သတင်းခေါင်းစဉ်များ -
📌လောင်းလုံးတွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးကို စကစတပ် ထပ်မံဖမ်းဆီး
📌ဟိုပုံးမြို့၌ COVID-19 ပိုး ရှိသူ ၁၁၇ ဦး တွေ့ရှိ
📌တနင်္သာရီတိုင်းတွင် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးမှု ယခုနှစ်ကုန်ပိုင်းအတွင်း ပိုများလာ
📌မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌လောင်းလုံးတွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးကို စကစတပ် ထပ်မံဖမ်းဆီး
တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်၊ ကမြောကြီးရွာနဲ့ သာယာကုန်းရွာတွေမှာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရပါတယ်။
ဒီဇင်ဘာ(၂၉)ရက်၊ ည(၉)နာရီခွဲအချိန်ခန့်က ကမြောကြီးရွာရှိ ဦးဌေးဝင်းဆိုသူရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က Vigo ကားနှစ်စီးဖြင့် ရောက်လာပြီး ရှာဖွေစစ်ဆေးကာ ပြန်ထွက်သွားကြောင်း ၊ထို့နောက် ဦးဌေးဝင်းအိမ်နှင့်မျက်နှာချင်းဆိုင်အိမ်မှ ကိုအာကာဖြိုး ဆိုသူကို ထပ်မံဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
"ကိုအာကာဖြိုးက သူ့ကို လက်ထိပ်ခတ်ပြီး အိမ်ရှေ့ထွက်လာတုန်း ထွက်ပြေးသွားတယ်။ နောက်ကနေ စစ်သားတွေသေနတ်နဲ့ လိုက်ပစ်တာ လူတော့လွတ်သွားတယ်"လို့ ဒေသခံကပြောပါတယ်။
ထို့နောက် စစ်ကောင်စီတပ်ဟာ သာယာကုန်းရွာရှိ ဆိုင်ကယ်ပြုပြင်ရေးလုပ်ကိုင်သူ ကိုအောင်ကိုဖြိုးကို ဝင်ရောက်ဖမ်းသွားကြောင်း ၎င်းကထပ်မံပြောဆိုပါတယ်။
ထပ်မံပြီး စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်(၄)နာရီခန့်က ကိုအာကာဖြိုးရဲ့ အမျိုးသမီးဖြစ်သူကို ထပ်မံလာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံက ပြောပါတယ်။
လက်ရှိတွင် ဦးဌေးဝင်း၊ ဒေါ်ညိုပြာ ၊ကိုအာကာဖြိုးရဲ့ အမျိုးသမီးနဲ့ ကိုအောင်ကိုဖြိုးတို့ လေးဦးကို လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုနဲ့ အချိတ်အဆက်ရှိတယ်ဆိုသော စွပ်စွဲချက်ဖြင့် လာရောက်ဖမ်းဆီးတာ ဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူ လေးဦးကို ထားဝယ်မြို့ ခရိုင်စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
========================
📌📌ဟိုပုံးမြို့၌ COVID-19 ပိုး ရှိသူ ၁၁၇ ဦး တွေ့ရှိ
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒီဇင်ဘာလ ၃၀ ရက်တွင် COVID-19 ပိုး ရှိသူ ၁၁၇ ဦး တွေ့ရှိခဲ့ကြောင်း သိရပါတယ်။
ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)၌ PCR ဖြင့် စစ်ဆေးသည့် ဓါတ်ခွဲနမူနာ ၁၆၂ ခု အနက် ၁၁၃ ဦးတွင် COVID-19 ပိုး တွေ့ခဲ့တယ်လို့ ယင်းဌာနက ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။
ထို့အတူ ဟိုပုံးမြို့မှာ အသွားအလာ ကန့်သတ်ထားသူ ၁၁၅ ဦးရဲ့ နှာခေါင်းတို့ဖတ်များကို RDT ဖြင့် စစ်ဆေးရာ ၄ ဦးတွင် COVID-19 ပိုး တွေ့ခဲ့သည်ဟု ဟိုပုံးဆေးရုံက ထုတ်ပြန်ခဲ့ပါတယ်။
ဟိုပုံးမြို့၌ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၈၀၀ ကျော် တွေ့ရှိထားပြီး ယင်းအနက် ၁၆၀၀ ခန့်မှာ ဆေးရုံမှ ဆင်းခွင့် ရပြီး ၄၅ ဦးမှာမူ သေဆုံးခဲ့ကြောင်း သိရပါတယ်။
========================
📌📌တနင်္သာရီတိုင်းတွင် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးမှု ယခုနှစ်ကုန်ပိုင်းအတွင်း ပိုများလာ
တနင်္သာရီတိုင်းတွင် မြန်မာစစ်တပ်ရဲ့ လက်အောက်ခံအဖွဲ့တွေက နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ ယခုနှစ်ကုန် ဒီဇင်ဘာလအတွင်း၌ ပိုမိုများပြားလာကြောင်း ဒေသခံတွေကနေ သိရပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့၊ ကညုံရပ်ကွက် သီတာလမ်းရှိ နေအိမ်တစ်လုံးကို မနေ့ (ဒီဇင်ဘာ ၂၉ ရက်) ညနေ ၃ နာရီတွင် မြန်မာစစ်တပ် လက်အောက်ခံအဖွဲ့များမှ ဝင်ရောက်စီးနင်းပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူရဲ့မိသားစုဝင်တစ်ဦးက ပြောပါတယ်။
"မနေ့ညနေ ၃ နာရီလောက်ကပေါ့။ အရပ်ကား Vigo နဲ့ အင်အားက ၂၀ ကျော်တယ်။ အဲတာအိမ်ကိုအတင်းဝင်ဖို့လုပ်နေတုန်း အကိုက အပြင်ထွက်ဖို့လုပ်နေတဲ့အချိန်မှာပဲ လက်ထိပ်ခတ်ပြီးဖမ်းခေါ်သွားတာ။ ဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး"လို့ အဆိုပါ မိသားစုဝင်ကပြောပါတယ်။
ဖမ်းဆီးခံရသူမှာ စစ်အာဏာသိမ်းမှု အစပိုင်းတွင် ဆန္ဒပြပွဲများပြုလုပ်ခဲ့သူ ကိုကျော်နိုင်ဆိုသူဖြစ်ကြောင်း သိရပါတယ်။
၎င်းကို PDF အဖွဲ့နဲ့ဆက်နွယ်သည်ဟုအကြောင်းပြကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသူနဲ့နီးစပ်သူ တစ်ဦးကပြောပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ရလိုင်ကျေးရွာတွင် မြန်မာစစ်တပ်ထံ သတင်းပေးသူတစ်ဦး သတ်ဖြတ်ခံရမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ရပ်ကျေး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်သုံးဦးတို့ကို မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ရလိုက်ကျေးရွာ NLD ရပ်ကျေးဥက္ကဋ္ဌ ဦးတင်စိုး၊ (အဖွဲ့ဝင်) ဦးနေဆန်းလင်း နှင့် ကိုဝေယံနိုင်တို့ဖြစ်ပြီး ၎င်းတို့ကို ရေဖြူရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံတွေကနေ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၂၅ ရက်က ထားဝယ်မြို့ ပနွဲတောရပ်ကွက်တွင် နေထိုင်တဲ့ လူငယ်တစ်ဦးကို ၎င်းနေထိုင်ရာ နေအိမ်အတွင်းသို့ စစ်တပ်လက်အောက်ခံအဖွဲ့များမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်ကလည်း လူငယ်နှစ်ဦးကို ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းတွင် လောင်းလုံမြို့နယ် လောင်းလုံ-စမ်းလှမ်းရွာလမ်း၊ မြင့်မိုရ်လက်ခတ်တောင်လမ်းမတွင် အမျိုးသားတစ်ဦးကို လက်နက်များပါလာသည်ဟုဆိုကာ ထိုနေရာတွင် တပ်စွဲနေတဲ့ မြန်မာစစ်တပ်မှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း အဆိုပါရွာမှ ဒေသခံတစ်ဦးကပြောပါတယ်။
"ဖြစ်တာက မနက်စောစောပဲ။ သေနတ်ပစ်သံကြားရလို့ ကြည့်တော့ ကောင်လေးတစ်ယောက်လဲပြီး သေနေတယ်ပြောတယ်။ အဲဒီစစ်တပ်က သူတွေက သူ့မှာသေနတ်ပါလာလို့ ပစ်လိုက်တာလို့ပြောတယ်။ ကောင်လေးက ရာဘာခြံလုပ်သားတစ်ဦးပါ။ သူ့အလောင်းကိုတော့ ဆေးရုံကိုသယ်သွားတာ တွေ့ခဲ့ရပါတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ထောင်တွင်လည်း နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီရဲ့တရားစွဲဆိုမှုကို ခံထားရသူများထဲမှ အောက်တိုဘာ (၁၈) ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျား ၂၄ ဦး၊ မ ၄ ဦးလွတ်မြောက်ခဲ့ပြီး လက်ရှိ လူဦးရေ ၂၀၀ ကျော်မှာ အမှုရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရပါတယ်။
========================
📌📌မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ
ဒီဇင်ဘာ ၃၀ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရကြောင်း သိရပါတယ်။
ကိုဗစ်ပိုးတွေ့ရှိတဲ့အမျိုးသမီးမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖြစ်ပြီး လက်ရှိတွင် မောင်တောမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း မောင်တောဆေးရုံအုပ်က ပြောပါတယ်။
“ဒီနေ့ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးမှာ ကိုဗစ်ပိုးတွေ့တယ်။ သူက ပြည်သူ့ကျန်းမာရေးကပါ။ ကျန်းမာရေးအခြေနေကတော့ ကောင်းပါတယ်။ သူက သားဖွားဆရာမတစ်ဦးပါ” လို့ သူကပြောပါတယ်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် နိုဝင်ဘာလမှစတင်ကာ ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ (၃၇) ဦးရှိပြီး သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်းတွင် ဘင်္ဂလားဒေ့ရှ်မှ ကုန်သွယ်၍ပြန်လာသည့် စစ်တွေမြို့ ရွှေမင်းဂံကုန်သွယ်ရေးဆိပ်ကမ်းမှ စက်လှေသမား (၁၅) ဦးနှင့် လေကြောင်းဖြင့် သွားမဲ့ခရီးသည် (၁၁) ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိနေရဆဲဖြစ်ပေမဲ့လည်း ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာမှု အားနည်းလျက်ရှိနေကြောင်း ဝေဖန်မှုများရှိနေပါတယ်။
“ကိုဗစ်က တဖြည်းဖြည်းနဲ့ပိုပြီး ကူးစက်ပြန့်ပွားမှုက တိုးလာတဲ့အနေအထားကိုတွေ့ရတယ်။ ဒီအနေအထားမှာလည်း အဓိကပြဿနာက ပေါ့ဆမှုနဲ့ဆိုင်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်ကူးစက်တဲ့တောက်လျှောက်မှာ အဓိကတာဝန်ယူဆောင်ရွက်တဲ့ သူတွေအနေနဲ့လည်း အရမ်းကြီး အလေးထားပြီးတော့ ကူးစက်ပြန့်ပွားမှုဆိုင်ရာ တားဆီးကာကွယ်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အများကြီး ထိထိရောက်ရောက်မလုပ်နိုင်ခဲ့လို့ အခုလိုမျိုးပြန်ပြီးတော့ကြုံရတာဖြစ်တယ်” လို့ ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လက်ရှိတွင် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ ပြန်ဝင်လာသည့် မြန်မာနိုင်ငံသား ၄ ဦးတွင် ကိုဗစ်ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ပိုး စစ်ဆေးတွေ့ရှိထားကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment