၂၀၂၅ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တရားရေးဝန်ကြီးဌာန စာရေးဝန်ထမ်းများ သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကျင်းပပြီးစီး
📌 ၂။ NLD က စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲကို လက်မခံ၊ နိုင်ငံတကာ အသိအမှတ်မပြုရန် တိုက်တွန်း
📌 ၃။ မလေးရှားမှ မြန်မာ့အရေးအတွက် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၇ ဖွဲ့နှင့် အတိုက်အခံ အင်အားစုများ အားလုံးပါဝင်သော ဆွေးနွေးပွဲ ကွာလာလမ်ပူတွင် ကျင်းပမည်
📌 ၄။ ဝက်လက်မှာ စစ်ကော်မရှင် စစ်ကြောင်းထိုးနေတဲ့ ဘေးရန်ကြားမှ ပြည်သူများကို ထောက်ပံ့ကူညီပေးခဲ့
📌 ၅။ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေး အကျဉ်းသူများအတွက် ထောင်ဝင်စာ ပါဆယ်ပို့ဆောင်ပေးခဲ့
📌 ၆။ အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးကာလ” အဖြစ် သတ်မှတ်
📌 ၇။ အသက် ၈၀ ကျော် အဖွားနဲ့ မြေးဖြစ်သူကို တူဖြင့် ရိုက်နှက်ပြီး ရွှေနှင့် ပိုက်ဆံများ ယူဆောင်သွားတဲ့ Non-CDM ဆရာမအား ဖမ်းဆီးရမိဟု စစ်ကော်မရှင် ထုတ်ပြန်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အကြမ်းဖက်စစ်ကားကို တိုက်ခိုက်မှုဖြင့် စစ်သား ၂ ဦး သေဆုံး
🚩 ၂။ တောင်သာမှာ ကင်းစခန်းမှ ထွက်လာတဲ့ စစ်ကော်မရှင် တပ်သား ၂ ဦးကို တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး သေဆုံး
🚩 ၃။ မင်းတုန်းမြို့နယ်တွင် ရဲကားများ တိုက်ခိုက်မှု၌ ရဲများ ၄ ဦး သေဆုံး၊ လက်နက်များ သိမ်းဆည်း
🚩 ၄။ အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းရှိ နေအိမ် (၁၁၄) လုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး
🚩 ၅။ မုံရွာနှင့် ဟားခါးမှာ စစ်ကော်မရှင် တပ်သား ၃ ဦး လက်နက်နဲ့ အလင်းဝင်
🚩 ၆။ ရန်ကုန် UG များက စစ်ကောင်စီ ဝါဒဖြန့် အနုပညာရှင်များကို လူမှုပြစ်ဒဏ်နှင့် အရေးယူမည်ဟု ကြေညာ
🚩 ၇။ ချင်းပြည်နယ် ဟားခါးမြို့တွင် ညမထွက်ရအမိန့် CDF - Hakha ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တရားရေးဝန်ကြီးဌာန စာရေးဝန်ထမ်းများ သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကျင်းပပြီးစီး
အောက်တိုဘာ ၂၈ ရက်၊
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနမှ ကြီးမှူးပြီး ကျင်းပတဲ့ စာရေးဝန်ထမ်းများ သင်တန်း အမှတ်စဉ် (၁/၂၀၂၅) အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၅ ရက်မှ ၂၆ ရက်နေ့ထိ ၂ ရက်တာ (ရက်တို) ပြုလုပ်ခဲ့တဲ့ အဆိုပါ သင်တန်းဖွင့်ပွဲကို ၂၅ ရက်၊ မနက် ၉ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပြီး တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက အဖွင့်အမှာစကား တက်ရောက်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးအားမာန်၊ တရားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဂျိုးဇက်၊ ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်မေပိုး၊ သင်တန်း ဆရာ/မ များ၊ ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန တာဝန်ရှိ ဝန်ထမ်းများ၊ ဆက်သွယ်ရေး တာဝန်ခံများ၊ မြို့နယ်တရားရုံး (၃၂) ရုံးမှ တရားသူကြီးများနဲ့ စာရေးဝန်ထမ်း၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆက်လက်ပြီး သင်တန်းနည်းပြ ဆရာ/မ များက သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းပို့ချခဲ့ပြီး ၂၆ ရက်နေ့၊ ညနေ ၄ နာရီ အချိန်မှာ သင်တန်းပြီးမြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် သင်တန်းဆင်းပွဲမှာ သင်တန်းသူ၊ သင်တန်းသားများ ကိုယ်စား သင်တန်းသူ ၁ ဦးနဲ့ သင်တန်းသား ၁ ဦး တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါ်မေပိုး မှ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၂။ NLD က စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲကို လက်မခံ၊ နိုင်ငံတကာ အသိအမှတ်မပြုရန် တိုက်တွန်း
အောက်တိုဘာ ၂၈
Radio NUG
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်မခံကြောင်း၊ အသိအမှတ်မပြုကြောင်း အောက်တိုဘာလ ၂၈ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအား ထိုရွေးကောက်ပွဲကို အသိအမှတ်မပြု၊ နည်းပညာနှင့် ငွေကြေးအကူအညီ မပေး၊ လေ့လာသူများ မစေလွှတ်ရန် တိုက်တွန်းခဲ့ပါတယ်။
NLD ၏ ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်ချက်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကမ္ဘာ့ခေါင်းဆောင်များ၊ သံတမန်များနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုခဲ့သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ဖော်ပြထားပြီး စစ်တပ်က အထောက်အထားမရှိသော မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်ဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းခဲ့ခြင်းကို တရားမဝင်ဟု ရှုတ်ချထားပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စစ်ဘေးရှောင် ၃.၆ သန်းကျော်နှင့် နိုင်ငံရေးအကျဉ်းသား ၁၉,၀၀၀ ကျော် ရှိလာခဲ့ကြောင်း၊ ယခု စစ်ကောင်စီက ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲမှာ နိုင်ငံဧရိယာ၏ သုံးပုံတပုံခန့်တွင်သာ ကျင်းပနိုင်မည်ဖြစ်ပြီး ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း အလေးပေး ထောက်ပြထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁,၁၇၁ အနက် ၉၅.၃၈ ရာခိုင်နှုန်းတွင် ကျင်းပနိုင်ခဲ့ပြီး ဆန္ဒမဲပေးမှု ၇၁ ရာခိုင်နှုန်းကျော်ရှိခဲ့ကာ NLD က မဲဆန္ဒနယ်များ၏ ၈၂.၃၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က အသေးစိတ် ဖော်ပြထားပါတယ်။
ထိုရွေးကောက်ပွဲကို ANFREL၊ PACE၊ Carter Center နှင့် ဂျပန်မစ်ရှင်အဖွဲ့အပါအဝင် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့များက လွတ်လပ်၍ တရားမျှတမှု ရှိသည်ဟု အစီရင်ခံခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
တရုတ်သမ္မတ ရှီကျင့်ပင်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး နိုင်ဂျဲလ် အဒမ်စ်၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါ နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များက ရွေးကောက်ပွဲ အောင်မြင်မှုကို ဂုဏ်ပြုခဲ့ကြကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ထိုရလဒ်ကို တရားဝင် အတည်ပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်တပ်၏ အာဏာသိမ်းမှုကို မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်သည် အထောက်အထားမခိုင်မာကြောင်း IFES၊ ANFREL နှင့် IDEA အပါအဝင် နိုင်ငံတကာ အဖွဲ့များကအအစီရင်ခံခဲ့ကြသလို အာဏာသိမ်းပြီးနောက် အရပ်သား နေအိမ် ၇၅,၉၃၈ ခု ပျက်ဆီးခဲ့ပြီး အရပ်သား ၈,၁၀၁ ဦး သေဆုံးခဲ့ကြောင်း Myanmar Peace Monitor ကို ကိုးကားဖော်ပြထားပါတယ်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် မရှိ၊ နိုင်ငံဧရိယာ သုံးပုံတပုံတွင်သာ ကျင်းပနိုင်၊ စစ်တပ်ကိုယ်စားလှယ် ထက်ဝက်ကျော် ပါဝင်မည်ဖြစ်သဖြင့် ပြည်သူကို ကိုယ်စားပြုမှု မရှိနိုင်ကြောင်း၊ ISP Myanmar နှင့် Blue Shirt Initiative စစ်တမ်းများအရ ပြည်သူ ၈၁ ရာခိုင်နှုန်းကျော်က ထိုရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပရေး မပါဝင်ကြောင်း၊ ဥရောပသမဂ္ဂနှင့် အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များက ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်က မီးမောင်းထိုးပြထားပါတယ်။
NLD က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ ရပ်တည်နေပြီး တိုင်းရင်းသားမဟာမိတ်များနှင့် ပူးပေါင်း၍ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ အကောင်အထည်ဖော်နေကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၃။ မလေးရှားမှ မြန်မာ့အရေးအတွက် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၇ ဖွဲ့နှင့် အတိုက်အခံ အင်အားစုများ အားလုံးပါဝင်သော ဆွေးနွေးပွဲ ကွာလာလမ်ပူတွင် ကျင်းပမည်
အောက်တိုဘာ ၂၈
Radio NUG
မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က စစ်ကောင်စီ ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၇ ဖွဲ့နှင့် အတိုက်အခံ အင်အားစုများအားလုံးကို ကွာလာလမ်ပူမြို့သို့ ဖိတ်ကြားကာ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အာဆီယံ ဥက္ကဋ္ဌနိုင်ငံ မလေးရှားအနေဖြင့် မြန်မာ့အရေးကို မြန်မာနိုင်ငံသားများကိုယ်တိုင် ဦးဆောင်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ စေလွှတ်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဖိတ်ကြားချက်ကို အာဆီယံက စဉ်းစားနေဆဲသာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုထားပါတယ်။
အောက်တိုဘာ ၂၆ ရက်က ကွာလာလမ်ပူတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် အချက် ၂၈ ချက်ပါ ကြေညာချက်တွင် စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အဓိပ္ပာယ်ရှိသော တိုးတက်မှု မရှိသေးသဖြင့် စစ်ခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ပွဲများတွင် တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ပြီး အကြမ်းဖက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း အလေးပေးဖော်ထားပါတယ်။
========================
📌📌 ၄။ ဝက်လက်မှာ စစ်ကော်မရှင် စစ်ကြောင်းထိုးနေတဲ့ ဘေးရန်ကြားမှ ပြည်သူများကို ထောက်ပံ့ကူညီပေးခဲ့
အောက်တိုဘာ ၂၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အတွင်း စစ်ကော်မရှင်တပ်က နေ့စဉ် စစ်ကြောင်းထိုးမှုတွေကြောင့် အကျပ်အတည်း ဆိုက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီ ပေးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။
ယခု အောက်တိုဘာလအတွင်း စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး ဘေးရန်ကြားမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ သယ်ယူ ပို့ဆောင်ရေး စားရိတ်၊ အရေးပေါ် ကျန်းမာရေးစားရိတ်တို့ကို တိုက်နယ် လူသားစာနာ မှတဆင့် ကူညီထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကြောင်းရန် တိမ်းရှောင်ရင်း ပိတ်မိနေတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေကို ရွှေဘိုမြို့နယ် ပလဖ၊ ရွှေဘိုမြို့နယ် လူ့အခွ့င်အရေးဆိုင်ရာတာဝန်ခံ၊ လူသားစာနာတာဝန်ခံနဲ့ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး အဖွဲ့တို့က ပူးပေါင်းကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်အုပ်စုရဲ့ တိုးမြှင့်လုပ်ဆောင်လာတဲ့ အကြမ်းဖက် လေကြောင်း တိုက်ခိုက်မှုတွေကြားမှာ ပြည်သူ လူထုရဲ့ အကူအညီ လိုအပ်ချက်တွေက ပိုမိုမြင့်မားလာသလို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့လည်း လိုအပ်ချက်များအတွက် တိုက်ရိုက် ကူညီမှုများနဲ့ ပူးပေါင်းချိတ်ဆက် ကူညီမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၅။ အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေး အကျဉ်းသူများအတွက် ထောင်ဝင်စာ ပါဆယ်ပို့ဆောင်ပေးခဲ့
အောက်တိုဘာ ၂၈ ရက်၊
Radio NUG
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူများထံ ထောင်ဝင်စာ ပါဆယ်ပစ္စည်းများ ပေးပို့ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသူများအတွက် ထောက်ပံ့နိုင်ဖို့ နိုင်ငံရေးအကျဥ်းသူများ အဖွဲ့ထံကို ဆက်သွယ်ထောက်ပံ့မှုများမှ အောက်တိုဘာလမှာ ထောင်ဝင်စာ ပါဆယ်ပစ္စည်းများကို ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးချိန်မှ စတင်ကာ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူများထံ မုန့်၊ ကော်ဖီ၊ ဟင်းလျာများနဲ့ တကိုယ်ရေသုံး ပစ္စည်းများကို ထောက်ပံ့ပေး ခဲ့တယ်လို့ ဆိုပါတယ်။
ယခု အောက်တိုဘာလမှာ ထောင်ဝင်စာ ပါဆယ်ပစ္စည်းများကို အကျဉ်းထောင် (၈) ထောင်ရှိ နိုင်ငံရေးအကျဉ်းသူများအား နိုင်ငံရေးအကျဥ်းသူများအဖွဲ့ မှတဆင့် ပေးပို့ထောက်ပံနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသူ (၅,၀၀၀) ကျော် မတရား ဖမ်းဆီးခံထားရဆဲ ဖြစ်ပြီး မိသားစုများမှ ထောင်ဝင်စာ ပါဆယ်ပို့ရန် အခက်အခဲရှိနေသူများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် လိုအပ်နေသူများ၊ ထောင်ဝင်စာတွေ့ခွင့် မရသူများ၊ ထောင်ဝင်စာပါဆယ် ပိတ်ခံထားရသူများစွာလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
ထို့အပြင် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရကာ မိသားစုများက ပို့ဆောင်လေ့ရှိတဲ့ အစားအစာ၊ ဆေးဝါးနဲ့ အခြား တကိုယ်ရေသုံး ပစ္စည်းများကိုလည်း အကြောင်းပြချက် မျိုးစုံဖြင့် ပိတ်ပင်ထားတာကြောင့် ကူညီထောက်ပံ့ပေးလိုတဲ့ မိဘပြည်သူများအနေနဲ့ နိုင်ငံရေးအကျဥ်းသူများ အဖွဲ့မှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၆။ အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးကာလ” အဖြစ် သတ်မှတ်
အောက်တိုဘာ ၂၈
Radio NUG
စစ်ကောင်စီ၏ ကြေညာထားသည့် ရွေးကောက်ပွဲကို တရားမဝင်၊ အတုအယောင်ဟု ရှုမြင်သည့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုက အောက်တိုဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးကာလ” အဖြစ် သတ်မှတ်ကြောင်း GSCB မှ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှု ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်မှ စတင်ကာ ယနေ့အထိ စစ်ကောင်စီသည် အကြမ်းဖက်မှုနှင့် အကျင့်ပျက်ခြစားမှုများဖြင့် အာဏာတည်မြဲရေးကို ရှေးရှုဆောင်ရွက်ခဲ့ကြောင်း၊ ရလဒ်အနေဖြင့် လူဦးရေ ၁၂ သန်းကျော် အစားအသောက်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများ ပျံ့နှံ့လျက်ရှိကာ နေ့စဉ်အကြမ်းဖက်မှုများဖြင့် ပြည့်နှက်နေသည့် တိုင်းပြည်တခုအဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် ကြေညာချက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် “ဂုဏ်သိက္ခာကင်းမဲ့သည့် အကြမ်းဖက်ပွဲ၊ လုပ်ပွဲနှင့် ထောင်ချောက်သာ” ဖြစ်သည်ဟု ရှုတ်ချထားပြီး၊ ဤရွေးကောက်ပွဲမှ တိုင်းပြည်အတွက် မည်သည့်အပြောင်းအလဲမျှ ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
ပြည်သူလူထုတရပ်လုံးကို စုပေါင်းအားဖြင့် ရွေးကောက်ပွဲကို နည်းပရိယာယ်အမျိုးမျိုးဖြင့် သပိတ်မှောက်ဆန့်ကျင်ကြရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၇။ အသက် ၈၀ ကျော် အဖွားနဲ့ မြေးဖြစ်သူကို တူဖြင့် ရိုက်နှက်ပြီး ရွှေနှင့် ပိုက်ဆံများ ယူဆောင်သွားတဲ့ Non-CDM ဆရာမအား ဖမ်းဆီးရမိဟု စစ်ကော်မရှင် ထုတ်ပြန်
အောက်တိုဘာ ၂၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ချမ်းမြသာစည် မြို့နယ်မှာ အသက် (၈၄) နှစ်အရွယ်ရှိ အဖွားအိုနဲ့ မြေးဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ပြီး ရွှေတုံး နဲ့ ငွေသားတချို့ ယူဆောင်သွားတဲ့ အဖွားအိုရဲ့ တူမဖြစ်သူ ဆရာမအား ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ပြစ်မှုကျူးလွန်သူဟာ သေဆုံးသူရဲ့ တူမတော်စပ်ပြီး ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၃)၊ အမှတ် (၄) အခြေခံပညာ အလယ်တန်းကျောင်းမှာ တွဲဖက်တာဝန် ထမ်းဆောင်နေတဲ့ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးထွန်း ဖြစ်တယ်လို့ သိရပါတယ်။
၎င်းဟာ အောက်တိုဘာလ ၂၅ ရက်၊ မနက်ပိုင်းမှာ ကုတင်ပေါ် အိပ်ပျော်နေတဲ့ တူမ တော်စပ်သူ (၃၆) နှစ်အရွယ် အမျိုးသမီးကို သံရိုက်တူဖြင့် (၃) ချက်ခန့် ထုရိုက်ခဲ့ပြီး ထိုင်ခုံမှာ ထိုင်နေတဲ့ အဒေါ်ဖြစ်သူကိုလည်း ငယ်ထိပ်ကို တူနဲ့ (၁) ချက် ထုရိုက်ခဲ့ကာ အိပ်ခန်းအတွင်းရှိ သေတ္တာကို ရိုက်ဖျက်ပြီး ရွှေ ၁၀ ကျပ်သား ၁ တုံးနဲ့ ငွေကျပ် သိန်း (၁၀၀) တို့ကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
တူဖြင့် ရိုက်နှက်ခံခဲ့ရတာကြောင့် (၈၄) နှစ်အရွယ်ရှိ အငြိမ်းစား စာကြည့်တိုက်မှူး အဖွားအိုဟာ အခင်းဖြစ်ပွားရာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂) ရပ်ကွက်ရှိ နေအိမ်မှာပဲ သေဆုံးသွားခဲ့ပြီး မြေးဖြစ်သူ အမျိုးသမီးက ဦးခေါင်း နဲ့ ဝဲနားထင်မှာ ပေါက်ပြဲဒဏ်ရာ ၂ ချက် ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
ပြစ်မှုကျူးလွန်သူဟာ အိမ်ငှားရမ်း နေထိုင်ရာမှာ ငွေကြေးအခက်အခဲ များစွာရှိခဲ့ပြီးနောက် သေဆုံးသူဆီကနေ ပိုက်ဆံချေးငှားရာ မရရှိခဲ့တာကြောင့် အခုလို ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း စစ်အုပ်စု ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အထွေထွေအကြပ်အတည်းတွေကြောင့် မြို့ပေါ်မှာပါ အခုလို လူသတ်မှု၊ လုယက်မှု၊ ခိုးမှုတွေ အဆက်မပြတ် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အကြမ်းဖက်စစ်ကားကို တိုက်ခိုက်မှုဖြင့် စစ်သား ၂ ဦး သေဆုံး
အောက်တိုဘာ ၂၈
Radio NUG
အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် မုံရွာမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
မုံရွာမြို့တွင်း မစ်ရှင်တစ်ခု ဖော်ဆောင်ဖို့ အသွားတွင် ကင်းပတ်လာတဲ့ စစ်ကားနဲ့ တွေ့လို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဤတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ - Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၄ တပ်ခွဲ ၂ - 5/ Commando Force နှင့် မုံရွာ ခရိုင် တပ်ရင်း ၂၈ တပ်ခွဲ ၃ - Spring Dove တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ တောင်သာမှာ ကင်းစခန်းမှ ထွက်လာတဲ့ စစ်ကော်မရှင် တပ်သား ၂ ဦးကို တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး သေဆုံး
အောက်တိုဘာ ၂၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကော်မရှင် ကင်းစခန်းမှ ထွက်လာတဲ့ စစ်သား ၂ ဦးကို PLA - ပြည်သူ့လွတ်မြောက်ရေး တပ်တော်မှ တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းမှာ ကင်းစခန်းမှ ထွက်လာတဲ့ စစ်သား ၂ ဦးကို PLA - မြင်းခြံခရိုင် တပ်ဖွဲ့ က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်သား ၂ ဦးလုံး သေဆုံးသွားခဲ့ပြီး G-3 သေနတ် ၁ လက်နဲ့ ကျည် တချို့ကို သိမ်းဆည်းရမိ ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ မင်းတုန်းမြို့နယ်တွင် ရဲကားများ တိုက်ခိုက်မှု၌ ရဲများ ၄ ဦး သေဆုံး၊ လက်နက်များ သိမ်းဆည်း
အောက်တိုဘာ ၂၈
Radio NUG
အောက်တိုဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၂ မှ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာနှင့် ဝန်တွင်းကျေးရွာ ကြားရှိ ပုသိမ်-မုံရွာလမ်းပိုင်းတွင် ကင်းပတ်နေစဉ် မင်းတုန်းမြို့ဘက်မှ ဝန်တွင်းကျေးရွာဘက်သို့ မောင်းလာသော ရဲမှူး ဦးဆောင်သည့် ရဲကား ၄ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုတွင် ရဲကား ၁ စီး မိုင်းထိမှန်ပြီး မောင်းပြေးခဲ့ရာ လိုက်လံ ပစ်ခတ်ရှင်းလင်းခဲ့ပြီး ထိခိုက်ပျက်စီးသွားတဲ့ ကားကို လမ်းပေါ်တွင် ရပ်ထားခဲ့ကာ ထိခိုက်ဒဏ်ရာရသူများကို ကျန်ရဲကား ၃ စီးဖြင့် တင်ဆောင်ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။
ထိုတိုက်ခိုက်မှုတွင် ရဲဘက်မှ မျက်မြင်သက်သေ ၄ ဦး ထိခိုက်သေဆုံးခဲ့ပြီး သေဆုံးသူများထံမှ ၇.၆၂ ကျည် ၇၈ တောင့် ၊ G3 ကျည် ၂၄ တောင့် ၊ ကာဘိုင်ကျည် ၁၇ တောင့်၊ စစ်အသုံးအဆောင် ပစ္စည်းအချို့နှင့် ငွေ ၃၀၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းနိုင်ခဲ့ကာ ရဲကားကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုအပြီး စစ်ကောင်စီ လက်အောက်ခံ အင်အားစုများမှ မင်းတုန်းမြို့အဝင် ၅ မိုင်အကွာရှိ စစ်ဆေးရေး ဂိတ်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်နေသဖြင့် ဒေသခံ ပြည်သူနှင့် ခရီးသွားများအား ဂရုစိုက် သတိထားရန် အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းရှိ နေအိမ် (၁၁၄) လုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး
အောက်တိုဘာ ၂၈
RadioNUG
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်းနှင့် မြိတ်-ထားဝယ်ခရိုင်တို့အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူလူထုများ၏ နေအိမ် (၁၁၄) လုံးခန့်အား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ သရက်ချောင်းနယ်မြေအတွင်း အောက်တိုဘာလ (၂၅)ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ် တပ်ရင်း(၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းထိုးကာ တိုက်ပွဲနှင့် မသက်ဆိုင်သော လဘကျေးရွာရှိ ပြည်သူလူထုပိုင် နေအိမ်(၄၂) လုံးအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ ခလယ်လွီထူခရိုင် မူးမြို့နယ်တွင်လည်း အောက်တိုဘာလ (၁၀)ရက်နေ့၌ အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ကွင်းဒလကြီး ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူလူထုပိုင် နေအိမ် (၇၂)လုံး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ မုံရွာနှင့် ဟားခါးမှာ စစ်ကော်မရှင် တပ်သား ၃ ဦး လက်နက်နဲ့ အလင်းဝင်
အောက်တိုဘာ ၂၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တို့မှာ စစ်ကော်မရှင် တပ်သား ၃ ဦး လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့က မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာ၊ ရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်စခန်းမှ (ပေါ်တာဆွဲ ခံရတဲ့) စစ်မှုထမ်း တပ်သား ၂ ဦး Titans Force Monywa အမှတ် (၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေး အဖွဲ့ထံ ချိတ်ဆက် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
၎င်းတပ်သား ၂ ဦးဟာ MA3 တလက်၊ MA1 တစ်လက်တို့ကို တပါတည်း ယူဆောင်လာခဲ့ပြီး စစ်ရာဇဝတ်မှုများနဲ့ ပတ်သက်ခဲ့ခြင်း မရှိတာကြောင့် ၎င်းတို့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
အလားတူ စက်တင်ဘာ ၂၇ ရက်မှာပဲ ဟားခါးမြို့က စစ်ကော်မရှင် တပ်သား (၁) ဦးဟာ Senthang Revolution Force ထံ ဆက်သွယ်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
၎င်း အလင်းဝင် တပ်သားဟာ MA1 ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည် အနည်းငယ်တို့ကို ယူဆောင်လာခဲ့ပြီး SRF အဖွဲ့က ဂုဏ်ပြုလက်ဆောင် ငွေသားနဲ့ အဖိုးတန် ပစ္စည်းများကို ချီးမြှင့်ပေးခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ ရန်ကုန် UG များက စစ်ကောင်စီ ဝါဒဖြန့် အနုပညာရှင်များကို လူမှုပြစ်ဒဏ်နှင့် အရေးယူမည်ဟု ကြေညာ
အောက်တိုဘာ ၂၈
Radio NUG
ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစု (Yangon UG) များက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံ၊ တော်လှန်ရေး လူငယ်များကို စော်ကားပြီး ဝါဒဖြန့်နေသည့် အနုပညာရှင်များကို လူထုတရားစီရင်ခန်းတွင် ပြင်းထန်စွာ အရေးယူမည်ဟု အောက်တိုဘာလ ၂၈ရက်နေ့တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Yangon Army (YA)၊ Dark Shadow၊ Operation Flame (OF)၊ Mother Son Yangon Force နှင့် Broken System တို့ ပါဝင်သည့် ကြေညာချက်တွင် နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ အောင်တိုး၊ နိုင်လင်း၊ သွက်လတ်၊ စူပါလင်း၊ မင်းညို၊ ဥက္ကာပျံရီ၊ ရဲရင့်၊ ရောပျော်၊ အောင်ဇင်ဖြိုး တို့ကို အမည်ပါ စစ်ကောင်စီ လက်ကိုင်တုတ်များအဖြစ် ရှုတ်ချထားပါတယ်။
ထိုအနုပညာရှင်များသည် စစ်ရာဇဝတ်မှု ကျူးလွန်နေသော စစ်အုပ်စုကို ထောက်ခံ၊ လူထုအရေးတော်ပုံကို ပုံဖျက်ကာ လူငယ်များကို စော်ကားနေသည်ဟု စွပ်စွဲထားပြီး ပြည်သူလူထုတစ်ရပ်လုံးကို Boycott နှင့် Social Punishment ပြင်းထန်စွာ ချမှတ်ရန် တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၇။ ချင်းပြည်နယ် ဟားခါးမြို့တွင် ညမထွက်ရအမိန့် CDF - Hakha ထုတ်ပြန်
အောက်တိုဘာ ၂၈
Radio NUG
CDF - Hakha က စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကြိုးပမ်းမှုနှင့် စစ်အင်အား ဖြည့်တင်းနေမှုကြောင့် ညမထွက်ရအမိန့်ကို အောက်တိုဘာလ ၂၈ရက်နေ့ ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၉ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ည ၇ နာရီမှ နံနက် ၅ နာရီအထိ မည်သူမျှ အပြင်ထွက်ခွင့် လုံးဝ မရှိဟု သတ်မှတ်ထားပြီး လိုက်နာရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကာ ပစ်ခတ်တိုက်ခိုက်ခံရပါက တာဝန်မယူဟု အသိပေးထားပါတယ်။
ကြေညာချက်တွင် စစ်ကောင်စီတပ်က နေ့စဉ် ဗုံးကြဲ၊ သတ်ဖြတ်နေမှုကြောင့် ပြည်သူများ အသက်အိုးအိမ် ဆုံးရှုံးနေရကြောင်း၊ ရွေးကောက်ပွဲကို အကြောင်းပြကာ ညအချိန် အိမ်စစ်ဆေး ဖမ်းဆီးနေကြောင်း၊ ချင်းပြည်နယ်တစ်ဝန်း အပါအဝင် ဟားခါးမြို့သို့ လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းနေကြောင်း ဖော်ပြထားပါတယ်။
ပြည်သူများအနေဖြင့် စိတ်ရှည် သတိကြီးရှိစွာ ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။










No comments:
Post a Comment