်းတလျောက် ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာနေတာကြောင့် ပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်ကြဖို့ အသိပေးထားပါတယ်။
စစ်ကော်မရှင် တပ်ဖွဲ့ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဝါးချက် ကျေးရွာမှ ကလေးငယ် တဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့ပြီး ပယ်ငါးဆယ် ကျေးရွာမှ လူလတ်ပိုင်း တဦး ပေါင်ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ ဗန်းမောက်မြို့အနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး SNA အဖွဲ့ဝင် ၂ ဦး အရှင်ဖမ်းမိ
စက်တင်ဘာ ၂၇
Radio NUG
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သတိရပါတယ်။
စက်တင်ဘာ ၂၄ ရက်က ဗန်းမောက်မြို့ မြောက်ဘက်ရှိ ခမိုးရွာအနီး တာဝါတိုင်ကုန်းတွင် PDF တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် အကြမ်းဖက်စစ်သား ရုပ်အလောင်း ၃ လောင်းနှင့် သေနတ် ၅ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် ဒဏ်ရာရရှိထားသော SNA အဖွဲ့ဝင် ၂ ဦးကိုလည်း PDF တပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့ပြီး ၎င်းတို့အား လက်ရှိတွင် ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ၏ စစ်ကြောင်းများသည် တာဝါတိုင်ကုန်းအနီးသို့ ထိုးဖောက်ဝင်ရောက်လာနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကန့်ဘလူ၊ ငှက်ပျောတိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်
စက်တင်ဘာ ၂၇ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို - မြစ်ကြီးနား လမ်းမပေါ်ရှိ ငှက်ပျောတိုင်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဒရုန်းဖြင့် drop bomb ချ တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့ - Air Force One က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၅ ရက်နေ့က ငှက်ပျောတိုင်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို drop bomb ချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့မှ ဒရုန်းတစီး ပျက်စီးသွားခဲ့ပြီး ကျပ်ငွေ သိန်း (၇၀၀) ခန့် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ခရီးသွားပြည်သူများ အနေဖြင့် စစ်ကော်မရှင်တပ်များနဲ့ ကင်းလွတ်ရာမှာ နေထိုင်သွားလာကြဖို့နဲ့ ဖက်စစ်တပ်ကို အမြစ်ပြတ်အောင် တိုက်နိုင်ဖို့အတွက် တတ်နိုင်သူများ ပါဝင်ကူညီ ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံ ထားပါတယ်။
========================
🚩🚩 ၄။ ပုလောကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ့ ၁ ဦး ထိခိုက်ဒဏ်ရာရ
စက်တင်ဘာ ၂၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ KNU မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) နယ်မြေ၊ လယ်မူလားမြို့နယ်၊ ပလော ကျေးရွာအုပ်စု၊ ကဝက် ကျေးရွာကို စစ်ကော်မရှင်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ KNU က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၄ ရက်၊ မနက် ၉ နာရီ ၂၀ မိနစ်အချိန်မှာ စစ်ကော်မရှင် ခြေလျင်တပ်ရင်း ခ.လ.ရ (၂၅၈) ကနေ ကဝက် ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုအတွင်း အသက် (၆၀) ဝန်းကျင်ရှိ အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် တလုံးလည်း ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
စက်တင်ဘာ ၂၇
Radio NUG
စက်တင်ဘာ ၂၇ ရက်တွင် ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ်အစပ်ရှိ အလယ်ကုန်းရဲစခန်းမှ စစ်သားများက ဖလံပင်ရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထို့ပြင် ဒေါင်စပါးကွင်ရွာ၊ ဖလံပင်ရွာနှင့် ရွာသစ်ရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး ထပ်မံပျက်စီးကာ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အလားတူ မြို့ကိုင်ရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၆ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက လာရောက်ရှင်းလင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မိုင်းလုံမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ် (၂၀) ထိမှန်ပျက်စီး
စက်တင်ဘာ ၂၇ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ PSLF/TNLA တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ မိုင်းလုံမြို့နယ်၊ ပန်သပြေကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ် အလုံး (၂၀) ထိမှန် ပျက်စီးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၇ ရက်၊ ညနေ ၄ နာရီ ၇ မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ပေါင် (၅၀၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်းနဲ့ အရပ်သား ပြည်သူပိုင် နေအိမ် အလုံး (၂၀) ထိမှန်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ယခုလအတွင်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းများဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၇။ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးထားတဲ့ ရာဇဝတ်အကျဉ်းသား တစ်ဦး ထွက်ပြေး
စက်တင်ဘာ ၂၇ ရက်၊
Radio NU
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ တော်လှန်ရေး အင်အားစုများက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရာဇဝတ် အကျဉ်းသား တစ်ဦး ထွက်ပြေးသွားတာကြောင့် ပြည်သူများ အနေဖြင့် အသွားအလာ အထူး ဂရုစိုက်ကြဖို့ Gan Gaw Media က အသိပေးထားပါတယ်။
တော်လှန်ရေး အင်အားစုများ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သဲဝင်းနောင် (ခ) နောင်နောင် ဆိုသူဟာ စက်တင်ဘာလ ၂၇ ရက်၊ မနက် ၂ နာရီခန့်မှာ အကျဉ်းချထားတဲ့ နေရာမှ ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
၎င်းဟာ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ညောင်ပင်သာရွာ ဇာတိဖြစ်ပြီး တချိန်က စစ်အာဏာရှင် ဆန့်ကျင်ရေး ရဲဘော် တစ်ဦး ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
၎င်းကို တော်လှန်ရေး အင်အားစုများနဲ့ ပတ်သက်ပြီး လက်နက်ကိစ္စ၊ ငွေကြေးကိစ္စ အရှုပ်မျိုးစုံ လိမ်လည်ထားတဲ့ အမှုအခင်းများစွာကြောင့် ဖမ်းဆီးထားတာဖြစ်ပြီး အညာဒေသမှာ မုဒိမ်းမှု ကျူးလွန်ထားတဲ့ ရာဇဝတ်သားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် အသွားအလာ အထူးဂရုစိုက်ကြဖို့နဲ့ ၎င်းကိုတွေ့ရှိပါက နီးစပ်ရာ တပ်ရင်း၊ တပ်ဖွဲ့များထံ အကြောင်းကြားကာ ပူးပေါင်းပါဝင် ပေးကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၈။ ဂန့်ဂေါခရိုင် ပကဖ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး ဆွေးနွေး
စက်တင်ဘာ ၂၇
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဂန့်ဂေါ ခရိုင် ပကဖ တိုးချဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ခရိုင်တွင်းရှိ မြို့နယ် (၃) ခု မှ ပကဖ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ပကဖအသံမှာ သတင်းဖော်ပြထားပါတယ်။
အဆိုပါ အစည်းအဝေးသို့ ဂန့်ဂေါခရိုင် ပကဖ နှင့် မြို့နယ် ပကဖ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပကဖ တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ စည်းရုံးရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဂန့်ဂေါခရိုင်ဟာ မကွေးတိုင်းတွင်း ပါဝင်ပြီး ချင်းပြည်နယ်နဲ့ နယ်မြေချင်း ထိစပ်လျက်ရှိကာ ပြည်သူ့ခုခံတွန်းလှန်စစ် အားကောင်းရာ ခရိုင် တစ်ခုလည်း ဖြစ်ပါတယ်။
ပကဖ အဖွဲ့တွေကို တနိုင်ငံလုံး အတိုင်းအတာ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားရှိပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်လျက်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








No comments:
Post a Comment