22nd FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အာဏာသိမ်းစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများကို ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမှု စတင်
📌ပြင်သစ်မှာ ကျင်းပနေတဲ့ အင်ဒို-ပစိဖိတ်ဖိုရမ် အကြမ်းဖက်စစ်အုပ်စု တက်ရောက်ခွင့်မရ
📌မြစ်ကြီးနား - ပူတာအို ကားလမ်းပိုင်းကို ယခုလကုန်ထိပိတ်ထားမည်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အာဏာသိမ်းစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများကို ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမှု စတင်လိုက်တဲ့သတင်းကိုတင်ပြပေးပါ့မယ်

(​ဖေ​ဖော်ဝါရီ ၂၁) ရက်နေ့ ဥရောပသမဂ္ဂ အီးယူရဲ့ ထုတ်ပြန်ကြေညာချက်အရ အကြမ်းဖက်စစ်ကောင်စီ၏ဝန်ကြီးများအပါအဝင်လူပုဂ္ဂိုလ် ၂၂ ဦးနှင့် စီးပွားရေးလုပ်ငန်း ​လေးခုကို ပိတ်ဆို့ဒဏ်ခတ်အရေးယူကြောင်းသိရှိရပါတယ်။ စစ်အာဏာရှင်များက အရပ်သားပြည်သူများနှင့်ဒီမိုကရေစီအရေးလှုပ်ရှားသူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေခြင်းကို တုံ့ပြန်အရေးယူသည့်အနေဖြင့် အခုလို ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်တယ်လို့ အီးယူရဲ့ကြေငြာချက်မှာ ပါရှိပါတယ်။ အ​ရေးယူ​ ပိတ်ဆို့ခံရသော စီးပွားရေးလုပ်ငန်း ၄ ခုတွင် စစ်ကောင်အတွက် အဓိကဝင်ငွေရလမ်းဖြစ်​သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) အမှတ်( ၁)သတ္တုလုပ်ငန်း ဦး​တေဇ၏ထူးကုမ္ပဏီအုပ်စုနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ညီအစ်ကို တော်သူ ဦးနေအောင်၏ International Group of Entrepreneurs (IGE) Company Limited တို့ပါဝင်ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ အရေးကြီးဆုံး အချက်ကတော့ အာဏာသိမ်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို အရေးယူခြင်းဖြစ်ပါတယ်။ မြန်မာစစ်တပ်အပေါ် ခေတ်အဆက်ဆက်က ပိတ်ဆို့ အရေးယူမှုတွေရှိခဲ့ဖူးပေမယ့် ရေနံနှင့်သဘာဝဓတ်ငွေ့လုပ်ငန်းကို အရေးယူခြင်းမရှိခဲ့တာကတော့ အမေရိကန်နဲ ဥရောပ နိုင်ငံတွေပိုင်တဲ့ ရှက်ဗရွန်နဲ့ တိုတယ်တို့လို ဩဇာကြီး ကုမ္ပဏီကြီးတွေကိုယ်တိုင် ပါဝင်ပက်သက်နေလိုပဲဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတဲ့ အတွက် စွမ်းအင်ကဏ္ဍဟာ ပိတ်ဆို့တဲ့ စာရင်းထဲကနေ ကင်းလွတ် နေခဲ့ရာမှ အခုတော့ ထူးထူးခြားခြားပဲ ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲ ပါဝင်လာခဲ့တာပါ။ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ စစ်တပ်ဟာ တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ သန်းထောင်ချီပြီး ရနေတယ်လို့ သွေးစွန်းငွေရပ်တန့်ရေးဆော်ဩ လှုပ်ရှား နေသူတွေက ထောက်ပြထားကြပါတယ်။ နှစ်ဆန်းမှာပဲ ရှက်ဗရွန်နဲ့ တိုတယ်တို့ မြန်မာပြည်ကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့အပြီး စွမ်းအင်ကဏ္ဍကိုပါ ပိတ်ဆို့ နိုင်တော့မယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက တွက်ဆ ထားခဲ့ကြတဲ့အတိုင်းဖြစ်ခဲ့တာပါ။ အခုလို အာဏာသိမ်းအုပ်စုရဲ့ထိန်းချုပ်မှုလက်အတွင်းက MOGE ကိုပိတ်ဆို့အရေးယူတဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝမ်းပန်းတသာကြိုဆိုခဲ့ကြပါတယ်။ မြန်မာစစ်တပ် လက်နက် တပ်ဆင် ဝယ်ယူနေနိုင်တဲ့ ဝင်ငွေ အရင်းအမြစ်တွေက ဘာလဲ ဆိုတာကို အီးယူအနေနဲ့ ဖော်ထုတ် ရှာဖွေပြီး၊ ဖြတ်တောက် ပိတ်ဆို့ရေး မူဝါဒကို ဆက်လက် ကျင့်သုံးဖို့ တွန်းအားပေးတယ် ဆိုပြီးတော့လည်း ပြောကြပါတယ်။ အခုလို စွမ်းအင်ကဏ္ဍကို ပိတ်ဆို့မှုအပြီးမှာ တဆက်တည်း စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ရေး လုပ်ဆောင်ကြဖို့ အာရုံစိုက်သင့်ကြောင်း ထောက်ပြကြပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ် အတွက် လေယာဥ် လောင်စာဆီတွေ တင်သွင်းရာ လမ်းကြောင်းတွေကို ပိတ်ဆို့နိုင်ရေး ဆော်ဩမှုတွေပြုလုပ်နေကြပါတယ်။
လူပုဂ္ဂိုလ် ၂၂ ဦးထဲမှာ အောင်နိုင်ဦး (ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားကုန်သွယ်မှုဝန်ကြီး)၊ ချာလီသန်း (စက်မှုဝန်ကြီး)၊ သက်သက်ခိုင် (လူမှုကယ်ပြန်ဝန်ကြီး)၊ မောင်မောင်အုန်း (ပြန်ကြားရေးဝန်ကြီး)၊ ရွှေကြိုင် (Shwe Kyein) စစ်ကောင်စီအဖွဲ့ဝင်၊ အောင်မိုးမြင့် (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ သန်းထွန်း (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ အောင်လွင်ဦး (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ အောင်စောဝင်း (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ သန်းဝင်း (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ စောဘလင်း - Saw Ba Hline (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ စိုးဦး (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ ဘရန်ရှောင် -Bran Shaung (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ မြင့်ဦး (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ ခင်မောင်ဦး (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ နုမြဇင် - Nu Mya Zan (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ မြင့်သိန်း (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ ဘမောင် (ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်အဖွဲ့ဝင်)၊ တေဇကျော် (မြောက်ပိုင်းတိုင်းတိုင်းမှုး နှင့် အထူးစစ်ဆင်ရေးဗျူရို ၁ မှုး)၊ နီလင်းအောင် (အရှေ့ပိုင်းတိုင်းတိုင်းမှုး)၊ အောင်ဇော်အေး (ဒုဗိုလ်ချုပ်ကြီး အောင်ဇော်လင်း - အထူးစစ်ဆင်ရေးဗျူဟာ အမှတ် ၂) တို့ဖြစ်ကြပါတယ်အဖွဲ့ဝင်ပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂအနေနဲ့ ဒီမိုကရေစီကို ထိခိုက်စေသော၊ လူ့အခွင့်အရေးကို ချိုးဖောက်သောလုပ်ရပ်များတွင် ပါဝင်ပတ်သက်မှုအတွက် လူပုဂ္ဂိုလ် ၆၅ ဦးနှင့် အဖွဲ့အစည်း ၁၀ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူထားပြီးဖြစ်ကြောင်း ထထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

========================

📌📌ပြင်သစ်မှာ ကျင်းပနေတဲ့ အင်ဒို-ပစိဖိတ်ဖိုရမ် အကြမ်းဖက်စစ်အုပ်စု တက်ရောက်ခွင့်မရ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဒီနေ့ကျင်းပတဲ့ အင်ဒို-ပစိဖိတ်ဒေသ ပထမအကြိမ် ဝန်ကြီးများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ မြန်မာအကြမ်းဖက်စစ်အုပ်စု တက်ရောက်ခွင့်မရဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ (၇) ရက်နေ့၊ အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့မှာ ကျင်းပတဲ့ G7-ASEAN ဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့အညီ အခုကျင်းပတဲ့ဖိုရမ်မှာ မြန်မာစစ်အုပ်စုပါဝင်မှုကို ပြင်သစ်နဲ့ ဥရောပသမဂ္ဂတို့က ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။

အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာဖွေဖို့ အာဆီယံရဲ့ အားထုတ်မှုတွေကို ပြင်သစ်နိုင်ငံ အနေနဲ့ အပြည့်အဝ ထောက်ခံတယ်လို့ ဆိုသလို ဖနွမ်းပင်အစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေ တောင်းဆိုခဲ့တဲ့အတိုင်း သက်ဆိုင်သူအားလုံးပါဝင်တဲ့ဆွေးနွေးပွဲတစ်ရပ်စီစဉ် ကျင်းပဖို့ လိုအပ်တယ်လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ မြန်မာစစ်တပ်ဟာ ပိုမိုသာလွန်အင်အားကို တိုးမြှင့်သုံးစွဲပြီး အရပ်သားတွေအပေါ် မမျှမတ နှိမ်နင်းခြင်း၊ လိုအပ်နေတဲ့ ထိခိုက်လွယ်သူတွေထံ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရာမှာ ထပ်ခါတလဲလဲ အတားအဆီး အခက်အခဲတွေ ကြုံတွေ့ရခြင်း၊ မတရားဖမ်းဆီးမှု များပြားလာခြင်းနဲ့ စစ်ခုံရုံးတွေက များပြားတဲ့ သေဒဏ်စီရင်ချက်တွေ ချမှတ်ထားခြင်းတို့အပေါ် ပြင်သစ်နိုင်ငံက လေးလေးနက်နက် စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အဲဒီလုပ်ရပ်တွေဟာ အာဆီယံမူငါးချက်နဲ့ဆန့်ကျင်ဘက် ဖြစ်ကြောင်းလည်း ပြင်သစ်သံရုံးက ထုတ်ပြန်ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသ ပထမအကြိမ် ဝန်ကြီးများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ မိတ်ဖက်နိုင်ငံပေါင်း (၃၀) နဲ့ ဒေသတွင်းအဖွဲ့အစည်း (၆) ခုက နိုင်ငံခြားရေး ၀န်ကြီးတွေဟာ ဆက်သွယ်ချိတ်ဆက်မှုနဲ့ ဒစ်ဂျစ်တယ်နည်းပညာ၊ ကမ္ဘာ့ပြဿနာ (ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲ၊ သမုဒ္ဒရာ ၊ ကျန်းမာရေး) သာမက လုံခြုံရေးနဲ့ ကာကွယ်ရေးတို့ကိုပါ ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

========================

📌📌မြစ်ကြီးနား - ပူတာအို ကားလမ်းပိုင်းကို ယခုလကုန်ထိပိတ်ထားမည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဒေသကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို ပြည်ထောင်စုလမ်းပိုင်းကို ယခုလကုန်အထိ ခေတ္တခဏပိတ်ထားမှာဖြစ်သည်ဟု ဒေသခံများထံမှ ကနဦးစုံစမ်းသိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်သည့် မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို လမ်းပိုင်းကို တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက် အထိ ပိတ်ထားမှာဖြစ်သည်ဟု ကနဦးစုံစမ်းသိရှိရပါသည်။
အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့နေ့လယ်က ပူတာအိုဒေသသို့ စစ်လက်နက်ရိက္ခာများနှင့် တပ်ဖွဲ့အင်အား တပ်ခွဲသုံးခွဲစာအင်အားရှိသည့် စစ်ကြောင်းကို လေယာဉ်နှင့်ပို့ဆောင်မှုအပြီးမှာ ယခုကဲ့သို့ မြစ်ကြီးနား - ဆွမ်ပရာဘွမ်း - ပူတာအို ပြည်ထောင်စုလမ်းပိုင်းကို ကေအိုင်အေဦးဆောင်သည့် ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ (PDF) တို့က စစ်ရေးဗျူဟာအရခေတ္တပိတ် ထားရန် လုပ်ဆောင်လာရခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသခံများက ဆိုပါတယ်။
စက်သုံးဆီစျေးမြင့်တက်လာပြီး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရသည့် ပူတာအိုဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပြီး ထိတွေ့တိုက်ပွဲများလည်း ပြင်းထန်နေသည်ဟု ဒေသခံထံမှ သိရပါတယ်။
ယနေ့မနက်အစောပိုင်းကလည်း ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနားထိ စစ်ကူရောက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ကေအိုင်အေတို့ဦးဆောင်သည့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဆက်ဖြစ်နေပြီး တိုက်ပွဲပြင်းထန်နေသည်ဟုပူတာအိုဒေသခံများက ပြောပါတယ်။
အာဏာသိမ်းတစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ရက်ကလည်း ပူတာအိုခရိုင်ဒေသတွင် ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်စတင်ဖြစ်ပွါးလာနေကြောင်းနဲ့စစ်ကောင်စီ၏ ဆွမ်ပီယန်စခန်း၊ လုံရှာယန်စခန်းတို့ကို ကေအိုင်အေဦးဆောင်သည့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ထိုသို့ စစ်ကောင်စီတပ်စခန်းများကျရှုံးလာပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဖတ်မားကျေးရွာဒေသခံပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း၊ ဆွမ်ပီယန်မှ ဒေသခံပြည်သူ ငါးဦးကိုလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် မြစ်ကြီးနားမြို့သို့ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သိရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment