၂၀၂၂ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌နော်ဝေနိုင်ငံသို့ ရောက်ရှိခဲ့သည့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးထံသို့ နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်က စာပေးပို့
📌မွန်လူမျိုးနှင့်မွန်ပြည်နယ်ကောင်းကျိုးအတွက် စစ်မှုထမ်းကြဖို့ မွန်ပြည်ကာကွယ်ရေးတပ်မတော်က တိုက်တွန်းနှိုးဆော်
📌စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသည့် အနုပညာရှင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏နေအိမ်များကို ယခုဖေဖော်ဝါရီ လအတွင်း စစ်တပ်မှ လာရောက်ချိတ်ပိတ်မှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရ
📌ဖောင်ကြီးမှာ ဝန်ထမ်းမိသားစုဝင်များ လူမှုကွန်ရက်အသုံးပြုခွင့် ကန့်သတ်ခံနေရပီး အတင်းအကျပ်စစ်သင်တန်းပေးခံနေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌နော်ဝေနိုင်ငံသို့ ရောက်ရှိခဲ့သည့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးထံသို့ နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်က စာပေးပို့ခဲ့တဲ့ သတင်းကို တင်ဆက်ပေးပါ့မယ်
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဗလက်ခ်ရှစ်နန်သည် နော်ဝေး နှင့် ပြင်သစ် သို့ ခရီးထွက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဗီဗီယန်ဟာ နော်ဝေးနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt နှင့် တွေ့ဆုံခဲ့ပါတယ်။ အဲဒီလိုတွေ့ဆုံကြရမှာ သူတို့နှစ်နိုင်ငံကိစ္စများအပြင် ယူကရိန်း နှင့် မြန်မာ့အရေးတို့ကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြောင်း ဗီဗီယန်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားပါတယ်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး နော်ဝေးသို့ ရောက်နေစဉ်တွင် နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်က စာတစ်စောင်ပေးပို့ခဲ့ပါတယ်။ ယင်းစာရဲ့ အစတွင် နော်ဝေးအခြေစိုက် NUG ကိုယ်စားလှယ်ရုံးသို့ ဖိတ်ခေါ်ထားပြီး ရှေ့ဆက်ထွက်မယ့် ပါရီတွင်ကျင်းပမယ့် အင်ဒို-ပစိဖိတ် ဝန်ကြီးများဖိုရမ်သို့သွားမယ့် ခရီးစဉ် အတွက်လည်း ချောမွေ့ပါစေကြောင်း ဆန္ဒပြုထားပါတယ်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး ကမ္ဘာအရေး၊ ဒေသတွင်းအရေးတွေ ဆွေးနွေးရာမှာ မြန်မာပြည်အကြောင်းကို ထည့်ဆွေးနွေတာကို သိရှိရပြီး နှစ်နိုင်ငံလုံးဟာ မြန်မာ့အရေးအပေါ် အာရုံစိုက်ကြောင်း သိရှိရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲမှာလည်း မြနိမာ့အာဏာသိမ်းစစ်ခေါင်းဆောင်ခန့် ဝန်ကြီးကို အာဆီယံသဘောတူညီမှု ၅ ချက်ကို မဆောင်ရွက်ခဲ့တာကြောင့် တက်ခွင့်မပေးခဲ့တဲ့အပေါ်မှာလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အဲဒီအစည်းအဝေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင်ခန့် ဝန်ကြီးကို ကို မတက်ရောက်စေတာနဲတင် လုံလောက်တယ်လို့ မပြောနိုင်ကြောင်း ဝမ်းနည်းစွာတွေရှိရပါတယ်။ သံတမန်ရေးရာဖိအား၊ နိုင်ငံရေးရာဖိအား နဲ့ စီးပွားရေးဖိအားတွေ ထပ်ပေးဖို့ လိုသေးတယ်လို့ ထင်မြင်မိပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာကို အကြမ်းဖက်စစ်အာဏာသိမ်းခေါင်းဆောင်က ကိုယ်စားပြုပြီး အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး (RCEP) မှာ ပါဝင်လာရင် လက်မခံဘူးလို့ ကြေညာထားတာကို တွေ့ရပါတယ်။ အခြား အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ သဘောထားကို တိတိကျကျ မသိရသေးပေမယ့် ဒီလိုပြောဆိုတာဟာ အာဆီယံတွင်းမှာ ကောင်းတဲ့အရွေ့တစ်ခုလို့ ယုံကြည့်ပါတယ်။ ဒါကြောင့်မို့ စင်ကာပူနိုင်ငံအနေနဲ့လည်း RCEP မှာ မြန်မာကို လက်မခံဖို့ တောင်းဆိုပါရစေ။ အကြမ်းဖက်စစ်ဏာသိမ်းအဖွဲ့ကို အချို့နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ထားတာဖြစ်ပြီး ပိုမိုဖီအားများစေရန်အတွက် RCEP လက်မှတ်ထိုးထားတဲ့ ကျန်အာဆံယံနိုင်ငံတွေရော အာဆီယံမဟုတ်တဲ့နိုင်ငံတွေရော သူတို့ကို လက်မခံကြဖို့ မျှောင်လင့်ကြောင်း ယင်းစာတွင် ရေးသားထားပါတယ်။
စာတွင် နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်က လက်မှတ်ရေးထိုးထားပါတယ်။
========================
📌📌မွန်လူမျိုးနှင့်မွန်ပြည်နယ်ကောင်းကျိုးအတွက် စစ်မှုထမ်းကြဖို့ မွန်ပြည်ကာကွယ်ရေးတပ်မတော်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းပြီး မွန်လူမျိုးနှင့် မွန်ပြည်နယ်ကောင်းကျိုးအတွက် စစ်မှုထမ်းကြဖို့ တပ်ဖွဲ့ဝင်များကို အလိုရှိကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၊မြောက်ပိုင်းဒေသ ဦးစီးကော်မတီက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကျန်းမာရေးကောင်းရမည် ပင်ပန်းဆင်းရဲဒဏ်ခံနိုင်ရမည် မိသားစုဆွေမျိုးများ ချစ်ခင်ရသူများနှင့် အချိန်အတိုင်းအတာတခုထိအဆက်အသွယ်ဖြတ်နိုင်ရမည် မွန်လူမျိုးနှင့်မွန်ပြည်နယ်ကောင်းကျိုးတွက် တာဝန်ထမ်းနိုင်ရမည် အာဏာရှင်ကိုချေမှုန်းရေးနှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပါက်လာရေးအတွက် စိတ်အားထက်သန်သူဖြစ်ရမည် အနည်းဆုံး (၂)နှစ်သက်တမ်းစစ်မှုထမ်းနိုင်ရမည်။ အသက် ၁၈ မှ ၄၀ တွင်းဖြစ်ရမည် စသည်ဖြင့် စစ်သည်အလိုရှိကြောင်း ကြေငြာချက်မှာ လိုအပ်ချက်များကို ထည့်သွင်းဖော်ပြထားပါတယ်။
အာဏာရှင်ကို ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ မိမိလူမျိုးမိမိပြည်နယ် မိမိတို့ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ကိုယ်ပိုင်ပြဌာန်းနိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ စိတ်အားထက်သန်သူတွေအနေနဲ့ တာဝန်ထမ်းဆောင်လိုရင် MDSF ရဲ့ အီးမေးလ်နဲ့ တယ်လီဂရမ်အကောင့်လိပ်စာကဆင့် ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါလိပ်စာများကိုသိရှိနိုင်ရန် Mon State Defense Force (MSDF) ဖေ့ဘွတ်စာမျက်နှာတွင် သွားရောက်အသေးစိတ်သိရှီနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မွန်ပြည်ကာကွယ်ရေးတပ် MON STATE DEFENSE FORCE အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ဆိုထားပါတယ်။ မွန်ပြည်နယ်တွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင် တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ထက်မနည်းရှိကြောင်း သိထားရပီး လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။
========================
📌📌စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသည့် အနုပညာရှင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏နေအိမ်များကို ယခုဖေဖော်ဝါရီ လအတွင်း စစ်တပ်မှ လာရောက်ချိတ်ပိတ်မှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားသည့် အဆိုတော်နှစ်ဦးဖြစ်သူ လင်းလင်းနှင့် ချစ်သုဝေ လင်မယားနေထိုင်ခဲ့သည့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန်ရပ်ကွက်၊ ရွှေအင်ကြင်းမွန်အိမ်ရာ၊ တိုက်အမှတ်(T)၊ အခန်းနံပါတ်(၆)နေအိမ်တိုက်ခန်းကို ရဲနှင့်စစ်တပ်က ပြီးခဲ့သည့်ဖေဖော်ဝါရီ(၁၇)ရက်တွင် လာရောက်ချိတ်ပိတ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့ဒေသခံတစ်ဦးမှ ပြောပါတယ်။
"အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေနေခဲ့တဲ့တိုက်ခန်းကို ရဲနဲ့စစ်တပ်အင်အားအနည်းငယ်နဲ့လာပြီး စာဗီနိုင်းနဲ့ချိတ်ပိတ်သွားခဲ့ပါတယ်။ အဲဒီတိုက်ခန်းမှာ လူနေမရှိတော့တာကြာပြီ"ဟု ၄င်းမှဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အဆိုတော်ချမ်းချမ်းနေထိုင်သည့် သန်လျင်မြို့ရှိနေအိမ်နှင့် အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့၏နေအိမ်ကို ရဲနှင့်စစ်တပ်မှ လာရောက်ချိတ်ပိတ်ခဲ့သည်။
အဆိုတော်ချမ်းချမ်းမှာ သြစတြေးလျနိုင်ငံတွင် နေထိုင်နေဆဲဖြစ်ပြီး အစီအစဉ်တင်ဆက်သူ မောင်မောင်အေးဆိုသူမှာလည်း နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့် ဝရမ်းထုတ်ခံရမှုကြောင်း တိမ်းရှောင်နေရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို အမာခံအားပေးသူအဖြစ် ထင်ရှားသူ ပန်ဆယ်လိုနေထိုင်ခဲ့သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁)ရပ်ကွက်၊ ပြည်ပန်းညိုလမ်းအတွင်းရှိနေအိမ်ကိုလည်း စစ်တပ်နှင့်ရဲအဖွဲ့မှ လာရောက်ချိတ်ပိတ်မှုရှိခဲ့သည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်နေထိုင်သည့် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိနေအိမ်ကို စစ်တပ်နှင့်ရဲမှ ယမန်နေ့(ဖေဖော်ဝါရီ ၂၁ ရက်) ညနေ ၄ နာရီအချိန်တွင်လာရောက်ပြီး သတိပေးဗီနိုင်းဆွဲကာ ချိတ်ပိတ်မှုပြုလုပ်သွားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်နေ့၌ စစ်ကောင်စီမှ နိုင်ငံရေးပုဒ်မ-၅၀၅(က)ဖြင့် ဝရမ်းအထုတ်ခံထားရသည့် ဒါရိုက်တာဝိုင်း သည်မှာလည်း နေအိမ်သို့ကျန်းမာရေးမကောင်းသဖြင့် ခေတ္တပြန်လည်နေထိုင်စဉ် စစ်တပ်နှင့်ရဲတပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး နေအိမ်ကိုပါ ချိတ်ပိတ်သိမ်းဆည်းခံထားရသည်။
========================
📌📌ဖောင်ကြီးမှာ ဝန်ထမ်းမိသားစုဝင်များ လူမှုကွန်ရက်အသုံးပြုခွင့် ကန့်သတ်ခံနေရပီး အတင်းအကျပ်စစ်သင်တန်းပေးခံနေရပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်ဖောင်ကြီးတွင် အာဏာသိမ်းအုပ်စုမှ လူ့အခွင့်အရေးများချိုးဖောက်လျက်ရှိနေပါတယ်။ ဝန်ထမ်းများနှင့်မိသားစုဝင်များ၏ လူမှုကွန်ရက်အသုံးပြုခွင့်ကို စစ်ကောင်စီက ကန့်သတ်မှုတွေလုပ်နေသလို လက်ကိုင်ဖုန်းများမှအစ တင်းတင်းကျပ်ကျပ် စစ်ဆေးပိတ်ပင်နေကြောင်း သိရပါတယ်။ ဝန်ထမ်းများရဲ့လက်ကိုင်ဖုန်းကို အတင်းအကျပ်စစ်ဆေး၍ ဖေ့ဘွတ်နှင့် vpn အသုံးပြုခြင်းမရှိစေရန် ရဲများကစောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ "အခု ဗဟို၀န်ထမ်း တက္ကသိုလ် အောက်မြန်မာပြည် ( ဖောင်ကြီး) အတွင်း တကျောင်းလုံးရဲ့အကြီးဆုံးဖြစ်သူ ပါချုပ်နဲ့ ဒုချုပ်တို့ ကိုဗစ်ဖြစ်နေပြီး တ ကျောင်းလုံးကို Lockdown အဖြစ် ရက်အကန့်သန့်မရှိမည်သူကိုမှ ပေးမထွက် ပေးမ၀င်ပါဘူး။ပြီးတော့ ၀န်ထမ်းကျောင်းအတွင်း လမ်းသွယ်တွေမှာ ရဲခွေး ၃ယောက် ၄ယောက်စီချထားပြီး ၀န်ထမ်းတွေ ၀န်ထမ်း မိသားစု တွေရဲ့ ဖုန်း တွေကို VPN စစ်နေပါတယ်။ စစ်ပြီး ဘယ်ကလည်း ဘယ်သူ့သား၊သမီး ဘယ်ဌာန လို့မေးပြီး ဖုန်းကိုကိုင်ထားတဲ့ပုံ ၊လူတကိုယ်လုံးပုံ ဆိုင်ကယ်၊စက်ဘီးပုံကအစ ရိုက်ယူထားနေပါတယ်။ ၀န်ထမ်းနဲ့ ၀န်ထမ်းမိသားစု တွေကိုလည်း စာရွက်တွေလိုက်ပေး ခံ၀န်လက်မှတ်တွေထိုးပြီး သူတို့ကို ပေးခိုင်းနေပါတယ်။ စာရွက်ထဲကအကြောင်းအရာတွေကတော့ အခုလက်ရှိ တာ၀န်ထမ်းဆောင်နေတဲ့ ပြည့်သူ့၀န်ထမ်းများသည် CDM လုပ်ထားသောသူ ၀န်ထမ်းများနှင့်အဆက်သွယ်မလုပ်ရန် ညအိပ်မလာစေရန်၊ Fb ပေါ်တွေ နိုင်ငံရေးPost များမတင်ရန် Share မလုပ်ရန် မည်သူတဦး တယောက် နှင့်မျှမဆက်သွယ်ရန်ဆိုပြီး ခြိမ်းခြောက်စာများပေးဝေလက်မှတ် ထိုးခိုင်း နေပါတယ်" လို့ သင်တန်းသားဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
ဒ့ါအပြင် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် တစ်ကျောင်းလုံး ကိုဗစ်ဖြစ်နေပြီး တစ်ကျောင်းလုံးကို ပိတ်ဆို့ထာကြောင်း၊ ကိုဗစ်ဖြစ်နေသူများကိုလည်း အနားပေးခြင်း မရှိဘဲ သေနတ်ပစ် စစ်ရေးလေ့ကျင့်ခိုင်းမှုများကို လုပ်ဆောင်ခိုင်းနေကြောင်း သိရှိရပါတယ်။
"ဒီလောက် Covid တွေဖြစ်နေတဲ့ကြားက နေပူထဲသင်တန်းတွေခေါ် စစ်သင် တန်း တွေပေး သေနတ်ပစ် စစ်ရေးလေ့ကျင့်ခိုင်းပြီး စာသင်ချိန်ထက် စစ်ရေး လေ့ကျင့်ချိန်နဲ့ သေနတ်ပစ်လေ့ကျင့်ရတာကပိုများတယ်" ဟု သင်တန်း သား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက အောက်မြန်မာပြည်နှင့် အထက် မြန်မာ ပြည်ရှိ ဗဟိုဝန်ထမ်း တက္ကသိုလ်များကို ဝန်ထမ်းများ စစ်ရေးလေ့ ကျင့်သည့် နေရာများအဖြစ် အသွင်ပြောင်းနေကြောင်း သိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment