ဒီဇင်ဘာလ ၃၀ ရက်နေ့ ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌မြန်မာဘက်မှဗုံးများကျလာမည်ကို ထိုင်းဒေသခံများစိုးရိမ်နေ
📌ရှမ်းပြည်မှာ မွေးမြူရေးပျားအုံတွေ ဖျက်ဆီးခံရမှု ပိုများလာနေ
📌၂၀-၂၁ ဘဏ္ဍာနှစ်တွင် ခရီးသွားအခြေပြု Amata လုပ်ငန်း၏ ဝင်ငွေအလုံးစုံ ကျပ် ၁၀ ဘီလီယံအထိ အရှုံးပေါ်
📌မြန်မာ့သစ်သီး၀လံတွေကို ယခုနှစ်ပြည်ပ၀ယ်ယူမှုပမာဏအနည်းငယ်သာရှိခဲ့
📌၂၀၂၂ နှစ်ဆန်းမှ စတင်ပြီး Radio NUG လေလှိုင်းအချိန် ပြောင်းလဲ ထုတ်လွှင့်သွားမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြန်မာဘက်မှဗုံးများကျလာမည်ကို ထိုင်းဒေသခံများစိုးရိမ်နေ
ထိုင်း-မြန်မာနယ်စပ်မှ တက်ခရိုင်ရှိ မဲဆောက်နဲ့ဖော့ဖရာတို့တွင် နေထိုင်ကြနေကြတဲ့ ထိုင်းနိုင်ငံသားများက မြန်မာစစ်အုပ်စုတပ်ဖွဲ့၀င်တွေနဲ့ ကရင့်အမျိုးသားအစည်းအရုံး(ကေအန်န်ယူ)တို့ကြား အချိန်ကြာနေတဲ့တိုက်ပွဲတွေကနေ ဗုံးတွေကျလာမှာကိုစိုးရိမ်နေကြပါတယ်။
တက်ခရိုင်နဲ့မျက်နှာချင်းဆိုင်တွင် တိုက်ပွဲတွေမှာ ၂ ပတ်ကျော်ကြာအောင် လက်နက်ကြီး တွေနဲ့ပစ်ခတ်နေပြီး တိုက်ပွဲအရှိန်ပြင်းထန်ကာ တနင်္လာနေ့မှာ နှစ်ဖက်အထိအခိုက်များရှိခဲ့ပါတယ်။
ထိုင်းဘက်ကိုထွက်ပြေးကြတဲ့မြန်မာစစ်ရှောင် ၃ ယောက်လည်း ဗုံးဆံထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရထားပြီး သူတို့ကို မဲဆောက်ဆေးရုံတွင် ကုသမှုပေးနေပါတယ်။
ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာလည်း မဲဆောက်မြို့သက်ဆိုင်ရာတွေက စစ်ရှောင်ကရင်ဒုက္ခသည် ၁၀၁၅ ယောက်ကို အရင်ကရောက်ရှိထားတဲ့စစ်ရှောင်တွေထံပို့ဆောင်ပေးပြီး ပိုလုံခြုံတဲ့နေရာတွေမှာ အထောက်အပံ့များပေးထားကြောင်း သိရပါတယ်။
ထိုအစုအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ ရက်က ထိုင်းဘက်ကိုထွက်ပြေးခဲ့တဲ့ကရင်စစ်ရှောင်များအနက် နောက်ဆုံးဖြစ်ပါတယ်။
မဲဆောက်နဲ့ဖော့ဖရာမှ နယ်စပ်နဲ့နီးတဲ့ရွာတွေမှာလက်နက်ငယ်ကျည်တွေနဲ့ လက်နက်ကြီးကျည်များကျပြီးနောက်ပိုင်း ထိုင်းစစ်သားများကလည်း ယာယီစခန်းများပြုလုပ်ပြီး ဒေသခံများကို ကာကွယ်ပေးနေလျက်ရှိနေပါတယ်။
========================
📌📌ရှမ်းပြည်မှာ မွေးမြူရေးပျားအုံတွေ ဖျက်ဆီးခံရမှု ပိုများလာနေ
၂၀၂၁ခုနှစ်အတွင်း ရွှေ့ပြောင်းမွေးမြူတဲ့ ပျားအုံတွေ တစ်နိုင်လုံးအတိုင်းအတာနဲ့ ဖျက်ဆီးခံရမှုပိုများလာပြီး ဝန်ကြီးဌာနပိုင်းဘက်က ကူညီကာကွယ်ပေးမှုတွေ လုံးဝမရှိဘူးလို့ပုဂ္ဂလိက ပျားမွေးမြူသူတွေကဆိုပါတယ်။
အဲဖျက်စီးခံရတဲ့ထဲမှာမှ ရှမ်းပြည်နယ်ဟာ အဆိုးရွားဆုံးဖြစ်နေပါတယ်။ရမ်းကာသူအချို့ကြောင့် နှစ်စဥ်လိုလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျားအုံပေါင်းထောင်ချီ ဖျက်စီးခံရပေမယ့် အခု ရှမ်းပြည်မြောက်ပိုင်းရှိ နောင်ချိုမြို့က ပန်းနှမ်းပျားစားကျက်တစ်ခုမှာတင် ပျားအုံပေါင်း ၁၀၀ ကျော် အထိဖျက်စီးခံခဲ့ရတာဖြစ်ပါတယ်။
"ဝတ်ရည်စုပျားတွေရဲ့ ဝတ်မှုံကူးဝန်ဆောင်မှုအကြောင်းကိုနားမလည်ကြတာက အဓိကပြဿနာပဲဗျ။ အဲ့ဒီကျတော့ ဒီပျားတွေကြောင့်သူတို့စိုက်ခင်းတွေ ပျက်စီးတယ်ဆိုတဲ့ အတွေးကြောင့် ပျားအုံတွေဖျက်ဆီးခံရတာ။ မီးပုံရှို့တယ်၊ပိုးသတ်ဆေးဖျန်းတယ်၊ပုံစံမျိုးစုံနဲ့ဖျက်ဆီးခံရပေမဲ့ ဝန်ကြီးဌာနပိုင်းက ဘာကိုမှကူညီကာကွယ်ပေးတာမရှိဘူး"လို့ ရှမ်းပြည်က ပျားအုံပေါင်း ၇၀၀ မွေးမြူထားသူပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
အဲဒီလို ပျားအုံဖျက်ဆီးခံရမှုတွေဟာ ပျားမွေး မြူရေးဌာန စတင်ဖွဲ့စည်းတဲ့ ၁၉၈၂ ခုနှစ်ကတည်းကစတင်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အစိုးရအဆက်ဆက်က ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သလို NLD အစိုးရလက်ထက်မှာဖြေရှင်းနိုင်ဖို့ စီမံချက်တွေချထားပေမဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် အကူအညီမဖြစ်ခဲ့ဘူးလို့ လုပ်ငန်းရှင်တွေက ထောက်ပြနေပါတယ်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မြန်မာတစ်နိုင်ငံလုံးမှာ မွေးမြူရေးပျားအုံပေါင်း တစ်သိန်းခွဲကျော်အထိရှိပြီး ပုဂ္ဂလိကမွေးမြူသူထောင်နဲ့ချီ ရှိခဲ့ပေမဲ့ ၂၀၂၀ ခုနှစ် နှစ်လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဗာရိုဝါဂျက်ကော့ဆိုနီကပ်ပါးမွှားရောဂါကျရောက်မှုကြောင့် ပျားအုံပေါင်းသောင်းနဲ့ချီ ပျက်စီးခဲ့ပြီး လုပ်ငန်းရှင် ၅၀ ရာခိုင်နှုန်းနီးပါးလျော့ကျသွားတယ်လို့ သိရပါတယ်။
========================
📌📌၂၀-၂၁ ဘဏ္ဍာနှစ်တွင် ခရီးသွားအခြေပြု Amata လုပ်ငန်း၏ ဝင်ငွေအလုံးစုံ ကျပ် ၁၀ ဘီလီယံအထိ အရှုံးပေါ်
ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ရန်ကုန်စတော့အိတ်ချိန်း(YSX)စာရင်းဝင် ခရီးသွားအခြေပြုအများပိုင်ကုမ္ပဏီဖြစ်တဲ့ Amata လုပ်ငန်းရဲ့ စုစုပေါင်းဝင်ငွေအလုံးစုံက ကျပ် ၁၀ ဘီလီယံ အရှုံးပေါ်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးရှင်းတမ်းအပေါ် အခြေခံထားတဲ့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၉-၂၀ ဘဏ္ဍာနှစ်က ဝင်ငွေအလုံးစုံ ကျပ် ၁.၅ ဘီလီယံ အမြတ်ရရှိခဲ့သော်လည်း ၂၀-၂၁ ဘဏ္ဍာနှစ်မှာတော့ ၇၅၇.၄ ရာခိုင်နှုန်းအထိ အနှုတ်လက္ခဏာပြခဲ့ပြီး ကျပ် ၁၀ ဘီလီယံ အရှုံးပေါ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Amata ရဲ့ ဝင်ငွေတွေအပေါ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ထိန်းချုပ်လို့ မရနိုင်တဲ့ အခြေအနေတွေက ကြီးမားစွာ ထိခိုက်စေခဲ့ပြီး အမြတ်အစွန်းရရှိမှုလည်း ကျဆင်းခဲ့တယ်လို့ လေ့လာဆန်းစစ်ချက်မှာ ဖော်ပြထားပါတယ်။
ယခင်ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် လုပ်ငန်းမှ ရရှိတဲ့ ဝင်ငွေက ၉၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ရပြီး ဝင်ငွေကျဆင်းခြင်းရဲ့ အဓိကအကြောင်းအရင်းက လျှပ်စစ်မီးပုံပျံလုပ်ငန်းမှ ဝင်ငွေရရှိမှု ၁၀၀ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းအမြတ်ကလည်း ယခင်နှစ်ထက် ၉၇.၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အခြားဝင်ငွေက ၆၂.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ လက်အောက်ခံ UIG ကုမ္ပဏီက Amata International Company (AIC) ထံ အင်းလေးဟိုတယ်ရဲ့ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းခြင်းအတွက် ပေးရန်ရှိတဲ့ ကျပ် ၂ ဘီလီယံကို စာရင်းချေမှု ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ရှယ်ယာရှင်တွေရဲ့ စုစုပေါင်းပိုင်ဆိုင်ခွင့်လည်း ၁၉-၂၀ ဘဏ္ဍာနှစ်ထက် ၃၀.၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်မှာ ကုမ္ပဏီအရှုံးပေါ်လို့ ယခင်အမြတ်လက်ကျန်မှ ကျပ် ၉.၉ ဘီလီယံကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
လုပ်ငန်းစုတွင် လုပ်ငန်းချဲ့ထွင်ဖို့ လုံလောက်တဲ့ ငွေကြေးအရင်းအမြစ်တွေရှိပြီး အစုရှယ်ယာရှင်များရဲ့ ပိုင်ဆိုင်မှုမှလည်း ဘဏ္ဍာငွေဖြည့်တင်းနိုင်သလို ဟိုတယ်လုပ်ငန်းတွေ ချဲ့ထွင်ဖို့ နိုင်ငံခြားငွေနဲ့ ချေးယူထားတဲ့ ချေးငွေတွေ ရှိကြောင်း ဥက္ကဌ ဦးဝင်းအောင်က ပြောကြားထားပါတယ်။
========================
📌📌မြန်မာ့သစ်သီး၀လံတွေကို ယခုနှစ်ပြည်ပ၀ယ်ယူမှုပမာဏအနည်းငယ်သာရှိခဲ့
မြန်မာ့သစ်သီး၀လံတွေကို ယခုနှစ် ပြည်ပ၀ယ်ယူမှု ပမာဏအနည်းငယ်သာရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
“အခုနှစ်ကတော့ exportသိပ်မထွက်ဘူး။ နောက်နှစ်ခါတော့ ပြန်ပို့နိုင်အောင်ကြိုး စားနေကြတယ်။ ပြည်တွင်းစျေးကွက်မှာလဲ အခြေအနေက သိပ်ကောင်းတယ်လို့တောပြောလို့ မရဘူး"လို့ MFVP အတွင်းရေးမှူး ဦးကျော်သူကဆိုပါတယ်။
မြန်မာ့ သစ်သီး၀လံပို့ကုန်တင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်းထိ တရုတ်စျေးကွက်ကို အားထား တင်ပို့နေခြင်းဖြစ်ရာ ကိုဗစ်ကြောင့် တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ယခုနှစ် သစ်သီး ၀လံတင်ပို့မှုလျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာ့သစ်သီးပို့ကုန်တွေကို အင်္ဂလန်၊ ယူအေအီးအပါအ၀င် စျေးကွက်သစ်များ ချိတ်ဆက်နိုင်ခဲ့သော်လည်း ကွန်တိန်နာရရှိမှုအခက်အခဲ၊ ငှားရမ်းခစျေးကြီးမြင့်နေခြင်းနဲ့ ဘဏ် ငွေရေး၊ကြေးရေး ပြသာနာများကြောင့် တင်ပို့နိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
“စင်ကာပူ ကမ်းလှမ်းတာတွေရှိတယ်။ စျေးကမရဘူး။ စျေးမရတော့ မကိုက်တော့ ပြည်တွင်း မှာပဲ ရောင်းတယ်။တစ်ခြား ဥရောပဘက်က ၀ယ်မဲ့ဟာတွေကလည်း၊ ကွန်တိန်နာ အခက် အခဲ၊ ဘဏ်ရဲ့ငွေရေးကြေးရေးအခက်အခဲတွေနဲ့ကျတော့ ပို့ဖို့မလွယ်ဖြစ်နေတာ၊ ကွန်တိန်နာရဖို့က အချိန် စောင့်ရသလို၊ စျေးကလဲ အများကြီးတက်သွားတယ်”လို့ဦးကျော်သူက ဆိုပါတယ်။
လာမဲ့ ၂၀၂၀ ခုနှစ်မှာ မြန်မာ့သစ်သီး၀လံ ပို့ကုန်စျေးကွက် အလားအလာက ရောဂါဘေးနဲ့ နိုင်ငံရေးအခြေအနေတွေအပါ်မူတည်နေကြောင်း သစ်သီး၀လံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များကသုံးသပ်ကြပါတယ်။
“မှန်းဖို့ကတော့ အတော်ခက်တယ် ၊ ငွေတန်ဖိုးက ဒီအတိုင်းပဲရှိနေမှာလား၊ ဆက်ကျမှာလား၊ ပြန်တက်မှာလား၊ ဒီအပေါ်မှာမူတည်ပြီး စျေးနှုန်းအပြောင်းအလဲ ဖြစ်သွားမယ်၊ နောက်တစ်ခုက နယ်စပ်ပိတ်ရင်တော့ အခက်အခဲ ဖြစ်ဦးမှာပဲ၊ ကျန်တာတွေအဆင်ပြေရင်တောင်မှ နောက်တစ်ခုက တော့ နိုင်ငံရေးအနေအထား၊ ဘယ်သူမှလဲ အမှန်းနိုင်ဘူး။ အဲအပေါ်မှုတည်ပြီးတော့ အရောင်းအ၀ယ် ဘယ်လိုဖြစ်မလဲ အဲအပေါ်မှာမူတည်တယ်။ အကြမ်းမျဥ်းပြောရရင် ၀ယ်လက်တွေကတော့ ၀ယ်မယ်လို့ ဂတိပေးထားတာတွေရှိတယ်။ ၀ယ်လဲ၀ယ်ချင်ကြတယ်။ ကျွန်တော်တို့ဘက်ကလည်း ပို့မယ်ဆိုရင် ပို့နိုင်တဲ့ အနေအထားရှိတယ်။ ခုနကပြောတဲ့ ဘဏ်အခက်အခဲတို့၊ နိုင်ငံရေးတို့၊ ရောဂါအခြေအနေ၊ ငွေကြေးစျေးနှုန်းတို့အဆင်ပြေရင်တော့ သူ့ဘာသာထွက်သွားမှာပါ”လို့ သူကပြောပါတယ်။
အဆိုပါ မရောရာမှုတွေကြောင့် သစ်သီးဝလံ တောင်သူတွေက စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချရမဲ့ အနေအထားကိုရောက်ရှိနေပြီး၊ အခုနှစ်တွင် ဖရဲ၊သခွားစိုက်ပျိုးတောင်သူများက စိုက်ဧကတွေကို ၁၀ရာခိုင်နှုန်း၀န်းကျင်သာ စိုက်ပျိုးခဲ့ကြပါတယ်။
========================
📌📌၂၀၂၂ နှစ်ဆန်းမှ စတင်ပြီး Radio NUG လေလှိုင်းအချိန် ပြောင်းလဲ ထုတ်လွှင့်သွားမည်
၂၀၂၂ ခုနှစ် နှစ်ဆန်းကစတင်ပြီး Radio NUG ရဲ့ ထုတ်လွှင့်ချိန်၊ လှိုင်းတို နဲ့ မီတာ Band ပြောင်းလဲထုတ်လွှ့င်သွားမှာ ဖြစ်တဲ့အကြောင်း Radio NUG နားဆင်သူ မိဘပြည်သူများနဲ့ နွေဦးတော်လှန်ရေး ရဲဘော်များအား အသိပေး တင်ပြအပ်ပါတယ်။
မနက်ပိုင်း ထုတ်လွှင့်ချိန်များကို မနက် ၈ နာရီ မှ ၈ နာရီခွဲအချိန်သို့ လည်းကောင်း၊
ညပိုင်း ထုတ်လွှင့်ချိန်များကို ည ၈ နာရီမှ ၈ နာရီခွဲ အချိန်သို့ လည်းကောင်း ပြောင်းလဲပြီး
Meter Band ပြောင်းလဲမှုအနေဖြင့် မနက်ပိုင်းမှာ ၁၆ မီတာ ၁၇.၇၉ MHz
ညနေခင်းမှာ ၂၅မီတာ ၁၁.၈၃ MHz သို့ ပြောင်းလဲ ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
မနက် ၈ နာရီ ၃၀ မိနစ် - ၁၆ မီတာ ၁၇.၇၉ MHz
ညနေ ၈ နာရီ ၃၀ မိနစ် - ၂၅ မီတာ ၁၁.၈၃ Mhz မှာ ဖမ်းယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။
မိဘပြည်သူများအနေနဲ့ မိမိတို့ ရေဒီယိုများမှာ အချိန်နဲ့ လှိုင်းတိုနံပါတ်များ ပြောင်းလဲဖမ်းယူပြီး
ဖမ်းယူနားဆင်မှု အခြေအနေများကို Radio NUG ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြန်လည် သတင်းပေးပို့ကြစေလိုပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment