28th JAN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇန်နဝါရီလ ၂၈ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေး
📌စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူခြင်းအစား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ AI တောင်းဆို
📌မြန်မာကို လက်နက်ပိတ်ပင်ရန် Save The Children တောင်းဆို

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့မှ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် Derek Chollet နှင့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kin Moy တို့နှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တစ်နာရီကြာတွေ့ဆုံဆွေးနွေးမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိ မြေပြင်တွေ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ လူသားချင်းစာနာထောက်ပံ့ရေးအပိုင်းများ၊ တိုင်းရင်းသား အင်အားစု အဖွဲ့အသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများနှင့် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ အာဆီယံ နှင့် ကုလအထူးသံကိုယ်စားလှယ်တို့ ကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းစဥ်များအပေါ် သဘောထားများကို ဆွေးနွေးခဲ့ကြပါသည်။
အမေရိကန်အစိုးရအနေဖြင့်လည်း အာဏာသိမ်းမှု (၁) နှစ်ပြည့်တေ့ာမည့် မြန်မာ့အရေးအတွက် ပိုမိုထိရောက်စွာ ကူညီနိုင်ဖို့ မဟာမိတ်နိုင်ငံများနှင့်အတူလက်တွဲ ကြိုးစားနေကြောင်းပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရမှလည်း အမေရိကန်အစိုးရအနေဖြင့် မြန်မာ့အရေးအတွက် ပိုမိုထိရောက်စွာ ဆက်လက်ကူညီပံ့ပိုးပေးဖို့ ဆွေးနွေးတောင်းဆိုခဲ့ပါသည်။

========================

📌📌စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူခြင်းအစား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ AI တောင်းဆို

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူ တာတွေအ စား နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကတောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေး နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာနေတဲ့အပေါ် AI က ကြေညာချက်ထုတ်ပြန် ဝေဖန်ရာမှာ အဲဒီလိုဖော်ပြထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့နှောင့်နေးမှုတွေကို ရပ်တန့်ပစ်ရမှာဖြစ်သလို ကမ္ဘာ့လက်နက်ဝယ်ယူခွင့် ပိတ်ဆို့ဒဏ်ခတ်တာတာတွေအစားစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးကို လွှဲပြောင်းရမယ်လို့ လည်းAI ကပြောပါတယ်။
အာဆီယံအနေနဲ့လည်း အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေ ချက်ချင်းရပ်တန့်ဖို့ စစ်တပ်ကို တောင်းဆိုတာ၊ အာဆီယံဘုံ သဘောတူညီချက် ငါးရပ်ကို ရှင်းလင်းတိကျတဲ့ အချိန်သတ်မှတ်ချက်ထား အကောင်အထည်ဖော်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေပိတ်ဆို့ထားတာတွေကို ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို ဖိအားပေးတာတွေ ဆောင်ရွက်သင့်တယ်လို့လည်း AI ကထုတ်ပြန်ပါတယ်။
AI အဖွဲ့ရဲ့အခုလို ထုတ်ပြန်ချက်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံ ရေးသုံးသပ်သူတစ်ဦးကပြောပါတယ်။
‘ကုလသမဂ္ဂရဲ့ နောက်ဆက်တွဲအရေးယူမှုမပါတဲ့ ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်ဆိုတာတွေ၊ဝမ်းနည်းရပါ တယ်ဆိုတာတွေကို မြန်မာပြည်သူတွေစိတ်ကုန်နေတာကြာပါပြီ။ကုလဟာ အသံသာကျယ်ပြီး အဆန်မရှိတဲ့ အပေါ် မြန်မာပြည်သူတွေစိတ်ပျက်နေကြပြီ။မြန်မာပြည်သူတွေကို ပစ်မှတ်ထားသတ်ပစ်နေတာတွေကို ကုလ သမဂ္ဂက မြင်ပေမဲ့ မသိချင်ယောင်ဆောင်နေတဲ့အပေါ် ကုလရဲ့ အခန်းကဏ္ဍကို မြန်မာပြည်သူတွေ မေးခွန်း ထုတ်နေကြပါပြီ။အဲဒီလိုပဲအာဆီယံရဲ့ အချိန်ကန့်သတ်ချက်မပါတဲ့ မူ၅ချက်အပေါ်လည်း မြန်မာပြည်သူတွေ စိတ်ပျက်ရပါတယ်’လို့ သူကဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ စိုးရိမ်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်ချက်တွေ ကြန့်ကြာနေဦးမယ်ဆိုရင် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းဟာ ပိုဆိုးရွားလာမယ်လို့ AI ရဲ့ဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Ming Yu Hahက ပြောပါတယ်။
‘အကျိုးဆက်ကတော့ စစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေပြီး သူ့အမိန့်ကိုဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို သုတ်သင်ရှင်းလင်းတာတွေကို မျက်နှာပြောင်တိုက်ပြီး တိုးပြီးတော့ ဆောင်ရွက်လာတယ်’ လို့ သူက ပြောပါတယ်။

========================

📌📌မြန်မာကို လက်နက်ပိတ်ပင်ရန် Save The Children တောင်းဆို

ကလေးများသေဆုံးရသည့် တိုက်ခိုက်မှုများကို ဟန့်တားနိုင်ရေးအတွက် ဆောင်ရွက်ကြရန် Save The Children အဖွဲ့က ကုလလုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါသည်။ အာဏာသိမ်းမှု ၁ နှစ်ပြည့်ကာလ ရောက်လာချိန်တွင် ကလေးငယ်များ၊ လူမှုကူညီရေးဝန်ထမ်းများ အပါအဝင် အရပ်သားတို့ အကြမ်းဖက်ခံရမှု ပိုမိုများပြားလာသဖြင့် စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်အရေးယူကြရန် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children က ဇန်နဝါရီလ (၂၈) ရက် ရက်စွဲဖြင့် တောင်းဆိုလိုက်တာပါ။
လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်းမှာပင် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများ၊ ကယားပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးရသူတို့ ခိုလှုံသည့်နေရာ ဗုံးကြဲခံရမှုကြောင့် ကလေးများ အသက်ဆုံးရှုံးနေရသည်ဟု အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကလေးများ အကြမ်းဖက်တိုက်ခိုက်ခံနေရမှု၊ နေရပ်စွန့်ခွာရမှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာရမည်ဟုလည်း ကလေးအခွင့်အရေးဆောင်ရွက်နေသည့် ကုလအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားပါသည်။
မြန်မာနိုင်ငံပြဿနာကို ကိုင်တွယ်ရန်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတို့ကို Save The Children အဖွဲ့ကြီး၏ အကြီးအကဲဖြစ်သူ Inger Ashing က တိုက်တွန်းလိုက်ပါသည်။
“မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုမျိုးတွေကို ကန့်သတ်နိုင်အောင်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်နက်ပိတ်ပင်ရေးကို မဖြစ်မနေ ဆောင်ရွက်ရပါမယ်” ဟု Inger Ashing က ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အာဆီယံအဖွဲ့ကိုလည်း သူက မြန်မာပြည်အရေးအတွက် ပိုမိုဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။
အာဆီယံက သဘောတူထားချက် ၅ ခုအနက် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရန် ဟူသော အချက်လည်း ပါဝင်ရာ အာဆီယံအနေနှင့် အဆိုပါ အချက် ၅ ချက်ကို ပြန်လည်သုံးသပ်ရေးအတွက် အရေးပေါ်အစည်းအဝေး ခေါ်ယူရမည်ဖြစ်ကာ၊ ထိုသို့ ဆောင်ရွက်မှသာ ကလေးများ၊ ၎င်းတို့၏ ပတ်ဝန်းကျင်၊ ကူညီရေးလုပ်သားများကို အကာအကွယ်ပေးနိုင်မည်ဟု သူက ဆက်ပြောပါသည်။
မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့အားလုံး ကလေးများကို အကာအကွယ်ပေးကြရန်လည်း သူက တိုက်တွန်းထားပါသည်။
အာဏာသိမ်းအပြီး ဖြစ်ပေါ်လာသော ပစ်ခတ်မှုများကြောင့် စစ်ဘေးဒုက္ခသည် ၄ သိန်း ထွက်ပေါ်လာသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်ထားပါသည်။
ထိုအထဲတွင် အသက်မပြည့်သေးသူ အရေအတွက်က ၃၇ ရာခိုင်နှုန်းရှိပြီး အများစုမှာ တောထဲတောင်ထဲတွင် ဖြစ်သလို နေထိုင်ကြရပြီး အစာငတ်ပြတ်မှု၊ ဖျားနာမှု၊ အကာအကွယ်မဲ့မှုတို့နှင့် ရင်ဆိုင်နေရသည်ဟု Save The Children က ဆိုပါသည်။
ပြီးခဲ့သည့် ခရစ္စမတ်ကာလ ကယားပြည်နယ် ဖရူဆိုမြို့ပြင် မိုဆိုရွာအနီး သတ်ဖြတ် မီးရှို့ခံရသည့် ခရီးသည် ၃၀ ကျော်ထဲမှ အမျိုးသား ၂ ဦးမှာ ၎င်းတို့၏ ဝန်ထမ်းဖြစ်နေသည်ဟု Save the Children က ဒီဇင်ဘာ ၂၈ တွင် ကြေညာထားကြောင်းသိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment