၂၀၂၅ စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပန်ဒါနီလေး ၉ ကောင်ကို ဒုတိယဝန်ကြီး ခွန်းစောဖူးမှ KIO ထံသို့ လွှဲပြောင်းပေးအပ်
📌 ၂။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌအဖြစ် ပါမောက္ခဒေါက်တာ Alice တာဝန်ထမ်းဆောင်နေ
📌 ၃။ စလင်းမြို့နယ်မှာ လူ့အခွင့်အရေးအသိပညာပေးမှုများ ပြုလုပ်ခဲ့
📌 ၄။ မြစ်ကြီးနားတွင် အကြမ်းဖက်စစ်သား တစ်ဦးမှ အမျိုးသမီးဘော်ဒါဆောင်သို့ လက်နက်ဖြင့် ဝင်ရောက်ဓားပြတိုက်ကာ မဖွယ်မရာပြုကျင့်မှု ပြည်သူများက ဖမ်းဆီး
📌 ၅။ မိုင်းဝီးမြို့မှာ မြေမြှုပ်မိုင်းကို ဓါးနဲ့ ခုတ်မိတာကြောင့် ပေါက်ကွဲပြီး အမျိုးသား တဦး ထိခိုက်ဒဏ်ရာရ
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမောက်မြို့ကို သိမ်းပိုက်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
🚩 ၂။ ခင်ဦးမှာ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ဒု-ဗိုလ်မှူးကြီးအဆင့် အပါအဝင် အများအပြားသေဆုံး ၊ ၂ ဦးကို အရှင်ဖမ်းမိ
🚩 ၃။ တမုတ်ချုံးရွာမှာ ခြေကုတ်ယူထားတဲ့ စစ်ကော်မရှင်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့ရာ ၄ ဦး ဒဏ်ရာရ၊ မြိတ် - တနင်္သာရီ ပြည်ထောင်စု လမ်းမကြီးအား အသုံးပြုချိန် ကန့်သတ်
🚩 ၄။ ပခုက္ကူ ဘူတာအနီး ဇလီဗာတုံးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံး
🚩 ၅။ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး၊ လာဟီဆင်ဒေသတွင် ဗုံးမှားကြဲမှုကြောင့် ပြည်သူ့စစ် ၂ဦး သေဆုံး
🚩 ၆။ ကန့်ဘလူမြို့နယ်၊ ကျီစုရွာ စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၁၇ ဦးခန့် ဒဏ်ရာရ
🚩 ၇။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်နှင့် တမူးခရိုင်၊ မြို့သစ်မြို့နယ်တို့မှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၈) ဦး အလင်းဝင်
🚩 ၈။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ၏ ၄ နှစ်ပြည့်အခမ်းအနားတွင် CDF-Mindat နှင့် AA အား ကျေးဇူးတင်စကား ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပန်ဒါနီလေး ၉ ကောင်ကို ဒုတိယဝန်ကြီး ခွန်းစောဖူးမှ KIO ထံသို့ လွှဲပြောင်းပေးအပ်
စက်တင်ဘာ ၂၂
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းစောဖူး ဦးဆောင်၍ ယာယီထိန်းသိမ်းစောင့်ရှောက်ထားသည့် ပန်ဒါနီလေး ၉ ကောင်ကို ၎င်းတို့၏ မူရင်းဒေသနှင့် အနီးစပ်ဆုံး ဒေသများသို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိထိန်းသိမ်းစေနိုင်ရေးအတွက် သင့်တော်သလို စီမံဆောင်ရွက်နိုင်ပါရန် သစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization (KIO) သို့ စက်တင်ဘာလ ၁၉ရက်နေ့တွင် လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။
လွှဲပြောင်းဓာတ်ပုံမှတ်တမ်းရိုက်ယူရန် ကားပေါ်မှ မြေပေါ် သို့ ခေတ္တချချိန်၌ ပန်ဒါနီလေး တစ်ကောင်မှာ ရုတ်တရက် အပြောင်းအလဲ ကြုံလိုက်ရ၍ ရှော့ခ်ရသကဲ့သို့ ဖြစ်သွားပါသဖြင့် မူရင်းသယ်ဆောင်လာသည့် ကားပေါ်တွင် ပြန်တင်ထားလိုက်ရခြင်းကြောင့် ဓာတ်ပုံတွင် ပန်ဒါနီ (၈) ကောင်သာ ပါရှိနေခြင်း ဖြစ်ပြီး အဆိုပါ ပန်ဒါနီလေးသည် ပြန်လည်ကျန်းမာနေပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ Kachin Independence Organization (KIO) အနေဖြင့် ၎င်းပန်ဒါနီ (၉) ကောင်အား ကောင်းမွန်စွာ လက်ခံထိန်းသိမ်းထားပြီး ရှားပါးမျိုးစိတ်များဖြစ်သည့်အလျောက် သင့်တော်စွာ စီမံထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါတယ်။
========================
📌📌 ၂။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ဥက္ကဋ္ဌအဖြစ် ပါမောက္ခဒေါက်တာ Alice တာဝန်ထမ်းဆောင်နေ
စက်တင်ဘာ ၂၂
Radio NUG
ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (FHPC) ၏ ဥက္ကဋ္ဌတာဝန်ကို ပါမောက္ခဒေါက်တာ Alice က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်မှ စတင်ထမ်းဆောင်နေကြောင်း အမျိုးသားကျန်းမာရေးကော်မတီ (NHC) က ထုတ်ပြန်အသိပေးထားပါတယ်။
ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီသည် နွေဦးတော်လှန်ရေးကာလအတွင်း ကျန်းမာရေးပညာရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ရန်အတွက် NHC မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယခင်ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခဒေါက်တာခင်မောင်လွင်သည် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ၏ ဦးဆောင်မှုကို ဦးစီးခဲ့ဖူးသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပါမောက္ခဒေါက်တာ ခင်မောင်လွင်အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာကြောင့် ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ၏ ဥက္ကဋ္ဌရာထူး လစ်လပ်သွားခဲ့ပြီး၊ ပါမောက္ခဒေါက်တာ ခင်မောင်လွင်က ၎င်း၏တာဝန်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင် ပါမောက္ခဒေါက်တာ Alice ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ စလင်းမြို့နယ်မှာ လူ့အခွင့်အရေးအသိပညာပေးမှုများ ပြုလုပ်ခဲ့
စက်တင်ဘာ ၂၂
Radio NUG
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးဧရိယာတစ်ခုမှာ ဒေသခံပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အခြေခံအကြောင်းအရာများကို စက်တင်ဘာလထဲမှာ ဆွေးနွေးပြောကြားမှု ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ လူ့အခွင့်ရေးရာတာဝန်ခံတွေ ဦးဆောင်ပြီး လူ့အခွင့်အရေးအခြေခံ အကြောင်းအရာတွေနဲ့ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၃၀ ကို ဆွေးနွေးသင်ကြားပို့ချခဲ့ကာ ကျေးရွာပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ကျေးရွာပြည်သူများ စုစုပေါင်း အယောက် ၁၀၀ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းတက်ရောက်ပြီးနောက် တက်ရောက်သူတွေက လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးအပိုဒ် ၃၀ကို ကောင်းစွာနားလည်လာပြီး လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်အုပ်စုက အချက်အားလုံးကို ချိုးဖောက်နေတာကို ခံစားနေရကြောင်းလည်း မှတ်ချက်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ မြစ်ကြီးနားတွင် အကြမ်းဖက်စစ်သား တစ်ဦးမှ အမျိုးသမီးဘော်ဒါဆောင်သို့ လက်နက်ဖြင့် ဝင်ရောက်ဓားပြတိုက်ကာ မဖွယ်မရာပြုကျင့်မှု ပြည်သူများက ဖမ်းဆီး
စက်တင်ဘာ ၂၂
Radio NUG
စက်တင်ဘာ ၂၁ ရက် သန်းခေါင်ယံ ည ၁၂ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ အမျိုးသမီးဘော်ဒါဆောင်တစ်ခုသို့ အောင်မျိုးခန့် အမည်ရှိ အကြမ်းဖက်စစ်သားတစ်ဦးက လက်နက်ကိုင်ဆောင်ပြီး ဝင်ရောက်ဓားပြတိုက်ကာ မဖွယ်မရာပြုလုပ်ခဲ့ရာ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
၎င်းက ဘော်ဒါဆောင်တွင် နေထိုင်သည့် မိန်းကလေးများထံမှ ငွေနှင့် ဖုန်းများ တောင်းယူခဲ့ပြီး ၎င်းတို့က မရှိကြောင်း ငြင်းဆိုခဲ့သည့်အခါ အဝတ်အစားများ ချွတ်ခိုင်းကာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ ပြုလုပ်နေစဉ် မိန်းကလေးတစ်ဦးက ၎င်း၏ သေနတ်ကို လုယူပြီး အောက်ထပ်သို့ ပြေးဆင်းကာ အနီးအနားရှိ ဆရာများနှင့် ပတ်ဝန်းကျင်လူများကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ဒေသခံပြည်သူများ၊ ဆရာများနှင့် အနီးရှိ အမျိုးသားဘော်ဒါဆောင်မှ ကျောင်းသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး သံသယရှိသူအား အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်ဆေးရေးတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မိုင်းဝီးမြို့မှာ မြေမြှုပ်မိုင်းကို ဓါးနဲ့ ခုတ်မိတာကြောင့် ပေါက်ကွဲပြီး အမျိုးသား တဦး ထိခိုက်ဒဏ်ရာရ
စက်တင်ဘာလ ၁၆ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ PSLF/TNLA တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မိုင်းဝီးမြို့မှာ မြေမြှုပ်မိုင်း တလုံးကို ဓါးနဲ့ ခုတ်မိတာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား တဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၇ ရက်၊ နေ့လယ် ၁ နာရီ အချိန်မှာ အသက် (၂၀) အရွယ်ရှိ ကိုလီသာ နဲ့ ၎င်းရဲ့ ညီဖြစ်သူတို့ဟာ မျှစ်ခုတ်ဖို့ သွားရင်း လမ်းရှင်းနေစဉ် စစ်ကော်မရှင်တပ်ရဲ့ စွန့်လွှတ်မိုင်း တလုံးကို ခုတ်မိခဲ့တာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ကိုလီသာရဲ့ ခါး၊ လက်နဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တအောင်းပြည်၊ မြို့နယ် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကာ ဒဏ်ရာရသူကို ဆေးကုသရန် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ကလည်း နမ့်ခမ်းမြို့၊ သာယာကုန်း ရပ်ကွက်နေ အမျိုးသမီး တဦးဟာ စခန်းသစ် အနီးမှာ ခြံရှင်းနေစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တာကြောင့် သေဆုံးခဲ့ရ ပါသေးတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမောက်မြို့ကို သိမ်းပိုက်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်
စက်တင်ဘာ ၂၂
Radio NUG
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲဦးဆောင်မှုဖြင့် စက်တင်ဘာလ (၁၅) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာလ (၂၀) ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်သော မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင် စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာ စခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မ စာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာ ဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း (နသလ)တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရန်သူ့ထံမှ G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကာ SNA ဗိုလ် (၁) ဦး အပါအဝင် အလောင်း (၇) လောင်း ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ဂျက်တိုက်လေယာဉ်ဖြင့် (၁၀) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ကြောင်လည်ရွာ စခန်းကုန်းမှ ဗန်းမောက်မြို့သို့ စစ်ကူလာသည့် ရန်သူ့စစ်ကြောင်းကို ဖြတ်တောက် တိုက်ခိုက်နိုင်ခဲ့ကာ စစ်ကူစစ်ကြောင်းတွင် ပါဝင်သည့် ကား (၁) စီးကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲအား အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ဗန်းမောက်မြို့နယ် ပကဖ၊ ထီးချိုင့်မြို့နယ် ပကဖ၊ ကသာမြို့နယ် ပကဖ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။
လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ ရန်သူများသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ခင်ဦးမှာ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ဒု-ဗိုလ်မှူးကြီးအဆင့် အပါအဝင် အများအပြားသေဆုံး ၊ ၂ ဦးကို အရှင်ဖမ်းမိ
စက်တင်ဘာလ ၂၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ်မှာ စစ်ကော်မရှင် စစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ဒု-ဗိုလ်မှူးကြီးအဆင့်၊ သုံးပွင့် ဗိုလ်အဆင့်နဲ့ တပ်ကြပ်ကြီး၊ တပ်ကြပ်များ အပါအဝင် အများအပြား သေဆုံးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၇ နာရီခန့်မှာ ခင်ဦးမြို့နယ် စစ်ကော်မရှင် တပ်စခန်းမှ ရွှေဘို လေ့ကျင့်ရေး (၈) တပ်နဲ့ ဘုတ်ကုန်း(ပျူ)ရွာတို့ကို ထွက်လာတဲ့ အင်အား (၉၀) ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းအား ခင်ဦး - ရွှေဘို နယ်စပ် တနေရာမှာ စတင်ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ၅ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှ ဒု-ဗိုလ်မှူးကြီးအဆင့်နဲ့ သုံးပွင့်ဗိုလ် အပါအဝင် တပ်ကြပ်များနဲ့အတူ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးခဲ့ကာ စစ်ကြောင်းပျက်သွားပြီး စစ်ကော်မရှင်တပ်သား ၂ ဦးကို စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် MA3 ၄ လက်၊ MA1 ၅ လက်၊ BA-63/ G3 ၁ လက်၊ ကာဘိုင် ၁ လက်၊ BA100/ 60mm ကွန်မန်ဒို စိန်ပြောင်း(တို) ၁ လက်၊ MA-5/ ပစ္စတို ၁ လက်၊ MA ကျည်ဘောက် (သံ) ၃ ခု၊ MA ကျည်ဘောက် (ကော်) ၆ ခု၊ BA-63/ G3 ကျည်ဘောက် ၃ ခု၊ MA-5 ပစ္စတို ကျည်ဘောက် ၁ ခု၊ ရှေ့ထွက်မိုင်း ၄ လုံး၊ နင်းမိုင်း ၂ လုံး၊ 60mm ဗုံးသီး ၄ လုံး၊ RPG ဗုံးသီး ၄ လုံး၊ အီနာဂါ ၂ လုံး၊ ကျည်ကာ ဦးထုတ် ၆ လုံး၊ 5.56 ကျည် ၂၈၆ တောင့်၊ 9mm ကျည် ၇ တောင့် နဲ့ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ်ကို သိမ်းဆည်းရမိ ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၂) စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် (၃) တပ်ရင်း၊ ခင်ဦးမြို့နယ် ပ.က.ဖ ၊ တိုက်နယ် (၁) (၂) (၃) (၄) (၅) ပ.က.ဖ များနဲ့ ခင်ဦးမြို့နယ် ပ.လ.ဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
၎င်းစစ်ကော်မရှင် စစ်ကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ရွှေဘို လေ့ကျင့်ရေး (၈) တပ် နဲ့ ဘုတ်ကုန်း(ပျူ) ရွာမှ ခင်ဦးမြို့နယ် အတွင်း ဝင်ရောက်လာစဉ် တော်လှန်ရေး အင်အားစုများက (ပထမ အကြိမ်) တိုက်ခိုက်ခဲ့ရာ တပ်ပျက်ပြီး ကစင့်ကလျား ပြန်လည်ဆုတ်ခွာ သွားခဲ့ရပါသေးတယ်။
========================
🚩🚩 ၃။ တမုတ်ချုံးရွာမှာ ခြေကုတ်ယူထားတဲ့ စစ်ကော်မရှင်တပ်ကို သွားရောက် တိုက်ခိုက်ခဲ့ရာ ၄ ဦး ဒဏ်ရာရ၊ မြိတ် - တနင်္သာရီ ပြည်ထောင်စု လမ်းမကြီးအား အသုံးပြုချိန် ကန့်သတ်
စက်တင်ဘာလ ၁၆ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာမှာ ခြေကုတ်ယူထားတဲ့ စစ်ကော်မရှင်တပ်ကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇုန် (၄) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ တမုတ်ချုံးရွာရှိ စစ်ကော်မရှင် တပ်ဖွဲ့ကို တနင်္သာရီ ပကဖ ဇုန် (၄) အဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင် တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စက်တင်ဘာလ ၂၀ ရက်၊ နေ့လယ် ၂ နာရီခန့်မှာလည်း ထပ်မံ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထို့အပြင် စစ်ကော်မရှင်တပ်က တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာခဲ့ရာ သိန်းခွန်းရွာ အနီးတွင် မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
၎င်းစစ်ကြောင်းအား အထောက်အကူပေးရန် စစ်ကော်မရှင်တပ်က မြိတ် - တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးရှိ ခရီးသွားပြည်သူ ကားများကို အကာအကွယ်ယူကာ စစ်ရေးအရ အကျိုးအမြတ် ရရှိအောင် အသုံးချနေတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် မြိတ်-တနင်္သာရီ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်တာကြောင့် စက်တင်ဘာလ ၂၂ ရက်က စတင်ပြီး ည ၆ နာရီ မှ မနက် ၆ နာရီအတွင်း ခရီးသွားလာခြင်း မပြုကြရန် ကန့်သတ် တားမြစ်လိုက်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ပခုက္ကူ ဘူတာအနီး ဇလီဗာတုံးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံး
စက်တင်ဘာလ ၁၆ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရထားဘူတာ အနီးရှိ ကွန်ကရစ် ဇလီဗာတုံးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ ကို လျှပ်တပြတ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ (၄) ဦး သေဆုံးခဲ့တယ်လို့ Pakokku Special Task Force က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၂ ရက်၊ မနက် ၁ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ ၎င်းစစ်ကော်မရှင်တပ်ဖွဲ့ကို ပခုက္ကူမြို့နယ် တပ်ရင်း (၁) ပကဖ မှ ရဲဘော်ဒီး ဦးဆောင်တဲ့ ရဲဘော် ၇ ဦးက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၎င်း တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး G3 တလက်၊ 7.62mm ကျည်သုံး ကာဘိုင် တလက်၊ Ak တလက် နဲ့ ကျည် ၅၀ ခန့် သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူမြို့နယ်မှာ စစ်ကော်မရှင်က ဦးစီးပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့ အနေဖြင့် ယခုလို မြို့တွင်း မစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး၊ လာဟီဆင်ဒေသတွင် ဗုံးမှားကြဲမှုကြောင့် ပြည်သူ့စစ် ၂ဦး သေဆုံး
စက်တင်ဘာ ၂၂
Radio NUG
စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာရှိ ကလေးငယ်များ ဆော့ကစားနေသည့်နေရာသို့ လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည့်အပြင် အခြားအရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ ဆော့လော်မြို့နယ်၊ လာဟီဆင်ဒေသတွင် KIA နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားနေစဉ် စစ်တပ်က မှားယွင်းဗုံးကြဲမှုကြောင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
စက်တင်ဘာ ၂၀ ရက်မှစတင်ကာ လာဟီဆင်ဒေသတွင် ခေါင်လန်ဖူးမြို့နယ်မှ ဝင်ရောက်လာသည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို KIA နှင့် ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်နေရာ စစ်တပ်ဘက်မှ ထိခိုက်မှုများရှိကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်
လာဟီဆင်ဒေသရှိ ပြည်သူ့စစ်စခန်းနှစ်ခုဖြစ်သည့် လာဟီဆင်နှင့် ခရန်ထီဒမ်းစခန်းများကို ၂၀၂၄ ခုနှစ်အတွင်း KIA၊ PDF Putao နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပါတယ်။
========================
🚩🚩 ၆။ ကန့်ဘလူမြို့နယ်၊ ကျီစုရွာ စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၁၇ ဦးခန့် ဒဏ်ရာရ
စက်တင်ဘာ ၂၂
Radio NUG
စက်တင်ဘာ ၂၂ ရက် နံနက် ၁ နာရီ ၂၄ မိနစ်ခန့်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုရွာရှိ စာသင်ကျောင်းကို ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
အဆိုပါ ဗုံးကြဲမှုကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်သန်းအေး သေဆုံးခဲ့ပြီး၊ ဒေါ်ရွှင် (၆၃ နှစ်)၊ ကိုမြင့်ဦး (၅၅ နှစ်)၊ ကိုအောင်ရှမ်း (၄၀ နှစ်)၊ ကိုဝိုင်းစိန် (၂၀ နှစ်)၊ ဒေါ်ပိန် (၅၄ နှစ်)၊ ဇီထွန်း (၂၃ နှစ်)၊ မီးမီး (၂၀ နှစ်)၊ တင်ဆန်းဝင် (၂၁ နှစ်)၊ ပုတို (၂၁ နှစ်) အပါအဝင် အခြားစစ်ဘေးရှောင်ပြည်သူများဖြစ်သည့် ကိုကြည်စိုး (၄၅ နှစ်)၊ ကိုတူး (၄၅ နှစ်)၊ မခိုင်မာဝင်း (၂၀ နှစ်)၊ မကြီး (၁၅ နှစ်)၊ မငယ် (၁၅ နှစ်)၊ ကျော်ဇင်ထက် (၈ နှစ်) နှင့် ကိုအောင်ဝင်း (၅၂ နှစ်) တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကျီစုရွာသည် ယခင်က စစ်တပ်မှ နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ ၂၀၂၂ ခုနှစ်တွင် အိမ်ခြေ ၇၀၀ ခန့် ပျက်စီးခဲ့ကာ လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် တဲအိမ်များဖြင့် ပြန်လည်နေထိုင်နေကြတယ်လို့ သိရပါတယ်။
အလားတူ၊ ပေါက်မြို့နယ်နှင့် ထီလင်းမြို့နယ်အစပ်ရှိ ပုံတောင်တောင်ကြောသို့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၃၁ လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်နှင့် တမူးခရိုင်၊ မြို့သစ်မြို့နယ်တို့မှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၈) ဦး အလင်းဝင်
စက်တင်ဘာလ ၁၆ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ KNU မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ၊ လယ်မူလား (ပုလော) မြို့နယ် နှင့် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်တို့မှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် (၈) ဦး ဘက်ပြောင်းခိုလှုံ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့က ပလောက်မြို့ အခြေစိုက် အမှတ် (၁၂) လေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်မှုထမ်း တပ်သားသစ် (၇) ဦးဟာ KNDO တပ်ရင်း (၇) တပ်ခွဲ (၅) ထံ လက်နက်မဲ့ ထွက်ပြေး၊ အလင်းဝင်လာခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
၎င်း အလင်းဝင်တပ်သား (၇) ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေစဉ် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်ခံခဲ့ရရာမှ အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် စုဆောင်းခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ဩဂုတ်လ ၃ ရက်နေ့က တမူးခရိုင်၊ မြို့သစ်မြို့နယ်၊ ကျွန်းပင်သာရွာ အခြေစိုက် ခမရ (၃၄၇) တပ်ရင်း မှ ဒု-တပ်ကြပ် တဦး လက်နက်နဲ့ အလင်းဝင် လာခဲ့တယ်လို့ တမူးခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင် ဒု-တပ်ကြပ် သန့်ဇင်ဦး ဆိုသူဟာ MA-11 တစ်လက်၊ ကျည်ဘောက် တစ်ခုနဲ့ 5.56 ကျည် ၂၅ တောင့်တို့ကို ယူဆောင်လာခဲ့တာကြောင့် တပ်ရင်းမှ ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၅၀) တိတိကို ချီးမြှင့်ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ၏ ၄ နှစ်ပြည့်အခမ်းအနားတွင် CDF-Mindat နှင့် AA အား ကျေးဇူးတင်စကား ထုတ်ပြန်
စက်တင်ဘာ ၂၂
Radio NUG
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) CDF-Daai ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်တွင် ကျင်းပခဲ့ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ၎င်းတို့၏ ကတိကဝတ်များကို ပြန်လည်အတည်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် CDF-Daai သည် ၎င်းတို့၏ ဖွဲ့စည်းမှုနှင့် တော်လှန်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီခဲ့သော အဖွဲ့အစည်းများထံ ကျေးဇူးတင်စကားများ ထုတ်ဖော်ပြောကြားခဲ့ပြီး အထူးသဖြင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat အား ၎င်းတို့၏ စစ်ပညာသင်ကြားပေးမှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း၊ CDF-Mindat သည် CDF-Daai ၏ အစောပိုင်းအဆင့်များတွင် အပတ်စဉ် (၁) နှင့် (၂) စစ်သင်တန်းများ ပေးအပ်ခဲ့ပြီး ၎င်းတို့၏ စွမ်းရည်မြှင့်တင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင်၊ အာရက္ခတပ်တော် (AA)၊ အာလဖာ (၃) စစ်ဒေသအား စစ်သင်တန်းများ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာထောက်ပံ့မှုများ၊ ရှေ့တန်းစစ်မြေပြင်အတွေ့အကြုံများ ရရှိစေရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် အထူးကျေးဇူးတင်ကြောင်း၊ AA နှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားမှာဖြစ်ကြောင်း ထုတ်ဖော်အသိပေးထားပါတယ်။
ထုတ်ပြန်ချက်တွင် CDF-Daai သည် ၎င်းတို့၏ ၄ နှစ်တာကာလအတွင်း တော်လှန်ရေးတွင် အသက်ပေးလှူခဲ့ရသူများနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများအား လေးစားဂုဏ်ပြုဦးညွှတ်ကြောင်း၊ ထို့ပြင် ဒိုင်ရ်ဒေသအတွင်း အုပ်ချုပ်ရေးယူနစ်တစ်ခု စုစည်းတည်ထောင်ရေးအတွက် ဒိုင်ရ်ဒေန္တရကောင်စီ (Daai Regional Council) ဖွဲ့စည်းမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတွင် တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုထားပါတယ်။
ပြည်တွင်းပြည်ပ အလှူရှင်များ၏ ပံ့ပိုးကူညီမှုများအတွက်လည်း ကျေးဇူးတင်စကား ထုတ်ဖော်ပြောကြားခဲ့ပြီး၊ တော်လှန်ရေးအရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ဆက်လက်ပံ့ပိုးပေးကြရန် တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment