၂၀၂၅ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံဟာ မျိုးဆက်တဆက်လုံးရဲ့ အနာဂတ်ကို ဖြုန်းတီးခံနေရတဲ့ အကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
📌 ၂။ စစ်ရာဇဝတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တရားစွဲဆို အပြစ်ပေးဖို့နဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို GSCB တောင်းဆို
📌 ၃။ စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေ လုံခြုံရေးစိုးရိမ်နေကြတယ်လို့ UNDP ထုတ်ပြန်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးမိတ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦးသေဆုံး
🚩 ၂။ ထီးခီးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံး ထပ်ကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်
🚩 ၃။ စစ်ဆင်ရေး အရှိန်မြှင့်နိုင်ဖို့ ဗျူဟာ အမှတ် - ၁၉ ဖွဲ့စည်းလိုက်တယ်လို့ နေပြည်တော် PDF ပြော
🚩 ၄။ ပြည်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ကို အရှင်ဖမ်းမိပေမယ့် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်း
🚩 ၅။ ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ် အထိနာပြီး ဆုတ်ခွာထွက်ပြေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာနိုင်ငံဟာ မျိုးဆက်တဆက်လုံးရဲ့ အနာဂတ်ကို ဖြုန်းတီးခံနေရတဲ့ အကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
အောက်တိုဘာလ (၁၀)ရက်
မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတင် မဟုတ်ဘဲ မျိုးဆက် တဆက်လုံးရဲ့ အနာဂတ်ကို ဖြုန်းတီးခံနေရတဲ့ အကျပ်အတည်းနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားလိုက်ပါတယ်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဒုတိယကော်မတီဖြစ်တဲ့ စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာကော်မတီ ဆွေးနွေးမှုအစီအစဉ် အမှတ် ၂၁ “အထူးအခြေအနေများ၌ ရှိနေသည့် နိုင်ငံများအုပ်စု” ခေါင်းစဉ်နဲ့ ကျင်းပတဲ့ အထွေထွေ ဆွေးနွေးမှုအစီအစဉ်ကို အောက်တိုဘာ ၈ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ CDP က ၂၀၁၈ ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ သုံးနှစ်တကြိမ် ပြန်လည်သုံးသပ်တဲ့ အစီရင်ခံစာ အရ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံအဆင့်ကနေ လွတ်မြောက်ဖို့ စံသတ်မှတ်ချက် ၃ ခုလုံးနဲ့ ပထမဆုံးအကြိမ် ပြည့်မီ ခဲ့ပေမယ့် ဒီလုပ်ငန်းစဉ်တွေဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က တရားမဝင် အာဏာသိမ်းဖို့ ကြိုးပမ်းတာကြောင့် ပျက်စီးခဲ့ရတယ် လို့ မြန်မာသံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် တရားမဝင် စစ်အာဏာမသိမ်းမီနှစ်တွေမှာ ရရှိခဲ့တဲ့ တိုးတက်မှုတွေဟာ ပြောင်းပြန်ဖြစ်သွားခဲ့ပြီး လူမှုစီးပွားအခြေ အနေတွေဟာ ဆက်ပြီး ဆိုးရွားလာဖွယ်ရှိနေကို တွေ့ရတယ်လို့ အစည်းအဝေးတက် ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အစီရင်ခံစာအရဆိုရင်လည်း မြန်မာနိုင်ငံက လူငယ် ၄ ဦးမှာ တဦးဟာ အလုပ်လက်မဲ့ ဖြစ်နေပြီး အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အရွယ် လူငယ် ၄ ဦးမှာ ၃ ဦးဟာ ပညာသင်ကြားနိုင်တာ ဒါမှမဟုတ် သင်တန်း တက်ရောက်နိုင်တာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက လူဦးရေ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်နေကြရပြီး လူဦးရေ ၃ ဒသမ ၆ သန်းဟာ နေရပ်စွန့်ခွာထွက်ပြေးနေရသလို လူဦးရေ ၂၂ သန်းနီးပါးဟာလည်း လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေ တယ်လို့ ထပ်ပြီး အသိပေးခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာအကျပ်အတည်း တခုတင်မဟုတ်ဘဲ မျိုးဆက် တဆက်လုံးဟာ သူတို့ရဲ့ အစွမ်းအစတွေနဲ့ အနာဂတ်ကို ဖြုန်းတီးခံနေရတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာ ကြောင့် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ LDC အဆင့်ကနေ တက်လှမ်းနိုင်မယ့် အလားအလာကို ခြိမ်းခြောက်ခံနေရ တယ်လို့လည်း မြန်မာသံအမတ်ကြီးက ဆက်လက် ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆင်းရဲ မွဲတေမှုနဲ့ မတည်ငြိမ်မှုတွေဆီ တွန်းပို့သလိုဖြစ်နေတာကြောင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုရဲ့ အနာဂတ်ကိုထောက်ထားပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လိမ်လည်လှည့်ဖြားမှုတွေကို ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
မြန်မာပြည်သူလူထုအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဖြစ်နိုင်တဲ့ နည်းလမ်း ပေါင်းစုံသုံးပြီး ရပ်တန့်သွားအောင် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားတယ်လို့လည်း အစည်းအဝေး တက်ရောက်လာသူ တွေကို အသိပေးခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ မြန်မာပြည်သူလူထုရဲ့ ကြိုးပမ်းမှုနဲ့ သန္နိဋ္ဌာန်ချထားမှုကို ကူညီပံ့ပိုးပေးဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က နိုင်ငံတကာအသိုက်အဝန်းကို မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၂။ စစ်ရာဇဝတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တရားစွဲဆို အပြစ်ပေးဖို့နဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို GSCB တောင်းဆို
အောက်တိုဘာလ (၁၀)ရက်
စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တရားစွဲဆို အပြစ်ပေးဖို့နဲ့ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တောင်းဆိုလိုက်ပါတယ်။
သီတင်းကျွတ် ဆီမီးထွန်းပွဲကျင်းပနေတဲ့ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ် တနေရာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲပစ်ခတ်ခဲ့ တဲ့ စစ်ရာဇဝတ်မှုနဲ့ပတ်သက်လို့ သဘောထားထုတ်ပြန်ချက်တစောင် မနေ့ အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်ရာမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
သီတင်းကျွတ် ဆီမီးထွန်းပွဲ ကျင်းပနေတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက စက်တပ်လေထီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၂ ဦးထက်မနည်းသေဆုံးပြီး ၆၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရတဲ့အ ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ မုံရွာ - အမြင့်လမ်း သပိတ်ကော်မတီက ရဲဘော်တွေဖြစ်တဲ့ ကိုချမ်းငြိမ်းအောင်၊ ကိုညီညီဇော်၊ ကိုကံမြင့်လွင်နဲ့ ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီက ရဲဘော် ကိုကျော်ဇင်ဦး (ခ) ကိုကုလားတို့ မြင့်မြတ် စွာ ကျဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တာကြောင့် စစ်ရာဇဝတ်မှု တွေ အကြိမ်ကြိမ်ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်တပ်ကို အပြီးတိုင်ဖယ်ရှားပြီး ပြည်သူလူထုတရပ်လုံး မျှော်မှန်းနေတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေး အစွမ်းကုန် ကြိုးစားအားထုတ် သွားမယ်လို့ GSCB က ပြောထားပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ သူတို့ ဖိနှိပ်စိုးမိုးထားတဲ့ နေရာဒေသတွေမှာ ဘာသာရေးပွဲတော်တွေ ပျော်ပွဲရွှင်ပွဲတွေ ဟန်ပြ ကျင်းပနေပေမယ့် နိုင်ငံအနှံ့က ပြည်သူလူထုကိုတော့ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်တာ အဓမ္မ စစ်မှု ထမ်းခိုင်းတာနဲ့ ဖမ်းဆီးတာတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့ပြင် သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ရှောင်လွှဲနိုင်ဖို့နဲ့ နိုင်ငံရေးခဝါချနိုင်ဖို့ ရည်ရွယ်တဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်အောင် ကြိုးပမ်း နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံး အပြီးတိုင် ဖယ်ရှားနိုင်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်နိုင်ရေးအတွက် သွေးစည်းညီညွတ်မှုအပြည့်နဲ့ အင်တိုက်အားတိုက် ကြိုးပမ်း ကြဖို့ ပြည်သူလူထုတရပ်လုံးကလည်း စစ်အုပ်စုကို တော်လှန်နိုင်မယ့် တော်လှန်ရေးနည်းတွေနဲ့ တော်လှန်ရေးအင်အားစု တွေနဲ့အတူ ပါဝင်တော်လှန်ကြဖို့ GSCB က တိုက်တွန်းထားပါတယ်။
နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းများအနေနဲ့လည်း အကြမ်းဖက် စစ်အုပ်စုကို ဖိအားပေး ကန့်ကွက်နေရုံတင် မဟုတ်ဘဲ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး တရားစွဲဆို အပြစ်ပေးနိုင်အောင် ဝိုင်းဝန်းကြိုးစားပေးဖို့နဲ့ သူတို့လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ အပါအဝင် သူတို့ရဲ့ လုပ်ရပ်တွေကို အသိအမှတ်မပြု ဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တောင်းဆိုထားပါတယ်။
========================
📌📌 ၃။ စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေ လုံခြုံရေးစိုးရိမ်နေကြတယ်လို့ UNDP ထုတ်ပြန်
အောက်တိုဘာလ (၁၀)ရက်
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း အမျိုးသမီးတွေထက် အမျိုးသားလူငယ်တွေဟာ သူတို့ လုံခြုံရေးအတွက် ပိုပြီး စိုးရိမ်နေကြရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် - UNDP က ဒီနေ့ အောက်တိုဘာ ၁ဝ ရက်မှာ ထုတ်ပြန်လာပါတယ်။
"ချောက်ကမ်းပါးထက်ကမျိုးဆက်"လို့ အမည်ပေးထားတဲ့ မြန်မာလူငယ်တွေရဲ့လုံခြုံရေးနဲ့လူမှုဘဝ စိန်ခေါ်မှုစစ်တမ်းမှာ UNDP က အခုလို ဖော်ပြလာတာ ဖြစ်ပါတယ်။
မြန်မာလူငယ်တွေ အဓိကစိုးရိမ်တဲ့အချက်ဟာ စစ်မှုထမ်းဖို့ အဓမ္မစုဆောင်ခြင်းခံရတာနဲ့ သက်ဆိုင်နေပြီး စစ်မှုထမ်းဖို့ အဖွဲ့အစည်းတွေက တိုက်ရိုက်တောင်းဆိုတာထက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးဖြစ်တဲ့ စစ်မှုထမ်းရနိုင်တယ်ဆိုတဲ့ အန္တရာယ်ကို ပိုပြီး စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။
လူငယ် ၃ ပုံ ၁ ပုံဖြစ်တဲ့ ငါးသန်းခန့်ဟာ စစ်မှုထမ်းဥပဒေကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေဖြစ်လာပြီး စစ်တပ်နဲ့ တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့တွေက ထင်သလို ဖမ်းဆီးတာ၊ ညအချိန်ဝင်ဖမ်းတာနဲ့ အဓမ္မစုဆောင်းတာတွေကို ရင်ဆိုင်နေရတယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ မလုံခြုံမှုတခုတည်းသာမကဘဲ မျိုးဆက်တခုလုံး ကြောက်ရွံ့မှု၊ မယုံကြည်မှုနဲ့ စိတ်ဒဏ်ရာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဖိအားပေးခံနေရသလို ဖြစ်နေတယ်လို့ UNDP က ထောက်ပြထားပါတယ်။
လူငယ် ၄၀ ရာခိုင်နှုန်းကျော်ဟာ ညဘက်မှာ တယောက်တည်းလမ်းလျှောက်ရင် "မလုံခြုံဘူး"၊"လုံးဝ မလုံခြုံဘူး"လို့ ဖြေဆိုထားပြီး စစ်တပ်အာဏာမသိမ်းခင်က နှုန်းထားထက် နှစ်ဆကျော်ပိုများတယ်လို့ UNDP က အသိပေးပါတယ်။
လူငယ် ၇ ဦးမှာ တဦးဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ ခံစားနေရပြီး ချင်းပြည်နယ်မှာ ၃၀ ရာခိုင်နှုန်း၊ ကရင်နီမှာ ၂၅ ရာခိုင်နှုန်း၊ ရခိုင်မှာ ၂၂ ရာခိုင်နှုန်းနဲ့ ကချင်မှာ ၂၁ ရာခိုင်နှုန်းရှိတာကြောင့် ပဋိပက္ခဒေသတွေမှာ သိသိသာသာမြင့်မားနေတယ်လို့လည်း UNDP က ကောက်ယူထားတဲ့ စစ်တမ်းက ဆိုထားပါတယ်။
လူငယ်တွေဟာ တရားဥပဒေစနစ်ကိုလည်း ယုံကြည်မှုမရှိတော့ဘဲ ရာဇဝတ်မှုကျူးလွန်ခံရတဲ့ ၂၀ ရာခိုင်နှုန်းလောက်ကပဲ မိသားစုပြင်ပကို သတင်းပို့ကြတာဟာ အာဏာပိုင်တွေအပေါ် ယုံကြည်မှုမရှိတာကို တွေ့ရတယ်လို့ UNDP က သုံးသပ်ထား ပါတယ်။
ရဲစခန်းနဲ့ တရားရုံးတွေဟာ အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းလို့ မမြင်ကြတော့ဘဲ အမြတ်ထုတ်တာ ဒါမှမဟုတ် ထိခိုက် စေနိုင်တဲ့ အဖွဲ့အစည်းလို့ လူငယ်တွေက ရှုမြင်လာတယ်လို့လည်း အသိပေးထားပါတယ်။
နောက်ဆုံးထုတ်ပြန်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်အညွှန်းကိန်းမှာဆိုရင်လည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှု အများဆုံးကြုံတွေ့နေရတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ ဘိန်းနဲ့ ဓာတုမူးယစ်ဆေးတွေ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်လာပြီး စီးပွားရေးနဲ့ လူမှုရေးတွေမှာ ရာဇဝတ်ဂိုဏ်းတွေက သြဇာလွှမ်းမိုးမှုဟာ သိသာထင်ရှားလာနေတယ်လို့လည်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံက အသက် ၁၅ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်လေးသိန်းဝန်းကျင်ဟာ ပညာသင်ယူနိုင်မှုမရှိတော့တာနဲ့ အလုပ်အကိုင်မရှိဘူးဆိုတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေကို မကြံစဖူးရင်ဆိုင်နေရတယ်လို့ အခုလဆန်းပိုင်းမှာပဲ UNDP က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးမိတ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦးသေဆုံး
အောက်တိုဘာလ (၁၀)ရက်
ရှမ်းမြောက်ဒေသ မိုးမိတ်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ကလေးငယ် ၂ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က မနေ့ အောက်တိုဘာ ၉ ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ အောက်တိုဘာ ၉ ရက် ည ၇ နာရီခန့်မှာ မိုးမိတ်မြို့နယ်ထဲက ဝဲဘောင်းရွာကို ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကြဲချတိုက်ခိုက်တာကြောင့် အမျိုးသား ၄ဦးနဲ့ အမျိုးသမီ ၃ ဦး ဗုံးစ ထိမှန်သေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲခ့ရမငကြောင့် ပြည်သူလူထုနေထိုင်ရာ အိမ် ၁၀ လုံးလည်း ဗုံးစထိမှန်ပြီး ပျက်စီး ခဲ့ရ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလ အောက်တိုဘာ ၇ ရက်နေ့တုန်းကလည်း မိုင်းလုံမြို့နယ်ထဲက မန်ဟုန်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင့် ကလေးငယ်တဦးအပါအ၀င် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ တယ်လို့ TNLA မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကျောက်မဲမြို့ကို အောက်တိုဘာ ၁ ရက်က ပြန်လည်ထိန်းချုပ်ပြီလို့ ကြေညာပြီးတဲ့နောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ TNLA က အသိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ ထီးခီးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံး ထပ်ကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်
အောက်တိုဘာလ (၁၀)ရက်
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက ထီးခီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ အောက်တိုဘာ ၁၀ရက် မနက်ပိုင်း မှာ လေယာဉ်နဲ့ ဗုံးထပ်ကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU မြိတ် - ထားဝယ်ခရိုင်က ထုတ်ပြန်လာပါတယ်။
အကြမ်းဖက်စစ်တပ်က ဒီနေ့ မနက် ၈ နာရီအချိန်မှာ ဂျက်ဖိုက်တာ FTC-2000G လေယာဉ်အမျိုးစားနဲ့ ထီးခီးကျေးရွာကို ၂ ကြိမ် ဗုံးထပ်ကြဲခဲ့ပြီး တိုက်လေယာဉ်ပါ အော်လီဂန်းစက်လက်နက်နဲ့ ၂ ကြိမ် ပစ်ခက်တိုက်ခိုက်ခဲ့တယ်လို့ KNU ဘက်က အသိပေးပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူလူထုပိုင်တဲ့ ပစ္စည်းဥစ္စာတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသနေ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
မယ်သမီခီးလို့ ခေါ် တဲ့ ထီးခီးဒေသကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ က အခုနှစ် မေလမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေမှာ စစ်တပ်က ထီးခီးရွာကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ စလုပ်လာတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
KNU မြိတ် - ထားဝယ်ခရိုင်ရဲ့ အောက်တိုဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဒေသနေပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဆိုထားပါတယ်။
KNLA တပ်မဟာ ၄ က သတင်းရင်းမြစ်တွေကတော့ ဒေသနေပြည်သူတွေဟာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက် ခဲ့တဲ့နေ့ကစပြီး မြန်မာ - ထိုင်းနယ်စပ်ဘက်ကို စစ်ရှောင်နေကြတယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူတို့ အာဏာ ဆက်လက်တည်မြဲနိုင်ဖို့နဲ့ ရွေးကောက်ပွဲ အတင်းအဓမ္မလုပ်နိုင်ဖို့ ကြိုးပမ်းနေသလို ဆုံးရှုံးထားတဲ့ နယ်မြေတွေက ဒေသနေပြည်သူတွေ အကြောက်တရားဖြစ်စေဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းက နေ တိုက်ခိုက်နေတာလို့ KNU မြိတ်-ထားဝယ်ခရိုင်က အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန် ပြောဆိုထားပါတယ်။
========================
🚩🚩 ၃။ စစ်ဆင်ရေး အရှိန်မြှင့်နိုင်ဖို့ ဗျူဟာ အမှတ် - ၁၉ ဖွဲ့စည်းလိုက်တယ်လို့ နေပြည်တော် PDF ပြော
အောက်တိုဘာလ (၁၀)ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် - ၂ စစ်ဆင်ရေးနယ်မြေမှာ စစ်ဆင်ရေး အရှိန်မြှင့်ဖို့ ဗျူဟာ အမှတ် - ၁၉ ဖွဲ့စည်း လိုက်တယ်လို့ နေပြည်တော် PDF က ဒီနေ့ အောက်တိုဘာ ၁ဝ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဗျူဟာအမှတ် - ၁၉ ဖွဲ့စည်းခြင်းအခမ်းအနားကို အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဒီအခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားစိုးမိုးနယ်မြေဖြစ်တဲ့ နေပြည်တော်အနီးက စစ်တောင်မြစ်ဝှမ်း ဒေသမှာ ကျင်းပတာလို့လည်း အသိပေးပါတယ်။
ဗျူဟာ - ၁၉ ဖွဲ့စည်းခြင်း အခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာ တိုင်းစစ်ဆင်ရေးအရာရှိ၊ ဗျူဟာအမှတ် - ၁၉ က တာဝန်ရှိသူတွေ၊ ဗျူဟာ - ၁၉ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၈၀၆၊ ၈၀၇၊ ၈၀၈၊ ၉၀၁ တို့က တပ်ရင်းမှူး၊ ဒုရင်းမှူးအပါအဝင် တပ်ရင်းတာဝန်ရှိသူတွေနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ပြည်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင်ကို အရှင်ဖမ်းမိပေမယ့် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်း
အောက်တိုဘာလ (၁၀)ရက်
ပဲခူးတိုင်း ပြည်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အကြမ်းဖက် စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲ အတွက် ကူညီပေးနေတဲ့ ပြည်သူ့စစ် ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိပေမယ့် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ် ဖမ်းဆီးရာက သေဆုံးသွားတယ်လို့ ပြည်ခရိုင် တပ်ရင်း ၂ က ဒီနေ့ အောက်တိုဘာ ၁ဝ ရက်မှာ ထုတ်ပြန်လာပါတယ်။
ပြည်မြို့နယ် ပေါင်းတလည်အပိုင် ခွေးရဲချင်ရုပ်ကုန်းကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ကို ဝန်တင်ဆိပ်ကျေးရွာ အနီးမှာ အောက်တိုဘာ ၆ ရက်နေ့ မနက် ၁၀ နာရီခန့်က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း ၂၊ ၃၆ဝ၂ တပ်ရင်းနဲ့ ပြည်ခရိုင် တပ်ရင်း ၁၊ ၃၆ဝ၁ တပ်ရင်း ရဲဘော်များတွေ ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ကို ဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာချိန်မှာ ပြန်လည်ခုခံ ထွက်ပြေးတာကြောင့် လိုက်လံ ပစ်ခတ် ဖမ်းဆီးရာက ကျည်ထိမှန်ပြီး သေဆုံးခဲ့တာလို့ အသိပေးပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် လှမြင့်ထံကနေ ခဲသီးထည့်ပြီး ပစ်ရတဲ့ CO2 Gas သုံး ပစ္စတိုတလက်၊ ဆိုင်ကယ်တစီးနဲ့ လက်ကိုင် ဖုန်းတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ လှမြင့်ဟာ ပေါင်းတလည်မြောက်ခြမ်းက ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်တွေ စုဆောင်း တာ၊ ကျေးရွာအတွင်းက လူငယ်တွေရဲ့ အချက်အလက်တွေ ကောက်ယူပြီး ပေါင်းတလည်ရဲစခန်းနဲ့ စစ်တပ် လူကြီးပိုင်းကို သတင်းပို့တာ၊ စစ်ကော်မရှင် အမည်ခံ အကြမ်းဖက်စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ကူညီနေသူလို့ သိရပါတယ်။
ဒါအပြင် လှမြင့် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဟာ ပေါင်းတလည်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ဧည့်စာရင်းစစ်တာ၊ အတင်းအဓမ္မ စစ်မှုထမ်းသစ်ခေါ်ယူတာနဲ့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ အဓိကလုပ်ဆောင်နေသူလို့လည်း သိရပါတယ်။
လှမြင့်ဆီကနေ သိမ်းဆီးရမိတဲ့ ဖုန်းကနေတဆင့် ပေါင်းတလည်နယ်မြေနဲ့ ဝက်ထီးကန်နယ်မြေမှာရှိတဲ့ ရပ်ကွက်ကျေးရွာ တွေက ပြည်သူ့စစ်စာရင်းတွေရရှိထားတဲ့အတွက် စစ်တပ် ထောက်တိုင်တွေနဲ့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ကူညီ ပေးနေသူတွေကို စုံစမ်းပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာ ဝန်ခံ Red Star က ပြောထားပါတယ်။
ပြည်သူလူထုအနေနဲ့လည်း စစ်တပ်ဘက်က သွားလာလှုပ်ရှားနေတာတွေ၊ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ပြည်သူလူထုကို အနိုင်ကျင့်နေသူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို တော်လှန်ရေးအဖွဲ့ဆီ သတင်းပေးရင်း ပူးပေါင်းကြဖို့လည်း ဖိတ်ခေါ်ထား ပါတယ်။
========================
🚩🚩 ၅။ ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ် အထိနာပြီး ဆုတ်ခွာထွက်ပြေး
အောက်တိုဘာလ (၁၀)ရက်
ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်သားတွေ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၅ ရက် မနက်ပိုင်းက ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်ကို တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေး လုပ်နေချိန်မှာ အကြမ်းဖက်စစ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲဒီနေ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဟာ ၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်သားတွေ အထိနာသွားတာကြောင့် ဘုမ္မတီးစခန်းဘက် ပြန်လည်ဆုတ်ခွာထွက်ပြေးသွား တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘဲ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင် ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment