၂၀၂၅ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့
📌 ၂။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (၉/၂၀၂၅) အစည်းအဝေးကျင်းပပြုလုပ်
📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲခဲ့ကြတဲ့ လေးစားယုံကြည်ခံရသူများနှင့် သပိတ်ခေါင်းဆောင်များ အစုအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
📌 ၄။ မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) အတည်ပြုမယ့် မန္တလေးတိုင်းလွှတ်တော်အထူးအစည်းအဝေးကို တိုက်ရိုက်ထုတ်လွှင့်သွားမည်
📌 ၅။ အကြမ်းဖက် စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွင်း ကလေးငယ် (၅၀၇) ဦး ထိ သေဆုံးခဲ့
📌 ၆။ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ က မြန်မာစစ်တပ်၏ စာသင်ကျောင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး အာဆီယံ၏ အရေးပေါ်ဝင်ရောက်စွက်ဖက်မှု လိုအပ်ကြောင်း တောင်းဆို
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကြောင်းထိုးရန် စုဖွဲ့ပြင်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံး
🚩 ၂။ ရေးမြို့နယ်၊ နှစ်ကရင်ရွာ လမ်းဆုံက ကင်းပုန်းနဲ့ ကွမ်ကျိုက် ဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
🚩 ၃။ ယင်းမာပင် မြို့နယ်မှာ စစ်ကော်မရှင် စစ်ကြောင်းကို ၂ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်၊ ၉ ဦး ထက်မနည်း သေဆုံး
🚩 ၄။ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တို့မှာ MDY-PDF က ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေ
🚩 ၅။ နမ့်ခမ်းမြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မြို့အဝင်အထွက်ဂိတ်တွင် စစ်ဆေးမှုများ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့
စက်တင်ဘာ ၁၅
Radio NUG
စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြီးမှူးကျင်းပခဲ့ရာ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ ပြည်တွင်း ပြည်ပမိတ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန်များနှင့် ဝန်ကြီးဌာနအသီးသီးမှ CDMers များ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်းများ ပြောကြားခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (APHR) မှ ဥက္ကဋ္ဌ Hon. Mercy Chriesty Barends က နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှတ်တရစကား ပြောကြားခြင်းနှင့် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော ဂျပန်လွှတ်တော်အမတ်များသမဂ္ဂအဖွဲ့(GIREN) ဥက္ကဋ္ဌ Mr. KONDO Shoichi က ပေးပို့သည့် နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ် ဗီဒီယိုမက်ဆေ့ ပြသခြင်းတို့ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကိုယ်စား ဆရာမ ဒေါ်နှင်းနှင်းမွှေးက သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ် လွှတ်တော်များ၊ လွှတ်တော်ကိုယ်စားပြုကော်မတီများ၏ ပူးတွဲသဝဏ်လွှာကို မကွေးဖက်ဒရယ်ယူနစ်၊ စေတုတ္တရာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်ညိုညိုဦးက ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စား ဒေါက်တာ မေဝင်းမြင့်၊ တအာင်းအမျိုးသားပါတီကိုယ်စား မိုင်းနိုင်ဂေါင်ဇာရ်၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေပြီး ပြည်သူ့တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသား/သူများကိုယ်စား ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်ကျောင်းသား/သူများမှ ပေးပို့သော သဝဏ်လွှာကို ဝန်ဇင်းအွန်လိုင်းတက္ကသိုလ်မှ ကျောင်းသူ Potato တို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် သဝဏ်လွှာများ အသီးသီးဖတ်ကြားခဲ့ကြပြီး ဦးမင်းကိုနိုင်က အမှတ်တရစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် မြန်မာပြည်သူများ၏ ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှု မှတ်တမ်းဗီဒီယိုကိုလည်း ပြသခဲ့ပြီး အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကိုလည်း မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ကာ နေ့လယ် ၁၁:၄၁ နာရီခန့်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့တယ်လို့ သိရှိပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (၉/၂၀၂၅) အစည်းအဝေးကျင်းပပြုလုပ်
စက်တင်ဘာ ၁၅
Radio NUG
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉ /၂၀၂၅) အစည်းအဝေး ပထမပိုင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင်လည်းကောင်း၊ အစည်းအဝေးဒုတိယပိုင်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးများသို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ကာ တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၉/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲခဲ့ကြတဲ့ လေးစားယုံကြည်ခံရသူများနှင့် သပိတ်ခေါင်းဆောင်များ အစုအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
စက်တင်ဘာ ၁၅
Radio NUG
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲခဲ့ကြတဲ့ လေးစားယုံကြည်ခံရသူများနှင့် သပိတ်ခေါင်းဆောင်များ အစုအဖွဲ့မှ တာဝန်ရှိသူများတို့ စက်တင်ဘာလ(၁၅)ရက်နေ့၊ နေ့လယ် (၁:၃၀)နာရီတွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကားနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် တက်ရောက်လာသော တာဝန်ရှိသူများကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များ၏ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအား နေ့လယ် (၂:၄၅)နာရီတွင် ရုတ်သိမ်းခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) အတည်ပြုမယ့် မန္တလေးတိုင်းလွှတ်တော်အထူးအစည်းအဝေးကို တိုက်ရိုက်ထုတ်လွှင့်သွားမည်
စက်တင်ဘာ ၁၅
Radio NUG
မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) ကို မန္တလေးတိုင်း လွှတ်တော်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် လွှတ်တော်အထူးအစည်းအဝေး (၃/၂၀၂၅)ကျင်းပကာ အတည်ပြုပြဌာန်းသွားမည်ဖြစ်ပြီး မန္တလေးတိုင်း လွှတ်တော် အခမ်းအနားကို စက်တင်ဘာလ ၁၆ရက် နံနက် ၉နာရီတွင် မီဒီယာများမှတဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း)ကို မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံက ပဏာမအဆင့် အတည်ပြုထားသော ကြားကာလနိုင်ငံရေးအစီအမံကို မန္တလေးတိုင်းလွှတ်တော်က လွှတ်တော်လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုပြဌာန်းထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ အကြမ်းဖက် စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအတွင်း ကလေးငယ် (၅၀၇) ဦး ထိ သေဆုံးခဲ့
စက်တင်ဘာ ၁၅ ရက်၊
Radio NUG
၂၀၂၁၊ ဖေဖော်ဝါရီလ ကနေ ၂၀၂၅၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ အကြမ်းဖက် စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် အသက် (၁၈) နှစ်အောက် ကလေးငယ် (၅၀၇) ဦးထိ သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာတင် စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၂ ကြိမ်ထိ ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၂၂၅ ဦး သေဆုံးခဲ့ရကာ (၁၈) နှစ်အောက် ကလေးငယ် ၃၉ ဦးထိ ပါဝင်နေတာကို တွေ့ရပါတယ်။
အလားတူ ၂၀၂၃ ခုနှစ်ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၄၆ ယောက်အထိ သေဆုံးခဲ့ကာ ၈၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အနီးစပ်ဆုံး ဖြစ်စဉ်အနေနဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာမှ ပညာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကော်မရှင်က ဗုံးကြဲခဲ့တာကြောင့် ကျောင်းသား/သူ ၂၀ ဦးထိ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ ယခုစာရင်းထဲမှာ မပါဝင်သေးဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အပြစ်မဲ့ ကလေးငယ်တွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် အဓမ္မစစ်မှုထမ်း စုဆောင်းတာတွေကိုလည်း လုပ်ဆောင်နေပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၈ ဦးကို အဓမ္မ ပေါ်တာဆွဲဖမ်းဆီး စစ်မှုထမ်းခိုင်းခဲ့ကြောင်း မှတ်တမ်းတင် နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၆။ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ က မြန်မာစစ်တပ်၏ စာသင်ကျောင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး အာဆီယံ၏ အရေးပေါ်ဝင်ရောက်စွက်ဖက်မှု လိုအပ်ကြောင်း တောင်းဆို
စက်တင်ဘာ ၁၅
Radio NUG
အရှေ့တောင်အာရှဒေသမှ လွှတ်တော်အမတ်များပါဝင်သည့် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာရှိ ပညာပန်းခင်းပုဂ္ဂလိကအထက်တန်းကျောင်းကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၅ ရက်က မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် ကလေးများနှင့် ကျောင်းသားများ အပါအဝင် လူအနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သလို ရခိုင်ဒေသခံများသည် နေ့စဉ်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အမြဲ ကြောက်ရွံ့နေရတယ်လို့ ဖော်ပြထားပါတယ်။
“ဤသည်မှာ ကလေးများနှင့် မိသားစုများကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုတစ်ခုဖြစ်သည်။ ကျောင်းများနှင့် နေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်တပ်သည် လူ့အသက်နှင့် နိုင်ငံတကာဥပဒေကို လုံးဝမထီမဲ့မြင်ပြုနေကြောင်း ပြသလျက်ရှိသည်” ဟု APHR ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားလွှတ်တော်အမတ် မာဆီ ခရစ်စတီဘရန်းက ပြောကြားထားပါတယ်။
“အာဆီယံဒေသမှ လွှတ်တော်အမတ်များအနေဖြင့် ကျွန်ုပ်တို့၏ အစိုးရများအား စစ်တပ်က အရပ်သားများကို ပြစ်ဒဏ်မထိုက်ဘဲ တိုက်ခိုက်နေမှုကို တိတ်ဆိတ်စွာ ကြည့်နေခွင့်မပြုနိုင်ပါ။ မြန်မာပြည်သူများကို ကာကွယ်ရန်နှင့် ဒီမိုကရေစီကို ထိန်းသိမ်းရန် အရေးပေါ် နိုင်ငံတကာဆောင်ရွက်မှု လိုအပ်ပါသည်” လို့ ၎င်းက ထပ်လောင်းပြောကြားထားပါတယ်။
“အာဆီယံအနေဖြင့် အားနည်းသည့် ထုတ်ပြန်ချက်များဖြင့် မြန်မာစစ်တပ်ကို အကာအကွယ်ပေးနေမှုကို ရပ်တန့်ပြီး မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများကို အပြည့်အဝ ထောက်ခံရမည်”လို့ APHR တွဲဖက်ဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ လွှတ်တော်အမတ်ဟောင်း ချားလ်စ်ဆန်းတီယာဂိုက ပြောကြားထားပါတယ်။
မြန်မာစစ်တပ်၏ ကျောင်းများ၊ နေအိမ်များနှင့် အခြားအရပ်သားအဆောက်အအုံများကို ထပ်ခါတလဲလဲ ပစ်မှတ်ထားတိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ထင်ရှားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုများနှင့် ညီမျှကြောင်း APHR က ထောက်ပြထားပါတယ်။
APHR သည် မြန်မာနိုင်ငံရှိ အကျပ်အတည်းကို အဆုံးသတ်ရန် လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများအပေါ် စစ်ရေးတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ပဋိပက္ခဒဏ်ခံနေရသည့် နယ်မြေများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အပြည့်အဝ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုရန်နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) မှတစ်ဆင့် ပြစ်မှုကျူးလွန်သူများကို တရားစီရင်ရန် တောင်းဆိုထားသည့်အပြင် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန် လေယာဉ်ဆီကို တင်းကြပ်စွာ ထိန်းချုပ်ရန်လည်း တိုက်တွန်းထားပါတယ်။
“အာဆီယံအနေဖြင့် တိတ်ဆိတ်နေခွင့်မရှိပါ။ ကျွန်ုပ်တို့၏ အစိုးရများသည် အရပ်သားများကို ကာကွယ်ရန်နှင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် ရပ်တည်ရန် တာဝန်ရှိသည်” APHR ဘုတ်အဖွဲ့ဝင်ဖြစ်သူ ထိုင်းလွှတ်တော်အမတ် ရန်ဆီမန်ရုံက ပြောကြားပါတယ်။
ဒီလူသတ်ပွဲကြီးက စစ်ကောင်စီရဲ့ ဘာလုပ်လုပ် အပြစ်မရှိဘူးဆိုတဲ့ သဘောထားကို သတိပေးလိုက်ရုံသာမကဘဲ အာဆီယံရဲ့ ယုံကြည်ကိုးစားရမှုကိုပါ စမ်းသပ်လိုက်တာ ဖြစ်ပါတယ်။ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်တာမျိုး မလုပ်နိုင်ခဲ့ရင် ဒေသတွင်းမှာ အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေကို သည်းခံပေးပါတယ်ဆိုတဲ့ အန္တရာယ်ရှိတဲ့ သတင်းစကားကို ပို့လိုက်ရာ ရောက်သွားပါလိမ့်မယ်။"လို့ APHRက သတိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကြောင်းထိုးရန် စုဖွဲ့ပြင်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံး
စက်တင်ဘာ ၁၅ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကြောင်းထိုးဖို့ စုဖွဲ့ပြင်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - ရေဦး က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၄ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ ရေဦးအနောက်ဘက်ခြမ်းက ကျေးရွာများကို စစ်ကြောင်းထိုးဖို့ ရေဦးမြို့၊ ဂါဝီ ပန်းခြံဂိတ်မှာ စုဖွဲ့ပြင်ဆင်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်က ဗိုလ်တစ်ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ၄ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်၊ အမှတ် (၁၄) တပ်ရင်း၊ အမှတ် (၉) တပ်ရင်း၊ အမှတ် (၁၂) တပ်ရင်း၊ အမှတ် (၂၀) တပ်ရင်းနဲ့ ဘုတလင် ပကဖ (ဒရုန်းတပ်ဖွဲ့) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ ရေးမြို့နယ်၊ နှစ်ကရင်ရွာ လမ်းဆုံက ကင်းပုန်းနဲ့ ကွမ်ကျိုက် ဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
စက်တင်ဘာ ၁၅ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ လမ်းဆုံအနီးရှိ စစ်ကော်မရှင် ကင်းပုန်းနဲ့ မော့ကနင်ကျေးရွာ အနီးရှိ ကွမ်ကျိုက် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၃ ရက်၊ ညနေ ၄ နာရီ မိနစ် ၂၀ မှာ နှစ်ကရင်ရွာ လမ်းဆုံအနီးက ရထားလမ်းဘေးမှာ ကင်းပုန်း ဝပ်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စက်တင်ဘာလ ၇ ရက်ကလည်း မော့ကနင်ရွာ အနီးရှိ စစ်ကော်မရှင် တပ်ရဲ့ ကွမ်ကျိုက် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကော်မရှင်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေး ပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် ဗျူဟာ (၃၃) ဒေါန ချေမှုန်းရေးတပ်ခွဲ - တပင်ရွှေထီးတပ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ ယင်းမာပင် မြို့နယ်မှာ စစ်ကော်မရှင် စစ်ကြောင်းကို ၂ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်၊ ၉ ဦး ထက်မနည်း သေဆုံး
စက်တင်ဘာ ၁၅ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန်ဘွေး ပျူစောထီးရွာမှ မုံရွာ-ယာကြီး-ကလေးဝ လမ်းအတိုင်း စစ်ကြောင်း ထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို နှစ်ကြိမ်တိုင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ Black Vote Fighter အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အင်အား ၂၀၀ ခန့်ပါတဲ့ အဆိုပါ စစ်ကြောင်းကို စက်တင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီ ၃၅ မိနစ်မှာ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စက်တင်ဘာ ၁၄ ရက်နေ့မှာလည်း တရော်ဂျင်းရွာမှာ တပ်စွဲထားပြီး ပြန်ထွက်ခွာလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
၎င်းတိုက်ပွဲမှာ စစ်ကော်မရှင် တပ်သားများ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ တရောဂျင်းရွာထဲကို ပြန်ဝင်ရောက် သွားခဲ့ကာ ဖရဲသီး သတင်းပေးချက်အရ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Black Vote Fighter ၊ မဲမှောင် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ဝင်္ကပါ ပြောက်ကျားတပ်ဖွဲ့၊ အမေ့သား ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တို့မှာ MDY-PDF က ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေ
စက်တင်ဘာ ၁၅ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စဉ့်ကူး မြို့နယ်နဲ့ သပိတ်ကျင်း မြို့နယ်တို့မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး (MDY-PDF) က ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ကွင်းသုံးဆယ် ကျေးရွာရှိ ရွာအဝင်တံတားကို ပြုပြင် တည်ဆောက်ရာမှာ မတည်အလှူငွေ ထည့်ဝင်ကာ ကျေးရွာသူ/သားတို့နဲ့အတူ စုပေါင်းပြုပြင် တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ပြည်သူများ လေကြောင်းရန် အန္တရာယ် ကာကွယ် ကင်းရှင်းရေးအတွက် အရေးပေါ် ဗုံးခိုကျင်း (Public Shelter) အများအပြားကိုလည်း ဆောက်လုပ်ထားပြီး ဆက်လက်တိုးမြှင့် ဆောက်လုပ်သွားဖို့ကို ပြင်ဆင်လျက် ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဒေသတွင်းက မိတ်ဖက် တော်လှန်ရေး အင်အားစုများနဲ့ ချိတ်ဆက်ကာ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးနေပြီး လာမယ့် ကာလများမှာ စစ်ဆင်ရေးများ နှင့်အတူ ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း ပိုမိုအရှိန်မြှင့်တင် လုပ်ဆောင်သွားမယ်လို့ အသိပေး ထားပါတယ်။
========================
🚩🚩 ၅။ နမ့်ခမ်းမြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မြို့အဝင်အထွက်ဂိတ်တွင် စစ်ဆေးမှုများ ပြုလုပ်
စက်တင်ဘာ ၁၅
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့အဝင်အထွက်ဂိတ်တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။
တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားလာဖြတ်သန်းနေတဲ့ ပြည်သူလူထုများ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် တားမြစ်ထားတဲ့ ထုတ်ကုန်ပစ္စည်းများကိုလည်း စစ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် မြို့အတွင်း အေးချမ်းတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေးနှင့် ခိုးဆိုးလုယှက်မှုမရှိစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့က နေ့စဉ် ပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment