၂၀၂၅ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ Starlink ကိစ္စနဲ့ ပြဿာနာ ဖြစ်ပွားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူသွားမှာဖြစ်ပြီး ဆိုင်ဖွင့်သူတွေကိုလည်း Starlink စည်းမျဉ်းစည်းကမ်းနဲ့ အရေးယူမယ်လို့ အသိပေး
📌 ၂။ ကွမ်လုံ၊ သိန်းနီ နဲ့ လောက်ကိုင် မြို့များမှာ ကလေးငယ်များကို ကာကွယ်ဆေး အခမဲ့ ထိုးနှံတိုက်ကျွေးပေးခဲ့
📌 ၃။ တမူးမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်မှ မတရားသတ်ဖြတ်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုင်းခွဲတိုက်ခိုက်ခံရ၍ စစ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ
🚩 ၂။ ရေဖြူမြို့မရဲစခန်း၊ ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ယာ နဲ့ ခလရ (၁၀၄) တပ်ရင်းတို့ကို Fixed Wind ဖြင့် တိုက်ခိုက်
🚩 ၃။ မိတ္ထီလာမြို့တွင် ရဲကားကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်
🚩 ၄။ ကျောက်မဲမြို့နယ်က SSPP/SSA တပ်စခန်းအနီးတွင် စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၅။ မတူပီမြို့ပေါ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိ
🚩 ၆။ မိုင်းလုံမြို့နယ် လည်ကြီးကျေးရွာနှင့် ပစီးကျေးရွာကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီး
🚩 ၇။ KNPDP တပ်ရင်း (၃) မှ ရဲဘော် တဦး ဒီမော့ဆိုမြို့ ရှေ့တန်း တနေရာမှာ ကျဆုံးခဲ့
🚩 ၈။ ရန်ကုန်တိုင်း ပကဖနဲ့ ရွေဘိုမြို့နယ် ပကဖ ရဲဘော်များကို ကျည်ကာ၊ ဦးထုတ်၊ ယူနီဖောင်းများ တပ်ဆင်ပေးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ Starlink ကိစ္စနဲ့ ပြဿာနာ ဖြစ်ပွားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူသွားမှာဖြစ်ပြီး ဆိုင်ဖွင့်သူတွေကိုလည်း Starlink စည်းမျဉ်းစည်းကမ်းနဲ့ အရေးယူမယ်လို့ အသိပေး
အောက်တိုဘာ ၁၂ ရက်၊
Radio NUG
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတရွာမှာ Starlink ဆိုင်ဖွင့်သူနဲ့ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က တာဝန်ပေးလိုက်တဲ့ ရဲဘော်တချို့ ပြဿနာ ဖြစ်ပွားခဲ့ကြရာ ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ရဲဘော်တွေကို အရေးယူသွားမှာ ဖြစ်ပြီး ဆိုင်ဖွင့်သူကိုလည်း Starlink စည်းမျဉ်းစည်းကမ်းနဲ့ အရေးယူမယ်လို့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး အဖွဲ့က အသိပေးထားပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခန့်က စဉ့်ကူးမြို့နယ်ရှိ နေအိမ်တခုမှာ Starlink တပ်ဆင်အသုံးပြုမှုနဲ့ ပတ်သက်ပြီး အရေးပေါ်အုပ်ချုပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ စည်းကမ်းတချို့ကို ချိုးဖောက်ခဲ့တာကြောင့် အရေးယူဖို့ သွားရောက်တဲ့ ရဲဘော်တွေနဲ့ အိမ်ရှင် မိသားစုကြားမှာ အချေအတင် ဖြစ်ပွားခဲ့တာပါ။
အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူလူထုအပေါ် ဆက်ဆံပြုမူရမယ့် စည်းကမ်းနဲ့ ကျင့်ဝတ်များကို ချိုးဖောက်ခဲ့တဲ့ တာဝန်ကျ ရဲဘော်များအား ထိုက်သင့်တဲ့ သတိပေးအရေးယူမှုများ ထိထိရောက်ရောက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး စည်းကမ်းချိုးဖောက်ခဲ့တဲ့ Starlink စက်ပိုင်ရှင်ကိုလည်း ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က Starlink Internet အသုံးပြုမှုနဲ့ ပတ်သက်တဲ့ မတ်လ ၆ ရက်နေ့က ထုတ်ပြန်ထားပြီး အဲ့ဒီထဲမှာ အိမ်သုံးသီးသန့်သာ အသုံးပြုခွင့်ပြုမှာဖြစ်ပြီး အခကြေးငွေဖြင့် မျှဝေအသုံးပြုခွင့်၊ လိုင်းခွဲပြီး အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်း၊ Starlink စက်ကို Password ဖြင့်သာ အသုံးပြုရမှာဖြစ်ပြီး Public အား အသုံးပြုခွင့် ပေးလိုပါက တင်ပြလျောက်ထားရမယ်လို့ သိရပါတယ်။
ဒါ့အပြင့် ခွင့်ပြုချက်အရ ငွေသွင်း၊ငွေထုတ်နဲ့ အရေးပေါ် ကျန်းမာရေးကိစ္စအတွက် အသုံးပြုပါက အသုံးပြုသူရဲ့ အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နဲ့ နေရပ်လိပ်စာတို့ကို မှတ်တမ်းတင်ထားရမှာ ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူက စစ်ဆေးတဲ့အချိန်မှာ ပြသနိုင်ရမယ်လို့ စည်းကမ်းချမှတ်ထားပါတယ်။
Starlink Internet အသုံးပြုပြီး နယ်မြေအတွင်း လုံခြုံရေး ကျိူးပေါက်မှုများ ပေါ်ပေါက်လာပါက စက်ပိုင်ရှင်က တာဝန်ယူ တာဝန်ခံရမှာဖြစ်ကာ စည်းကမ်းဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိပါက ပထမ အကြိမ်မှာ ဒဏ်ငွေ ၁၀ သိန်း၊ ဒုတိယ အကြိမ်မှာ သိန်း ၂၀ နဲ့ တတိယ အကြိမ်မှာ Starlink စက်ကို သိမ်းဆည်းတဲ့အထိ အရေးယူမှာ ဖြစ်တယ်လို့ အသိပေးထားပြီးသား ဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို စစ်ကော်မရှင်တပ်က နေ့စဉ် ဗုံးကြဲသတ်ဖြတ်မှု ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေမှာ Starlink Internet ကြောင့် လုံခြုံရေး ကျိုးပေါက်တာတွေ ရှိနေ တာကြောင့် ဒေသကာကွယ်ရေး တပ်တွေဘက်က Starlink အသုံးပြုမှုအပေါ် စည်းကမ်းတွေ ချမှတ်ထားကြတာ လည်း ဖြစ်ပါတယ်။
========================
📌📌 ၂။ ကွမ်လုံ၊ သိန်းနီ နဲ့ လောက်ကိုင် မြို့များမှာ ကလေးငယ်များကို ကာကွယ်ဆေး အခမဲ့ ထိုးနှံတိုက်ကျွေးပေးခဲ့
အောက်တိုဘာ ၁၁ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်နယ်မြေ၊ ကွမ်လုံ၊ သိန်းနီနှင့် လောက်ကိုင် မြို့များမှာ ကလေးငယ်များအား အသက်အရွယ်အလိုက် ရရှိသင့်တဲ့ ကာကွယ်ဆေးများကို “အခမဲ့” ထိုးနှံတိုက်ကျွေး ပေးခဲ့တယ်လို့ The Kokang က ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့မှာ ကွမ်လုံမြို့က ကလေးငယ် (၂၃၉) ဦး၊ ၁၁ ရက်နေ့မှာ သိန်းနီမြို့က ကလေးငယ် (၆၄၇) ဦး နဲ့ ၁၂ ရက်နေ့မှာ လောက်ကိုင်မြို့က ကလေးငယ် (၆၃၉) ဦးတို့ကို ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံ ပေးခဲ့တယ်လို့ ဆိုပါတယ်။
အထူးဒေသ(၁) ကျန်းမာရေးဌာနက WHO အသိမှတ်ပြု နိုင်ငံတကာအဆင့်မီ ကာကွယ်ဆေးများကို အသုံးပြုပြီး ‘အခမဲ့’ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းစဉ်ကို ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားလျက်ရှိကာ လာမယ့်လများအတွက် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးမည့်နေ့ကို အထူးဒေသ(၁) ကျန်းမာရေးဌာန Facebook Page မှာ ကြေညာပေးသွားမယ်လို့ အသိပေးထားပါတယ်။
ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဟာ ကလေးငယ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးကဏ္ဍတစ်ခု ဖြစ်တာကြောင့် မိဘများအနေနဲ့ အချိန်မှီလာရောက်ပြီး ချမှတ်ထားတဲ့ စည်းကမ်းများကို စနစ်တကျလိုက်နာကာ သတ်မှတ်ထားတဲ့ ရက်စွဲများအတိုင်း ကာကွယ်ဆေး မဖြစ်မနေ လာရောက်ထိုးနှံ တိုက်ကျွေးကြဖို့ ကျန်းမာရေး ဌာနက တိုက်တွန်းထားပါတယ်။
ကိုးကန့် အထူးဒေသ၊ ကျန်းမာရေးဌာန အနေဖြင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ဒေသတွင်းရှိ ကလေးသူငယ် စုစုပေါင်း (၁၀၉၇၆) ဦးကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံတိုက်ကျွေး နိုင်ခဲ့ကာ ယခုနှစ်မှာ ကလေးသူငယ်ဦးရေ သုံးဆမှ ငါးဆအထိ ထိုးနှံတိုက်ကျွေးနိုင်အောင် စီစဉ်ထားတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ တမူးမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်မှ မတရားသတ်ဖြတ်
အောက်တိုဘာ ၁၂
Radio NUG
တမူးမြို့နယ်၊ မြို့သစ်မြို့၊ နောင်ကက်ကျေးရွာသစ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးဖြစ်သူ Pi Lhingbem (အသက် ၅၀ ခန့်) သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ မတရားဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း Justice, Peace & Equality for Feminist မှ သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၈ ရက်က တမူးမြို့မှ မိတ်ဆွေများနှင့်အတူ ပြန်လာစဉ် Pi Lhingbem သည် လမ်းတစ်နေရာ၌ စစ်ကောင်စီ၏ လက်အောက်ခံ ပျူစောထီးအဖွဲ့မှ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပြီး ၎င်းတို့က သူမ၏ ဖုန်းထဲတွင် PDF သို့မဟုတ် KNAB အဖွဲ့ (ခန့်မှန်း) နှင့် ဆက်စပ်သည်ဟု ယူဆရသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများ တွေ့ရှိခဲ့တာကြောင့် ၎င်းတို့ကို ကျွေးမွေးထားသည်ဟု စွပ်စွဲကာ သူမအား ဖမ်းဆီးထိန်းသိမ်းပြီး သတ်ဖြတ်ခံခဲ့ရဖွယ်ရှိတယ်လို့ ဆွေမျိုးတစ်ဦးက ပြောကြားထားပါတယ်။
Pi Lhingbem တွင် သားသမီး ၄ ဦးရှိပြီး၊ ၂၀၂၃ ခုနှစ်ကတည်းက တိုက်ပွဲများကြောင့် ၎င်းတို့မိသားစုသည် မူလဇာတိရွာဖြစ်သည့် တမူးအောက်ပိုင်း၊ ခိုမွန်းနွမ်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်ဘဝဖြင့် နေထိုင်နေရကာ ၎င်း၏အလောင်းကို အောက်တိုဘာ ၁၁ ရက် ညနေပိုင်းတွင် ရွာပြင်တစ်နေရာ၌ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ခရစ်ယာန်ဘာသာရေးအရ မြေမြှုပ်သဂြိုလ်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေးရာတွင် ခြိမ်းခြောက်မှုနှင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသဖြင့် မြေမြှုပ်ခြင်းကို မပြုလုပ်တော့ဘဲ၊ ၎င်း၏မိသားစုက အောက်တိုဘာ ၁၃ ရက်တွင် သူမအတွက် ရည်စူး၍ အောက်မေ့ဖွယ် ဆုတောင်းပွဲ ကျင်းပမယ်လို့ သိရပါတယ်။
Pi Lhingbem သည် ယခင်က အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုင်းခွဲတိုက်ခိုက်ခံရ၍ စစ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ
အောက်တိုဘာ ၁၂
Radio NUG
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရတနာမြေကျေးရွာအနီးတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့၊ ညနေ ၃ နာရီ ၃၀ ခန့်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရန် ထွက်ခွာလာသော စစ်သား ၁၆ ဦးပါ စစ်ဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့သည် မိုင်းကွင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခံရကြောင်း မြို့သစ်ပကဖမှ သတင်းထုတ်ပြန်ပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် နေရာတွင် စစ်သား ၁ ဦး သေဆုံးခဲ့ပြီး၊ လူနာများကို သယ်ဆောင်နေစဉ် လမ်းခရီးတွင် စစ်သား ၃ ဦး ထပ်မံသေဆုံးခဲ့ကာ စုစုပေါင်း စစ်သား ၄ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့သစ်ပကဖ) မှ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြေပြင်ရဲဘော်များ၏ လုံခြုံရေးအရ သတင်းကို နောက်ကျမှထုတ်ပြန်ခဲ့ရခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၂။ ရေဖြူမြို့မရဲစခန်း၊ ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ယာ နဲ့ ခလရ (၁၀၄) တပ်ရင်းတို့ကို Fixed Wind ဖြင့် တိုက်ခိုက်
အောက်တိုဘာ ၁၁ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မြို့မရဲစခန်းနဲ့ ထားဝယ်မြို့ရှိ ဝန်ကြီးအိမ်ယာတို့မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်သားများနဲ့ ခလရ (၁၀၄) တပ်ရင်းတို့ကို Fixed Wind များဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၅ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ ရေဖြူမြို့မရဲစခန်း၊ ညနေ ၄ နာရီခွဲမှာ ဝန်ကြီးအိမ်ယာအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ၊ ၈ ရက်နေ့ ည ၇ နာရီ ခန့်မှာ ခလရ (၁၀၄) တပ်ရင်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုများအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း (Drone Team) နှင့် DEF (Drone Team) တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ရေး အရှိန်မြင့်နေတဲ့ ကာလဖြစ်တာကြောင့် မိဘပြည်သူများ အနေဖြင့် အထူးသတိပြု သွားလာနေထိုင်ကြဖို့၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို လိုက်နာကြဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။
========================
🚩🚩 ၃။ မိတ္ထီလာမြို့တွင် ရဲကားကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်
အောက်တိုဘာ ၁၂
Radio NUG
မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ကင်းလှည့်နေသည့် ရဲကားတစ်စီးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း SATAN UG အဖွဲ့မှ သိရပါတယ်။
အောက်တိုဘာလ ၁၂ ရက် နံနက် ၁နာရီခန့်တွင် မိတ္ထီလာမြို့ အနောက်ဘက်မှ ကင်းလှည့်ပြီး ပြန်လည်ဝင်ရောက်လာသည့် ရဲကားတစ်စီးသည် ပညာရေးတက္ကသိုလ်အနီးတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။
SATAN UG အဖွဲ့သည် ရဲကားကို ၄ ရက်ကြာ စောင့်ကြည့်ပြီးနောက် ယနေ့ တိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ၎င်းတို့အဖွဲ့မှ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကျောက်မဲမြို့နယ်က SSPP/SSA တပ်စခန်းအနီးတွင် စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၁၂
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းအနီးရှိ လွယ်ရင်တောင်တွင် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ တိုက်ခိုက်ရေး လေယာဉ်တစ်စီးဖြင့် ဗုံး(၂) လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း SSPP မှ သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာလ (၁၁) ရက်နေ့ နေ့လယ် ၁:၂၇ နာရီအချိန်တွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေး ရွာအနီးရှိ လွယ်ရင်တောင်တွင် စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးဖြင့် ပေါင် (၂၅၀) ဗုံး တစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ SSPP/SSA တပ်စခန်းနှင့် မီတာ(၉၀)ခန့် အကွာတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး တပ်စခန်း စည်းရိုးအချို့ကို ဗုံးစအ နည်းငယ် ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် နေ့လယ် ၁:၃၀ နာရီအချိန်တွင်လည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ၏ ဘုန်းကြီးကျောင်း အနီးကို ပေါင်(၂၅၀) ဗုံး တစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး ကျောင်းဝန်း အတွင်းရှိ ဇရပ်ဆောင်တစ်ဆောင် ၊ ချက်ပြုတ်ဆောင်တစ်ဆောင် အပါအဝင် ကျောင်းအနီးနားရှိ ဒေသခံပြည် သူနေအိမ်တစ်လုံး ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မတူပီမြို့ပေါ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု၊ တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိ
အောက်တိုဘာ ၁၂
Radio NUG
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
မတူပီမြို့၊ လောင်ဗန်းရပ်ကွက်ရှိ မီးသတ်ရုံးနှင့် ဘောလုံးကွင်းအနီးဝန်းကျင်ကို ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းနေခဲ့တယ်လို့ သိရပါတယ်။
ထိုတိုက်ခိုက်မှုကြောင့် ယေရှုအသင်းတော် ဘုရားကျောင်းတစ်ခု ဗုံးစထိမှန်ကာ ပျက်စီးသွားပြီး အနီးဝန်းကျင်ရှိ နေအိမ်အချို့တွင်လည်း ကျည်စထိမှန်မှုများ ရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မိုင်းလုံမြို့နယ် လည်ကြီးကျေးရွာနှင့် ပစီးကျေးရွာကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီး
အောက်တိုဘာ ၁၂
RadioNUG
တအာင်းပြည်သတင်း
အောက်တိုဘာလ ၁၂ရက်နေ့ ညနေ (၅း၀၈)နာရီအချိန်တွင် တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA မှ သတင်းထုတ်ပြန်ပါတယ်။
ထို့အတူ (၅း၁၁)နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့သော ပေါင် (၂၅၀) ဗုံး (၂)လုံးသည် ပစီးကျေးရွာအတွင်းတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူလူထုနေအိမ်(၄)အိမ် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ KNPDP တပ်ရင်း (၃) မှ ရဲဘော် တဦး ဒီမော့ဆိုမြို့ ရှေ့တန်း တနေရာမှာ ကျဆုံးခဲ့
အောက်တိုဘာ ၁၁ ရက်၊
Radio NUG
ကရင်နီပြည်၊ ဒီမော့ဆိုမြို့က ရှေ့တန်း တနေရာမှာ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးပါတီ (KNPDP) တပ်ရင်း (၃) မှ ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ KNPDP တပ်ရင်း (၃) က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က ရဲဘော်ဂျေရုန်း (ခ) မာခို့ဒူမိကယ်ဟာ ရှေ့တန်းစစ်မြေပြင်တနေရာမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်ဂျေရုန်း ကျဆုံးခဲ့ရတဲ့အပေါ် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူဝမ်းနည်းရပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုသွားမှာဖြစ်ကြောင်း KNPDP တပ်ရင်း (၃) က အသိပေးထားပါတယ်။
လက်ရှိမှာ ရှမ်း - ကရင်နီ နယ်စပ်၊ ဖယ်ခုံ၊ မိုးဗြဲ အပါအဝင် ကရင်နီပြည် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ လမ်းမကြီး တလျောက်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေပြီး တော်လှန်ရေး တပ်ဖွဲ့များနဲ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၈။ ရန်ကုန်တိုင်း ပကဖနဲ့ ရွေဘိုမြို့နယ် ပကဖ ရဲဘော်များကို ကျည်ကာ၊ ဦးထုတ်၊ ယူနီဖောင်းများ တပ်ဆင်ပေးခဲ့
အောက်တိုဘာ ၁၁ ရက်၊
Radio NUG
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁) နဲ့ ရွှေဘိုမြို့နယ်၊ တိုက်နယ် (၆) ပကဖ တိုက်ခိုက်ရေး ရဲဘော်များကို ကျည်ကာ၊ ဦးထုတ်၊ ယူနီဖောင်းများ တပ်ဆင်ပေးခဲ့တယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။
“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းမှ ရရှိခဲ့တဲ့ ထောက်ပို့ငွေများဖြင့် VEST၊ ကျည်ကာ၊ ဦးထုပ် အစုံ (၅၀) ကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁) က ရှေ့တန်းရှိ ရဲဘော်များအား သွားရောက်တပ်ဆင်ပေး ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များရဲ့ စိတ်လုံခြုံမှု ရရှိစေရန်အတွက် ပြုလုပ်တဲ့ “ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းဟာ မျှော်မှန်းထားတာထက် အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ရွှေဘိုမြို့နယ် ပကဖ မှ တိုက်နယ် (၆) ပကဖ တိုက်ခိုက်ရေး ရဲဘော် (၂၂) ဦးကို ယူနီဖောင်း၊ ပွိုင့်ဖိနပ်၊ ဦးထုပ်၊ ခါးပတ်၊ ဘက်တံဆိပ် နဲ့ MA1 ၂ လက်တို့ကို တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ရွှေဘို ပကဖ က အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment