31th Dec 2021 - Morning Daily News by Radio NUG

ဒီဇင်ဘာလ ၃၀ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အာဏာသိမ်းစစ်ကောင်စီကိုအပြတ်တိုက်ဖို့အချိန်ရောက်ပီလို့ KNU ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနမှ ဖဒိုစောတောနီက ပြောကြား
📌အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံအုပ်ကြီးများက လောင်းကစားဝိုင်းများဖွင့်ကာ စစ်ကောင်စီအတွက်ငွေရှာပေး
📌အရပ်သားတွေအပေါ် စစ်ကောင်စီကပစ်မှတ်ထားသတ်ဖြတ်နေမှုကို လက်ခံနိုင်စရာမရှိဘူးလို့ EU ကထုတ်ဖော်ပြောကြား

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အာဏာသိမ်းစစ်ကောင်စီကိုအပြတ်တိုက်ဖို့အချိန်ရောက်ပီလို့ KNU ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနမှ ဖဒိုစောတောနီက ပြောကြားလိုက်ပါတယ်

ငြိမ်းချမ်းရေးမြို့သစ်လို့တင်စားထားတဲ့ မြဝတီမြို့တောင်ဘက် ကိုးမိုင်အကွာက လေးကေကော်မှာ ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေတုန်းပါပဲ။
အာဏာသိမ်းအုပ်စုရဲ့ဖမ်းဆီးသတ်ဖြတ်မှုဘေးရန်ကို ရှောင်တိမ်းမှီခိုနေတဲ့ ဒီမိုကရေစီလိုလားသူတွေကို စစ်ကောင်စီက နယ်မြေကျူးကျော်ဖမ်းဆီးရာကစခဲ့တဲ့တိုက်ပွဲဟာ စစ်ဘေးရှောင်သောင်းချီတဲ့ပမာဏထိဖြစ်စေခဲ့ပီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း များပြားခဲ့ပါတယ်။ တိုက်ပွဲတိုင်းလိုလိုမှာ စစ်ဖြစ်တိုင်းလေကြောင်းတိုက်ခိုက်မှုတွေကိုအားကိုးတဲ့ စစ်ကောင်စီကတော့ နိုင်ငံတကာရဲ့တောင်းဆိုချက်တွေကိုဂရုမစိုက်ဘဲ ဗုံးကြဲတိုက်ခိုက်ပါတယ်။ ရက်သတ္တပတ်နှစ်ပတ်ကျော်လာခဲ့တဲ့ တိုက်ပွဲဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာလည်း ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ကော့ကရိတ်မြို့နယ်၊ အံကလော်ကျေးရွာအပေါ်ဖက်တောင်ခြေ မြိုင်ကလေးနှင့် မနွယ်ကြားသို့ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ကူပြီး ထိုးစစ်ဆင်မှုပြုလုပ်လာသဖြင့် KNLAတပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကရင်သတင်းရင်းမြစ် ကော့ကရိတ်သတင်းစဉ်က သတင်းဖော်ပြပါတယ်။
Radio NUG က ကြည့်ရှုရတဲ့ ရုပ်သံဖိုင်များအရဆိုရင်လည်း လေးကေကော်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်း တိုက်ပွဲပြန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို လက် နက်များ၊ ကားနှင့်အတူ အရှင်ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာတော့ အာဏာသိမ်းစစ်အုပ်စုဘက်က ဝါဒဖြန့်တဲ့ မြန်မာ့အလင်းသတင်းစာမှာ လေးကေကော်အခြေအနေနဲ့ပက်သက်ပီးသတင်းများ နေရာယူခဲ့ပါတယ်။ အဆိုပါသတင်းတွေထဲမှာ အကြမ်းဖက်လုပ်ဆောင်နေသည့် CRPH NUG နှင့် PDF အကြမ်းဖက်သမားများအားဖော်ထုတ်ဖမ်းဆီးထိန်းချုပ် - ဒေသခံပြည်သူများပြန်လည်နေထိုင်ရေးလိုအပ်သည်များ ဆောင်ရွက် ဆိုတဲ့ခေါင်းစဉ်နဲ့ အာဏာသိမ်းစစ်တပ်က ၎င်းထိန်းချုပ်ထားတဲ့မီဒီယာပေါ်ကနေ ရေးသားပါတယ်။ အဲ့ဒီလိုသတင်းထုတ်ဖော်မှုနဲ့ပက်သက်ပီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ခံ ဖဒိုစောတောနီက စစ်ကောင်စီအဖွဲ့ဟာ ခေတ်အဆက်ဆက်ကတည်းက သူခိုးလူဟစ်တာမျိုးကိုခုထိလုပ်နေတုန်းပဲဖြစ်ကြောင်း ၊ ဒါ့အပြင် NCA ကိုလည်းဘယ်တော့မှမလိုက်နာခဲ့တဲ့စစ်ကောင်စီကို အပြတ်တိုက်ဖို့အချိန်ရောက်နေပီဆိုတဲ့အကြောင်းခုလိုရှင်းပြထားပါတယ်။

“ အဲ့ဒီ့ကိစ္စနဲ့ပက်သက်ပြီးတော့ ပထမဆုံးနေနဲ့ အကြမ်းဖက်ဆိုတဲ့ စကားလုံးကို ကျနော်ပြောချင်တယ် အကြမ်းဖက်.. ဘယ်သူက အကြမ်းဖက်လည်းဆိုတာ တတိုင်းပြည်လုံးလည်းသိတယ်. လူတွေသတ်ဖြတ်နေတာတေ. အဲ့ဒါလည်း အိမ်ကလူကိုညကြီးမည်းကြီးဆွဲထုတ်ပြီးတော့ မနက်ကျအလောင်းပြန်ယူတဲ့. အဲ့ဒါတွေလုပ်တာလည်ရိုးနေပြီ. လုပ်နေတဲ့ဟာတွေ တကမ္ဘာလုံးလည်းသိတယ် တတိုင်းပြည်လုံးလည်းသိတယ်. ဆိုတော့ အကြမ်းဖက်သမားက သူ့ကိုယ်သူ အကြမ်းဖက်သမားမှန်း သူ့ကိုယ်သူအခုထိမသိသေးဘူးလား. အဲဒါကတော့နည်းနည်းလွန်လာပြီနော် ကျနော် အဲ့ဒါပဲပြောချင်တယ်. ဒါပထမဆုံးအချက် အကြမ်းဖက်သမားကဘယ်သူလဲ စစ်ကောင်စီဟာ အကြမ်းဖက်သမားစစ်စစ်ဗျ. ကိုယ်လူထုလည်းကိုယ်ပြန်သတ်နေတဲ့လူတွေ အဲ့ဒါတကယ့် အစစ် အကြမ်းဖက်သမားတွေ. နံပါတ် ၂ အချက် NCA ကိုဖျက်စီးတယ်ဆိုတဲ့နေရာမှာ အဲ့မှာ KNU KNLA ကို အကြမ်းဖက်သမားဆိုပြီးတော့ NCA ကိုဖျက်စီးတယ်. ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဥ်ကာလတလျောက်လုံးမှာ ကျနောတို့ KNU ဟာ တကယ်စိတ်နှစ်ပြီးတော့လုပ်ဆောင်ခဲ့ပါတယ် ဘယ်လောက်ပဲ အခက်အခဲအတားအဆီးတေဘယ်လောက်ပဲရှိရှိ ကျနော်တို့သည်းခံပြီးတော့လုပ်ခဲ့တယ်. ငြိမ်းချမ်းရေးဖြစ်စဥ်ကို ငြိမ်းချမ်းရေးဖြစ်စဥ်နဲ့တူအောင်ကျနော်တို့လုပ်ခဲ့တယ် သို့သော်ငြားလည်းပဲ စစ်တပ်ဘက် အထူးသဖြင့်ဒီက စစ်ကောင်စီကိုနော် နောက်ဆုံးကျတော့အာဏာသိမ်းတာနဲ့ ငြိမ်းချမ်းရေးဖြစ်စဥ်တစ်လျောက်လုံးမှာ ကန့်လန့်လုပ်တာ တောက်လျောက်ပဲ ငြိမ်းချမ်းရေးဖြစ်စဥ်မှာ အထူးသဖြင့် NCA မှာပါတဲ့ အခန်းတေ. NCA အခြေခံမူကိုလည်းလုံးဝဖျက်စီပြစ်လိုက်တယ်. နော် နိုင်ငံရေးယဥ်ကျေးမှုအသိနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ဖြေရှင်းမယ် သူတို့ကိုယ်တိုင်ဝန်ခံပြီးတော့လက်မှတ်ထိုးထားတဲ့ဟာ လုံးဝအဲ့ဒါ အခြေခံမူကိုလုံးဝဖျက်စီးပြစ်လိုက်ပြီးတော့ အခု NCA ထဲမှာပါတဲ့ အခန်းအားလုံးကို တစ်ခါတည်းတစ်ခန်းမှ ရစရာမရှိအောင် အကုန်လုံး ဘာမှအဖြေမထွက်အောင် ၅ နှစ် ၆ နှစ်အတွင်းမှာ. တကယ်တမ်း စိတ်စေတနာရှိမယ်ဆို ၅ နှစ် ၆ နှစ်အတွင်းမှာ အဖြေရလာဒ်ဟာကောင်းကောင်းထွက်ပါတယ်. တောက်လျောက်ဖျက်စီးလာတဲ့အခါကျတော့ အခန်း ၃ အခန်း ၄ ဆိုရင် တပ်ချင်းတပ်တွေ့ရမယ့်ကိစ္စလည်း လုံးဝအတွေ့မခံဘူးဗျာ နောက်ပြီးတော့ လူထုကိုပါ အကာအကွယ်ပေးရမယ့်အပိုင်းမှာလည်းရှိတယ် အဲ့ အခန်း ၃ အခန်း ၄ ထဲမှာလည်း ဒီလူထုကို အကာအကွယ်ပေးရဖို့. အခုဟာနေ့တိုင်းလို လူထုကို ဒီလက်နက်ကြီးတေတဲ့ လေယာဥ်ပျံတေနဲ့ လူထုရှိတဲ့နေရာပဲလိုက်ပြီးတော့ ပစ်ချနေတော့ လူထုကလည်းသေနေတာ အဲ့ဒါဘယ်လိုဘာလူထုကို အကာအကွယ်ပေးတာလဲ. အဲဒါလာလိုက်သေးတ​ယ် Rule of engagement ဆိုပြီးတော့ စစ်မြေပြင်မှာလိုက်နာစောင့်ထိန်းရမယ့် စည်းမျဥ်းစည်းကမ်းဆိုတာ သူကလာသေးတယ် စစ်မြေပြင်မှာလိုက်နာရမယ့် စည်းမျဥ်းစည်းကမ်းဆိုတာ လူထုကိုသတ်တာလား. နော် ကျနော်အဲ့ဒါပဲပြောချင်တယ်. အဲ့ဒါကြောင့်မို့လို့ NCA ဖျက်စီးတယ်ဆိုတာ နောက်ဆုံးကျတော့ဗျာ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဥ်တလျောက်လုံးမှာ အစဖော်ပေးတာ အဲ့ NCA လက်မှတ်ထိုးတာနေစပြီးတော့ နိုင်ငံရေးဆွေးနွေပွဲသွားတာပဲ ဒါပေမယ့် ဘယ်လောက်ပဲ အခက်အခဲ အကျပ်အတည်းတွေဘယ်လောက်ပဲရှိရှိ ကျနော်တို့သည်းခံပြီးလုပ်လာခဲ့တဲ့အပေါ်မှာ နောက်ဆုံးကျတော့ ၂၀၂၁ လည်းရောက်ရော သူ့ဟာက ဟိုအကြောင်းပြ ဒီအကြောင်းပြ တစ်ခါတည်းအာဏာထသိမ်းလိုက်တာ. အာဏာထသိမ်းကတည်းကိုက ကျနော်တို့ဘယ်လိုမှလက်ခံလို့မရဘူး အာဏာထသိမ်းတည်းကိုက NCA ကိုဖျက်စီးလိုက်တာက သူပဲ. NCA ကိုဖျက်စီးလိုက်တာ စစ်ကောင်စီ စစ်စစ်ဆိုတာ တကမ္ဘာလုံးကိုပြလိုက်တာ အဲ့ဒါမို့လို့ ကျနော်ပြောချင်တာကတော့ နော်. သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒီနေရာမှာ တကယ်မှန်တယ် ဗမာစကားက. ဒီနေ့ ဒီချိန်ခါမှာ ဘယ်သူက သူခိုးလည်း ဘယ်သူက အိမ်ရှင်လည်းဆိုတာ အဲဒါကို သေသေချာချာကွဲကွဲပြားပြားသိပြီးတော့ ကိုယ့်ကိုယ်တော်လှန်ရေးသမားလို့ယူဆပြီးတော့ ကိုယ့်ကိုယ်တော်လှန်ရေးသမားတစ်ယောက်လို အကုန်လုံးခံယူကြပြီးတော့ ဒီစစ်ကောင်စီဆိုတာ အပြတ်တိုက်ဖို့ဆိုတာ အချိန်ရောက်နေပါပြီ. အဲ့ဒါမို့လို့ ဒီလို မိုးလုံးပြည့်မုသာဝါဒကို တောက်လျောက်ပြောနေတဲ့ စစ်ကောင်စီနဲ့ ကျနော်တို့ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူးဆိုတာ ရှင်းရှင်းဖော်ပြလိုက်တာပဲ ဗျ ”

ကရင်အမျိုးသားတွေဟာ အတင်းအဓမ္မလုယက်ခံထားရတဲ့ မိမိတို့အခွင့်အရေးတွေကို ပြန်လည်ရယူပီး အမျိုးသားအခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေတဲ့ မတရားတဲ့နိုင်ငံရေးစနစ်တွေကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ရမယ်လို့ ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကပြောပါတယ်။
ကရင့်သက္ကရာဇ်အနေနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ကျရောက်မယ့် ၂၇၆၁ ခုနှစ် ကရင့်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအ ရုံးဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက သဝဏ်လွှာပေးပို့ရာမှာခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိနိုင်ငံရေးအခြေအနေမှာ မိမိကိုယ်ကို ကရင်အမျိုးသားလို့ ခံယူနေကြတဲ့ ကရင်အမျိုးသားတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ အမျိုးသားအကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်ကြရမယ်လို့ ကေအဲန်ယူဥက္ကဌက တိုက်တွန်းသွားပါတယ်။ လေးကေကော်မြို့သစ်နှင့်အနီးတဝိုက်ဒေသများက ပြည်သူတွေဟာ စစ်ကောင်စီရဲ့လေကြောင်းရန်ကို ကြောက်ရွံ့တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို လေယာဉ်သံနှင့် လက်နက်ကြီးသံကြားတိုင်းပြေးရှောင်နေကြရတာဖြစ်ပီး KNLA KNDO PDF ပူးပေါင်းတပ်ဖွဲ့တွေကတော့ အင်အားတိုးချဲ့လာနေတဲ့ အကြမ်းဖက်အာဏာသိမ်းအဖွဲ့ရဲ့ ကျူးကျော်မှုတွေကိုဆက်လက်ခုခံတွန်းလှန်နေကြဆဲ ဖြစ်ပါတယ်။

========================

📌📌အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံအုပ်ကြီးများက လောင်းကစားဝိုင်းများဖွင့်ကာ စစ်ကောင်စီအတွက်ငွေရှာပေးနေကြပါတယ်

အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံတကာကပိတ်ဆို့အရေးယူမှုအပါအဝင် မြန်မာပြည်သူလူထုတရပ်လုံးက စစ်တပ်နှင့်ဆက်စပ်သည့် မည်သည့်စီးပွားရေးလုပ်ငန်းကိုမဆို အထောက်အပံ့မဖြစ်စေရန် ဝယ်ယူသုံးစွဲဝန်ဆောင်မှုပေးခြင်းများကို ရပ်တန့်ခဲ့ကြပါတယ်။ ဆက်လက်ပီးတော့ စစ်ရာဇဝတ်မှုများကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတဲ့ စစ်ကောင်စီအပေါ် နောက်ထပ်အရေးယူမှုအသစ်တွေ လုပ်ဆောင်ဖို့အသင့်ရှိတယ်လို့လည်း အီးယူအဖွဲ့က ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ဖော်သတိပေးလိုက်ပါတယ်။
Justice for myanmar အဖွဲ့ကဦးဆောင်ပီး သွေးစွန်းငွေစီးဆင်းမှုရပ်တန့်ရေးလှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန်ကြိုးစားနေသလို အဓိကဒေါက်တိုင်များဖြစ်တဲ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေစီးဆင်းမှုများကို ဖြတ်တောက်ရန်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း​ဆောင်ရွက်လျက်ရှိနေပါတယ်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့မှာတော့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး အချို့ဟာ လောင်းကစားဝိုင်းများ လုပ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရံပုံငွေရှာပေးနေရတယ်လို့ ဒေသခံများ က ပြောပါတယ်။ စစ်ကောင်စီရဲ့အထိုင်တပ်နှင့် နယ်မြေရဲစခန်းများက တပ်ဖွဲ့ဝင်များအတွက် ရံပုံငွေ ရှာပေးရန် ဖိအားပေးမှုကြောင့် ဒေသခံများထံ ငွေကြေး မကောက်ခံလို၍ "ဒေသဖွံ့ဖြိုးရေး ရံပုံငွေ" ခေါင်းစဉ်ဖြင့် လောင်းကစားပွဲများလုပ်လာရတာဖြစ်ပါတယ် ။ ခုလိုလုပ်နေရတာဟာ အကောက်ကောက်ပီးငွေစုနေရခြင်းဖြစ်တယ်လို့ အုပ်ချုပ်ရေး အဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောပါတယ်။
"အထိုင်တပ်နဲ့ နယ်မြေရဲစခန်းကို တစ်ပတ် ၅ သိန်း ပေးရတယ်။ နယ်ထိန်း၊ စရဖ(စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့)၊ အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့)၊ ဒန (ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့) စတာတွေကို လည်းပေးရတယ်" လို့ အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦး က ပြောပြပါတယ်။ ညောင်တုန်းမြို့နယ်ရှိ ဆားမလောက်၊ ကုလားကုန်း၊ တာဝ၊ ငှက်ပျောကျွန်း၊ သဇင်ရေကျော်၊ မဲဇလီ၊ ပန်တိုင် စ သည့် ကျေးရွာများတွင် နေ့စဥ်နှင့်အမျှ လောင်းကစားဝိုင်းများ ရှိနေပါတယ်။
ယခင်က ၎င်းကျေးရွာများတွင် စနေနေ့ နှင့် တနင်္ဂနွေနေ့နှစ်ရက်အတွင်းသာ အာဝါဒေး (Our Day)ပွဲ ဟုဆိုကာ ကြက် တိုက်၊ နွားတိုက်၊ လှေပွဲ၊ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် စသည့် လောင်းကစားပွဲများလုပ်ခဲ့ကြတာပါ။ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်းရှိ အိန္ဒဲတိုက်နယ်အုပ်ချုပ်ရေးမှူးရုံးအတွင်းမှာလည်း ဇာတ်ပွဲများကိုမကြာခဏသွင်းကာ ဇာတ်ပွဲကြည့်သူနည်းပေမယ့် တာလပတ်များကာရံပီး လောင်းကစားခြင်းမျိုးစုံကို ဒီဇင်ဘာလ ၃၀ ရက်နေ့ထိကျင်းပနေကြတယ်လို့သိရပါတယ်။
စားဝတ်နေရေးကျပ်တည်းနေကြတဲ့ကာလဖြစ်တဲ့အပြင် လောင်းကစားဝိုင်းများရဲ့ နှိပ်စက်မှုကြောင့် အဆိုပါဒေသများမှာလှေ၊ စက်လှေ၊ ရေတင်စက်၊ နွား၊ ဆိုင် ကယ် စသည်တို့ မကြာခဏ အခိုးခံနေရပြီး ဒုစရိုက်မှုများထူပြောလာနေပါတယ်။ ဒုစရိုက်မှုများ ဖောက်ထွင်းမှုများအတွက် သွားရောက်တိုင်ကြားသော်လည်း ရဲစခန်းတွေက တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ဒေသအချို့ကပြောပါတယ်။ ကရင်ပြည်နယ်တွင်းကမြို့နယ်အချို့မှာ ရိုးရာပွဲနှင့်ဘာသာရေးအကြောင်းပြပီး လောင်းကစားဝိုင်းများစည်ကားနေပေမယ့် လေးကေကော်ဒေသမှာတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံတိုင်းရင်းသားများ သောင်းဂဏန်းထိ စစ်ဘေးဒုက္ခသည်ဖြစ်ခဲ့ရပါတယ်။ စစ်ကောင်စီနှင့်အဖွဲ့ကတော့ ပြည်သူတွေကို လောင်းကစားများဇာတ်ပွဲများဖြင့် နိုင်ငံရေးစုံလုံးကန်းစေရန် ကြိုးပမ်းတဲ့အနေနဲ့ အခုလို ဇာတ်ပွဲများ အာဝါဒေးပွဲများဖြင့် နစ်မြုပ်နေစေတဲ့အပြင် စစ်တပ်နှင့်ရဲများအတွက်လည်း တဖက်မှဝင်ငွေရရန် ကြံစည်နေကြကြောင်းသိရပါတယ်။

========================

📌📌အရပ်သားတွေအပေါ် စစ်ကောင်စီကပစ်မှတ်ထားသတ်ဖြတ်နေမှုကို လက်ခံနိုင်စရာမရှိဘူးလို့ EU ကထုတ်ဖော်ပြောကြားလိုက်ပါတယ်

ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်မှက လူပေါင်း ၃၅ ယောက်ကျော် သတ်ဖြတ် မီးရှို့ခဲ့တဲ့ဖြစ်စဉ်တခုဟာ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားများ ဖမ်းဆီးခံထားရတာကို သွားရောက်စေ့စပ်ဖို့သွားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦးကိုလည်း စစ်ကောင်စီကဖမ်းဆီးပီး သတ်ဖြတ်လိုက်ပါတယ်။ ခုလို ဖြစ်စဉ်မှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားသတ်ဖြတ်နေမှုအတွက် ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ အရေးပေါ် လိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြတာ ဖြစ်တယ်လို့ အီးယူ ဥရောပ သမဂ္ဂက ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဘက်က ကျူးလွန်ခဲ့တဲ့ အင်မတန်ဆိုးရွားတဲ့ အဲဒီအကြမ်းဖက်မှုအတွင်း သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအ၀င် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးနေတဲ့ Save the children အဖွဲ့ကြီးမှ ဝန်ထမ်းနှစ်ဦးလည်းပါဝင်ခဲ့ပါတယ်။
ခုလိုအရပ်သားတွေကိုသာမကဘဲနဲ့ နိုင်ငံတကာအကူညအညီပေးရေးအဖွဲ့တွေကိုပါ တိုက်ခိုက်သတ်ဖြတ်နေမှုဟာ လက်သင့်ခံစရာမရှိဘဲ နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့ အီးယူ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ဂျိုးဆက် ဘိုဝဲလ်က ပြောပါတယ်။ (ကရင်နီပြည်နယ်) တွင်သာမက ကရင်ပြည်နယ် စစ်ကိုင်းတိုင်းဒေသနှင့် မြန်မာနိုင်ငံအတွင်းက နေရာတော်တော်များများမှာ အရပ်သားတွေဟာ လူပေါင်းထောင်ချီ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း အီးယူဘက်က ထောက်ပြပါတယ်။
ဒီအတွက် လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို အတားအဆီးမဲ့ရရှိဖို့ အကူအညီပေးရေးဝန်ထမ်းအပါအဝင် ဆေးဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုရှိဖို့ကိုလည်း အပြည့်အဝကာကွယ်ပေးရမယ်လို့ ဆိုပါတယ် ။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းပြီးနောက်မှစလို့ လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေဆဲစစ်တပ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း လက်နက်တင်ပို့မှု တားဆီးရေးအစီအမံတွေကို လုပ်ဆောင်ဖို့လိုနေပီဖြစ်ကြောင်း ပြောတဲ့အပြင် အီးယူအနေနဲ့လည်း အာဏာသိမ်းမြန်မာစစ်တပ်အပေါ် နောက်ထပ်အရေးယူမှုတွေစတင်ဖို့ အသင့်ရှိနေတယ်လို့လည်း ပြောကြားသွားတာပါ။
အစောပိုင်းကတည်းကတော့ အီးယူဟာ မြန်မာစစ်ခေါင်းဆောင်တွေ စစ်တပ်ပိုင် ကုမ္ပဏီလုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့သလို အစိုးရကို ပေးနေတဲ့ အီးယူရဲ့ ဘဏ္ဍာရေး အကူအညီတွေကိုလည်း ရပ်ဆိုင်းခဲ့ပါသေးတယ်။ နေပြည်တော်မှာရှိတဲ့ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရုံးခန်းကို စစ်တပ်က ပိတ်သိမ်းခဲ့ကြောင်း ကြေငြာခဲ့ပေမယ့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေစတင်နိုင်ဖို့ အီးယူအနေနဲ့ ထောက်ခံအားပေးကြောင်း ပြောပါတယ် ။ အီးယူအဖွဲ့ဟာ မြန်မာနိုင်ငံတွက်လူသားချင်းစာနာမှုအကူအညီတွေကို ဆက်လက်ထောက်ပံ့မှာဖြစ်တယ်။ စစ်ဘေးရှောင်များနှင့် ပဋိပက္ခခံစားနေရသူတွေ ကိုဗစ်ကပ်ဘေးဆိုက်နေတဲ့ ပြသနာများတွက် ယခုနှစ်အတွင်းယူရို ၂၄.၅ သန်းသုံးစွဲသွားမယ်လို့လည်း ထုတ်ဖော်ပြောကြားသွားပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment