၂၀၂၅ အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အုပ်စုဟာ အကြမ်းဖက်မှုတွေချုပ်ငြိမ်းရေး ထည့်သွင်းစဉ်းစားမယ့်အဖွဲ့မဟုတ်ဘူးဆိုတာသိမြင်ဖို့ အချိန်တန်ပြီလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
📌 ၂။ မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝပေမယ့် စားနပ်ရိက္ခာမဖူလုံမှု ကမ္ဘာ့အဆင့် ၅ နေရာမှာ ရှိနေတာဟာ ဝမ်းနည်ဖို့ ကောင်းတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဆို
📌 ၃။ ကရင်နီပြည်စစ်ရေးအတွက်လုပ်တဲ့ ဘတ် ၂ သန်းကမ်ပိန်း ရာနှုန်းပြည့်မီ
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပန်းတောင်းမြို့နယ်က စစ်တပ် ပွိုင့် ၆၆၆ စခန်းကုန်းကို AA က သိမ်းပိုက်ထားပြီး နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ
🚩 ၂။ စစ်ကိုင်း-မင်းကွန်းလမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီးအပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိ
🚩 ၃။ ပေါင်းတည်မှာ အကြမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတွက် အားတက်သရောလုပ်ပေးနေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း
🚩 ၄။ ပခုက္ကူလေယာဉ်ကွင်းကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်သား ၆ ဦးသေပြီး သေနတ် ၂လက် သိမ်းဆည်းရရှိ
🚩 ၅။ စစ်တပ်ထောက်ခံသူတွေက KIA/KPDF နဲ့ PDF ၁၁ ဦး အလင်းဝင်တယ်ဆိုပြီး သတင်းအမှားနဲ့ ဝါဒဖြန့်နေတယ်လို့ KIA ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အုပ်စုဟာ အကြမ်းဖက်မှုတွေချုပ်ငြိမ်းရေး ထည့်သွင်းစဉ်းစားမယ့်အဖွဲ့မဟုတ်ဘူးဆိုတာသိမြင်ဖို့ အချိန်တန်ပြီလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
အောက်တိုဘာလ (၁၆)ရက်
စစ်အုပ်စုဟာ အကြမ်းဖက်မှုတွေချုပ်ငြိမ်းရေးဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားမယ့်အဖွဲ့ မဟုတ်ဘူးဆိုတာ သိမြင်ဖို့ အချိန်တန်ပြီလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက နိုင်ငံတကာအသိုက်အဝန်းကို ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးပြောကြားတဲ့ အစီအစဉ်ကို အောက်တိုဘာ၁၅ ရက်နေက ကျင်းပခဲ့ရာမှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Mr. Volker Turk က မြန်မာပြည်သူတွေဟာ စစ်အုပ်စုနဲ့ စစ်အာဏာ သိမ်းမှုကြောင့် ရင်ဆိုင်နေရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ မြန်မာပြည်သူတွေ ငြိမ်းချမ်းရေး တောင်းဆိုနေမှု အခြေအနေ ကို ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက စိုးရိမ်ရတဲ့ လူ့အခွင့်အရေးအခြေအနေတွေဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ စနစ်တကျ ကျူးလွန်ခွင့် ရနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ကြောင့်ဖြစ်တယ်လို့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မဟာမင်းကြီးရဲ့ အစီရင်ခံစာမှာ အရပ်သားပြည်သူ ထိခိုက်ပျက်စီးမှု မြင့်မားနေတာကို မှတ်တမ်းတင် ဖော်ပြထားသလို အခုနှစ်အတွင်းမှာ အရပ်သားသေဆုံးမှု အရေအတွက် ဆက်လက်မြင့်တက်နေတာဟာ စစ်အုပ်စုက အရပ်သားပြည်သူတွေ အပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးပြီး လုပ်ဆောင်လာတာကြောင့်ဖြစ်တယ်လို့ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးကလည်း အစည်းအဝေး တက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။
အရပ်သားပြည်သူတွေရဲ့ အိုးအိမ်တွေနဲ့ အခြေခံအဆောက်အအုံအများစုဟာ ပြင်းပြင်းထန်ထန် ဖျက်ဆီးခံထားရတာ ကြောင့် စာသင်ကျောင်းတွေ ဆေးရုံတွေနဲ့ နေရပ်စွန့်ခွာစခန်းတွေဟာ လုံခြုံမှုမရှိတော့ဘဲ စစ်အုပ်စုရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ ခံနေရတယ်လို့လည်း သံအမတ်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။
လူမဆန်တဲ့ စစ်အုပ်စုဟာ လူ့အသက်တွေကို ငဲ့ညှာခြင်း မရှိတဲ့အပြင် အပြည်ပြည်ဆိုင်ရာဥပဒေတွေနဲ့ နိုင်ငံတကာ လူသား ချင်းစာနာထောက်ထားမှုဥပဒေတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေကို ဆက်တိုက်ကျူးလွန်နေသလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် နဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ ကို လေးစားလိုက်နာခြင်းလည်းမရှိဘူးလို့ အသိပေးခဲ့ပါတယ်။
ဒီအနေအထားတွေကိုကြည့်ရင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အုပ်စုဟာ အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးဆိုတာကို အရင်ကလည်း ထည့်သွင်းစဉ်းစားခဲ့တာမျိုးမရှိသလို နောင်မှာလည်း ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးဆိုတာ သိဖို့လိုတယ် လို့ မြန်မာသံအမတ်ကြီးက အသိပေး ပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝပေမယ့် စားနပ်ရိက္ခာမဖူလုံမှု ကမ္ဘာ့အဆင့် ၅ နေရာမှာ ရှိနေတာဟာ ဝမ်းနည်ဖို့ ကောင်းတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဆို
အောက်တိုဘာလ (၁၆)ရက်
မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝပေမယ့် စားနပ်ရိက္ခာ မဖူလုံမှုတွေ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ စာရင်းရဲ့ ကမ္ဘာ့အဆင့် ၅ နေရာမှာ ရပ်တည်နေတာဟာ ဝမ်းနည်းစရာကောင်းတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီရဲ့ ဆင်းရဲမွဲတေမှု လျော့ချ နိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ ဆွေးနွေးတဲ့အစည်းအဝေးမှာ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ အကူအညီပေးမယ့်သူတွေကို ပိတ်ဆို့ကန့်သတ်နေမှု၊ တိုးပွားလာတဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှု၊ စီးပွားရေးကျဆင်းမှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ မလုံလောက်မှုတို့ဟာ ဆင်းရဲနွမ်းပါးမှုနဲ့ စားနပ်ရိက္ခာ မဖူလုံမှုဖြစ်စေဖို့ တွန်းပို့သလိုဖြစ်နေတယ်လို့ အစည်းအဝေးတက်ရောက်လာသူတွေကို မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ ပါတယ်။
ပဋိပက္ခတွေနဲ့ ရာသီဥတုအကျပ်အတည်း၊ စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ လူဦးရေဆိုင်ရာ ပြောင်းလဲမှုတွေဟာလည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ တိုးတက်မှုတွေကို နောက်ပြန်ဆွဲနေသလိုဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
၂၀၂၁ ခုနှစ်မှာ တရားမဝင် စစ်အာဏာသိမ်းမှုနဲ့ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ ဒီဆိုးရွားလှတဲ့ဖြစ်စဉ်ကို ကြုံတွေ့ခံစားနေရ တယ်လို့လည်း အသိပေးခဲ့ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်အဆိုအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၁၇ ခုနှစ်တုန်းက ၂၄ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာ ၄၉ ဒသမ ၇ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ ရန်ကုန်မြို့ပြဒေသရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ ၁၀ ရာခိုင်နှုန်းသာရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်းထိ စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က ဆိုထားပါတယ်။
မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေး စတာတွေ ဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဟာ မရှိမဖြစ် လိုအပ်တာကြောင့် စစ်အုပ်စုရဲ့ လိမ်လည်လှည့်ဖြားတဲ့ လုပ်ငန်းစဉ်တွေကို ပယ်ချဖို့၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ငြိမ်းချမ်းသာယာဝပြောရေးကို ဆောင်ကြဉ်းပေးမယ့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ မြန်မာပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးကြဖို့ နိုင်ငံတကာအသိုက် အဝန်းကို ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ကရင်နီပြည်စစ်ရေးအတွက်လုပ်တဲ့ ဘတ် ၂ သန်းကမ်ပိန်း ရာနှုန်းပြည့်မီ
အောက်တိုဘာလ (၁၆)ရက်
ကရင်နီပြည်စစ်ရေး Together For Karenni အတွက်လုပ်တဲ့ ဘတ် ၂ သန်းကမ်ပိန်း ရာနှုန်းပြည့်မီအောင် ပါဝင်အားဖြည့် ကူညီပေးခဲ့သူများကို ကျေးဇူးအထူးတင်တဲ့အကြောင်း ကမ်းပိန်းဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည် စစ်ရေးအတွက် အရေးပေါ်လိုအပ်ချက် ကမ်ပိန်းကို ဩဂုတ်လ ၁၆ ရက်ကစတင်ခဲ့တာဖြစ်ပြီး အခု အောက်တိုဘာ ၁၅ ရက်မှာ ပြီးဆုံးခဲ့တာလို့ သိရပါတယ်။
ကမ်းပိန်းကလာမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌလည်းဖြစ် ကရင်နီအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ခွန်ဘီထူးက စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ Drone နဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မယ် ဆိုရင် ကရင်နီပြည်သူတွေရဲ့လုံခြုံရေး တိုးတက်လာမှာဖြစ်တာကြောင့် ကရင်နီပြည်ရဲ့ စစ်ရေးဆိုင်ရာလိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
Together For Karenni ကတဆင့် ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့အတွက် စစ်ရေးအသုံးစရိတ် ဘတ် ၂ သန်းကမ်ပိန်းကို ပြည့်မှီအောင် ပါဝင်ကူညီထောက်ပံ့ပေးခဲ့တဲ့ မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင် တဲ့အကြောင်း ကမ်ပိန်းဖြစ်မြောက်ရေးအဖွဲ့က အသိပေးပါတယ်။
ကမ်ပိန်းကရတဲ့ငွေအားလုံး အမှန်တကယ်လိုအပ်နေတဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လုပ်ငန်းစဉ်တွေမှာ ထိထိ ရောက်ရောက် အသုံးချသွားမယ်လို့လည်း ပြောပါတယ်။
အခုလို ရာနှုန်းပြည့်မီသွားတဲ့အတွက် မြေပြင်မှာ ပြည်သူလူထုအတွက် အသက်စွန့်ကာကွယ်ပေးနေကြတဲ့ ရဲဘော်တွေ ခွန်အားဖြစ်လာစေဖို့ ကမ်ပိန်းဖြစ်မြောက်ရေးအဖွဲ့က မျှော်လင့်ထားပါတယ်။
ကရင်နီပြည်စစ်ရေးအတွက်လုပ်တဲ့ ဘတ် ၂ သန်းကမ်ပိန်း ရာနှုန်းပြည့်မီသွားတာနဲ့ပတ်သက်လို့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီး အဖွဲ့ စစ်ရေးချုပ် မာဝီက လူထုက တာဝန်ကျေပြီးသားပဲ။ ငါတို့တာဝန်ကျေရမယ်လို့ မှတ်ချက်ပြုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပန်းတောင်းမြို့နယ်က စစ်တပ် ပွိုင့် ၆၆၆ စခန်းကုန်းကို AA က သိမ်းပိုက်ထားပြီး နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ
အောက်တိုဘာလ (၁၆)ရက်
ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က စစ်တပ် ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီး နတ်ရေကန်ဗျူဟာ ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
ပန်းတောင်းမြို့နယ်ထဲက ပုဂံဂွေ့လို့ခေါ်တဲ့ ပန်းကန်ကွဲရွာ တောင်ဘက်မှာရှိတဲ့ စစ်တပ်ရဲ့ ၆၆၆ ပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၉ နာရီ ၅ မိနစ်ကစပြီး သုံးဖက်သုံးတန် ထိုးစစ်ဆင်ခဲ့ရာ ၃ နာရီခန့်အကြာမှာ ၆၆၆ ပွိုင့်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ ပွိုင့် ၆၆၆ စခန်းကုန်းနဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတာ အတော်ကြာနေပြီဖြစ်ပေမယ့် အောက်တိုဘာ ၁၄ ရက်နေ့မှ ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
ဒီပွိင့် ၆၆၆ စခန်းကို သိမ်းပိုက်ချိန်မှာ စစ်သား အလောင်းအချို့၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သလို AA ဘက်က စစ်သည်ချို့လည်း ကျဆုံးခဲ့တာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ လူအများသိချင်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းအခြေအနေ AA ထုတ်ပြန်ချက်ကနေ အသိပေးထား ပါတယ်။
အကြမ်းဖက်စစ်တပ်အတွက် အရေးပါတဲ့ နတ်ရေကန်ဗျူဟာစခန်းကုန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန် နေရာအချို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်သားတွေနဲ့ နေရာအချို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို လက်နက်ချ အလင်းဝင်လာသူတွေကိုလည်း စစ်သုံပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစု စောင့်ရှောက်ပေးနေတယ်လို့ AA က ပြည်သူလူထုကို သတင်းစကားပါးထားပါတယ်။
ဒါ့အပြင် ဆက်လက်သိမ်းပိုက်ဖို့ကျန်နေတဲ့ စစ်တွေမြို့ အနီးပတ်ဝန်းကျင်မှာလည်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အပြန် အလှန်တိုက်ခိုက်နေတာကြောင့် အခုရက်ပိုင်းမှာ တိုက်ပွဲတွေပိုပြီး ပြင်းထန်နေတယ်လို့ အသိပေးပါတယ်။
အလားတူ ရခိုင် - ပဲခူးတိုင်းအစပ်၊ ရခိုင် - မကွေးတိုင်းအစပ်၊ ရခိုင် - ဧရာဝတီတိုင်းအစပ်တို့မှာလည်း စစ်တပ်ရဲ့ ထိုးစစ်ကို အာရက္ခတပ်တော်က အကောင်းဆုံးခံစစ်နဲ့အတူ တန်ပြန်ထိုးစစ်တွေနဲ့ ဟန်ချက်ညီဆင်နွှဲနေတယ်လို့ AA က ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁၅ ရက်နေ့ နေလည် ၃ နာရီ ၅၅ မိနစ်မှာဆိုရင် ဧရာဝတီတိုင်း ရေကြည်မြိုနယ်က စက်စက်ယိုကျေးရွာ အနီးမှာ မိနစ်အနည်းငယ်ကြာတဲ့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ စစ်ကိုင်း-မင်းကွန်းလမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီးအပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိ
အောက်တိုဘာလ (၁၆)ရက်
စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း-မင်းကွန်းလမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်ကြီး အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် လာပါတယ်။
စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းက ပေါက်တွဲကျေးရွာမှာ ဒေသနေပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်သားတွေကို အောက်တိုဘာလ ၁၃ ရက်နေ့က တိုက်ခိုက်ခဲ့တာကို ဒီနေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။
အင်အား ၂၀ ပါတဲ့ ခြေလျင်စစ်ကြောင်းကို ယူနီကွန် ပြောက်ကျားတပ်ဖွဲ့က အသင့်စောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ ခလရ - ၁၁၆ က ဗိုလ်ကြီးမင်းထွန်းစိုး အပါအဝင် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိကာ ပြည်သူတွေဆီက ကားတွေဆိုင်ကယ်တွေ လူယုပြီး ထွက်ပြေးသွားတယ်လို့လည်း အသိပေး ပါတယ်။
တိုက်ပွဲအတွင်း စစ်သားတွေပါတဲ့ MA-1 ၂ လက်၊ MA-3 ၃ လက်၊ MA-5 တလက်၊ ခြောက်လုံးပြူး တလက်၊ အီနာဂါ တလုံးနဲ့ စကားပြောစက်တလုံး သိမ်းဆည်းရမိခဲ့ပေမယ့် တော်လှန်ရေးရဲဘော် တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ဘက်က အထိနာသွားတဲ့အတွက် တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်တပ်နဲ့ အဝေးဆုံးမှာ နေထိုင်ကြဖို့ ယူနီကွန် ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ ပေါင်းတည်မှာ အကြမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတွက် အားတက်သရောလုပ်ပေးနေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း
အောက်တိုဘာလ (၁၆)ရက်
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ အကြမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတွက် အားတက်သရော လုပ်ပေးနေတဲ့ ရွာပုလဲအုပ်စု ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ဒီနေ့ အောက်တိုဘာ ၁၆ မှာ ထုတ်ပြန်လာပါတယ်။
ပေါင်းတည်မြို့နယ် ရွာပုလဲအုပ်စု ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ဆိုသူကို အောက်တိုဘာ ၁၃ ရက်နေ့မှာ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ က ရဲဘော်တွေ သူ့ရဲ့ နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ဆိုသူဟာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းဖို့ လူငယ်လူရွယ်တွေကို စုဆောင်းပေးတာ၊ ရွေးကောက်ပွဲအတွက် အားတက်သရော လုပ်ဆောင်ပေးနေတာကြောင့် ရှင်းလင်းရတာလို့ လည်း အသိပေးပါတယ်။
ရေဆည်ကြီးရွာ အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့တဲ့ညမှာပဲ အကြမ်းဖက်စစ်တပ် ရောက်ရှိလာပြီး ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချခဲ့ တာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်က ကြဲချတဲ့ ဗုံးသီးတွေဟာ ရေဆည်ကြီးရွာထဲမှာ တလုံး၊ နွားခြံကုန်း ရွာထဲမှာ ၂လုံး ကြဲချခဲ့ပြီး ရေဆည်ကြီးရွာထဲကနေ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
========================
🚩🚩 ၄။ ပခုက္ကူလေယာဉ်ကွင်းကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်သား ၆ ဦးသေပြီး သေနတ် ၂လက် သိမ်းဆည်းရရှိ
အောက်တိုဘာလ (၁၆)ရက်
မကွေးတိုင်း ပခုက္ကူမြို့မှာရှိတဲ့ ပခုက္ကူလေယာဉ်ကွင်းကနေ ရိက္ခာယူပြီးပြန်လာတဲ့ အင်အား၂ဝ ခန့်ပါ စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၆ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern Yesagyo တပ်ပေါင်းစုက ဒီနေ့ အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ရိက္ခာသယ်ပြီး ပြန်လာတဲ့ စစ်သေားတွေကို အောက်တိုဘာ ၁၅ ရက် မနေ့ နေ့လည်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ Southern Yesagyo က ထုတ်ပြန်လာတာဖြစ်ပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်သားတွေဟာ ပခုက္ကူမြို့နယ် မြောက်လူးကန်ရွာ အထိုင်စခန်းက စစ်သားတွေဖြစ်ပြီး ပခုက္ကူလေယာဉ် ကွင်းကနေ ရိက္ခာယူပြီးပြန်လာမှာ Southern Yesagyo တပ်ပေါင်းစုက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတဲ့ အဲဒီစစ်သားတွေဟာ လေယာဉ်ကွင်း ကင်းမျှော်စင်မှာရှိတဲ့ စစ်သားတွေရဲ့ လက်နက်ကြီး ၊ လက်နက်ငယ်တွေ ပွိုင့်ဖိုက်နဲ့ပစ်ကူယူပြီး လေယာဉ်ကွင်းထဲကို ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် မြောက်လူးကန်ရွာအထိုင်စခန်းမှာရှိတဲ့ စစ်သားတွေကလည်း ပစ်ကူပေးခဲ့တာကြောင့် ၁၅ မိနစ်ခန့်ကြာတဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ စစ်သား ၆ ယောက်သေဆုံးတာကို မျက်မြင်တွေ့ခဲ့ပြီး Ma1 တလတ် ကျည်ဘောက် ၃ ခု၊ ကျည် ၅၀ တောင့်၊ BA94 တလက်၊ ကျည်ဘောက်၂ခု၊ ကျည် ၄၅ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို Southern Yeasgyo တပ်ပေါင်းစုတွေဖြစ်တဲ့ Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group – YRG၊ ပြည်သူ့အားမာန် PDF၊ King Cobra နဲ့ ဒေါင်းစစ်သည်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တပ်ပေါင်းစုဘက်က ရဲဘော်တဦး လက်ပြင် ကျည်ဖောက်ဝင်တဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ စစ်တပ်ထောက်ခံသူတွေက KIA/KPDF နဲ့ PDF ၁၁ ဦး အလင်းဝင်တယ်ဆိုပြီး သတင်းအမှားနဲ့ ဝါဒဖြန့်နေတယ်လို့ KIA ပြော
အောက်တိုဘာလ (၁၆)ရက်
ကချင်ပြည်နယ် ပူတာအိုမြို့က KIA၊ KPDF၊ PDF တပ်ဖွဲ့ဝင် ၁၁ ဦး လက်နက်ချအလင်းဝင်လာတယ်လို့ စစ်တပ်ထောက်ခံ သူတွေက အောက်တိုဘာ ၁၃ ရက်မှာ သတင်းအမှားတွေနဲ့ ဝါဒဖြန့်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ၁၅ ရက် ညပိုင်းမှာ ဖော်ပြပါတယ်။
မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်တပ်ထံ အလင်းဝင်လာသူတွေကို မိဘတွေဆီ ပြန်လည် အပ်နှံတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့အတူ လူမှုကွန်ရက်ပေါ် ဖြန့်ဝေလာတဲ့အပေါ် KIA က အခုလို ဖော်ပြလာတာ ဖြစ်ပါ။
ဒါ့အပြင် အောက်တိုဘာ ၇ ရက်နေ့တုန်းကလည်း ပူတာအိုမြို့ ခေါင်လန်ဖူးဒေသက ပြည်သူတွေကို တအိမ်ထောင်တဦး မလာမနေရ အမိန့်ထုတ်ပြီး တဦးကို ကျပ်တသောင်းခွဲစီပေးကာ KIO/KIA ကို မလိုလားကြောင်း ဆန္ဒပြခိုင်းခဲ့တယ်လို့လည်း ဒေသနေသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။
ပူတာအိုဒေသမှာရှိတဲ့ ပြည်သူတွေဟာ KIA/KPDF နဲ့ PDF တွေကို ဆန့်ကျင်မယ့်သူမရှိသို အဲဒီ ဆန္ဒပြပွဲမှာပါယင်သူတွေဟာ လည်း စစ်တပ်က အဓမ္မဖိအားပေး ခိုင်းစေတာကြောင့်ဖြစ်တယ်လို့လည်း ဒေသနေပြည်သူတွေက ပြောပါတယ်။
ပြည်သူ့စစ်အဖွဲ့တွေ လုံခြုံရေးယူပြီးလုပ်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ပြည်ပရောက် ရဝမ်လူမျိုးစု အဖွဲ့အစည်း ၈ ခုက အောက်တိုဘာ ၁၀ ရက်မှာ သဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။
ဒီဆန္ဒပြပွဲဟာ ခေါင်လန်ဖူးနဲ့ ပူတာအိုက ဒေသနေပြည်သူတွေ အမည်ခံပြီး စစ်တပ်နဲ့ အပေါင်းအပါတွေ ဦးဆောင်လုပ်ခဲ့တဲ့ လူထုဆန္ဒပြပွဲဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ဒါဟာ ပြည်သူ့သဘောထားမပါဘဲ အတင်းအဓမ္မစီစဉ်တဲ့ လူထုဆန္ဒပြပွဲတွေဖြစ်တယ်လို့ ပူတာအို ရဝမ်စာပေနဲ့ ယဉ်ကျေးမှု အသင်းက ဖော်ပြထားပြီး ကန့်ကွက်ရှုတ်ချထားပါတယ်။
စစ်တပ်ဟာ KIA/PDF ပူးပေါင်းတပ်ရှိတဲ့နေရာတွေကို ထိုးစစ်ဆင်ရုံသာမက ပြည်သူတွေအထင်အမြင် လွဲမှားစေမယ့် မဟုတ်မမှန်သတင်းတွေထုတ်ပြန်တာဟာ စစ်တပ်လုပ်နေကြ နည်းလမ်းတွေသာဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောတယ်လို့လည်း အောက်တိုဘာ ၁၅ ရက်ညက သတင်းဖော်ပြရာမှာ ထည့်သွင်း ဖော်ပြ ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကချင်ပြည်ထဲက လက်လွတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ရဖို့ ပြည်သူ့စစ်တွေကိုအသုံးပြုပြီး ထိုးစစ်ဆင်တာတွေလုပ်ဆောင်နေတာကြောင့် လန်ဆယ်၊ ဝိုင်းမော်နဲ့ ဖားကန့်နဲ့ ဗန်းမော်မြို့နယ်တို့မှာ KIA ပူးပေါင်းတပ် တွေနဲ့ တိုက်ပွဲတွေဖြစ်ချိန်မှာ စစ်တပ်ထောက်ခံသူတွေက အခုလို သတင်းအမှားတွေနဲ့ ဝါဒဖြန့်လာတာပဲ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment