၂၀၂၅ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြန်မာပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက ပယ်ချရန် သံအမတ်ကြီး တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံတွင် စစ်အုပ်စုက နည်းပညာအား ဖိနှိပ်မှုအတွက် လက်နက်အဖြစ် အသုံးပြုနေ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မလေးရှားထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံအတွက် နောက်ဆုံးအခွင့်အရေးဟု SAC-M ထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တအာင်းပြည်ကောင်စီ သတိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းဟာ မိသားစုတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေဖြစ်ကြောင်း ဆောမြို့နယ်မှ သင်တန်းသားများ မှတ်ချက်ပြု

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ပင်လယ်ဘူးမြို့နယ်တွင် အမျိုးသမီးနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းများ ပိုမိုပြုလုပ်ပေးရန် သင်တန်းသားများ တောင်းဆို


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ချင်းပြည်နယ် ဗန်ဟားကျေးရွာ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်မှု CDF-Hakha ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

🚩 ၂။ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဦး သေဆုံး

🚩 ၃။ ဖားကန့်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံး၊ စနိုက်ပါ တပ်သား တစ်ဦး ဖမ်းမိ

🚩 ၄။ ပေါက်မြို့နယ်တွင် ရိက္ခာပြတ်လပ်နေသော ပျူစောထီး ထောက်ခံသူ တစ်ဦး ဖမ်းဆီးခံရ

🚩 ၅။ အကြမ်းဖက်စစ်တပ်မှ မယ်သမီခီး(ထီးခီး)ကျေးရွာ အတွင်းသို့ ဂျက်ဖိုင်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ

🚩 ၆။ ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာတွင် စစ်တပ်နှင့် PNO တို့က မီးရှို့ဖျက်ဆီး

🚩 ၇။  မုံရွာမြို့တွင် စတိတ်ရှိုးပွဲ ပြန်လာသူ လူငယ်များကို စစ်ကောင်စီက အိမ်စီးကား စီး ဖြင့် ပေါ်တာ ဆွဲ ဖမ်းဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြန်မာပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက ပယ်ချရန် သံအမတ်ကြီး တိုက်တွန်း


အောက်တိုဘာ ၁၄ 

Radio NUG


ကုလသမဂ္ဂ အကြိမ် (၈၀)မြောက် အထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကော်မတီ (စတုတ္ထကော်မတီ) အထွေထွေမူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းက ပယ်ချရန် တိုက်တွန်းခဲ့ပါတယ်။


သံအမတ်ကြီးက ၎င်း၏ မိန့်ခွန်းတွင် ကိုလိုနီစနစ်ချုပ်ငြိမ်းရေးနှင့် ပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည်ဖော်ရန် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများအရ အလေးအနက်လိုအပ်ကြောင်း ထောက်ပြခဲ့ပြီး  မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှစ၍ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်သော နိုင်ငံရေးရွေးချယ်မှုများ ဆုံးရှုံးနေရကြောင်း ပြောကြားခဲ့ပါတယ်။


လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံမူဖြစ်သော်လည်း၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုနှင့် တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းနေသည့် လက်ရှိအခြေအနေတွင် ထိုကဲ့သို့ ရွေးကောက်ပွဲ ကျင်းပရန် လုံးဝမဖြစ်နိုင်ဘူးလို့ အလေးပေးပြောကြားခဲ့ပါတယ်။


သံအမတ်ကြီးက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် သီတင်းကျွတ်လပြည့်နေ့၌ ငြိမ်းချမ်းစွာ မီးထွန်းသပိတ်ပွဲပြုလုပ်နေသည့် အရပ်သားများအပေါ် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် လူ (၂၀) ခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


၎င်းက စစ်အုပ်စု၏ တရားဝင်မှုမရှိခြင်း၊ နိုင်ငံရေးပါတီကြီးများကို ဖျက်သိမ်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးထားခြင်းနှင့် အုပ်ချုပ်မှုစွမ်းရည် မရှိခြင်းတို့ကြောင့် ၎င်းတို့၏ ရွေးကောက်ပွဲသည် လိမ်လည်လှည့်ဖြားမှုသာဖြစ်ကြောင်း ထောက်ပြထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အခြားမဟာမိတ်များသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ရက်နှင့် အောက်တိုဘာ ၁၁ ရက်တို့တွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်များဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို တညီတညွတ်တည်း ပယ်ချခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ရေရှည်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဖျက်ဆီးရုံသာဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိုလိမ်လည်မှုကို ပယ်ချပြီး မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မျှော်မှန်းချက်ကို ထောက်ခံပေးရန် လိုအပ်ကြောင်း၊ မြန်မာပြည်သူများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီ မျှော်မှန်းချက်များကို စစ်အုပ်စု၏ ဖိနှိပ်မှုများက တားဆီးနိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံတွင် စစ်အုပ်စုက နည်းပညာအား ဖိနှိပ်မှုအတွက် လက်နက်အဖြစ် အသုံးပြုနေ


အောက်တိုဘာ ၁၄ 

Radio NUG 


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် တရားမဝင် စစ်အုပ်စုမှ သတင်းအချက်အလက်နှင့် နည်းပညာများကို ဖိနှိပ်မှုအတွက် လက်နက်အဖြစ် အသုံးပြုနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


တတိယကော်မတီ၏ ပြစ်မှုကာကွယ်ရေး၊ ပြစ်မှုဆိုင်ရာ တရားမျှတမှုနှင့် နည်းပညာအသုံးပြုမှုအား တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သံအမတ်ကြီးက စစ်အုပ်စုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုမှစ၍ ဆင်ဆာဖြင့် ပြည်သူများ၏ အသံကို ဖိသိပ်ရန်၊ ရက်စက်မှုများကို ဖုံးကွယ်ရန် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်ကာ စောင့်ကြည့်ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း ထောက်ပြထားပါတယ်။


ထို့ပြင်၊ စစ်အာဏာသိမ်းမှုကြောင့် တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းသွားပြီး ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ခေတ်သစ်ကျွန်ပြုမှုများ ပေါ်ပေါက်လာကြောင်း၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများသည် မြန်မာနိုင်ငံကို ဗဟိုချက်အဖြစ် ပြောင်းလဲလာပြီး၊ လူကုန်ကူးမှုနှင့် အတင်းအဓမ္မခိုင်းစေမှုများက လူငယ်များကို အန္တရာယ်ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့ပါတယ်။


ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အစီရင်ခံစာများကိုလည်း ကိုးကားပြီး စစ်အာဏာရှင်စနစ်သည် ဤရာဇဝတ်မှုများ၏ အဓိကဇစ်မြစ်ဖြစ်ကြောင်း၊ အဆိုပါ ရာဇဝတ်မှုများကို အမြစ်ပြတ်တိုက်ဖျက်ရန် တရားဥပဒေစိုးမိုးမှုရှိသော ဒီမိုကရေစီအုပ်ချုပ်မှုဖြင့်သာ ဖြစ်နိုင်မယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။


ထို့ကြောင့် ၎င်းက နိုင်ငံတကာအသိုင်းအဝိုင်းအား စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲများကို ပြတ်သားစွာ ကန့်ကွက်ရန်နှင့် မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး မျှော်မှန်းချက်ကို ထောက်ခံရန် တိုက်တွန်းထားပါတယ်။


စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး တရားမျှတသော အုပ်ချုပ်မှုတစ်ရပ်ကိုသာ တည်ဆောက်နိုင်မှ ဤပြစ်မှုများကို ပပျောက်နိုင်မှာဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက အလေးအနက်ပြောကြားခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ထိုပြဿနာများကို ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မလေးရှားထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံအတွက် နောက်ဆုံးအခွင့်အရေးဟု SAC-M ထုတ်ပြန်


အောက်တိုဘာ ၁‌၄ 

Radio NUG 


မလေးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသည် မြန်မာ့အရေးဖြေရှင်းရန် အာဆီယံအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး၊ တိကျပြတ်သားသည့် ဗျူဟာသစ်တစ်ရပ် ရေးဆွဲရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။


အဆိုပါ ထုတ်ပြန်ချက်ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒါတို ဆိုင်ဖူဒင် အဘ်ဒူလာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ခွန်ကဆစ် ပရီယိုမာ နှင့် SAC-M အဖွဲ့ဝင်များက ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်ပါတယ်။


အောက်တိုဘာလကုန်တွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအနေဖြင့်


. မြန်မာစစ်တပ်က စီစဉ်ထားသည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသရန် လိုအပ်ပြီး နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရန်၊ နိုင်ငံရေးပါတီများ လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် လွတ်လပ်သည့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့များ ပါဝင်နိုင်ရန်


. အာဆီယံသည် အာဏာသိမ်းစစ်တပ်ကို တင်းကျပ်စွာ ကိုင်တွယ်ရန်လိုအပ်ပြီး၊ ထိပ်သီးအစည်းအဝေးများတွင် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ကိုယ်စားလှယ်များကို တက်ရောက်ခွင့်ပိတ်ပင်ရန်၊ စစ်တပ်အပေါ် ဖိအားပေးရန်


. လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနှင့် ၂၀၂၆ ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ဖိလစ်ပိုင်တို့သည် မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် တန်စရီ အော့တမန် ဟက်ရှင်နှင့်အတူ တိကျပြတ်သားသည့် ဗျူဟာသစ်တစ်ရပ် ရေးဆွဲရန် SAC-M က တိုက်တွန်းထားပါတယ်။


မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်၏ နေပြည်တော်ခရီးစဉ်အတွင်း အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲဆိုင်ရာ ဝါဒဖြန့်ချက်များ ထုတ်ပြန်ခဲ့ပြီး၊ အာဆီယံက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်မည်ဟု လိမ်လည်ပြောဆိုခဲ့မှုများသည် ၎င်းတို့၏ တရားဝင်မှုရရှိရေး ကြိုးပမ်းမှုသာဖြစ်တယ်လို့ SAC-M က သတိပေးထားပါတယ်။


အာဆီယံ၏ ဘုံသဘောတူညီချက် ချက်ကို မြန်မာစစ်တပ်က အကောင်အထည်မဖော်ခဲ့သည်မှာ အာဆီယံ၏ ကျရှုံးမှုတစ်ရပ်ဖြစ်ပြီး၊ ၎င်းသည် ဒေသတွင်း နိုင်ငံများအကြား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တိုးပွားလာစေခြင်း၊ အနာဂတ်စစ်အာဏာသိမ်းမှုများကို ခွင့်ပြုရာရောက်ခြင်းနှင့် ပြည်သူထောင်ချီ သုတ်သင်ခံရမှုကို လျစ်လျူရှုရာရောက်သည်ဟု SAC-M က ထောက်ပြထားပါတယ်။


ထိုအစည်းအဝေးသည် အာဆီယံ၏ ယုံကြည်စိတ်ချရမှုနှင့် ဒေသတွင်း တည်ငြိမ်ရေးအတွက် အရေးပါသည့် အချိန်ကာလတစ်ခုဖြစ်ပြီး၊ မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်ရန် ပျက်ကွက်ပါက အာဆီယံ၏ ဩဇာနှင့် ခေါင်းဆောင်မှုအပေါ် ပြည်သူများ၏ ယုံကြည်မှု ဆက်လက်ကျဆင်းလာနိုင်တယ်လို့ SAC-M က သတိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တအာင်းပြည်ကောင်စီ သတိပေး


အောက်တိုဘာ ၁၄ 

RadioNUG 


အကြမ်းဖက်စစ်တပ်သည် တနိုင်ငံလုံးရှိ ပြည်သူလူထုနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် ကျူးလွန်နေကြောင်း တအာင်းပြည်ကောင်စီ (TLC) က အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်သတိပေးခဲ့ပါတယ်။


၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ယနေ့အချိန်အထိ အကြမ်းဖက်စစ်တပ်သည် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်များရှိ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ဦးတည်သည့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များအပါအဝင် ဒေသခံပြည်သူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ပြည်သူလူထုများစွာ စစ်ဘေးရှောင်နေရပြီး အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ်၏ လူထုကို ပစ်မှတ်ထားသည့် ဗုံးကြဲတိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေများကို တွေ့မြင်နေရသဖြင့် ပြည်သူလူထုအနေဖြင့် လေကြောင်းအန္တရာယ်ကို သတိထားရှောင်ရှားကာ ဘေးကင်းလုံခြုံသည့် နေရာများတွင် သတိဝီရိယဖြင့် နေထိုင်ရန် TLC က တိုက်တွန်းထားပါတယ်။


ထို့ပြင်၊ နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများကြောင့် ထိခိုက်နစ်နာနေရသည့် ပြည်သူလူထုအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝိုင်းဝန်းပံ့ပိုးပေးရန် တအာင်းပြည်ကောင်စီက အလေးအနက် တောင်းဆိုနှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းဟာ မိသားစုတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေဖြစ်ကြောင်း ဆောမြို့နယ်မှ သင်တန်းသားများ မှတ်ချက်ပြု


အောက်တိုဘာ ၁၄ 

Radio NUG 


မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်းမှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းကို စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


"သင်တန်းသားတွေအပြင် တရွာလုံး၊ မိသားစုတိုင်း သိထားသင့်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ သင်တန်းတက်ရောက်လာတဲ့ တစ်ယောက်စီကနေလည်း ကိုယ်တိုင်က ဒါတွေကို ချိုးဖောက်မိနေလား၊ ကိုယ့်ပတ်ဝန်းကျင်မှာရော ချိုးဖောက်ခံနေရလားဆိုတာကို သုံးသပ်သွားလို့ ရပါတယ်။ အခုလိုသင်တန်းတွေကို အပင်ပန်းခံ သင်ကြားပေးနေတာ ကျေးဇူးတင်ကြိုဆိုပါတယ်။ နောက်များလည်း တခြားသူများအတွက် ထပ်မံသင်ကြားဖို့ လုပ်ဆောင်ပေးစေလိုပါတယ်" လို့ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတွေကိုယ်စား သင်တန်းသားတဦးက မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။


လူ့အခွင့်အရေးသမိုင်းကြောင်းနှင့် ကြေငြာစာတမ်း၊ ကလေးအခွင့်အရေး အခြေခံမူ၊ ကလေးအခွင့်အရေး အမျိုးအစားတွေ၊ ကလေးငယ်တွေနဲ့ ပတ်သက်လို့ ကြီးလေးတဲ့ ချိုးဖောက်ကျူးလွန်မှုတွေဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေကို ဓါတ်ပုံများနဲ့ပြသခြင်း၊ CRC doodle art video ပြသ၍ အပြန်အလှန် ဆွေးနွေးခြင်း တို့ ပြုလုပ်ခဲ့ပါတယ်။


ဒါ့အပြင် အမျိုးသမီးတွေ အပေါ်အကြမ်းဖက်မှု၊ ပဋိပက္ခအခြေအနေတွင် ဖြစ်ပေါ်လာသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV)တွေ၊ ဒါတွေကို ကိုယ်တွေ့ ကြုံတွေ့ခံစားခဲ့ရတဲ့သူတွေနဲ့ အကြမ်းဖက်မှုဖြစ်စဉ် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးတာတွေ အပါအဝင် NUG ရဲ့ PSHEA မူဝါဒနှင့်  တိုင်ကြားနိုင်တဲ့နေရာတွေအကြောင်းကိုလည်း ဆွေးနွေးသင်ကြားပို့ချခဲ့ကြပါတယ်။


သင်တန်းပြုလုပ်စဉ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းအန္တရာယ်စိုးရိမ်ရတဲ့ စိန်ခေါ်မှုတွေ၊ လျှပ်စစ်မီးအခက်အခဲတွေကြားကနေ အဆင်မပြေမှုတွေရှိခဲ့ပေမယ့် ကျော်လွှားပြီးအောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ပင်လယ်ဘူးမြို့နယ်တွင် အမျိုးသမီးနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းများ ပိုမိုပြုလုပ်ပေးရန် သင်တန်းသားများ တောင်းဆို


အောက်တိုဘာ ၁၄ 

Radio NUG 


စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်တွင် ပဋိပက္ခအခြေအနေများအတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းကို စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့ရာ သင်တန်းသားများက သင်တန်းမှရရှိသော ဗဟုသုတများသည် ရပ်ရွာအတွင်း ပြန်လည်အသုံးချနိုင်သည့်အတွက် ယင်းကဲ့သို့ သင်တန်းများကို ပိုမိုပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


‘’အခုလို အမျိုးသမီးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု၊ လူ့အခွင့်အရေးစတဲ့ သင်တန်းတွေပေးတာ အလွန်ကောင်းမွန်ပါတယ်။ တချို့အကြောင်းအရာတွေက သိသလိုလို၊ သိပြီးသလိုလိုဖြစ်ပေမယ့် တကယ်တမ်းကျတော့ တိတိကျကျမသိတာ များတယ်။ အခုလိုသင်တန်းတွေ ပေးတော့ မသိသေးတဲ့ လူတွေလည်း သိသွားတယ်။ သိပြီးသားလူတွေလည်း ပိုပြီးတိတိကျကျ ပိုသိသွားတယ်။ အခုလိုသင်တန်းတွေ များများပေးရင် ပိုကောင်းပါတယ်’’လို့ သင်တန်းသားတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။


သင်တန်းတွင် ကလေးနှင့် လူကြီးကွဲပြားမှုများမှ စတင်ကာ၊ ကလေးအခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားများ၊ ကလေးငယ်များနှင့် ပတ်သက်သည့် သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းကဲ့သို့သော ကြီးလေးသည့် ကျူးလွန်မှုများ၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု (GBV) ပဋိပက္ခအခြေအနေများတွင် ဖြစ်ပေါ်လာသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) အမျိုးသမီးများအပေါ် ခွဲခြားမှုပပျောက်ရေး CEDAW စာချုပ်တို့အကြောင်း သင်ကြားဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဂျန်ဒါအခြေပြုအကြမ်းဖက်မှုနှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြရုံသာမက၊ ပဋိပက္ခအခြေအနေများတွင် ဖြစ်ပေါ်လာသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) နှင့် နှိုင်းယှဉ်ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ချင်းပြည်နယ် ဗန်ဟားကျေးရွာ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်မှု CDF-Hakha ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ


အောက်တိုဘာ ၁၄ 

Radio NUG 


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့မှုအပေါ် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Hakha) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။


အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ( နှစ်) နှင့် ကျောင်းသူတစ်ဦး (၁၂ နှစ်) သေဆုံးခဲ့ရပြီး၊ ဒဏ်ရာရသူ ၂၁ ဦးအနက် ဦးမှာ စိုးရိမ်ဖွယ်ရာ ဒဏ်ရာများရရှိခဲ့ကာ  CDF-Hakha က သေဆုံးသူများ၏ မိသားစုဝင်များနှင့် ရွာသူရွာသားများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


ဗန်ဟားကျေးရွာသည် CDF-Hakha တပ်စခန်းမဟုတ်ဘဲ၊ အရပ်သားကလေးများ ပညာသင်ကြားရာ စာသင်ကျောင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ၊ အခြေခံလူ့အခွင့်အရေးနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေများကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း CDF-Hakha က ထောက်ပြထားပါတယ်။


ထို့ပြင်၊ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအကြိုကာလတွင် အရပ်သားနေရာများအား ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ချင်းပြည်နယ်အတွင်း ဆက်တိုက်လုပ်ဆောင်နေခြင်းသည် ၎င်းတို့၏ ရွေးကောက်ပွဲ၏ တရားမဝင်မှုကို သက်သေပြနေခြင်းဖြစ်ကြောင်း၊ ပြည်သူများအား အဆိုပါ ရွေးကောက်ပွဲတွင် လုံးဝမပါဝင်ရန်နှင့် ပါဝင်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပါတယ်။


CDF-Hakha က အကြမ်းဖက်စစ်ကောင်စီအား အရပ်သားများ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်ခြင်းကို ချက်ချင်းရပ်တန့်ရန်နှင့် ဤတိုက်ခိုက်မှုများကို စီစဉ်သူ၊ ခွင့်ပြုသူများနှင့် အကောင်အထည်ဖော်သူများကို တာဝန်ယူမှုရှိစေရန် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများက ဖိအားပေးရန် တိုက်တွန်းထားပါတယ်။


စစ်ကောင်စီက ပြည်သူ့အာဏာကို ပြည်သူလူထုထံ ပြန်လည်အပ်နှင်းပြီး စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းသည်အထိ ပြည်သူများနှင့်အတူ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဦး သေဆုံး


အောက်တိုဘာ ၁၄ 

Radio NUG 


အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အမတ် (၃၀၂) မှ လက်နက်ခဲယမ်းများဖြင့် ထွက်လာသော စစ်ကောင်စီအင်အား ၁၀၀ ကျော်ကို ထားဝယ်မြို့နယ်အတွင်း မောင်မယ်ရှောင်ကျေးရွာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။


ထိုတိုက်ခိုက်မှုအတွင်း ညီနောင်ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ရေးများ အရှိန်အဟုန်တိုးမြင့်လာနေသည့် အချိန်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးဆိုင်ရာ အထူးသတိပြုကာ သွားလာနေထိုင်ရန် တိုက်တွန်းထားသည့်ပြင် တိုင်းဒေသကြီးအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ မည်သည့်အချိန်မဆို ဖြစ်ပေါ်နိုင်သည်ကို သတိပေးကာ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံရန် တောင်းဆိုထားပါတယ်။


တော်လှန်ရေးနှင့် စစ်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်နှင့် အမှန်တရားဘက် ရပ်တည်လိုသူ စစ်ကောင်စီ၏ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ထံ ခိုလှုံစေပြီး အမြန်ဆုံး ပူးပေါင်းရန် ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ ဖားကန့်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံး၊ စနိုက်ပါ တပ်သား တစ်ဦး ဖမ်းမိ


အောက်တိုဘာ ၁၄ 

Radio NUG 


ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် စစ်ကော်မရှင် ဘက်မှ တပ်သား ၃၀ ကျော် သေဆုံးပြီး ဒုတပ်ရင်းမှူး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်များမှ သတိရပါတယ်။


စစ်ကော်မရှင်ဘက်မှ အထိနာမှုကြောင့် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး၊ ထိုတိုက်ပွဲတွင် တပ်ရင်း ၃၈၄ မှ စနိုက်ပါ ကျွမ်းကျင်တပ်သား တစ်ဦးကို ဖမ်းဆီး ရရှိခဲ့တယ်လို့ သိရပါတယ်။


အလားတူ ဗန်းမော်မြို့တွင်လည်း အောက်တိုဘာလ ၁၃ရက်နေ့ တိုက်ပွဲများကြောင့် စစ်ကောင်စီ ဗိုလ်မှူး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကာ ပြည်သူများ ထိခိုက်ဒဏ်ရာရမှုများလည်း ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပေါက်မြို့နယ်တွင် ရိက္ခာပြတ်လပ်နေသော ပျူစောထီး ထောက်ခံသူ တစ်ဦး ဖမ်းဆီးခံရ


အောက်တိုဘာ ၁၄ 

Radio NUG 


အောက်တိုဘာ ၁၂ ရက် နံနက် နာရီ ခန့်တွင် တပ်ကုန်း ပျူစောထီးကျေးရွာ အနီးတွင် နယ်မြေ လုံခြုံရေး ကင်းပတ်နေစဉ် ဦးပွေးဟု ခေါ်သော ပျူစောထီး ထောက်ခံသူ တစ်ဦးကို ဖမ်းဆီး ရရှိခဲ့ပြီး ဓားတစ်လက်လည်း သိမ်းဆည်း ရရှိခဲ့ကြောင်း ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ)ထံ မှ သိရပါတယ်။


ဦးပွေးသည် စစ်တပ် ထောက်ခံသူ ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး၊ လက်နက် မကိုင်ဆောင်ဘဲ ရိက္ခာ ရှာဖွေရန် ထွက်လာခဲ့တယ်လို့ သိရပါတယ်။


ဦးပွေးကို စစ်ဆေးမေးမြန်း လုပ်ဆောင်နေပြီး၊ ပြစ်မှု ကျူးလွန်မှု ရှိပါက ပေါက်မြိုနယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့ ထံ ပို့ဆောင်၍ အရေးယူဆောင်ရွက်မှာဖြစ်ပြီး ပကဖ အနေဖြင့် ဦးပွေး အပါအဝင် ပျူစောထီး ဆက်စပ်သူ ခုနစ်ဦး ခန့်ကို ဖမ်းဆီး ရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ အကြမ်းဖက်စစ်တပ်မှ မယ်သမီခီး(ထီးခီး)ကျေးရွာ အတွင်းသို့ ဂျက်ဖိုင်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ


အောက်တိုဘာလ ၁၄ 

Radio NUG 


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်‌မြေ၊ မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်းသို့ ၂၀၂၅ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှ ဂျက်ဖိုက်တာ‌လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထုပိုင် အဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူတစ်ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်မှ သတင်းထုတ်ပြန်ပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ၎င်းတို့ အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့ အုပ်ချုပ်ရာနယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရန် အထူးကြိုးပမ်းလျက်ရှိပြီး ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများ ဖြစ်သည့် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်ရာ ဒေသများအတွင်းရှိ ပြည်သူလူထုများအား အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာတွင် စစ်တပ်နှင့် PNO တို့က မီးရှို့ဖျက်ဆီး


အောက်တိုဘာ ၁၄ 

Radio NUG 


 ရှမ်းပြည်နယ်နှင့် ကရင်နီ (ကယားပြည်နယ်) အစပ် ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာတွင် အကြမ်းဖက်စစ်တပ်နှင့် PNOတို့က တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ နှစ်ရက်ဆက်တိုက် မီးလောင်နေပြီး ရွာတစ်ရွာလုံးနီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းများအရ သိရပါတယ်။


အောက်တိုဘာလ ၁၃ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ခဲ့သော မီးရှို့မှုသည် ၁၄ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး၊ နေအိမ်များ မီးလောင် ပျက်စီးနေကာ အိမ်အရေအတွက်ကို အတိအကျ မသိရသေးသော်လည်း၊ ပြည်သူများ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


အောက်တိုဘာလ နောက်ပိုင်းမှ စတင်ပြီး စစ်တပ်နှင့် PNO တို့၏ ရွာများ လုယက်ယူ၍ ဟိုဝို၊ ဆောင်လန်နှင့် လိုက်ကျိုင်း ရွာများကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။  မုံရွာမြို့တွင် စတိတ်ရှိုးပွဲ ပြန်လာသူ လူငယ်များကို စစ်ကောင်စီက အိမ်စီးကား စီး ဖြင့် ပေါ်တာ ဆွဲ ဖမ်းဆီး


အောက်တိုဘာ ၁၄ 

Radio NUG 


အောက်တိုဘာလ ၁၃ရက်‌ နာရီ ခန့်တွင် မုံရွာ ကမ်းနားလမ်းတွင် အိမ်စီးကား စီ ဖြင့် စစ်ကောင်စီ တပ်ဖွဲ့က ဆုတောင်းပြည့် ဘုရားပွဲ စတိတ်ရှိုး ပွဲက ပြန်လာသော လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း Monywa Roads Informationမှ သတင်းဖော်ပြထားပါတယ်။


လူငယ် ၃၂ ဦး ခန့်  ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပြီး မုံရွာမြို့တွင် ရုံးတက် ရုံးဆင်းချိန်ကလွဲ၍ လူသွားလူလာ ကင်းရှင်းနေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment