၂၀၂၅ အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နယူးယောက်မြို့မှာကျင်းပတဲ့ မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ဆိုတဲ့အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနဲ့ သံအမတ်ကြီးတို့ တက်ရောက်
📌 ၂။ ခလရ-၂၆၅ က စစ်သားတဦး KNLA တပ်မဟာ ၄ ထံ လက်နက်နဲ့တကွ အလင်းဝင်
📌 ၃။ တီးတိန် ခလရ - ၂၆၉ တပ်ရင်းက စစ်သား ၂ဦး PDF ဇိုလဲန်းထံ လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရွှေဘိုမှာ စစ်တပ်က လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းထဲကျရောက်ပေါက်ကွဲပြီး ကိုရင် ၄ ပါး ပျံလွန်တော်မူကာ ၁၁ ပါး ဒဏ်ရာရ
🚩 ၂။ စစ်ကြောင်းထိုးပြီး သရက်- မင်းလှလမ်းအတိုင်း ပြန်လာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှုမှာ စစ်သား ၆ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရ
🚩 ၃။ သီပေါမြို့နယ်မှာ စစ်တပ်ရဲ့ ဗုံးထပ်ကြဲတာကြောင့် အဆောက်အအုံတခု ပျက်စီး
🚩 ၄။ ရခိုင်ပြည်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တလအတွင်း အရပ်သား ၂ဝ ကျော် သေဆုံးပြီး ၅ဝ နီးပါး ဒဏ်ရာရ
🚩 ၅။ ရေစကြိုမြို့မှာ ကင်းလှည့်နေတဲ့ စစ်သားတွေ ရမ်းကားပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားတဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နယူးယောက်မြို့မှာကျင်းပတဲ့ မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ဆိုတဲ့အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနဲ့ သံအမတ်ကြီးတို့ တက်ရောက်
အောက်တိုဘာလ (၃)ရက်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပတဲ့ မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ” ဆိုတဲ့အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနဲ့ သံအမတ်ကြီးတို့ တက်ရောက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က နယူးယောက်မြို့မှာ မြန်မာအမျိုးသမီးများနှင့် လူနည်းစုများ၏ တော်လှန်ရေးအတွင်း သင့်မြတ်ညီညွတ်ခြင်းနှင့် ခံနိုင်ရည်စွမ်းကို ထင်ဟပ်သောအသံများ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါ်ဇင်မာအောင်၊ ဒုတိယ၀န်ကြီးဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ကျော်မိုး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့အပါအ၀င် နိုင်ငံတကာနဲ့ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ နယူးယောက်မြို့မှာရှိတဲ့ မြန်မာနွယ်ဖွား တိုင်းရင်းသားတွေ စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီအခမ်းအနားမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် တွန်အန်ဒရူး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေအထူးကိုယ်စားလှယ် Ms. Giske Lillehammer၊ International Civil Society Action Network - ICAN က ပရိုဂရမ်ဒါရိုက်တာ Ms. Helena Gronberg တို့က အမှာစကား ပြောကြားခဲ့တယ်လို့ အသိပေးထားပါတယ်။
အခမ်းအနားမှာ ၂၀၂၁ အာဏာသိမ်းမှုအပြီး ပြည်သူအချို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို မျှဝေခဲ့သလို တော်လှန်ရေး သီချင်းတွေဆိုတာ မှတ်တမ်းရုပ်ရှင်ပြတာ ကဗျာရွတ်ဆိုတာ စတဲ့အစီအစဉ်တွေအပါအဝင် CDM အမျိုးသမီးတွေလုပ်ထား တဲ့ လက်မှုပစ္စည်းတွေ၊ ပဋိပက္ခအခြေအနေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး ရှင်သန်ကျန်ရစ်တဲ့ အမျိုးသမီးတွေရဲ့ ရုပ်ပုံနဲ့ စကားသံတွေ မြန်မာ့ပဋိပက္ခနဲ့ သဘာဝသယံဇာတအရင်းအမြစ်များ၊ အိမ်နီးချင်းနိုင်ငံများရဲ့ အကျိုးစီးပွားဆိုင်ရာ ဆက်စပ်ပတ်သက်မှုတွေကို ထင်ဟပ်ပြသတဲ့မြေပုံနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပုံရိပ်တွေကို ခင်းကျင်းပြသခဲ့တယ်လို့ သိရပါ တယ်။
ဒီအခမ်းအနားကို Women Peace and Humanitarian Fund – WPHF နဲ့ International Civil Society Action Network - ICAN တို့ရဲ့ ပံ့ပိုးမှုနဲ့ Burma Advocacy Group – BAG၊ Gender Equality Network – GEN၊ Global Justice Center – GJC၊ Myanmar-WPS၊ New York City Burmese Community – NYCBC၊ Women Advocacy Coalition - Myanmar WAC-M၊ Women Peace Network - WPN၊ Women’s League of Burma - WLB တို့ ပူးပေါင်းစီစဉ် ကျင်းပတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ ခလရ-၂၆၅ က စစ်သားတဦး KNLA တပ်မဟာ ၄ ထံ လက်နက်နဲ့တကွ အလင်းဝင်
အောက်တိုဘာလ (၃)ရက်
ကရင်အမျိုးသားအစည်းအရုံး မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ်မှာ ခလရ-၂၆၅ က စစ်သားတဦး KNLA တပ်မဟာ ၄ KNDO တပ်ရင်း ၇ ထံ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ KNU မြိတ်ထားဝယ် ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်လာ ပါတယ်။
အာဏာသိမ်းအကြမ်းဖက်တပ် ခလရ-၂၆၅ တပ်ရင်းက စစ်သားတဦး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၄ KNDO တပ်ရင်း ၇ တပ်ခွဲ ၃ ထံကို အောက်တိုဘာလ ၁ ရက်နေ့မှာ MA1 တလက်နဲ့ အလင်းဝင် ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။
အလင်းဝင်ဘက်ပြောင်းခိုလှုံတဲ့ စစ်သားဟာ အာဏာသိမ်းစစ်တပ်က အတင်းအဓမ္မ ပြည်သူ့စစ်မှုထမ်း စုဆောင်းခံရသူဖြစ်ပြီး ရှေ့တန်းအပို့ခံခဲ့ရချိန်မှာ ထွက်ပြေးပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ထံ အလင်းဝင် လာတာလို့ အသိပေးပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်က တပ်သားတွေအနေနဲ့ မိမိတို့နဲ့နီးစပ်ရာ တော်လှန်ရေးတပ်တွေမှာ ရတဲ့နည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့ ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ တီးတိန် ခလရ - ၂၆၉ တပ်ရင်းက စစ်သား ၂ဦး PDF ဇိုလဲန်းထံ လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်
အောက်တိုဘာလ (၃)ရက်
ချင်းပြည်နယ် တီးတိန်မြို့မှာရှိတဲ့ ခလရ - ၂၆၉ တပ်ရင်းက စစ်သား ၂ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ PDF ဇိုလဲန်းက ဒီနေ့ အောက်တိုဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
တီးတိန်မြို့ အခြေစိုက် ခလရ - ၂၆၉ တပ်ရင်းက တပ်ကြပ် ညီညီရွှေနဲ့ တပ်သား ခိုင်ချိုထူးတို့ဟာ လက်နက်ခဲယမ်းတွေ ယူလာပြီး အောက်တိုဘာ ၁ ရက်နေ့မှာ အလင်းဝင်လာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ထားပါတယ်။
တပ်ကုန်းမှာ ကျန်ရှိနေသေးတဲ့ တပ်ရင်းမှူးကနေ တပ်သားတွေအားလုံး အချိန်မှီအလင်းဝင်ကြဖို့ နောက်ဆုံးအနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်လို့လည်း PDF ဇိုလဲန်းက အသိပေးထားပါတယ်။
PDF ဇိုလဲန်းဟာ အကြမ်းဖက် စစ်သားတွေ အလင်းဝင်ကြဖို့ နှိုးဆော်ထားသလို တဖက်မှာလည်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၇ အတွက် သင်တန်းသား သင်တန်းသူအသစ်တွေ လက်ခံနေပြီလို့ အသိပေးပြီး လူငယ်တွေအနေနဲ့ စစ်တပ်ကို တွန်းလှန်ဖို့ စာရင်းပေးသွင်းနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ PDF ဇိုလဲန်းဟာ တီးတိန်မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်မယ်လို့ အသိပေးကြေညာထားပြီး စစ်တပ်က ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး ကူညီပေးသူတွေကို အရေးယူမယ်လို့ အသိပေးထားပြီးဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရွှေဘိုမှာ စစ်တပ်က လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းထဲကျရောက်ပေါက်ကွဲပြီး ကိုရင် ၄ ပါး ပျံလွန်တော်မူကာ ၁၁ ပါး ဒဏ်ရာရ
အောက်တိုဘာ(၃)ရက်
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်က ဘုန်းကြီးကျောင်းတကျောင်းမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ တာကြောင့် ကိုရင် ၄ ပါး ပျံလွန်တော်မူပြီး ၁၁ ပါး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရွှေဘိုမြို့အဝင် မုခ်ဦးကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်း မနေ့က အောက်တိုဘာ ၂ ရက် တဂဏန်းရွာကို ဝင်လာချိန်မှာ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလည်းရှိတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ ရွှေဘို ကညနမှာရှိတဲ့ စစ်သားတွေနဲ့ ထောက်ပို့တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ လက်နက်ကြီးကျည်တလုံး ရွှေဘိုမြို့ပေါ်က အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းထဲကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၃ နှစ်နဲ့ ၁၄ နှစ် အရွယ် ကိုရင် ၄ ပါး ပျံလွန်တော်မူခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ကပစ်တဲ့ လက်နက်ကြီးတွေ ထူထောင်ရေးရပ်ကွက်နဲ့ ရွှေဘုံသာဘုရားအနီးကျရောက်ခဲ့တာရှိပေမယ့် မပေါက်ကွဲခဲ့ဘူးလို့လည်း သိရပါတယ်။
အဲဒီလို အကြမ်းဖပ်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရွှေဘို-မန္တလေးလမ်း ယာယီပိတ်ခဲ့ရပေ မယ့် ဒီနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်းမှာ ပြန်ဖွင့်ထားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပျံလွန်သွားတဲ့ ကိုရင်တွေကို ဒီနေ့ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ဥသျှစ်ကန် သုဿန်ပိုပြီး သင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ စစ်ကြောင်းထိုးပြီး သရက်- မင်းလှလမ်းအတိုင်း ပြန်လာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှုမှာ စစ်သား ၆ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရ
အောက်တိုဘာလ (၃)ရက်
မကွေးတိုင်း မင်းလှမြို့နယ်က သရက်- မင်းလှလမ်းပိုင်းမှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေပြီး ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အထက်မင်းလှမြို့နယ် လင်းကယ်ရဲစခန်းအနီးတဝိုက်ကရွာတွေကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အင်အား ၁၀၀ ခန့်ပါ ဖောကား ၄ စီးကို သရက်-မင်းလှလမ်းပိုင်းရဲ့ ဒဟတ်ပင်ရေနှံမှော်အနီးမှာ USBA တပ်ဖွဲ့ဝင်တွေက မနေ့ အောက်တိုဘာ ၂ ရက် ညနေ ၄ နာရီခန့်အချိန် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ရှိသူတဦးက အတည်ပြုထားပါတယ်။
၃ မိနစ်ဝန်းကျင်သာကြတဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၆ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရသွားတာလို့ ဆိုပါတယ်။
အခုလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံရပေမယ့် အဲဒီစစ်ယာဉ်တန်းဟာ ရပ်မသွားဘဲ ဒဟတ်ပင်ရေနံမှော်ရောက်တဲ့အထိ အရှိန်မြှင့်မောင်းပြေးခဲ့ပြီး ရေနှံမှော်ရောက်ကာမှ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်နေချိန်မှာ အရပ်သား ကုန်တင်ကားတစီး မောင်းဝင်လာတဲ့တွက် တော်လှန်ရေးတပ် ဖွဲ့က အရပ်သားကားကို မထိစေဖို့ ရှောင်ပစ်ခတ်ခဲ့ရတာကြောင့် စစ်တပ်ဘက်က အကျအဆုံးနည်းသွားတာလို့လည်း ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က စစ်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့နေရာကို မကြာမီ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းတာတွေ လုပ်လာနိုင်တာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ ဗမာပြည်ကာကွယ်ရေးတပ် USBA က သတိပေးထားပါတယ်။
========================
🚩🚩 ၃။ သီပေါမြို့နယ်မှာ စစ်တပ်ရဲ့ ဗုံးထပ်ကြဲတာကြောင့် အဆောက်အအုံတခု ပျက်စီး
အောက်တိုဘာလ (၃)ရက်
ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ သီပေါမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အအုံတခု ပျက်စီးသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၃ မှာ ထုတ်ပြန်လာပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်မှာ သီပေါမြို့နယ် စံဖိတ်ကျေးရွာက ကုမုဒြာဟိုတယ်ကို ရည်ရွယ် ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကုမုဒြာဟိုတယ် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းတုန်းကလည်း နမ္မတူမြို့က စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာက အရပ်သားပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် အမျိုးသားတဦး၊ အမျိုးသမီး ၃ဦး သေဆုံးခဲ့ရတဲ့အပြင် ကလေးငယ်တဦး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၃ ရက်နေ့တုန်းကလည်း သီပေါမြို့နယ် ဘော်ကြိုကျေးရွာက ပြည်သူလူထုရှိရာနေရာ တွေကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တအာင်းပြည်အတွင်းတင်မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့နေရာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လက်နက်ကြီးတွေနဲ့ ပစ်တာ၊ ဒရုန်းအပါအဝင် လေကြောင်းကနေ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ TNLA က ပြောထားပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲ ရှိကြဖို့နဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA အပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ ရခိုင်ပြည်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တလအတွင်း အရပ်သား ၂ဝ ကျော် သေဆုံးပြီး ၅ဝ နီးပါး ဒဏ်ရာရ
အောက်တိုဘာလ (၃)ရက်
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်မှာ တလအတွင်း အရပ်သား ၂ဝ ကျော် သေဆုံးပြီး ၅ဝ နီးပါး ဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ လေတပ်က အာရက္ခဒေသမှာရှိတဲ့ ရပ်ကွက်နဲ့ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အခုနှစ် စက်တင်ဘာလ တလတည်းမှာပဲ အရပ်သား ၂၃ ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ အာရက္ခ ဒေသက အပြစ်မဲ့အရပ်သားပြည်သူများစာရင်းကို ထုတ်ပြန်ရာမှာ သေဆုံးသူတွေဟာ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၄ ဦး ဖြစ်ပြီး ဒဏ်ရာရသူ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၂၀ ဦး ဖြစ်တယ်လို့ အသိပေးထားပါတယ်။
စက်တင်ဘာလအတွင်းမှာ ဖက်ဆစ် အကြမ်းဖက်စစ်တပ်ဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ သံတွဲနဲ့ ချင်းပြည်နယ်ထဲက ပလက်၀မြို့တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေဆုံး ရတာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ပလက်ဝမြို့ကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက် ခဲ့ရာမှာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့သလို စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာ သံတွဲမြို့ကို ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာတော့ အပြစ်မဲ့အရပ်သား ပြည်သူတဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကာ စက်တင်ဘာ ၁၂ရက် ညသန်ခေါင်အချိန်မှာ ကျောက်တော်မြို့ နယ်က သရက်တပင်ကျေးရွာမှာရှိတဲ့ ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုမှာတော့ ကျောင်းသားကျောင်းသူ ၂၀ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၅။ ရေစကြိုမြို့မှာ ကင်းလှည့်နေတဲ့ စစ်သားတွေ ရမ်းကားပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားတဦး သေဆုံး
အောက်တိုဘာလ (၃)ရက်
ရေစကြိုမြို့ပေါ်မှာ ကားတစီးနဲ့ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ ရမ်းကားပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား တဦး သေဆုံးခဲ့ရတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ Info Committee Yesagyo က ဒီနေ့ အောက်တိုဘာ ၃ မှာ အသိပေး ထုတ်ပြန်လာပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ ရုံးပေါင်းစုံအတွင်းကနေ Alphard ကားတစီးနဲ့ လည့်ကင်းပတ် နေတဲ့ အကြမ်းဖက်စစ်သားတွေရဲ့ ယုတ်မာရမ်းကားတဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတဦး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးသူဟာ အမှတ် ၁၊ ထင်းတန်းရပ်မှာနေတဲ့ အသက် ၃၂ အရွယ် ကိုဖြိုး ဆိုသူဖြစ်ပြီး အောင်မဂ်လာရပ်ကွက်ကနေ အိမ်ပြန်လာချိန်မှာ ဆိုင်ကယ်တစီးကို ၂ ယောက်စီးသွားသူတွေကို လိုက်လံပစ်ခတ်ရာက ဆိုင်ကယ်စီးသွားသူတွေကို မထိဘဲ လမ်းဘေးမှာ ဆိုင်ကယ်စီးဖို့ပြင်နေတဲ့ ကိုဖြိုး ကို ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တာလို့ အသိပေးထားပါတယ်။
PDF တွေကိုကြောက်နေတဲ့ ရေစကြိုမြို့ပေါ်က အကြမ်းဖက်စစ်သားတွေဟာ ဆိုင်ကယ်တစီးကို လူ ၂ ယောက် မစီးရဘူးလို့ အဓိပ္ပါယ်မဲ့တဲ့ အမိန့်ထုတ်ကာ ယုတ်မာရမ်းကားစွာ လိုက်လံပစ်ခတ်မှုတွေကြောင့် အရင်ကလည်း အပြစ်မဲ့ပြည်သူတွေ ထိမှန်သေဆုံးရတာရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အခုလို အမိန့်ထုတ်ထားတာကြောင့် ခရီးသည်ကားတွေဟာ ရွာတွေက ခရီးသည်တွေကို မြို့အထွက်နေရာတွေထိ လိုက်ပို့ နေရပြီး စစ်သားတွေလွတ်ကင်းလောက်တဲ့နေရာရောက်မှ ဆိုင်ကယ်တွေနဲ့ သွားလာနေကြရတယ်လို့လည်း သိရပါတယ်။
အခုဖြစ်စဉ်မှာလည်း ခရီးသည်လာခေါ်တဲ့ ဆိုင်ကယ်စီး ပြည်သူမှန်းသိနေရက်နဲ့ အတွဲလိုက် ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ် သမားမမှန်ဘဲ ကိုဖြိုး ကို ထိမှန်ပြီး သေဆုံးသွားခဲ့တာလို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုဖြိုးရဲ့ ရုပ်အလောင်းကို စစ်သားတွေ ယူဆောင်သွားခဲ့ပြီး သတင်းကြားလို့ လိုက်လာတဲ့ မိသားစုကို ရုပ်အလောင်း ချက်ချင်းမပေးဘဲ ဆိုင်ကယ်သုံးယောက်ပူးစီး၍ ပစ်ရတာဟာ မှန်ကန်ကြောင်း မိဘတွေကို လက်မှတ်ထိုးခိုင်း ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ကိုဖြိုးရဲ့ နာရေးကို ဇနီးဖြစ်သူနေထိုင်ရာ ရွှေချောင်းကျေးရွာမှာ ပြုလုပ်မှာဖြစ်ပြီး ဇနီးနဲ့ လူမမယ် သားနဲ့သမီး ၂ ဦး ကျန်ရစ်တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ Info Committee Yesagyo က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment