၂၀၂၅ အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ ဒေဝါလီ (ဒီပါဝလီ) ပွဲတော်အတွက် သဝဏ်လွှာ ပေးပို့ခဲ့
📌 ၂။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် IPU ညီလာခံတွင် မိန့်ခွန်းပြောကြား
📌 ၃။ မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃.၅၉) သန်းကျော်သို့ မြင့်တက်လာပြီး စစ်အာဏာသိမ်းမှုက အဓိကဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ထောက်ပြ
📌 ၄။ ဗြိတိသျှသံရုံးအကြီးအကဲမှ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအတွေ့အကြုံများနှင့် ယူကေအစိုးရ၏ ကတိကဝတ်များ ထုတ်ဖော်ပြောကြား
📌 ၅။ တော်လှန်ရေးရဲဘော်များပါ သိရှိလိုက်နာသင့်ကြောင်းနဲ့ ကဏ္ဍအသီးသီးက ခေါင်းဆောင်များပါသိထားသင့်ကြောင်းနှင့် (WCP) သင်တန်းများကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပေးဖို့ ဂန့်ဂေါမြို့နယ်မှ သင်တန်းသားများ တောင်းဆို
📌 ၆။ တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ တန်းလျှောက်ခံရွာက ဒေသခံများအတွက် နေအိမ် (၁၃၁) လုံးနဲ့ ဗလီ (၁) လုံးကို ULA/AA က ပြန်လည်တည်ဆောက်ပေးနေ
📌 ၇။ SpaceX က မြဝတီ ကျားဖျန့်လုပ်ငန်းများတွင် အသုံးပြုနေတဲ့ Starlink စက်ပစ္စည်း (၂၅၀၀) ကျော်ကို ပိတ်ပင်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် အတွင်းကို အိန္ဒိယ စစ်တပ်က နယ်စပ်ဖြတ်ကျော်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့
🚩 ၂။ ဘားအံမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး သေဆုံးပြီး (၁၇) ဦး ဒဏ်ရာရ
🚩 ၃။ ကရင်ပြည်နယ် မြဝတီတောင်ဘက်တွင် စစ်တပ်ထိုးစစ်ဆင်မှု ပြင်းထန်နေပြီး သားအမိနှစ်ဦး လက်နက်ကြီးကြောင့် သေဆုံး
🚩 ၄။ မိုင်းလုံမြို့မှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး (၁) ဦးနဲ့ အမျိုးသမီး (၁) ဦး ဒဏ်ရာရ
🚩 ၅။ သီပေါ - နမ္မတူ နယ်စပ်ကို စစ်ကော်မရှင်တပ် ထိုးစစ်ဆင်လာ၊ နမ္မတူ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
🚩 ၆။ အကြမ်းဖက် ARSA အဖွဲ့က အရပ်သား ပြည်သူလူထုကို ခြုံခိုတိုက်ခိုက်၊ သတ်ဖြတ်၊ ဖမ်းဆီးခေါ်ဆောင်သွားခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရမှ ဒေဝါလီ (ဒီပါဝလီ) ပွဲတော်အတွက် သဝဏ်လွှာ ပေးပို့ခဲ့
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်သည် ဟိန္ဒူဘာသာဝင်များအတွက် အထူးမြတ်နိုးဖွယ်ရာ ဒေဝါလီ (ဒီပါဝလီ) ပွဲတော်နေ့ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း မတူကွဲပြားသည့် ဘာသာတရားများ အတူယှဉ်တွဲရှင်သန်နေမှုကို ထင်ရှားစေသည့် အမှတ်အသားတစ်ခုလည်းဖြစ်ကြောင်း အမျိုးသားညိညွတ်ရေးအစိုးရမှ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။
ဒီပါဝလီသည် သက္ကတဘာသာစကားတွင် “ဒီပ” (ဆီမီး သို့မဟုတ် အလင်းရောင်) နှင့် “ဝလီ” (စီတန်းထားခြင်း) ဟူသော အဓိပ္ပာယ်ဖြင့် ဆီမီးများထွန်းညှိပူဇော်သည့် ထုံးတမ်းတစ်ရပ်ဖြစ်ပြီး ထိုဆီမီးထွန်းညှိခြင်းသည် အမှောင်ကို ဖယ်ရှားပြီး အလင်းရောင်ရရှိခြင်း၊ အဆိုးအညံ့မှ အကောင်းအမြတ်သို့ ပြန်လည်ရောက်ရှိခြင်းနှင့် စိတ်ပျက်အားငယ်မှုများမှ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုသို့ ရောက်ရှိခြင်းကို ကိုယ်စားပြုတယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် ဒီပါဝလီသည် တစ်နေရာနှင့်တစ်နေရာ ကွဲပြားနေသော မိသားစုများ ပြန်လည်ဆုံစည်းကာ ဝမ်းမြောက်ဖွယ် အချိန်များကို ဖန်တီးပေးသည့် နေ့ထူးနေ့မြတ်တစ်ခုလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။
သို့သော် ယခုအခါ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်နေပြီး၊ ကျောင်းများ၊ ဆေးရုံများ၊ လူနေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကိုပါ ဗုံးကြဲဖျက်ဆီးလျက်ရှိသည့် လုပ်ရပ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးနေရသည့်အပြင်၊ စစ်မှုထမ်းဥပဒေအကြောင်းပြချက်ဖြင့် ဖမ်းဆီးမှု၊ သွားလာမှုကန့်သတ်မှုနှင့် တရားမဲ့ဖမ်းဆီးမှုများကြောင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှုကတည်းက မြန်မာနိုင်ငံသားများ၏ လုံခြုံငြိမ်းချမ်းမှုများ ဆုံးရှုံးခဲ့ရပြီး၊ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များ၏ အနာဂတ်မျှော်လင့်ချက်နှင့် အိပ်မက်များ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ဒေဝါလီ (ဒီပါဝလီ) ပွဲတော်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာနိုင်ငံသားများ ဆုံးရှုံးခဲ့ရသည့် လုံခြုံငြိမ်းချမ်းမှုနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာရေး၊ ကွဲပြားနေသော မိသားစုများ ပြန်လည်ဆုံစည်းနိုင်ရေးနှင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးတွင် ပါဝင်နေသည့် တိုင်းရင်းသားပြည်သူများ အောင်မြင်မှုရရှိရန် ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
ထို့ပြင် ပြည်ထောင်စုဖွားဟိန္ဒူဘာသာဝင်များအားလုံး စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာပြီး ဘေးရန်ကင်းကာ အဆိုးအညံ့များပပျောက်ကာ အကောင်းအမြတ်များရရှိနိုင်ရန် သဝဏ်လွှာမှာ ဆုတောင်းပေးထားပါတယ်။
========================
📌📌 ၂။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် IPU ညီလာခံတွင် မိန့်ခွန်းပြောကြား
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်နေသော (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံ၌ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က “အကျပ်အတည်းကာလများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများကို ထိန်းသိမ်းကာကွယ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များကို ထောက်ပံ့ရန်” ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးပွဲတွင် အောက်တိုဘာလ (၂၂) ရက်နေ့ မနက်တွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မိန့်ခွန်းတွင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအပြီး စစ်တပ်မှ ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို ထောက်ပြပြီး၊ နိုင်ငံတကာလွှတ်တော်များအား စစ်တပ်၏ မသမာသည့် ရွေးကောက်ပွဲများကို လက်မခံရန်နှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများဖြစ်သော နိုင်ငံရေးအကျဉ်းသားများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးခေါင်းဆောင်များ - အထူးသဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို - ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ပါတယ်။
“ကျွန်ုပ်သည် မြန်မာနိုင်ငံပြည်သူများကိုယ်စား၊ ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်ခံရသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှတစ်ဆင့် ကျွန်ုပ်တို့အား ပေးအပ်ထားသော လူထုရဲ့ တရားဝင်အခွင့်အာဏာကို ဆက်လက်ထိန်းသိမ်းရင်း သင်တို့ရှေ့တွင် ရပ်တည်နေပါတယ်” လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃.၅၉) သန်းကျော်သို့ မြင့်တက်လာပြီး စစ်အာဏာသိမ်းမှုက အဓိကဖြစ်ကြောင်း မြန်မာသံအမတ်ကြီး ထောက်ပြ
(၂၀၂၅) ခုနှစ် အောက်တိုဘာ (၂၁) ရက်နေ့က ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများ (Internally Displaced Persons - IDPs) ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သည့် စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အရပ်သားများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ရင်ဆိုင်နေရကြောင်း ပြောကြားဆွေးနွေးခဲ့ပါတယ်။
UNHCR ၏ အချက်အလက်များအရ (၂၀၂၅) ခုနှစ် အောက်တိုဘာ (၁၃) ရက်အထိ မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃.၅၉) သန်းကျော်အထိ ရှိလာခဲ့ပြီး၊ ယင်းဦးရေသည် ပြီးခဲ့သည့် (၄) နှစ်ကျော်အတွင်း သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
စစ်အုပ်စု၏ တိုက်ခိုက်မှုများ၊ ဖမ်းဆီးနှိပ်စက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကန့်သတ်ဟန့်တားမှုများကြောင့် IDP များသည် တဲများ သို့မဟုတ် မြေလွတ်နေရာများတွင် နေထိုင်နေရပြီး စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသောရေကဲ့သို့ အခြေခံလိုအပ်ချက်များကိုပင် အကန့်အသတ်ဖြင့်သာ ရရှိနေရကြောင်း ဆိုခဲ့ပါတယ်။
ဦးကျော်မိုးထွန်းက စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် IDP စခန်းများကိုပါ ပစ်မှတ်ထားလျက်ရှိသည်ဟု ထောက်ပြခဲ့ပါတယ်။
ထို့ပြင် ၎င်းက စစ်အုပ်စု၏ မတရားအာဏာသိမ်းမှုသည် IDP ဦးရေမြင့်တက်လာခြင်းနှင့် အခြေအနေဆိုးရွားလာခြင်း၏ အဓိကဇစ်မြစ်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအပေါ် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ မလုပ်ဆောင်နိုင်ပါက IDP ဦးရေသည် ဆက်လက်မြင့်တက်လာမည်ဖြစ်ပြီး ၎င်းတို့၏ နေ့စဉ်ဘဝအခြေအနေများမှာလည်း ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
သံအမတ်ကြီးက စစ်အုပ်စုကပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုမရှိဘဲ အကြမ်းဖက်မှုများကို ပိုမိုဖြစ်ပေါ်စေပြီး IDP များအပါအဝင် အရပ်သားများ၏ ဒုက္ခဆင်းရဲကို တိုးပွားစေမည်ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းအား ယင်းရွေးကောက်ပွဲကို ဝိုင်းဝန်းကန့်ကွက်ရန်နှင့် IDP များ၏ အခွင့်အရေးနှင့် ဘဝလုံခြုံမှုကို ကာကွယ်ရန် စုပေါင်းလုပ်ဆောင်ပေးရန်၊ အထူးအစီရင်ခံစာတင်သွင်းသူအား အဖွဲ့ဝင်နိုင်ငံများကို ထိရောက်သောအရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် လမ်းပြပေးရန်နှင့် တောင်းဆိုပေးရန်လည်း တိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၄။ ဗြိတိသျှသံရုံးအကြီးအကဲမှ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံးအတွေ့အကြုံများနှင့် ယူကေအစိုးရ၏ ကတိကဝတ်များ ထုတ်ဖော်ပြောကြား
ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံး၏ ယာယီသံရုံးအကြီးအကဲ မစ္စတာ အန်ဒရူး ဂျက်ဆင်သည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ချိန် နှစ်လပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၎င်းမှ ၎င်း၏ ပထမဆုံးအတွေ့အကြုံများနှင့် မြန်မာနိုင်ငံအပေါ် ယူကေအစိုးရ၏ ကတိကဝတ်များကို ဗီဒီယိုသတင်းစကားတစ်ခုမှတစ်ဆင့် အောက်တိုဘာလ ၂၂ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မစ္စတာ အန်ဒရူးက မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ လာမဲ့ရက်သတ္တပတ်တွေမှာ တတ်နိုင်သမျှ လူများများနဲ့စကားပြော၊ နားထောင်ရင်းနဲ့ မြန်မာနိုင်ငံအကြောင်း ပိုမိုသိချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ကြွယ်ဝတဲ့ မတူကွဲပြားမှုတွေအကြောင်း ပိုမိုသိရှိဖို့နဲ့ ယူကေအစိုးရအနေနဲ့ မြန်မာပြည်သူတွေ မျှော်မှန်းတဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ဘယ်လိုအကောင်းဆုံးပံ့ပိုးပေးနိုင်မလဲဆိုတာကိုနားလည်သဘောပေါက်နိုင်ဖို့ဖြစ်ပါတယ်။” လို့ သတင်းစကားပါးခဲ့ပါတယ်။
========================
📌📌 ၅။ တော်လှန်ရေးရဲဘော်များပါ သိရှိလိုက်နာသင့်ကြောင်းနဲ့ ကဏ္ဍအသီးသီးက ခေါင်းဆောင်များပါသိထားသင့်ကြောင်းနှင့် (WCP) သင်တန်းများကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပေးဖို့ ဂန့်ဂေါမြို့နယ်မှ သင်တန်းသားများ တောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းမှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းကို အောက်တိုဘာလအတွင်းမှာ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ပါတယ်။
သင်တန်းအတွင်း ပို့ချချက်များကို တော်လှန်ရေးအတွင်းက ရဲဘော်တွေပါ လေးစားလိုက်နာသင့်သလို ဒေသတွင်းက ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးခေါင်းဆောင်တွေပါ သိထားသင့်ကြောင်းကို သင်တန်းအပြီးမှာ မှတ်ချက်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အခုလိုသင်တန်းတွေဟာ တော်လှန်ရေးစိတ်ဓါတ်ကို မြင့်မားစေတယ်လို့လည်း မှတ်ချက်ပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းကို စက်တင်ဘာလနဲ့ အောက်တိုဘာလ အတွင်းမှာ ပြုလုပ်ခဲ့ပြီး ဒီလိုသင်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ပေးဖို့သင်တန်းတက်ရောက်လာသူတွေက တောင်းဆိုခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
“လူ့အခွင့်အရေးအကြောင်းအရာတွေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ပိုသိရှိခဲ့ရပါတယ်။ လက်ရှိကာလမှာလည်း ချိုးဖောက်ကျူးလွန်မှုတွေ အများကြီး တွေ့နေရတဲ့အတွက် ဒီလိုသင်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုပါတယ်” လို့ သင်တန်းသားတဦးက မှတ်ချက်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။
သင်တန်းမှာတော့ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးသူငယ်များ အခြေအနေ (Children in Armed Conflict)၊ ကလေးအခွင့်အရေး (Child Rights)၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု (Child Protection)၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ(Gender Based Violence) ၊ ကလေးသူငယ်များအပေါ် ချိုးဖောက်ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှု (၆) ရပ်ဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေ၊ ပဋိပက္ခအခြေအနေတွင် ဖြစ်ပေါ်လာသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV – Conflict Related Sexual Violence) တွေနဲ့ ဒီအချက်တွေနဲ့ စပ်လျဉ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေများအကြောင်းကို ဆွေးနွေး ပို့ချခဲ့ကြပါတယ်။
========================
📌📌 ၆။ တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ တန်းလျှောက်ခံရွာက ဒေသခံများအတွက် နေအိမ် (၁၃၁) လုံးနဲ့ ဗလီ (၁) လုံးကို ULA/AA က ပြန်လည်တည်ဆောက်ပေးနေ
အာရက္ခဒေသ၊ မောင်တောခရိုင်၊ ဘူးသီးတောင် မြို့နယ်၊ တန်းလျှောက်ခံ (Hoyasari) ကျေးရွာမှာ ပြီးခဲ့တဲ့ (၂၀၂၄) ခုနှစ်၊ မြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးသွားခဲ့တဲ့ နေအိမ်များနဲ့ ဗလီ တလုံးကို ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ပြန်လည်တည်ဆောက် ပေးနေတယ်လို့ One Nation News က ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့တဲ့ (မူဆလင်ဘာသာဝင်) အိမ်ထောင်စု (၁၃၁) စု အတွက် နေအိမ် ၁၃၁ လုံးနဲ့ ဗလီ တခုကို မူလရွာဟောင်း နေရာမှာ မဟုတ်ဘဲ ဘူးသီးတောင် မြို့နယ်အတွင်းက နေရာသစ် တခုမှာ တန်းလျောက်ခံ ရွာသစ်အား ပြန်လည်တည်ဆောက် ပေးနေတာလို့ ဆိုပါတယ်။
အဆိုပါ အိမ်များ ဆောက်လုပ်ရာတွင် အုန်း၊ သစ်၊ ဝါးများ လုံလောက်မှု မရှိတာကြောင့် အိမ် ၁၁၀ ဆောင်ကိုသာ ဆောက်လုပ်နိုင်သေးပြီး အားလုံး ပြီးစီးနိုင်ရန်အတွက် သစ်၊ ဝါးများ စုဆောင်းကာ ဆောက်လုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ တန်းလျောက်ခံ ရွာသစ်မှာ နေထိုင်နေတဲ့ မူဆလင် အိမ်ထောင်စု (၁၃၁) စု ရှိပြီး စုစုပေါင်း လူဦးရေ (၈၀၀) ကျော်ခန့် နေထိုင်နေတယ်လို့ ဆိုပါတယ်။
တန်းလျောက်ခံကျေးရွာမှာ (၂၀၁၇) သန်းခေါင်စာရင်းအရ လူဦးရေ (၉၉၃) ဦး ရှိခဲ့ပြီး ၂၀၂၅၊ ဩဂုတ်လက မြေပြင် ကွင်းဆင်း လေ့လာချက်အရ ရွာသစ်မှာ ပြန်လည်နေရာ ချထားပေးတဲ့အခါ စုစုပေါင်းလူဦးရေ (၇၉၁) ဦး ရှိတယ် လို့ သိရပါတယ်။
လူဦးရေ လျော့နည်းသွားရခြင်းမှာ စစ်ပွဲကာလအတွင်း ပြည်မနဲ့ ပြည်ပ နိုင်ငံများကို တိမ်းရှောင်သွားခြင်းကြောင့် ဖြစ်တယ်လို့ ဒေသခံများက ပြောဆိုထားပြီး အဆိုပါ ကျေးရွာမှာ ယခင်က အိမ်ထောင်စု ၁၄၁ စု ရှိခဲ့ရာ ၁၀ စုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ထွက်ပြေးခိုလှုံ သွားခဲ့တယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၇။ SpaceX က မြဝတီ ကျားဖျန့်လုပ်ငန်းများတွင် အသုံးပြုနေတဲ့ Starlink စက်ပစ္စည်း (၂၅၀၀) ကျော်ကို ပိတ်ပင်
မြန်မာနိုင်ငံ၊ ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ကျားဖျန့်လုပ်ငန်းများတွင် အသုံးပြုနေသော Starlink ဂြိုဟ်တု အင်တာနက် စက်ပစ္စည်း (၂,၅၀၀) ကျော်ကို SpaceX ကုမ္ပဏီက ပိတ်ပင်လိုက်ကြောင်း အောက်တိုဘာ (၂၂) ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း နိုင်ငံတကာသတင်းများအရ သိရပါတယ်။
ထိုလုပ်ဆောင်ချက်သည် မြန်မာစစ်ကောင်စီ၏ KK Park ဆိုက်ဘာရာဇဝတ်စင်တာ ထိုးစစ်ဆင်မှုနှင့် ဆက်စပ်နေပြီး၊ နိုင်ငံတကာ ရာဇဝတ်မှုတိုက်ဖျက်ရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံက နယ်စပ်အနီးရှိ အင်တာနက်နှင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပြီးနောက်၊ ဆိုက်ဘာလိမ်လည်ရေး စင်တာများသည် မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့လာခဲ့ပြီး၊ Starlink ဂြိုဟ်တု အင်တာနက်ကို အဓိကထား အသုံးပြုခဲ့ပါတယ်။
Channel News Asia (CNA) ၏ ဖော်ပြချက်အရ၊ ထိုစင်တာများ၏ အဆောက်အအုံများပေါ်တွင် Starlink ဒစ်ရှ်ပြားများ ထောင်ပေါင်းရာချီ တပ်ဆင်ထားပြီး၊ မြန်မာနိုင်ငံတွင် Starlink သည် အင်တာနက် ပံ့ပိုးသူများအနက် ထိပ်တန်းနေရာသို့ ရောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်
SpaceX ၏ ဒုတိယဥက္ကဋ္ဌ Lauren Dreyer က ထုတ်ပြန်ချက်တွင်၊ ကုမ္ပဏီကိုယ်တိုင် သံသယဖြစ်ဖွယ် နေရာများကို ရှာဖွေတွေ့ရှိပြီး၊ ထိုစက်များကို ပိတ်ပင်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။
ထိုစင်တာများသည် ကမ္ဘာတစ်ဝန်းရှိ လူများကို ချစ်ခင်ရေး လိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများဖြင့် နှစ်စဉ် ဒေါ်လာဘီလီယံချီ ဆုံးရှုံးစေခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် အတွင်းကို အိန္ဒိယ စစ်တပ်က နယ်စပ်ဖြတ်ကျော်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့
စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ NSCN-K/YA စခန်းကို အိန္ဒိယ စစ်တပ်က နယ်စပ်ဖြတ်ကျော်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အောက်တိုဘာလ (၂၀) ရက်၊ ည (၇) နာရီခန့်မှာ အိန္ဒိယစစ်တပ်က မြန်မာပြည်ထဲကို ကျူးကျော်ပြီး လဟယ်မြို့နယ်၊ ကမ်မော်လောရီ ကျေးရွာအနီးရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K/YA) ယုံးအောင်အဖွဲ့ရဲ့ စခန်းကို ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အရပ်သား ကလေးငယ် (၁) ဦး နဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား ၁ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN) တာဝန်ရှိသူတွေ လာရောက်ဖူးတဲ့နေရာကို ဗုံးကြဲသွားခဲ့တာဖြစ်ပြီး အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ သူရဲဘောကြောင်တဲ့ အိန္ဒိယစစ်တပ်ရဲ့ လုပ်ရပ် ကို အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ NSCN က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN) ဟာ နာဂလူမျိုးများ နေထိုင်ရာ ဒေသအားလုံးကို ပေါင်းစည်းပြီး အချုပ်အခြာအာဏာပိုင် သီးခြားနိုင်ငံထူထောင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေကြောင့် NSCN-IM နဲ့ NSCN-K စတဲ့ အဖွဲ့ခွဲတွေအဖြစ် ကွဲထွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ NSCN- K/YA အဖွဲ့က အိန္ဒိယနိုင်ငံ၊ အာရူးနာချယ်ပရာဒေ့ရှ် ပြည်နယ် အတွင်းက အာသံရိုင်ဖယ် တပ်စခန်း တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။
အိန္ဒိယ နဲ့ မြန်မာနိုင်ငံဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း တလျောက် (၁,၀၂၁) မိုင်ခန့် နယ်နမိတ် ထိစပ်နေပြီး နယ်စပ်တလျောက်တွင် အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂ နဲ့ ကသည်း လက်နက်ကိုင် အဖွဲ့တွေ ရှိနေပါတယ်။
အဆိုပါ နာဂနဲ့ ကသည်း လက်နက်ကိုင်တပ်ဖွဲ့ အချို့ဟာ စစ်ကော်မရှင်တပ်နဲ့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေကို တိုက်ခိုက်တာတွေ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဘားအံမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး သေဆုံးပြီး (၁၇) ဦး ဒဏ်ရာရ
ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ဘားအံမြို့နယ်၊ ဝံပျံကျေးရွာအုပ်စု၊ ဖားဘော်ရွာလေးရွာမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ (၃) ဦး သေဆုံးပြီး (၁၇) ဦး ဒဏ်ရာရခဲ့တယ် လို့ KNU က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ (၂၀) ရက်၊ ညနေ (၅) နာရီ (၄၀) မိနစ် အချိန်မှာ ကမမောင်းကျေးရွာရှိ စစ်ကော်မရှင် တပ်က (၁၂၀) မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဖားဘော်ရွာလေးရွာ အတွင်း ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် စောတူ (၃၇ နှစ်)၊ နော်အေးမူ ( ၁၂ နှစ်) နဲ့ နော်ချမိ (၆ နှစ်) တို့ (၃) ဦး သေဆုံးခဲ့ရကာ ကလေးငယ်များ အပါအဝင် ပြည်သူ (၁၇) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတွက် ငြိမ်းချမ်းနေသယောင် ပြုမူနေပြီး ကော်သူးလေ နဲ့ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ရာ နေရာဒေသ အတွင်းမှာနေထိုင်တဲ့ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကို အဆက်မပြတ် ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ကရင်ပြည်နယ် မြဝတီတောင်ဘက်တွင် စစ်တပ်ထိုးစစ်ဆင်မှု ပြင်းထန်နေပြီး သားအမိနှစ်ဦး လက်နက်ကြီးကြောင့် သေဆုံး
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ဒေသတွင် စစ်တပ်က ဆုံးရှုံးခဲ့သော တပ်စခန်းများကို ပြန်လည်သိမ်းပိုက်ရန် စစ်ကြောင်း (၅) ကြောင်းဖြင့် မနားတမ်း ထိုးစစ်ဆင်နေမှုကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း Burma Human Rights Network (BHRN) မှ အသိပေးထုတ်ပြန်ပါတယ်။
ထိုထိုးစစ်ဆင်မှုကြောင့် အရပ်သားများ ထွက်ပြေးတိမ်းရှောင်နေရပြီး အောက်တိုဘာ (၂၂) ရက်နေ့က မင်းလက်ပံကျေးရွာအနီးတွင် စစ်တပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ အသက် (၃၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူ အသက် (၂) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပွဲချင်း သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်က မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းကို ဝေဟင်နှင့် မြေပြင်ပစ်ကူများဖြင့် ထိုးဖောက်ဝင်ရောက်နေပြီး ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ပဟိက်လော်၊ ထီးမယ်ဝါးခီး စသည့်ကျေးရွာများကို ဦးတည်ထိုးစစ်ဆင်နေကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းများနှင့် တိုက်ပွဲများ ဖြစ်နေပြီး ဒေသခံများက လေကြောင်းတိုက်ခိုက်မှုကိုလည်း စိုးရိမ်နေကြောင်း သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက "နေရာတွေက တဖြေးဖြေးနဲ့ တိုးတိုးနေတယ်။ ကျနော်တို့ဘက်ကလည်း ခံနိုင်သလောက်တော့ ခံနေတယ်။ ဒီဘက်ကလည်း ရသေ့ဂူ၊ မင်းလက်ပံ ဟိုဘက်က အင်ကြင်းမြိုင်ကနေလည်း သွားတောင့်ထားတယ်။ ပြဿနာက ကျနော်တို့ဘက်မှာကတော့ လက်တလောမှာ လူအင်အား လက်နက်အင်အားမှာ ကျနော့်တို့ဆီက မတိုးပွားဘူးလေ။ သူတို့ကတော့ အမြဲတမ်း ထပ်ဖြည့်ထပ်ဖြည့်နိုင်တဲ့ အားတစ်ခု သာနေတယ်။ ပွဲ(တိုက်ပွဲ)ကတော့ နေ့တိုင်း ထိတွေ့မှုတွေ ရှိနေတယ်" လို့ ပြောကြားထားပါတယ်။
တိုက်ပွဲများကြောင့် လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စသည့်ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီသော ပြည်သူများ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနယ်စပ်နှင့် နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အသိပေးထားပါတယ်။
စစ်ရှောင်တစ်ဦးက BHRN ကို ပြောရာတွင် "စစ်ကြောင်းရောက်ပြီဆိုရင်တော့ ရှောင်ရတာပေါ့။ ထပ်ပြီးပြေးရအုန်းမယ်။ အခုလည်း ပြေးတုန်း။ ကြောက်ရတာတော့ ကြောက်ရတာပေါ့။ သူတို့ (စစ်တပ်) ကို တအားပိုကြောက်တယ်။ အဲဒီ လေယာဉ်ကတော့ တစ်ခါတခါ ဗုံးကြဲတာတွေရှိတယ်။ ဗုံးကြဲတော့ ကြည့်နေ ကြည့်ရှောင်ရတာပေါ့" လို့ ဆိုထားပါတယ်။
စစ်ရှောင်စခန်းများနှင့် စစ်ကြောင်းများ နီးကပ်လာပါက ထပ်မံထွက်ပြေးရမည်ဟု သူတို့ စိုးရိမ်နေကြောင်း သိရပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းက အင်ကြင်းမြိုင်ကျေးရွာရှိ သဲစက်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး၏ အဖော်ဖြစ်သော လူငယ်အမျိုးသားတစ်ဦးကို စစ်တပ်က အင်ကြင်းမြိုင်ဘုန်းကြီးကျောင်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အပြင် ယင်းနေ့ မွန်းလွဲ ၁ နာရီကျော်တွင် လေးကေ့ကော်မှ ဖလူးကျေးရွာဘက်သို့ မောင်းနှင်းလာသော အရပ်သားယာဉ်တစ်စီးကို စစ်တပ်က စက်လက်ဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကရင်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ မြင့်တက်လာနေပြီး နယ်စပ်ဒေသများတွင် လူသားချင်းစာနာရေး အကူအညီ လိုအပ်ချက် ပိုမို ဆိုးရွားလာကြောင်း သတိပေးထားပါတယ်။
BHRN က နိုင်ငံတကာ အသိုက်အဝန်းအား အရပ်သားများ ကာကွယ်ရန်နှင့် စစ်တပ်အပေါ် ဖိအားများတိုးမြှင့်ရန် တောင်းဆိုထားပါတယ်။
========================
🚩🚩 ၄။ မိုင်းလုံမြို့မှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး (၁) ဦးနဲ့ အမျိုးသမီး (၁) ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တပ်မဟာ - ၁ ထိန်းချုပ်နယ်မြေ၊ မိုင်းလုံမြို့နယ်မှာ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေး (၁) ဦးနဲ့ အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ (၂၂) ရက်၊ မနက် (၁) နာရီ (၃၃) မိနစ် အချိန်မှာ မိုင်းလုံမြို့နယ်၊ ပန်စံကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၉) နှစ်အရွယ် မောင်ဆွေဆိုင် နဲ့ အသက် (၃၅) နှစ်အရွယ် မထွေးဟန်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ (၁) ရက်နေ့ မှ (၂၁) ရက်နေ့အတွင်း TNLA ထိန်းချုပ်နယ်မြေ အတွင်းရှိ မြို့နယ်များကို လေကြောင်း တိုက်ခိုက်မှု (၃၄) ကြိမ်၊ ဒရုန်းဖြင့် (၁) ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးငယ် (၁၀) ဦး၊ အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၂၁) ဦး သေဆုံးခဲ့ရကာ သံဃာတော် (၂) ပါး၊ ကလေး (၂၄) ဦး၊ အမျိုးသား (၁၉) ဦး၊ အမျိုးသမီး (၁၈) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နေအိမ် (၁၆၆) လုံး၊ စာသင်ကျောင်း (၅) ကျောင်း၊ ဘုန်းကြီးကျောင်း (၆) ကျောင်း၊ ကျောင်းဆောင် (၈) ဆောင်၊ အဆောက်အဦး (၃) လုံး၊ ဆိုင်ခန်း (၅) ခန်း၊ လက်ဖက်စက်ရုံ (၁) ရုံ၊ မွေးမြူရေးခြံ (၂) ခြံ၊ ဆိုင်ကယ် (၄) စီး နဲ့ ကား (၁) စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ သီပေါ - နမ္မတူ နယ်စပ်ကို စစ်ကော်မရှင်တပ် ထိုးစစ်ဆင်လာ၊ နမ္မတူ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ် ကနေ နမ္မတူမြို့နယ် ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဟာ သီပေါ - နမ္မတူ နယ်နမိတ်ခြင်း ထိစပ်နေတဲ့၊ မိုးတေကျေးရွာ အနီး၊ မိုးတေတံတားကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ SSPP Info က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့၊ ညနေ ၅ နာရီ ဝန်းကျင်မှာ နမ္မတူ မြို့နယ်ဘက်ကို ဦးတည်ပြီး တန်ပြန်ထိုးစစ်ဆင်လာ တဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) တို့ မိုးတေ တံတားအနီးမှာ ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင် စစ်ကြောင်းဟာ နမ္မတူချောင်း တောင်ဘက်ကမ်း၊ မိုးတေ တံတားထိကို နေရာယူ စိုးမိုးထားတယ်လို့ သိရပါတယ်။
တိုက်ပွဲအရှိန် မြင့်တက်လာမှာကို စိုးရိမ်တာကြောင့် နမ္မတူမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ ဒေသခံပြည်သူ အချို့ဟာ လားရှိုး မြို့နယ်နဲ့ တန့်ယန်း မြို့နယ်များဘက်ကို ထွက်ပြေးတိမ်းရှောင် သွားနေရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ အကြမ်းဖက် ARSA အဖွဲ့က အရပ်သား ပြည်သူလူထုကို ခြုံခိုတိုက်ခိုက်၊ သတ်ဖြတ်၊ ဖမ်းဆီးခေါ်ဆောင်သွားခဲ့
အာရက္ခပြည်၊ မောင်တောမြို့နယ်၊ မြို့ယုရွာ အရှေ့ဘက် တံတားအနီးမှာ ခရီးသွား ပြည်သူများရဲ့ ကား တစ်စီးကို အကြမ်းဖက် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ကာ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့တယ်လို့ AA Info Desk က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ (၂၂) ရက်က မောင်တောမြို့နယ် ကျောက်ပန္ဒူရွာမှ ကိုထွန်းဝင်း ဆိုသူဟာ ကားဖြင့် ရသေ့တောင် မြို့နယ်၊ စေတီပြင်ရွာမှ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီးများကို ဝယ်ယူပြီး ပြန်လာတဲ့ ခရီးသည် (၅) ဦးကို တင်ဆောင်ပြီး ကျောက်ပန္ဒူ ရွာဘက်ကို ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ခရီးသည်တင်ကားကို နေ့လယ် (၁) နာရီ (၄၀) မိနစ်အချိန်မှာ မြို့ယုရွာ အရှေ့ဘက် တံတားအနီးတွင် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး ယာဉ်မောင်းနဲ့ ခရီးသည် (၅) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကာ ကားပေါ်မှာ ပါလာတဲ့ စားသုံးကုန်များကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အာရက္ခ တပ်တော်က လိုက်လံရှာဖွေခဲ့ရာ အခင်းဖြစ်ပွားရာနေရာနဲ့ မနီးမဝေးမှာ ခရီးသည်များထဲမှ အသက် (၃၀_ အရွယ် ဝေဝေစိုး၊ (၄၀) အရွယ် နိုင်နိုင်ဆွေ တို့ (၂) ဦးအား သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံထားရတာကို တွေ့ရှိရပြီး ဝေဝေစိုးရဲ့ သမီးငယ် ခိုင်မြတ်မွန် (၃ နှစ်) အား မိခင်ရဲ့ အလောင်းဘေးမှာ အသက်ရှင်လျက် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့နောက် အကြမ်းဖက် တိုက်ခိုက်ခံရမှုဘေးမှ ထွက်ပြေးလွတ်မြောက်လာတဲ့ ယာဉ်မောင်းဖြစ်သူ ကိုထွန်းဝင်း နဲ့ ခရီးသည် မောင်သန်းထွီး (၂၅ နှစ်) တို့ကိုလည်း ဒဏ်ရာများဖြင့် ထပ်မံတွေ့ရှိ ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment