၂၀၂၅ အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အုပ်စုဟာ အခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၅ ထောင်ကျော် ကျူးလွန်ခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာသံ အမတ်ကြီးပြော
📌 ၂။ မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်နီးပါး ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပြီး မြို့ပြဆင်းရဲ မွဲတေမှုနှုန်း မြင့်တက်လာ တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး
📌 ၃။ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်အဖွဲ့ဝင် ဦးချမ်းငြိမ်းအောင် ကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်
📌 ၄။ မူးမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို CIDKP က ထောက်ပံ့ကြေးပေး
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ချောင်းဦးနယ် ဘုံတိုရွာဖြစ်စဉ် GSCB ရုပ်သံနဲ့တကွ ထုတ်ပြန်
🚩 ၂။ မြိတ် - ထားဝယ်ခရိုင်ထဲက ထီးခီးရွာကို စစ်တပ်က ဗုံးကြဲတာကြောင့် ပြည်သူပိုင်အိမ်တွေနဲ့ အဆောက်အအုံတချို့ ပျက်စီး
🚩 ၃။ ရှေ့တန်းထွက်မယ့် စစ်သားတွေကို ငွေတောင် ခလရ - ၁၀၂ တပ်ရင်းက မူးယစ်ဆေး ရောင်းချပေးတယ်လို့ အလင်းဝင် စစ်သား ထွက်ဆို
🚩 ၄။ နွားထိုးကြီးမြို့နယ်က စစ်ရှောင်ပြည်သူတွေခိုလှုံရာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးငယ်တွေ အပါအဝင် ၁ဝ ဦးထက်မနည်း ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အုပ်စုဟာ အခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၅ ထောင်ကျော် ကျူးလွန်ခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာသံ အမတ်ကြီးပြော
အောက်တိုဘာလ (၈)ရက်
စစ်အုပ်စုအနေနဲ့ ၄ နှစ်ကျော်ကာလအတွင်း မရေမတွက်နိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နိုင်ငံတဝန်း နေ့စဉ် ကျူးလွန်လျက်ရှိရာမှာ အခုနှစ်အတွင်းမှာတင် လူ့အခွင့်အရေးချိုးဖောက်မှု ၅ ထောင်ကျော် ကျူးလွန်ခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ အကြိမ် ၈၀ မြောက် အထွေထွေညီလာခံရဲ့ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုတွေကျင်းပပြီးတဲ့နောက် လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ - တတိယကော်မတီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေက ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့တာကြောင့် မြန်မာ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက်မှာသာ ခံစားခွင့်ရခဲ့တယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။
စစ်တပ်ဟာ ရွေးကောက်ခံ အရပ်သား အစိုးရကို ဖယ်ရှားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းမှုကို ထပ်ပြီး ကျူးလွန်ခဲ့တာကြောင့် မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာအတွက် ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုအနေနဲ့ ဒီ ၄ နှစ်ကျော်ကာလအတွင်း မရေမတွက်နိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နိုင်ငံအနှံ့ နေ့စဉ် ကျူးလွန်နေတာကြောင့် လူပေါင်း ၇ ထောင့် ၃ ရာ ၁၈ ဦး သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ့အစိုးရ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပါအဝင် လူပေါင်း ၂သောင်း ၉ထောင် ၇ရာ ကျော် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အထဲမှာ အများစုဟာ သေဒဏ်ချမှတ်ခံထားရပြီး အချို့ကတော့ တရားလက်လွတ် ကွတ်မျက်ခံခဲ့ရပြီးဖြစ်တယ်လို့ AAPP ရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး အစည်းအဝေးတက်ရောက်လာသူတွေကို မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ အခုနှစ် သြဂုတ်လကုန်အထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၀၄ ကြိမ် ကျူးလွန်ခဲ့တာ ကြောင့် တထောင့် ၆၉ ဦး အသက်သေဆုံးခဲ့ရာမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၉၆ ဦးနဲ့ အမျိုးသမီး ၃၁၄ ဦး ပါဝင်ခဲ့ တယ်လို့လည်း အသိပေးခဲ့ပါတယ်။
အခုနှစ်အတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၅ထောင့် ၁၉၂ မှုနဲ့ ပတ်သက်တဲ့ အထောက် အထားတွေကို ရယူထားခဲ့ရာမှာ ဥပဒေမဲ့ သတ်ဖြတ်တဲ့ဖြစ်စဉ် တထောင့် ၆၆ ခု၊ ပစ္စည်းဥစ္စာပျက်စီးတဲ့ ဖြစ်စဉ် တထောင့် ၄၄ ခု၊ အဓမ္မ လုပ်သားခိုင်းစေမှု ၆၃၈ ခု၊ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှု ၃၅၉ ခု နဲ့ အတင်းအကျပ် နေရပ်စွန့်ခွာစေမှု ၂၂၆ ခု ပါဝင်တယ်လို့ ထောက်ပြထားပါတယ်။
စစ်အုပ်စုအနေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အသုံးပြုနေတာ ရပ်တန့်သွားတာမရှိတဲ့တွက် နိုင်ငံတဝှမ်း အရပ်သား ထိခိုက်ပျက်စီးမှုတွေ အများဆုံးဖြစ်ခဲ့ရတာကိုကြည့်ရင် စစ်တပ်အနေနဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဥပဒေကို ချိုးဖောက်ကြောင်း ပြသရာရောက်သလို သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလည်းမြောက်တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ ပါတယ်။
ဒါကြောင့်လည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံးထံ မဆိုင်းမတွ လွှဲပြောင်းတင်သွင်းဖို့ လုံခြုံရေးကောင်စီကိုတောင်းဆိုခဲ့တာဖြစ်ကြောင်းလည်း အစည်းအဝေးတက်ရောက် လာသူတွေကို ဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးနေတဲ့ဖြစ်စဉ်တွေရှိနေတာကြောင့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူကတောင် သူ့အမေရဲ့ ကျန်းမာရေးအတွက် အထူးစိုးရိမ် နေတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ရတယ်လို့လည်း ရှင်းပြထားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေကို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ချက်ချင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့သလို မြန်မာနိုင်ငံရဲ့ အခြေအနေကို အလေးအနက် စဉ်းစားပေးဖို့ အလွန်အကျွံ ဖိနှိပ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC ကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံခဲ့ပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်နီးပါး ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပြီး မြို့ပြဆင်းရဲ မွဲတေမှုနှုန်း မြင့်တက်လာ တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး
အောက်တိုဘာလ (၈)ရက်
မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်ရောက်နေပြီး မြို့ပြ ဆင်းရဲမွဲတေမှုနှုန်းဟာလည်း မြင့်တက်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားလိုက်ပါတယ်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဒုတိယကော်မတီဖြစ်တဲ့ စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာကော်မတီ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဘက်စုံဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် မိမိတို့ရဲ့ ကတိကဝတ်တွေဟာ နိုင်ငံရေး ကြေညာချက်တွေနဲ့ စာတမ်းတွေ ပေါ်က စကားလုံးသက်သက်မဟုတ်ဘဲ အဲဒီကတိကဝတ်တွေကို နိုင်ငံရေးဆန္ဒအမှန်နဲ့ အားဖြည့်ဖို့၊ မြေပြင်အခြေအနေမှန် တွေနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့လိုပြီး သင့်တော်တဲ့ ဘဏ္ဍာငွေကြေးပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့ မြန်မာသံ အမတ်ကြီးက ထောက်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တုန်းက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်နိုင် သော၊ ရေရှည်မျှော်မှန်းသော၊ ပြည်သူကို ဗဟိုပြုသော မူဝါဒတွေကို အကောင်အထည် ဖော်နိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံဟာ လျင်မြန်တဲ့ စီးပွားရေး တိုးတက်မှုနဲ့တည်ငြိမ်မှုကို ရရှိခဲ့တယ်လို့ မြန်မာသံအမတ်ကြီးက ပြောခဲ့ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ - CDP ရဲ့ ၂၀၁၈ ခုနှစ် ပြန်လည်သုံးသပ်မှုမှာဆိုရင် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံအဆင့်ကနေ လွတ်မြောက်ရေး စံသတ်မှတ်ချက် ၃ ခုလုံးနဲ့ ပထမဆုံးအကြိမ် ပြည့်မီခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ တရားမဝင် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် မြန်မာနိုင်ငံဟာ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ လူမှုရေးကဏ္ဍ စတဲ့ ကဏ္ဍတွေ ယိုယွင်းပျက်စီးမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ အသိပေးခဲ့ပါတယ်။
UNDP ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ အခုအခါမှာ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေရပြီး လူလတ်တန်းစား ပျောက်ကွယ်လုနီးပါးဖြစ်နေသလို မြို့ပြဆင်းရဲ မွဲတေမှုနှုန်းဟာလည်း မြင့်တက်လာခဲ့ တာကြောင့် လူဦးရေ ၃ ဒသမ ၆ သန်းဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာနေရပြီး လူဦးရေ ၂၂ သန်းနီးပါးဟာ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း၊ လုပ်ခလစာ လုံလောက်မှုမရှိခြင်း၊ အထူးသဖြင့် လူငယ် အမျိုးသားတွေကို ပစ်မှတ်ထားတဲ့ အဓမ္မစစ်မှုထမ်းစေခြင်းတို့ဟာ လူငယ်တွေကို အလုံးအရင်းနဲ့ ပြည်ပကိုထွက်ခွာဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့လည်း အစည်းအဝေးတက်ရောက်လာသူတွေကို မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းများ ကင်းမဲ့လာခြင်း၊ ကျွမ်းကျင်လုပ်သားများ ပြည်ပထွက်ခွာနေခြင်း၊ လူ့စွမ်းအားအရင်းအမြစ် လျော့နည်းလာခြင်း၊ ပညာရေးနဲ့ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ဖျက်ဆီး ခံရခြင်းတို့ဟာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး အလားအလာတွေကို ခြိမ်းခြောက်နေ တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အဆိုကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အခုနှစ် မတ်လက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်တွေကြောင့် ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေရဲ့ အသက်မွေး ဝမ်းကျောင်းမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေရချိန်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့သလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမယ့်သူတွေကို ဝင်ရောက်ခွင့် ပိတ်ပင်တားဆီးခဲ့တယ်လို့လည်း မြန်မာသံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။
ဒီလိုစိန်ခေါ်မှုတွေကြားကပဲ အမျိုးသားညီညွတ်ရေးအစိုးရက လူကြောင့်ဖြစ်ရတဲ့ ဘေးအန္တရာယ်တွေနဲ့ သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူတွေကို လူသားချင်းစာနာမှုနဲ့ အသက်ဘေး ကယ်ဆယ်ရေးအကူအညီတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပေးအပ်နေသလို လူသားချင်းစာနာမှုအကူအညီတွေ ပိုပြီးဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုဟာ ရေရှည်တည်တံ့မှာမဟုတ်သလို မြန်မာပြည်သူတွေ အတွက် အကျိုးမရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း အပြန်အလှန် အကျိုးရှိမှာ မဟုတ်ဘူးလို့လည်း ပြောကြားခဲ့ ပါတယ်။
ဒေသနေပြည်သူတွေ ထောက်ခံမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းတွေဟာ ရေရှည်မခိုင်မြဲ နိုင်သလို ဒီမိုကရေစီနှင့် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ် မဖော်ဆောင်နိုင်ဘဲ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတဲ့ မြန်မာ ပြည်သူလူထုကို ပံ့ပိုးကူညီပေးကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်အဖွဲ့ဝင် ဦးချမ်းငြိမ်းအောင် ကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်
အောက်တိုဘာလ (၈)ရက်
ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်အဖွဲ့ဝင် ဦးချမ်းငြိမ်းအောင် ကျဆုံးခဲ့တာ အတွက် စစ်ကိုင်း ဖက်ဒရယ်ယူနစ်က ဝမ်းနည်းကြောင်းသဝဏ်လွှာတစောင် ဒီနေ့ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်လာ ပါတယ်။
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှာလည်း တာဝန်ထမ်းဆောင်နေတဲ့ ဦးချမ်းငြိမ်းအောင်ဟာ အောက်တိုဘာ ၆ ရက် သီတင်းကွတ်လပြည့်နေ့မှာ နိုင်ငံရေးနဲ့ တော်လှန်ရေးတာဝန်တွေ ကျေပွန်စွာထမ်းဆောင်နေစဉ် မြင့်မြတ်စွာ ကျဆုံးခဲ့တဲ့ အတွက် ကျန်ရစ်သူမိသားစုနဲ့ ထပ်တူထပ်မျှ ကြေကွဲရတယ်လို့ ဆိုထားပါတယ်။
ဦးချမ်းငြိမ်းအောင်ဟာ နွေဦးတော်လှန်ရေးကလာတလျောက် မုံရွာ - အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ၊ စစ်ကိုင်းတိုင်း ဒေသပိတ်အင်အားစု၊ ကြားကာလစစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့စိစစ်ရွေးချယ်ရေး ကော်မရှင်အပါအဝင် အခြား ပေးအပ်ထားတဲ့ တော်လှန်ရေးလုပ်ငန်းတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူလို့ သဝဏ်လွှာက ဂုဏ်ပြုထားပါတယ်။
သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်ကို ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်က ကန့်ကွက်ရှုံချထား ပြီး ကျဆုံးခဲ့ကြတဲ့ ဦးချမ်းငြိမ်းအောင်နဲ့ ပြည်သူတွေအတွက် ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ မှတ်တမ်းတင်ထားမယ်လို့လည်း ဖော်ပြထားပါတယ်။
တော်လှန်ရေးတလျှောက် ရပ်တည်ချက် ယုံကြည်ချက်၊ မဆုတ်မနစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦချမ်းငြိမ်းအောင်ကို ဦးညွတ် ဂုဏ်ပြုပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မူးမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို CIDKP က ထောက်ပံ့ကြေးပေး
အောက်တိုဘာလ (၈)ရက်
ကရင်အမျိုးသားအစည်းအရုံး - KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် မူးမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီ - CIDKP က ကွေကြေး ထောက်ပံ့ကူညီပေးခဲ့တယ်လို့ KNU - ဗဟိုက ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများ ကော်မတီ - CIDKP က ခရိုင်နဲ့ မြို့နယ်အဆင့်ရှိတဲ့ တာဝန်ရှိ ခေါင်းဆောင်တွေနဲ့ မူးမြို့နယ်က ခေါင်းဆောင်တွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ကြေးပေးခဲ့တာလို့ဆိုပါတယ်။
တာဝန်ရှိသူတွေဟာ ကျေးရွာပေါင်း ၁၃ ရွာက အိမ်ထောင်စုပေါင်း ၁၂၅၀ က လူဦးရေစုစုပေါင်း ၆၉၃၉ ဦး အတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ခလယ်လွီထူခရိုင်အတွင်းမှာရှိတဲ့ မူးမြို့နယ်၊ လယ်ဒိုမြို့နယ်နဲ့ ဆောထိမြို့နယ်တို့မှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေယာဉ်၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတယ်လို့ KNU - ဗဟိုမှတ်တမ်းတွေ အရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က အခုလို တိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေပြီး အိုးအိမ်တွေ နဲ့ သာသနာ့အဆောက်အအုံတွေ ထိခိုက်မှုတွေရှိနေတယ်လို့လည်း KNU - ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ချောင်းဦးနယ် ဘုံတိုရွာဖြစ်စဉ် GSCB ရုပ်သံနဲ့တကွ ထုတ်ပြန်
အောက်တိုဘာလ (၈)ရက်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ညောင်ပင်သာအုပ်စု ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပနေချိန် အကြမ်းဖက် စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာပါတယ်။
အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ - GSCB က မြန်မာ - အင်္ဂလိပ် ၂ ဘာသာနဲ့ ဖော်ပြထားပါတယ်။
သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာ ၆ ရက်ည ၇ နာရီကျော်နဲ့ည ၁၁ နာရီကျော်အချိန်တွေမှာ စစ်တပ်လေထီး ၂ စင်းဟာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခ ကနေ ပျံသန်းလာပြီး ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ တာလို့ အသိပေးထားပါတယ်။
ပထမအကြိမ်မှာ ဗုံးသီး ၂ လုံး ကြဲချပြီးလို့ သေဆုံးဒဏ်ရာရရှိသူတွေကို ကူညီဆောင်ရွက်နေချိန် ည ၁၁ နာရီမှာ နောက်ထပ် ဗုံးသီး ၂ လုံး ထပ်ကြဲခဲ့တာလို့ ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုံတိုရွာကဒေသနေပြည်သူတွေ ညတွင်းချင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့လည်း ဆိုထားပါတယ်။
ဒီနေ့ အောက်တိုဘာ ၈ ရက်မနက်ခင်းမှာရရှိထားတဲ့ နောက်ဆုံးရသတင်းအနေနဲ့ဆိုရင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၂၂ ဦးထိရှိလာပြီလို့ သိရပါတယ်။
========================
🚩🚩 ၂။ မြိတ် - ထားဝယ်ခရိုင်ထဲက ထီးခီးရွာကို စစ်တပ်က ဗုံးကြဲတာကြောင့် ပြည်သူပိုင်အိမ်တွေနဲ့ အဆောက်အအုံတချို့ ပျက်စီး
အောက်တိုဘာလ (၈)ရက်
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတခုဖြစ်တဲ့ မြိတ် - ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေက မယ်သမီခီးလို့ ခေါ်တဲ့ ထီးခီးကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်အိမ်တွေနဲ့ အဆောက် အအုံတချို့ ပျက်စီးသွားတယ်လို့ KNU မြိတ် - ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
မယ်သမီခီးလို့ခေါ်တဲ့ ထီးခီကျေးရွာအတွင်းကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က Y12 လေယာဉ်နဲ့ ဒီနေ့ အောက်တိုဘာ ၈ ရက် ၉ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက် ၉ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ ၁ဝ ကြိမ် ပြုလုပ်ခဲ့ရာမှာ ၁၂၀ မမ ဗုံးသီး အလုံး ၄၀ ကျော်ကြဲချခဲ့တာကြောင့် ပြည်သူပိုင်အိမ်တွေနဲ့ အဆောက်အအုံ တွေ ထိခိုက်ပျက်စီးခဲ့ရတာလို့ KNU မြိတ် - ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး အဖွဲ့က အသိပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မြိတ် - ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်ထဲက တောင်ပျောက်ကျေးရွာ အုပ်စု ထီးမဲ့ဘောလို့ခေါ်တဲ့ သဲချောင်းကြီးကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာသား ၄ ဦးထိခိုက် ဒဏ်ရာရခဲ့ပြီး ပြည်သူပိုင်အိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပွင့်လင်းရာသီရောက်လာပြီဖြစ်ကြောင့် မြေပြင်စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့်ဖို့ ကြည်းရေလေညှိနှိင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်တဲ့ စစ်ဆင်ရေးဆိုင်ရာ အထူးအစည်းအဝေး JOC မှာ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေထွက်လာပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၃။ ရှေ့တန်းထွက်မယ့် စစ်သားတွေကို ငွေတောင် ခလရ - ၁၀၂ တပ်ရင်းက မူးယစ်ဆေး ရောင်းချပေးတယ်လို့ အလင်းဝင် စစ်သား ထွက်ဆို
အောက်တိုဘာလ (၈)ရက်
ရှေ့တန်းထွက်မယ့် အကြမ်းဖက်စစ်သားတွေကို ဒီးမော့ဆိုမြို့ ငွေတောင်အခြေစိုက် ခလရ - ၁၀၂ တပ်ရင်းက မူးယစ်ဆေးဝါးတွေ ရောင်းချပေးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး - KNDF ထံ အလင်းဝင်လာတဲ့ စစ်သားတဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်မှုထမ်းတပ်သားအဖြစ် ရပ်ကွက်ရုံးက ပေါ်တာဆွဲတာခံရပြီး အပတ်စဥ် ၅ စစ်သင်တန်းကို စေလွှတ်ခံရတဲ့ စစ်သားသစ် အောင်ကိုကိုဟိန်းက လွိင်ကော်၊ မိုးဗြဲနဲ့ ဒီးမော့ဆို တိုက်ပွဲတွေမှာ ကြုံတွေ့ခဲ့ရတာတွေအပေါ် ပြောကြားချက် ရုပ်သံ မှတ်တမ်းကို KNDF က ဒီနေ့ အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်လာခဲ့ရာမှာ အခုလို ထွက်ဆိုထားတာ ဖြစ်ပါတယ်။
၂၃ မိနစ်ကျော်ကြာတဲ့ ဒီရုပ်သံဖိုင်ကို အဆုံးထိ နားထောင်ကြည့်ရှု့သင့်တယ်လို့လည်း KNDF က အကြံပြုထားပါတယ်။
အဲဒီ စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းဟာ စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲတာခံရပြီး စစ်မှုထမ်းအပတ်စဥ် ၅ မှာ သင်တန်း တက်ခဲ့ပြီး လွိုင်ကော်ကို ပို့ဆောင်ခံခဲ့ရတာလို့ ဆိုထားပါတယ်။
အဲဒီကနေ မိုးဗြဲတိုက်ပွဲအတွက် ရှေ့တန်းကို ၃ လကျော် ပို့ဆောင်ခံရပြီးနောက် ဒီးမော့ဆိုမြို့နယ်ဘက် ထိုးစစ်ဆင်တဲ့ စစ်ကြောင်းမှာ ပါဝင်လာခဲ့ပြီး KNDF ထံ အလင်းဝင်လာတာလို့ သိရပါတယ်။
ဒီးမော့ဆိုကိုရောက်လာပြီး ပြည်အောင်ရတနာဂိတ်မှာဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ကြပ်ကြီးအပါအဝင် ၅ ဦး သေဆုံးသွားတယ်လို့ စစ်မှုထမ်းတပ်သားသစ် အောင်ကိုကိုဟိန်းက ပြောထားပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်ဘက်က ပြည်သူပိုင်အိမ်တွေက ပစ္စည်းတွေကိုခိုးယူတာ မီးကြိုးတွေက ကြေးတွေခွာပြီး ရောင်းတာ အိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အလင်းဝင်စစ်သားက ထွက်ဆိုထားပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေ ထိခိုက်သေဆုံးမှုများနေပြီး လမ်းဘေးမှာ သင်္ဂြိုလ်နေသလို့ မိသားစုတွေဆီကိုလည်း စစ်တပ်က အကြောင်းမကြားပေးဘူးလို့ ပြောထားပါတယ်။
စစ်မှုထမ်းတယောက်သေရင် စာရွက်ဖြူတစ်ရွက်နဲ့ ၃၀၀ တန်ဘောပင် တချောင်းသာကုန်တယ်လို့လည်း ဒုတပ်ရင်းမှူးက တပ်တွင်းမှာ အမြဲတစေ ခြိမ်းခြောက်ပြောဆိုလေ့ရှိတယ်လို့ အသိပေးထားပါတယ်။
အလင်းဝင်သူတွေကို သတ်ပစ်လေ့ရှိတယ်လို့ စစ်တပ်အရာရှိတွေက ခြိမ်းခြောက် ပြောဆိုလေ့ရှိပေမယ့် တကယ့်လက်တွေ့ မှာ ကျနော်တို့ကို ဝါဒဖြန့်ထားသလိုမဟုတ်ဘဲ ကောင်းကောင်းမွန်မွန်ထားပြီး နွေးနွေးထွေးထွေးဆက်ဆံတာ ညှင်းပန်းနှိပ် စက်တာမျိုး မရှိတာကြောင့် တော်လှန်ရေးတပ်တွေဆီ အလင်းဝင်ကြဖို့လည်း KNDF ထံ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကရင်နီပြည်ထဲက ဆုံးရှုံးထားတဲ့ နယ်မြေတွေပြန်ရဖို့ ပအိုဝ်းပြည်သူ့စစ် - PNO နဲ့ပေါင်းပြီး ရှမ်း - ကရင်နီနယ်စပ် မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်အပါအဝင် ဒီးမော့ဆို - ဖရူဆို - ဘောလခဲလမ်းမကြီးမှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ နွားထိုးကြီးမြို့နယ်က စစ်ရှောင်ပြည်သူတွေခိုလှုံရာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးငယ်တွေ အပါအဝင် ၁ဝ ဦးထက်မနည်း ဒဏ်ရာရ
အောက်တိုဘာလ (၈)ရက်
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေခိုလှုံရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးငယ်တွေ အပါအဝင် ၁ဝ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။
နွားထိုးကြီးမြို့နယ် မကျီးကုန်းရွာက စစ်ရှောင်ပြည်သူတွေနေထိုင်ရာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ထိခိုက်ဒဏ်ရာ ရသူ များတဲ့အကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာ တာဝန်ခံက သတင်းဌာနအချို့ကို အတည်ပြုထားပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေးငယ်တွေအပါအဝင် ၁ဝ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ သိထားပေမယ့် အရေအတွက်ကို အတည်မပြုနိုင်ဘဲ ပျက်စီးဆုံးရှုံးမှုအခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့ ပြောထားပါတယ်။
နွားထိုးကြီးမြို့တောင်ဖက် မကျီးကုန်းရွာ က စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို ဒီနေ့ မနက် ၈ နာရီခွဲခန့်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာရှိပြီး သက်ငယ်ကလေး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ရာမှာ ကလေးငယ်တဦး ပေါင်ပြတ်သွားတယ်လို့ ကနဦးအနေနဲ့ထားပြီး အသေးစိတ်ကိုတော့ မနက် ၁၁ နာရီအချိန်ထိ မသိရသေးဘူးလို့ ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ နွားထိုးကြီးဂျာနယ်က အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment