၂၀၂၅ အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကျောင်းသားတော်လှန်ရေးတပ်တော် S.R.F တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် PDO ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
📌 ၂။ ကရင်ပြည်နယ်က ကျောင်းဆရာ၊ ဆရာမတွေအတွက် လိုအပ်နေတဲ့ အရေးပေါ်ရန်ပုံငွေ ဖြည့်ဆည်းပေးဖို့ KECD နဲ့ KTWG တောင်းဆို
📌 ၃။ အနောက်တောင်မုတ်သုံလေ ထွက်ခွာသွားပြီဖြစ်တာကြောင့် တနိုင်ငံလုံး မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းသွားမယ်လို့ ဆို
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖားကန့် KIA တပ်ရင်း ၆ နယ်မြေကို စစ်တပ်က ဗုံးအလုံး ၃ဝ ကျော် ကြဲတိုက်ခိုက်
🚩 ၂။ မိုင်းငေါ့မြို့ကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
🚩 ၃။ ဆားလင်ကြီးနယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့် တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
🚩 ၄။ တန့်ဆည်နယ်အရှေ့ခြမ်းမှာ စစ်အုပ်စု စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ပျူစောထီး ၅ ဦးသေပြီး ၁၂ ဦး ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကျောင်းသားတော်လှန်ရေးတပ်တော် S.R.F တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် PDO ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
အောက်တိုဘာလ (၂၁)ရက်
စစ်အာဏာရှင်တွေကို တိုက်ထုတ်နေသလို ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတော်လှန်ရေး တပ်တော် S.R.F တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ - PDO က ဒီနေ့ အောက်တိုဘာ ၂၁ ရက်မှာ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာ တည်ထောင်ခဲ့တဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် S.R.F ဖွဲ့စည်းတည်ထောင် ခဲ့တာ ဒီနေ့ဆိုရင် ၄ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် ဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
စတင်တည်ထောင်ခဲ့ချိန်ကစပြီး စစ်အာဏာရှင်စနစ် စစ် ၃ စစ် အမြစ်ဖြတ်ချေမှုန်းရေးအတွက် အခက်အခဲ မျိုးစုံကြားက ကြံ့ကြံ့ခံ တိုက်ပွဲဝင်မှု၊ လက်နက်ကိုင်တော်လှန်လှုပ်ရှားမှု လမ်းကြောင်းပေါ်မှာ ကျောင်းသားလူငယ်တွေဟာ သတ္တိအပြည့်နဲ့ စည်းလုံးညီညွတ်စွာနဲ့ တိုက်ထုတ်နေသလို ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတော်လှန်ရေး တပ်တော် S.R.F က ရဲဘော်တွေအနေနဲ့ အဖိနှိပ်ခံပြည်သူလူထုအတွက် အဓိကထားတဲ့စိတ်ဓာတ်ကို တန်ဖိုးထား ဂုဏ်ယူတဲ့ အကြောင်းလည်း PDO က အသိပေးထားပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ /ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDO/PDA အနေနဲ့ မဟာမိတ်တပ်ဖြစ်တဲ့ ကျောင်းသား တော်လှန်ရေးတပ်တော် S.R.F နဲ့အတူ စစ် ၃ စစ် အမြစ်ပြတ်ပြီး အဖိနှိပ်ခံပြည်သူလူထုလိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အလေးအနက် ပြောကြားထားပါတယ်။
========================
📌📌 ၂။ ကရင်ပြည်နယ်က ကျောင်းဆရာ၊ ဆရာမတွေအတွက် လိုအပ်နေတဲ့ အရေးပေါ်ရန်ပုံငွေ ဖြည့်ဆည်းပေးဖို့ KECD နဲ့ KTWG တောင်းဆို
အောက်တိုဘာလ (၂၁)ရက်
ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေအတွက် လိုအပ်နေတဲ့ အရေးပေါ်ရန်ပုံငွေ ဖြည့်ဆည်းပေးဖို့ KECD နဲ့ KTWG တို့က တောင်းဆိုလိုက်ပါတယ်။
ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို နှစ်စဉ် ထောက်ပံ့ငွေ ပံ့ပိုးပေးနိုင်ဖို့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန - KECD နဲ့ ကရင်ဆရာ၊ဆရာမများအသင်း - KTWG တို့က ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ပြီး အခုလို တောင်းဆိုလာတာဖြစ်ပါတယ်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လက်ရှိမှာ လိုအပ်နေတဲ့ငွေရဲ့ ၅၉ ရာခိုင်နှုန်းသာရှိနေပြီး ၄၁ ရာခိုင်နှုန်း လိုအပ်နေတာ ကြောင့် KECD နဲ့ KTWG တို့က တောင်းဆိုနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပညာသင်နှစ်ကဆိုရင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန - KECDနဲ့ ကရင်ဆရာ၊ဆရာမများအသင်း - KTWG တို့ အနေနဲ့ ဆရာ၊ ဆရာမတဦးကို ဒေါ်လာ ၃၅ဝ ခန့်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ တသောင်း ၂ထောင် ပံ့ပိုးပေးဖို့ စီစဉ်ခဲ့ပေမယ့် ရန်ပုံငွေရရှိမှုမလုံလောက်တာကြောင့် ဆရာ၊ ဆရာမ တဦးကို ထိုင်းဘတ်ငွေ တသောင်းနဲ့ ၅ရာသာ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လာမယ့်ပညာသင်နှစ်အတွက်မှာလည်း လိုအပ်နေတဲ့ ရန်ပုံငွေ မပြည့်ရင် ဆရာ၊ ဆရာမတွေကို ပေးနေတဲ့ ထောက်ပံ့ကြေး ဟာ သိသိသာသာလျော့နည်းသွားမယ်လို့ အသိပေးထားပါတယ်။
ဆရာ၊ဆရာမတွေကိုပေးတဲ့ နှစ်စဉ်ထောက်ပံ့ကြေးဟာ ပညာသင်ကြားပေးနေတဲ့ ဆရာတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကလေးသူ ငယ်တွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သလို ရေရှည်အကျိုး သက်ရောက်မှုဖြစ်စေနိုင်တာကြောင့် ဝိုင်းဝန်း ကူညီပေးကြဖို့ KECD နဲ့ KTWG တို့က တောင်းဆိုးထားပါတယ်။
KECD နဲ့ KTWG တို့ဟာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမ တသောင်းကျော်ကို နှစ်စဉ် ထောက်ပံ့ကြေး ပေးနေတာလို့ သိရပါတယ်။
========================
📌📌 ၃။ အနောက်တောင်မုတ်သုံလေ ထွက်ခွာသွားပြီဖြစ်တာကြောင့် တနိုင်ငံလုံး မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းသွားမယ်လို့ ဆို
အောက်တိုဘာလ (၂၁)ရက်
အနောက်တောင်မုတ်သုတ်လေ ထွက်ခွာသွားပြီဖြစ်တာကြောင့် မြန်မာတနိုင်ငံလုံး မိုးရွာသွန်းမှု သိသိသာသာ လျော့နည်း သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။
အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတောင်ပိုင်းကနေ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဆုတ်ခွာသွားပြီဖြစ်ပေမယ့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နိုင်တယ်လို့ ခန့်မှန်းထားပါ တယ်။
ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အရှေတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်းဝန်းဟာ အားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ပေမယ့် မြန်မာနိုင်ငံဘက်ကို ရွေ့လျားခြင်းမရှိနိုင်ဘူးလို့လည်း အသိပေးထားပါတယ်။
အခုတပတ်အတွက် မိုးအခြေအနေကတော့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက် ပိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့တောင်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကရင်နီပြည်မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာ ကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပေမယ့် တနိုင်ငံလုံးမှာ မိုးရွာသွန်းမှုဟာ သိသိသာသာ လျော့နည်းသွားနိုင်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားတယ်။
ပင်လယ်ပြင်အခြေအနေကတော့ တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မုတ္တမကွေ့ဘက်မှာ အရှေ့ဘက်မှလေဟာ တစ်နာရီ ၁၀ မိုင်ကနေ မိုင် ၂၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့် ရှိနိုင်တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖားကန့် KIA တပ်ရင်း ၆ နယ်မြေကို စစ်တပ်က ဗုံးအလုံး ၃ဝ ကျော် ကြဲတိုက်ခိုက်
အောက်တိုဘာလ (၂၁)ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် - KIA တပ်ရင်း ၆ နယ်မြေကို အကြမ်းဖက်စစ်တပ် က ဒီနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးအလုံး ၃ဝ ကျော်ကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေ ကံဆီးဒေသကို ဒီနေ့မနက် ၇နာရီခွဲ အချိန်မှာ လေကြောင်းကနေ တိုက်ခိုက်လာတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ Y12 နဲ့ ဗုံး ၃၆ လုံး ကြဲချတိုက်ခိုက်ခဲ့သလို နာရီဝက်လောက် ပစ်ခတ်မှုတွေလုပ်သွားတယ်လို့လည်း ကချင်ဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေသသတင်းရင်းမြစ်တဦးကတော့ သင်တန်းပေးနေတဲ့နေရာကို ကျရောက် ပေါက်ကွဲတာကြောင့် အဆောက်အအုံတွေ ပျက်စီးသွားသလို အရာရှိတွေအပါအဝင် ၅ဝ ခန့် ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖားကန့်ဒေသကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ မကြခဏ တိုက်ခိုက်နေတာ ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
ဖားကန့်ဒေသကို အကြမ်းဖက်စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတာကြောင့် KIA ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတာ ၄ လ ကျော်နေပြီဖြစ်တာကြောင့် ဒေသနေပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
========================
🚩🚩 ၂။ မိုင်းငေါ့မြို့ကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
အောက်တိုဘာလ (၂၁)ရက်
ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲပြီး တိုက်ခိုက်တာကြောင့် အမျိုးသား တဦးနဲ့ အမျိုးသမီး တဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မနေ့ အောက်တိုဘာ ၂ဝ ရက်နေ့ ည ၈ နာရီကျော်အချိန်မှာ အကြမ်းဖက်စစ်တပ်က မိုင်းငေါ့မြို့ မြို့မစျေးအနီးကို ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရသလို အိမ် ၁၀ လုံးနဲ့ ဆိုင်ခန်း ၅ ခန်း ပျက်စီးခဲ့ရတယ် လို့ အသိပေးပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာ ၁၉ ရက်နေ့တုန်းကလည်း နမ့်ဆန်၊မန်တုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်မြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ အခု အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို လေကြောင်းကနေ ၂၈ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဟန်း ၂ ပါး၊ ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၉ ဦးသေဆုံးခဲ့ပြီး ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၁၃၈ လုံး၊ စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ ကျောင်းဆောင် ၇ ဆောင်နဲ့ အဆောက်အအုံ ၄ ခု ထိမှန်ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ တအာင်းပြည်အတွင်းတင်မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နေရာတွေက အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတာဟာ အပြစ်မဲ့ ပြည်သူ တွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ TNLA က ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါကြောင့် မိဘပြည်သူများအနေနဲ့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်အောင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာ ဆောင်ရွက်ကြဖို့ TNLA နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ ဆားလင်ကြီးနယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့် တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
အောက်တိုဘာလ (၂၁)ရက်
စစ်ကိုင်းတိုင်း ဆားလင်ကြီးမြို့နယ်မှာ စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင်တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ မုံရွာသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထား ပါတယ်။
မနေ့ အောက်တိုဘာ ၂ဝ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ အကြမ်းဖက်စစ်တပ်က ဆားလင်ကြီးမြို့နယ် ထန်းပုရွာက စစ်ရှောင်ပြည်သူတွေခိုလှုံရာ ဘုန်းကြီးကျောင်းကို ၁၂ဝ မမ ဗုံးသီး ၃ လုံးကြဲချခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထိခိုက် သေဆုံးရတာလို့ ဆိုပါတယ်။
တရုတ်ဝမ်ပေါင်ကို ကာကွယ်ပေးရင်း စစ်ဘေးရှောင်တွေ ခိုလှုံရာဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသသတင်း ရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက် အာဏာလု မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကျင်းပဖို့ တရုတ်ကုမ္မဏီ ယမ်စီမှာ မဲရုံလုပ်မှာ ဖြစ်တဲ့အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခက စစ်သားအင်အား အများအပြား ချထားသလို ဝမ်ပေါင်ကုမ္မဏီ အပြင်ဘက်မှာ လည်း အင်အား ၁၀၀ ခန့်နဲ့ လုံခြုံရေးယူပြီး တရုတ်တွေကို ကာကွယ်ပေးထားတယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက်ပိုင်းမှာလည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခကနေ စက်တပ်လေထီးတွေ ပျံဝဲနေတာကြောင့် ဒေသနေပြည်သူတွေ သတိနဲ့ နေထိုင်ကြဖို့ မုံရွာသတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးထားပါတယ်။
========================
🚩🚩 ၄။ တန့်ဆည်နယ်အရှေ့ခြမ်းမှာ စစ်အုပ်စု စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ပျူစောထီး ၅ ဦးသေပြီး ၁၂ ဦး ဒဏ်ရာရ
အောက်တိုဘာလ (၂၁)ရက်
စစ်ကိုင်းတိုင်း တန့်ဆည်နယ်အရှေ့ခြမ်းမှာ စစ်အုပ်စု စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီး ၅ ဦးသေပြီး ၁၂ ဦး ဒဏ်ရာရသွားတယ်လို့ တန့်ဆည် ပကဖ က ထုတ်ပြန်ထားပါတယ်။
မနေ့ အောက်တိုဘာ ၂ဝ ရက်နေ့ မနက် ၉ နာရီခွဲအချိန်မှာ စစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကို အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။
တန့်ဆည်မြို့နယ် အက်တော၊ သဲကုန်းကနေ ကန့်ဘလူမြို့နယ် ကာဘိုဘေက် ပြန်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၄၀ ဝန်းကျင်ပါ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ ပျူစောထီး ၅ ဦး သေဆုံးသွားပြီး ၁၂ ဦး ပြင်းထန်ဒဏ်ရာရသွားတာကြောင့် စစ်သားတွေကတော့ ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသွားသူတွေကိုတော့ အကြမ်းဖက်စစ်အုပ်စုက နေ့လည် ၁၂ နာရီကျော်မှ ကားနဲ့ လာသယ် သွားတယ်လို့ တိုက်ပွဲဝင် တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ် ပကဖ၊ ရွှေဘိုခရိုင် အမှတ် - ၅၂ ဗျူဟာတပ်ရင်း၊ ရေဦး ပကဖ နဲ့ PLA တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






No comments:
Post a Comment