၂၀၂၂ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် People Soldiers’ Production Team (PSPT) မှ တာဝန်ရှိသူများ တွေ့ဆုံကြ
📌အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ တင်ပြချက်တရပ်ကို ထုတ်ပြန်
📌ဘင်းစတက်အနေနဲ့ ဒီမိုကရေစီအရေးကိုလေးစားလိုက်နာဖို့ India4Myanmar ကြေငြာချက်တရပ်ထုတ်ပြန်
📌စစ်အာဏာရှင်ကိုမုန်းတီးသော စစ်တပ်အရာရှိများ ပြည်သူနှင့်အတူပူးပေါင်းလာနေကြဆဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် People Soldiers’ Production Team (PSPT) မှ တာဝန်ရှိသူများ တွေ့ဆုံကြတဲ့အကြောင်း တင်ဆက်ပေးပါမယ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးနှင့်တကွ ဌာနဆိုင်ရာတာဝန်ရှိသူများသည် နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ လက်တွဲလျက် ဆောင်ရွက်နေသည့် People Solders’ Production Team (PSPT) မှ တာဝန်ရှိသူများနှင့် ယမန်နေ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် Video Conference စနစ်ဖြင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ်။ ပထမဆုံး PSPT မှ တာဝန်ရှိသူက အဖွဲ့အတွင်း၌ လက်ရှိကာလအတွင်း ဆောင်ရွက်နေမှုများကို PowerPoint ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။ ဝန်ကြီးဌာနဘက်မှ ညှိနှိုင်းဆောင်ရွက်ရမည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးခြင်း၊ ဆက်လက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူ များက ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ တင်ပြချက်တရပ်ကို ထုတ်ပြန်ခဲ့ကြပါတယ်။
ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ရက်စွဲဖြင်ထုတ်ပြန်တဲ့ ပြည်သူသို့ အသိပေးတင်ပြခြင်းမှာ အချက် ၆ ချက်ပါဝင်တာတွေ့ရပီး အဆိုပါတင်ပြချက်များမှာ
၁။ အခြေခံပညာအဆင့်ပြီးမြောက်၍ အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဆက်လက်ဆည်းပူးနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပေးသော တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် နောက်ဆုံးအကြိမ်ကျင်းပနိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အချိန်အထိ Covid-19 ကပ်ရောဂါနှင့် စစ်တပ်၏ အကြမ်းဖက်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကြောင့် စာမေးပွဲများ ကျင်းပနိုင်ခဲ့ခြင်းမရှိပါ။
၂။ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာဆက်လက်သင်ယူခွင့်များ မဆုံးရှုံးစေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သက်ဆိုင်သော ကျောင်းသားသမဂ္ဂများ၊ မိဘများ၊ ဆရာသမဂ္ဂများနှင့် တက္ကသိုလ်ကောင်စီများ၊ မြို့နယ်အခြေခံပညာရေးဘုတ်အဖွဲ့များ၊ အရပ်ဖက်နှင့် တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ စစ်ဆေးအကဲဖြတ်မှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး အကြုံပြုချက်များ ရယူဆောင်ရွက်လျက် ရှိပါသည်။ သို့မှသာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးသဘောတရားများ၊ ပြောင်းလဲတိုးတက်လာမည့် နိုင်ငံအခြေအနေနှင့် ကိုက်ညီမျှတမည့် စစ်ဆေးအကဲဖြတ်ခြင်း (ယခင်အခေါ် တက္ကသိုလ်ဝင် စာမေးပွဲ)နှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
၃။ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ရာတွင် မေးခွန်းပုံစံ၊ စစ်ဆေးမည့် ဘာသာရပ်များ၊ စစ်ဆေးမည့် အချိန်ကာလနှင့်ကြာချိန်၊ ထည့်သွင်းမည့် မေးခွန်းအမျိုးအစားများ၊ စစ်ဆေးရာတွင် အသုံးပြုမည့် ဘာသာစကားများကို ရွေးချယ်သတ်မှတ်ရန် လိုအပ်ပါသည်။ ထိုသတ်မှတ်ချက်များကို စဉ်းစားဆုံးဖြတ်ရာတွင် မသန်စွမ်းသူများ၊ စစ်ဘေးရှောင်ဒေသတွင် နေထိုင်သူများ၊ လွတ်မြောက်နယ်မြေတွင် နေထိုင်သူများ၊ ရွှေ့ပြောင်းနေထိုင်သူများစသည်ဖြင့် အခြေအနေအမျိုးမျိုးနှင့် ရင်ဆိုင်နေရသော ကျောင်းသား၊ ကျောင်းသူများအားလုံး ဝင်ရောက်ဖြေဆို နိုင်မည့် ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းတစ်ရပ် ဖြစ်စေရေးကို ဦးတည်ဆောင်ရွက်မည်။
၄။ စစ်ဆေးအကဲဖြတ်မှုကိုဆောင်ရွက်မည့်အချိန်စာရင်း၊ မေးခွန်းလွှာပုံစံ၊ ဖြေဆိုရမည့်ပုံစံ၊ လေ့ကျင့်ရန် မေးခွန်းနမူနာများစသည့် စစ်ဆေးအကဲဖြတ်မှုလုပ်ငန်းများနှင့် သက်ဆိုင်သော သတင်းအချက် အလက်များကို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအားလုံးထံသို့ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။
၅။ တော်လှန်ရေးတွင် တိုက်ရိုက်ပါဝင်လှုပ်ရှား၍သော်လည်းကောင်း၊ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားမှု များကြောင့် မတရားဖမ်းဆီး အကျဥ်းချခံရခြင်း၊ တော်လှန်ရေးလှုပ်ရှားမှုများ သို့မဟုတ် မတရားဖမ်းဆီး နှိပ်စက်စစ်ဆေးမှုများကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ပျက်စီးရသူများ၊ ကျန်းမာရေး ယိုယွင်းထိခိုက် ရသူများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ရသူများအတွက် ပညာရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများ မရှိစေရန် လိုအပ်သော အစီအစဥ်များကို ဦးစားပေး စီစဉ်ဆောင်ရွက်မည်။
၆။ ၂၀၂၂ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းတွင် ပါဝင်ရန် လက်လှမ်းမမီသောကြောင့်ဖြစ်စေ၊ ဆက်သွယ်မှုခက်ခဲနေသောကြောင့်ဖြစ်စေ အခြား အခက်အခဲအမျိုးမျိုးကြောင့် ဖြစ်စေ စာမေးပွဲဖြေဆိုနိုင်ခြင်းမရှိသော ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း ပညာရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများ မရှိစေရန်အတွက် လိုအပ်သော အစီအစဥ်များကို စီစဥ်ဆောင်ရွက်မည် ဖြစ်ပါသည် ဟူ၍ ပညာရေးဝန်ကြီးဌာနရဲ့ ပြည်သူသို့အသိပေးတင်ပြချက်မှာ ရေးသားပါရှိပါတယ်။
========================
📌📌ဘင်းစတက်အနေနဲ့ ဒီမိုကရေစီအရေးကိုလေးစားလိုက်နာဖို့ India4Myanmar ကြေငြာချက်တရပ်ထုတ်ပြန်ခဲ့ပါတယ်
သီရိလင်္ကာနိုင်ငံတွင် မတ်လ ၃၀ တွင်ကျင်းပမယ့် ငါးကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံကျင်းပဖို့ရှိပါတယ်။ BIMSTEC အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများရဲ့ တောင်းဆိုချက်ကိုလေးစားလိုက်နာသင့်ကြောင်း India4Myanmar က တောင်းဆိုနေကြတာဖြစ်ပါတယ်။ BIMSTEC အဖွဲ့ကို တောင်အာာရှနှင့်အရှေ့တောင်အာရှဒေသရှိ ဘင်္ဂလားဒေ့ရှ် ဘူတန် နီပေါ မြန်မာ အိန္ဒိယ သီရိလင်္ကာ ထိုင်း စတဲ့(၇)နိုင်ငံပါဝင်ဖွဲ့စည်းထားပြီး ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရာ အဖွဲ့လည်းဖြစ်ပါတယ်။ အဆိုပါအဖွဲ့ရဲ့ ငါးကြိမ်မြောက်အစည်းအဝေးကို သီရိလင်္ကာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်တပ်က အကြမ်းဖက်အာဏာသိမ်းခဲ့ပြီးနောက် မြန်မာပြည်သူလူထုတရပ်လုံးက ခုခံတွန်းလှန်စစ်များဆင်နွှဲနေကြပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လတွင်ကျရောက်ခဲ့တဲ့ BIMSTEC အဖွဲ့ တည်ထောင်ခြင်း ၂၄ ကြိမ်မြောက်အခမ်းအနားကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က စာပေးပို့ခဲ့ပြီး BIMSTEC အဖွဲ့က ပြန်လည်ပြီးသတင်းထုတ်ပြန်ရာမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်အား နိုင်ငံတော်ဝန်ကြီးချုပ်ဟူ၍ ရည်ညွှန်းဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။ ဒါ့အပြင် စစ်အုပ်စုကိုယ်စားလှယ်များဟာ BIMSTEC အစည်းအဝေးများစွာအား နိုင်ငံကိုယ်စားပြုသူများပမာ တက်ရောက်ခဲ့ကြောင်း မှတ်တမ်းများအရ တွေ့ရှိရပါတယ်။ ဘင်းစတက်အဖွဲ့ဝင်နိုင်ငံများဟာ ဒီမိုကရေစီနိုင်ငံများဖြစ်ပေမယ့် ဒီမိုကရေစီကိုဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ကို အသိအမှတ်ပြုသည့်သဖွယ်ဆက်ဆံနေခြင်းမှာ ဘင်းစတက်အဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းစေတယ်လို့ IFM အဖွဲ့က ထောက်ပြထားပါတယ်။ မတ်လကုန်တွင် ကျင်းပမယ့် ဘင်းစတက်ထိပ်သီးညီလာခံတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား တက်ရောက်စေမည်ဆိုပါက ကမ္ဘာဝန်းရှိလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများရဲ့ ပြင်းထန်သောဆန့်ကျင်မှုများကို ကြုံရမှာဖြစ်ကြောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုများစွာဖြင့် စွပ်စွဲခံထားရတဲ့ စစ်ကောင်စီအဖွဲ့အား ဆက်စပ်ပက်သက်မှုကို ဘင်းစတက်အနေနဲ့ ရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ ဒီမိုကရေစီ ၊ လူ့အခွင့်အရေးအလေ့အကျင့်များ မထွန်းကားပါက ငြိမ်းချမ်းသာယာဝပြောပြီး ရေရှည်တည်တံ့တဲ့ ဘဂ်လားပင်လယ်အော်ဒေသ မပေါ်ပေါက်နိုင်ပါဘူး။ ထို့ကြောင့် လူသားချင်းစာနာမှု လူသားမျိုးနွယ် ဂုဏ်သိက္ခာအားရှေ့ရှုပြီး မြန်မာပြည်အရေးအား ဆုံးဖြတ်ဆွေးနွေးပေးကြရန် ဘင်းစတက်အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များအား india for myanmar အဖွဲ့က နှစ်ခြောက်လုံးလူထုလှုပ်ရှားမှုနေ့မှာ တိုက်တွန်းခဲ့ကြပါတယ်။ india for myanmar သည် တောင်အာရှအတွင်း ပညာရှင်များ၊တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးနှင့်ဒိမိုကရေစီအဖွဲ့အစည်းများ၊ ပါဝင်သောအိန္ဒိယအခြေစိုက် ဒီမိုကရေစီဆိုင်ရာ သွေးစည်းညီညွတ်ရေး အဖွဲ့ဖြစ်ပါတယ်။
========================
📌📌စစ်အာဏာရှင်ကိုမုန်းတီးသော စစ်တပ်အရာရှိများ ပြည်သူနှင့်အတူပူးပေါင်းလာနေကြဆဲဖြစ်ပါတယ်
ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် နေပြည်တော်၊ အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းမှ CDM အရာရှိတဦးပေါ်ပေါက်ခဲ့ပါတယ်။ လုပ်သက် ၁၇ နှစ်ကျော် တာဝန်ထမ်း ဆောင်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် သင်တန်းတက်ရောက်နေသော လေတပ်အရာရှိ DSA အပတ်စဉ်(၅၀) ဗိုလ်ကြီးဇေသူအောင်ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO - Local PDF) ထံ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် မိသားစုနှင့်အတူ CDM ပြုလုပ်ရောက်ရှိလာကြောင်း DMO-Local PDF က သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားပြုလုပ်နေမှုများကို လက်မခံနိုင်၍ ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ရန် အရဲစွန့်ပြီး ပြည်သူနှင့်အတူပူးပေါင်းလာတာဖြစ်ပြီး ဗိုလ်ကြီးဇေသူအောင်နှင့် မိသားစုအား ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Locla PDF)တပ်ဖွဲ့က ကောင်းမွန်စွာကြိုဆိုလက်ခံပြီး လုံခြုံ သည့် နေရာသို့ စီစဉ်ပေးခဲ့ကြောင်းသိရပါတယ်။ ဗိုလ်ကြီးဇေသူအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဥပဒေမဲ့အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် CDM ပြုလုပ်သော ပထမဦးဆုံးလေတပ် အရာရှိကြီးတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ ပြည်သူလူထုနှင့် တစ်သားတည်း ပူးပေါင်းပါဝင်လိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့မှ နွေးထွေးစွာ ကြိုဆိုလက်ခံရန် အသင့်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-Local PDFက သတင်းထုတ်ပြန်ထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment