သတင်းခေါင်းစဉ်များ -
📌ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီဖွဲ့စည်းခြင်း
📌မြန်မာနိုင်ငံ ကျန်းမာရေးလုပ်သားများ၏ ရဲဝံ့သတ္တိရှိမှုကို ဂုဏ်ပြုနိုင်ရေးအတွက် #MyanmarsHealthMatters ဆိုရှယ်မီဒီယာ ဟက်ရှ် Campaign တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်
📌နိုင်ငံတော်အာဏာကို မတရား စစ်အာဏာသိမ်းတဲ့နေ့ ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် Silent Strike ကို စစ်ကောင်စီက အလွန်အမင်းကြောက်ရွံ့နေ
📌နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားတဲ့ ကျဆုံးခဲ့ရသူစာရင်း နှင့် အဖမ်းဆီးခံစာရင်းများ
📌ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းမှာဖွင့်လှစ်ထားတဲ့ မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၇ ရက်က ပိတ်သိမ်းလိုက်ပြီလို့ စစ်ဘေးရှောင်တွေဆီက သိရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီဖွဲ့စည်းခြင်း
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီဖွဲ့စည်းခြင်း
ရက်စွဲ- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်
တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေပြီး လွပ်လပ်သည့် ကြားကာလ တရားစီရင်ရေး မဏ္ဍိုင်တစ်ရပ်ကို ဖွဲ့စည့်တည်ထောင်နိုင်ရန်အလို့ငှာ ကြားကာလ ပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီအား အောက်ပါအတိုင်းဖွဲ့စည်းလိုက်သည်-
(က) ပြည်ထောင်စုဝန်ကြီးချုပ် ဥက္ကဌ
(ခ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဒုတိယ ဥက္ကဌ (၁)
(ဂ) ပြည်ထောင်စုဝန်ကြီး၊ တရားရေးဝန်ကြီးဌာန ဒုတိယ ဥက္ကဌ (၂)
(ဃ) ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(င) ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(စ) ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အဖွဲ့ဝင်
(ဆ) ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန အဖွဲ့ဝင်
(ဇ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥပဒေရေးရာကော်မတီ ဥက္ကဌ အဖွဲ့ဝင်
(စျ) ဒုတိယဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ည) ဒုတိယဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဋ) ဒုတိယဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အဖွဲ့ဝင်
(ဌ) ဒုတိယဝန်ကြီး၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန အဖွဲ့ဝင်
(ဍ) ဥပဒေပညာရှင် (၂) ဦး အဖွဲ့ဝင်
(ဎ) အမြဲတမ်းအတွင်းဝန်၊ တရားရေးဝန်ကြီးဌာန အတွင်းရေးမှုး
ဒူးဝါလရှီးလ
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
========================
📌📌မြန်မာနိုင်ငံ ကျန်းမာရေးလုပ်သားများ၏ ရဲဝံ့သတ္တိရှိမှုကို ဂုဏ်ပြုနိုင်ရေးအတွက် #MyanmarsHealthMatters ဆိုရှယ်မီဒီယာ ဟက်ရှ် Campaign တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ခြင်းအကြောင်းကို ပြောပြပေးပါမယ်
အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ရက်စက်မှုများ၊ အခက်အခဲများ ရှိသည့်တိုင် ပြည်သူတို့အား နည်းလမ်းအသွယ်သွယ်ဖြင့် ပြုစုကုသစောင့်ရှောက်လျက်ရှိသော ကျန်းမာရေးလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်သားများကို အားပေးဂုဏ်ပြုသည့်အနေဖြင့် လူမှုကွန်ရက်များအသုံးပြု၍ အွန်လိုင်းလှုပ်ရှားမှုတစ်ရပ် (Online campaign) ကို လုပ်ဆောင်ပေးရန်အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ ကျန်းမရေးဝန်ကြီးဌာနက ဆော်သြလိုက်ပါတယ်။
ယခုလှုပ်ရှားမှုမှာ အောက်ပါအချက်များကို ပြုလုပ်ပြီး ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
♦ နောက်ခံအနီရောင်ဖြင့် ရိုက်ကူးထားသော မိမိ၏ ဓာတ်ပုံကို မိမိ၏ လူမှုကွန်ရက်များ (Facebook, Instagram, Twitter စသည်) တို့တွင် Profile picture ယာယီထားရှိပေးရန်
♦ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ပထမရက်သတ္တပတ်တာကာလ ဖြစ်တဲ့ (၁-၂-၂၀၂၂) ရက်နေ့မှ (၇-၂-၂၀၂၂) ရက်နေ့အထိ အနည်းဆုံး တစ်ပတ်ခန့် Profile picture ထားရှိရန်ဖြစ်ပြီး ဖေဖော်ဝါရီလ (၁) လတာ သို့မဟုတ် ရက်အကန့်အသတ်မရှိလည်း ဆက်လက်ထားရှိနိုင်ပါတယ်။
♦ အနီရောင် နံရံ သို့မဟုတ် ခန်းဆီး/ကန့်လန့်ကာ/လိုက်ကာကို နောက်ခံထား၍ ဓာတ်ပုံရိုက်ခြင်း (သို့မဟုတ်) နည်းပညာအသုံးပြု၍ နောက်ခံအရောင် ပြောင်းလဲခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။
♦ ZOOM (သို့မဟုတ်) Microsoft Teams တွင် ဝင်ရောက်၍လည်း Virtual background အနီရောင်အသုံးပြု၍ Screenshot ပြုလုပ်နိုင်ပါတယ်
♦ ပြီးလျှင် မိမိ၏ ဓာတ်ပုံနှင့်အတူ #MyanmarsHealthMatters ဟု တွဲရေးပြီး တင်ရပါမယ်။
♦ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ကိုယ်တိုင်ပါဝင်နေပါက ထိုလှုပ်ရှားမှုဓာတ်ပုံများကိုပါ တွဲ၍အသုံးပြုနိုင်ပါတယ်။
========================
📌📌နိုင်ငံတော်အာဏာကို မတရား စစ်အာဏာသိမ်းတဲ့နေ့ ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် Silent Strike ကို စစ်ကောင်စီက အလွန်အမင်းကြောက်ရွံ့နေတဲ့အကြောင်းကို တင်ပြပေးပါမယ်
ယခုရက်ပိုင်းများတွင် လာမယ့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် Silent Strike ပြုလုပ်ကြမယ်အကြောင်း ဆော်သြမှုတွေ ရှိကြသလို စစ်ကောင်စီက အလွန်အမင်းကြောက်ရွံ့နေကြပြီး တားဆီးဖို့အလွန်အမင်း ကြိုးစားနေတာ တွေ့ရှိရပါတယ်။ သူတို့ ဌာနဆိုင်ရာများက လာမည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ တွင့် Silent Strike တွင် ပြည်သူများ မပါဝင်အောင် စာတွေထုတ်ဝေခြင်း၊ ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာနေခြင်း၊ စာရွက်များ လိုက်လံကပ်နေခြင်း စသည့် နည်းမျိုးစုံဖြင့် အသုံးပြုနေပါတယ်။ သူတို့စာများတွင် NUG, CHPH နဲ့ ယင်းတို့လက်အောက်ခံအဖွဲ့များက Silent Strike များ လုပ်ဆောင်ရန် လှုံဆော်နေသည်ဟု မှားယွင်းစွာ စွတ်စွဲထားပြီး လက်တွေ့မှာ ပြည်သူတစ်ရပ်လုံးက မတရားအာဏာသိမ်းတဲ့ စစ်ကောင်စီကို မထောက်ခံကြောင်း၊ မလိုလားကြောင်း ပြသတဲ့အနေနဲ့ ပြုလုပ်ကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တွင် ပျောက်ကြားသပိတ်လုပ်ရှားမှုများကို လုပ်ဆောင်နေတဲ့ ကိုနန်းလင်းက " မိဘပြည်သူများခင်ဗျာ... ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အသံတိတ် လူထုအာဏာဖီဆန်ရေးတိုက်ပွဲဟာ အင်မတန်အရေးပါတာမို့ လူတိုင်းလူတိုင်း လှည်းနေလှေအောင်းမြင်းဇောင်းပါမကျန် ပါဝင်ကြပါ။ ရန်ကုန်လူထုကြီးက ဒီအသံတိတ်သပိတ်ရဲ့ ရှေ့တန်းမျက်နှာစာပဲမို့ ရန်ကုန်ပြည်သူများအနေနဲ့ အဲ့နေ့မှာ တိုက်ပွဲဝင်စိတ်အပြည့်နဲ့ တိုက်ပွဲဝင်ပါ။ အဲ့နေ့မှာ ရလာမယ့် အောင်စိတ်နဲ့ အောင်လံကို ကိုင်စွဲပြီး အမြင့်ဆုံးလွှင့်ထူလို့ လူထုတိုက်ပွဲကို အရှိန်မြှင့် ပြည်သူ့တော်လှန်ရေးကို အောင်ပွဲရအောင်ဆက်နွှဲကြရပါမယ်ခင်ဗျာ..
ပြည်သူတိုင်းဟာ သပိတ်ပြောက်ကျား၊ ပြည်သူတိုင်းဟာ သပိတ်သမား၊ ပြည်သူတိုင်းဟာ တော်လှန်ရေးသမား၊ ပြည်သူတိုင်းရဲ့ နေ့စဉ်ဘဝဟာ တော်လှန်ရေးအတွက် တတပ်တအားဖြစ်စေရဖို့ အချိန်တန်ပြီဖြစ်ပါတယ်။ ပြည်သူ့အာဏာ ပြည်သူပိုင်စိုးတယ်ဆိုတာကို ပြသကြပါ။ ပြည်သူသည်သာ အခရာ အရာရာကိုပြောင်းလဲနိုင်တယ်၊၊ ပြည်သူပိုင်တဲ့ ပြည်သူ့ တော်လှန်ရေးကြီး အောင်ရမည်။" လို့ သူ့ရဲ့လူမှုကွန်ယက်မီဒီယာမှာ တင်ထားပါတယ်။
ဒါ့အပြင် ယနေ့ ဇန်နဝါရီလ ၂၈ ရက်တွင် ပုလဲလူထုသပိတ်စစ်ကြောင်းချီတက်၍ စစ်အာဏာရှင် ဆန့်ကျင် တိုက်ဖျက်ရေးဆန္ဒထုတ်ဖော်ခဲ့ပြီး လာမည့် ဖေဖော်ဝါရီ(၁)ရက်တွင် တစ်နိုင်ငံလုံး Silent Strike တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်၌ ပြည်သူလူထုက ညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ကြရန် သပိတ်ကော်မတီဝင် ကိုတိုးဝေအောင်က သပိတ်တရားပြောကြားခဲ့ပါတယ်။
ထို့အပြင် အသံတိတ်သပိတ်နဲ့ပတ်သက်ပြီး ရက်ရွှေ့ဆိုင်းတယ်ဆိုတဲ့ နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နာမည်နဲ့ ထုတ်ပြန်ချက်အတုတွေ ဇန်နဝါရီ ၂၈ ရက်နေ့မှာ အင်တာနက်လူမှုမီဒီယာတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ်တွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးအကောင့်တုတွေက ဖြန့်ဝေနေတာကိုလည်း တွေ့ရှိရပါတယ်။
========================
📌📌အခုဆက်လက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားတဲ့ ကျဆုံးခဲ့ရသူစာရင်း နှင့် အဖမ်းဆီးခံစာရင်းများကို တင်ပြပေးပါမယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၄၉၉) ဦး ရှိခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၇၉၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၆၅၄) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရတယ်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၆၇) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတယ်။ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်တယ်။ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပါတယ်။ မန္တလေးအခြေစိုက် Mandalay Free Press (MFP) သတင်းဌာနအတွက် ရုပ်သံတည်းဖြတ်ခြင်းလုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးနေသော ကိုအောင်ဇော်ဇော်သည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တရားစွဲဆိုခြင်းခံခဲ့ရကြောင်း သိရှိရတယ်။ ကိုအောင်ဇော်ဇော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာရှိ ၎င်း၏ နေအိမ်၌ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာမှ NLD ပါတီဝင် ဦးကျော်ဝင်း (ခ) ဦးဖပလက်ကို ပျူစောထီးအဖွဲ့မှ ဖမ်းဆီးခဲ့ပြီး အနီးရှိ တောတွင်းတစ်နေရာ၌ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် ပစ်သတ်ခဲ့ကြောင်း သိရှိရတယ်။ ဦးကျော်ဝင်း (ခ) ဦးဖပလက်သည် ၎င်း၏ဥယျာဉ်ခြံတွင် သစ်ပင်များကို ရေလောင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။
========================
📌📌ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းမှာဖွင့်လှစ်ထားတဲ့ မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၇ ရက်က ပိတ်သိမ်းလိုက်ပြီလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
လေးကေ့ကော်ဒေသမှာ စစ်ကောင်စီရဲ့တပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းမှာ ကျေးရွာ ၁၀ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်ခိုလှုံနေရာက ထိုင်းအာဏာပိုင်တွေက အသုတ်လိုက်ပြန်လည် စေလွှတ်ခဲ့ပြီး စခန်းကို ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။ တာခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲ့ကိုကင်းရွာအနီး ယာယီခိုလှုံနေတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ၁၀၀ လောက်ဟာ ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီ ကျော်မှာ နောက်ဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံဘက်ကို ပြန်သွားကြပြီဖြစ်လို့ စခန်းပိတ်သိမ်းလိုက်တာ လည်းဖြစ်ပါတယ်။
စစ်ရှောင်ခိုလှုံနေရတဲ့ ဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေသေးတဲ့အတွက် မြန်မာဘက်ခြမ်း သောင်းရင်းမြစ်ကမ်းဘေးမှာ ယာယီတဲထိုးနေရတယ်လို့ သိရပါတယ်။
မယ်ဝါးခီးကျေးရွာသားတစ်ဦးက"ကျနော်တို့က ရွာပြန်လို့ မဖြစ်သေးဘူး။ အခြေအနေကမှ မကောင်းတာ။ ရွာပြန်ရင် သေဖို့ပဲရှိတယ်။ မပြန်ရဲတော့ ကမ်းနဖူးမှာ ယာယီတဲထိုးပြီး နေရတယ်"လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ခါနီးမှာ ဒုက္ခသည်အရေအတွက် လျှော့ချချင်တာကြောင့် ထင်သာမြင်သာရှိတဲ့ ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်တွေကို အတင်းအကျပ်နေရပ်ပြန်ခိုင်းတာလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက သုံးသပ်နေကြပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတကာမှာအမြင်ကောင်းအောင်စွမ်းဆောင်နေတာလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ဒေါကလူကွန်ရက်အတွင်းရေးမှူး စောယအဲ့နာ က ပြောပါတယ်။ "ဒါကတော့ သူတို့နာမည်ရအောင် သူတို့ကို ကမ္ဘာကနေ အမြင်တွေကောင်းအောင် စွမ်းဆောင်မှာပေါ့။ ဒါပေမဲ့ စစ်ဘေးရှောင်တွေကြတော့ ပြန်ချင်မှာ မဟုတ်ဘူး။ ပြန်ရဲမှာလည်း မဟုတ်ဘူး" မဲ့ကိုကင်း ယာယီစစ်ဘေးရှောင်စခန်းကို ပိတ်သိမ်းလိုက်တဲ့အတွက် လေးကေ့ကော်၊ ထီးမယ်ဝါးခီး အပါအဝင် ကျေးရွာတချို့က ဒေသခံ ၃၀၀၀ လောက်ဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသေးတဲ့အတွက် နေရပ်မပြန်ရဲသေးတဲ့အတွက် နယ်ခြားမျဉ်းအနီးမှာ ဆက်လက်ပြီး ယာယီတဲထိုး နေထိုင်နေကြောင်း သိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment