24th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌သူနာပြုတက္ကသိုလ်-မန္တလေး ကျောင်းဖွင့်ပွဲနှင့် ဟောပြောဆွေးနွေးပွဲအခမ်းအနား ကျင်းပ
📌နွေဦးဆေးခန်း (Nway Oo Clinic) ဖွင့်လှစ်
📌မုံရွာက စီးပွားရေး လုပ်ငန်းရှင် အပါအဝင် ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး
📌မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် ခန့်အပ်
အောက်လံလွှင့်ချီ နွေဦးထီ ဖွင့်တော့မယ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပထမဆုံးအနေနဲ့ သူနာပြုတက္ကသိုလ်-မန္တလေး ကျောင်းဖွင့်ပွဲနှင့် ဟောပြောဆွေးနွေးပွဲအခမ်းအနား ကျင်းပ

သူနာပြုတက္ကသိုလ်-မန္တလေး၊ ယာယီတက္ကသိုလ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကျောင်းသား/သူများအတွက် စဥ်ဆက်မပြတ်ပညာဆက်လက်ဆည်းပူးလေ့လာနိုင်ရန် Zoom Linkဖြင့် သူနာပြုနှင့်ဆိုင်သော ခေါင်းစဥ်များနှင့် Combat Medic Training ကို ဟောပြောပို့ချဆွေးနွေးကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိနေတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ အဓိက Online အနေနဲ့သာမက အင်တာနက်မရသောသူများအတွက်လည်း အဆင်ပြေအောင် စီစဥ်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။

သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) အတန်းများ၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) အတန်းများနှင့် သူနာပြုမဟာသိပ္ပံအတန်းများကို ဖေဖော်ရီလ ၂၂ ရက်နေ့မှာကျရောက်တဲ့ ၂ ခြောက်လုံး ရက်နေ့မှစ၍ ပုံမှန်ဆက်လက်ဖွင့်လှစ်တော့မည့်အကြောင်း ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ယမန်နေ့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က သူနာပြုတက္ကသိုလ်-မန္တလေး ကျောင်းဖွင့်ပွဲ ကျင်းပကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနှင့် သူနာပြုတက္ကသိုလ်-မန္တလေး၊ ယာယီတက္ကသိုလ်ကောင်စီ အဓိပတိ ပါမောက္ခ ဒေါက်တာခင်မောင်လွင်တို့က ကျောင်းဖွင့်ပွဲအမှတ်တရ အမှာစကားများ ပြောကြားပေးခဲ့ပါတယ်။ ထို့နောက် "Current Education and Bright Future of the University Students" ခေါင်းစဥ်ဖြင့်
- ဦးမင်းကိုနိုင်
- ဒေါက်တာတေဇာစန်း
- ဒေါက်တာဖြိုးသီဟနှင့်
- ဆရာမအက်စတာဇေနောတို့က
ဟောပြောဆွေးနွေးခဲ့ပါတယ်။

ဟောပြောဆွေးနွေးမှုများအပြီးတွင် အခမ်းအနား တက်ရောက်လာသူများ၏ မေးခွန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး "အရေးတော်ပုံအောင်ရမည်" ဆိုတဲ့ ကြွေးကြော်သံပြိုင်တူရွတ်ဆိုကြာ အခမ်းအနားကို အဆုံးသပ်ခဲ့ကြောင်း သိရှိရပါတယ်။

========================

📌📌ဆက်လက်ပြီး နွေဦးဆေးခန်း (Nway Oo Clinic) ဖွင့်လှစ်မယ့်အကြောင်း ပြောပြပေးပါ့မယ်

အမျိုးသားညီညွှတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ပါဝင်မယ် နွေဦးဆေးခန်းဖွင့်လှစ်မယ်လို့ သိရှိရပါတယ်။
တိုင်ပင်ဆွေးနွေးနိုင်မည့် ရောဂါတွေကတော့ အရိုး၊ အရွတ်၊ အကြောအဆစ်၊ ကြွက်သားဆိုင်ရာ ရောဂါများ နဲ့ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆိုင်ရာ ရောဂါများ ဖြစ်ပါတယ်။

ဆေးခန်းထိုင်မည့် ဆရာဝန်ကြီးတွေကတော့

အရိုးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်၊ အထူးအကြံပေး၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ တို့ ဖြစ်ကြပါတယ်။

အထူးကုပါမောက္ခဆရာဝန်ကြီးများနဲ့ အွန်လိုင်းကတစ်ဆင့် တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်တဲ့အပြင် ဆေးခန်းပြရင်း တော်လှန်ရေးရန်ပုံငွေကိုပါ တစ်ပါတည်း ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ နွေဦးဆေးခန်း ရဲ့ Website လိပ်စာနဲ့ စတင်ဖွင့်လှစ်မယ့် ရက်ကို မကြာမီ ရက်ပိုင်းအတွင်း ကြော်ငြာပေးမယ်လို့ သိရှိရပါတယ်။


========================

📌📌ဆက်လက်ပြီး မုံရွာက စီးပွားရေး လုပ်ငန်းရှင် အပါအဝင် ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး တဲ့ သတင်းကို ပြောကြားပေးပါ့မယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က စီးပွားရေးလုပ်ငန်းရှင်အပါအဝင် ပြည်သူ သုံးဆယ်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားသည်ဟု မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုခန့်ဝေဖြိုးက သံလွင်ခက်ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များကို ငွေကြေးထောက်ပံ့ပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ မုံရွာမြို့ကစီးပွါးရေးလုပ်ငန်းရှင်များကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။

“အဓိကကတော့ စတိုးဆိုင်၊ ဖုန်းဆိုင်၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေကို ခေါ်သွားတာ။ သူတို့က PDF တွေကို ထောက်ပံ့တာမျိုးလည်း မရှိဘူး။ သီးသန့်နေတဲ့ လုပ်ငန်းရှင်တွေကို ခေါ်သွားတာဆိုတော့ ငွေကြေးလိုအပ်ချက်ကြောင့် ငွေလိုချင်လို့ အကြောင်းပြချက်ရှာပြီး ဖမ်းသွားတယ်လို့ပဲ ကျွန်တော်တို့က မြင်တယ်”ဟု ကိုခန့်ဝေဖြိုးက ပြောပါတယ်။

အဲဒီလို အထောက်အထားမဲ့ မတရားစွပ်စွဲဖမ်းဆီးခြင်းများဟာ တရားဥပဒေစိုးမိုးခြင်းကင်းမဲ့နေပြီး ပြည်သူများအပေါ် ထင်ရာလုပ်နေခြင်းအဖြစ် သပိတ်ဦးဆောင်ကော်မတီများက ကန့်ကွက်လျက်ရှိနေတာပါ။

မုံရွာမြို့ဟာ အာဏာသိမ်းပြီးကတည်းက လူထုဆန္ဒပြသပိတ် ထုတ်ဖော်မှုများ အားကောင်းခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပြီး အခုအချိန်ထိ ဆန္ဒထုတ်ဖော်မှုများကို ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေသော မြို့ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်က ပြန်လည်စုရုံး နှစ်ခြောက်လုံး ကျေးလက်ပုန်ကန် မြို့ပြဖီဆန်ဟုဆိုကာ မုံရွာမြို့မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်စွာ ချထားခဲ့တာပါ။

အာဏာသိမ်းမှုများအပြီး စစ်ကောင်စီလက်အောက်ခံ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးက ဝန်ကြီးချုပ်များဟာ စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ ငွေကြေးအလှူခံမှုများ ရှိခဲ့ဖူးကြောင်းလည်း သိရှိရပါတယ်။

========================

📌📌ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် ခန့်အပ်တဲ့အကြောင်းပြောပြပေးပါ့မယ်

ဥရောပသမဂ္ဂ EU အနေနဲ့ မြန်မာနိုင်ငံရဲ့ အရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ EU အထူးသံတမန်အဖြစ် အီဂေါဒရစ်မန် (Igor Driesmans) ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း EU ရဲ့ တွစ်တာစာမျက်နှာမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကြေညာလိုက်ပါတယ်။ အီဂေါဒရစ်မန် ကလည်း သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ထပ်မံရှယ်ယူဖေါ်ပြခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့တွေရဲ့ ရှိနှင့်ပြီးသား မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တွေအပြင် EU အဖွဲ့ရဲ့ အထူးသံတမန် တယောက်ပါ တိုးလာတာဖြစ်ပါတယ်။ အထူးသံတမန် အီဂေါဒရစ်မန် ဟာ လောလောဆယ်မှာ အာဆီယံဆိုင်ရာ EU သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

========================

📌📌နောက်ဆုံးအနေနဲ့ အောက်လံလွှင့်ချီ နွေဦးထီ ဖွင့်တော့မယ့် အကြောင်း ပြောပြပါရစေ

အခု ဖေဖော်ဝါရီလ အတွက် အောင်လံလွှင့်ချီနွေဦးထီ Commercial Launch အရောင်းပိတ်ဖို့ (၂) ရက်တည်းသာ ကျန်ပါတော့တယ်။ နွေဦးထီထိုးသူများအနေနဲ့ "အောင်လံလွှင့်ချီနွေဦးထီ" ဆိုတဲ့ facebook ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ နွေဦးထီထိုးဖို့ အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရန် အတွက် https://t.me/SpringLotteryCustomerCare_bot ဆိုတဲ့ Telegram ချန်နယ်ကတစ်ဆင့် နွေဦးထီ Customer Care Bot ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရှိရပါတယ်။ နွေဦးထီမှ ရရှိတဲ့ အမြတ်များကို CDM ပြုလုပ်နေတဲ့ ဝန်ထမ်းများကို ထောက်ပံကူညီပေးနေတာ ဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment