24th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌NUG ပြည်ထောင်စုဝန်ကြီးချုပ်က မိတ်ဘက်နိုင်ငံများထံ သ၀ဏ်လွှာများ ပေးပို့
📌ရာဇ၀တ်မှုကျူးလွန်သူတိုင်းကို တရားဥပဒေအရ အရေးယူနိုင်ဖို့ အဆုံးထိ ဆောင်ရွက်သွားမယ်လို့ ဦးအောင်မျိုးမင်းပြော
📌သမ္မတပူတင် ယူကရိန်းကို စစ်ကြေညာလိုက်ပြီ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌NUG ပြည်ထောင်စုဝန်ကြီးချုပ်က မိတ်ဘက်နိုင်ငံများထံ သ၀ဏ်လွှာများ ပေးပို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ကျရောက်သော The Republic of Estonia နိုင်ငံ လွတ်လပ်ရေးနေ့ နဲ့ Brunei Darussalam နိုင်ငံ အမျိုးသားနေ့သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ သီးခြားပေးပို့ခဲ့ပါတယ်။ အလားတူ ဂျပန်ဧကရာဇ် နာရူဟီတို၏ (၆၂) နှစ်မြောက် မွေးနေ့သို့လည်း ဆုတောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။

========================

📌📌ရာဇ၀တ်မှုကျူးလွန်သူတိုင်းကို တရားဥပဒေအရ အရေးယူနိုင်ဖို့ အဆုံးထိ ဆောင်ရွက်သွားမယ်လို့ ဦးအောင်မျိုးမင်းပြော

NUG အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ပြီးရာဇ၀တ်မှု ကျူးလွန်သူတိုင်းကို တရားဥပဒေအရ အရေးယူနိုင်ဖို့အဆုံးထိ ဆောင်ရွက်သွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက Delta News Agency ကိုပြောပါတယ်။

မြန်မာနိုင်ငံ အပေါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ကြားနာခဲ့ပါတယ်။ မနေ့က ၂၃ ရက်နေ့ မှာ ဂမ်ဘီယာနိုင်ငံဘက်က လျောက်လဲခဲ့တဲ့နေ့မှာ ဦးအောင်မျိုးမင်းက ခုလိုပြောခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှာ မြန်မာနိုင်ငံသားတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်မခံကြောင်း နယ်သာလန်ရောက် မြန်မာနိုင်ငံသားတွေက စုပေါင်းဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက NUG ကိုတရား၀င်ကြောင်း အသိအမှတ်ပြုဖို့ အရေးလုပ်ဆောင်နေတာမဟုတ်ပဲ ICJ တရားရုံးရဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်ခံကြားနာခွင့်ပြုတဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်တာသာဖြစ်ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံ အနေနဲ့ လူမျိုးတုံးစေခဲ့တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးကို ဦးတိုက်လျောက်ထားခဲ့တဲ့အတွက် အခုလို တရားရင်ဆိုင်နေရပါတယ်။

========================

ဆက်လက်ပြီး ကမ္ဘာ့ရေးရာသတင်းတစ်ပုဒ်ကို တင်ဆက်ပေးပါ့မယ်။

📌📌သမ္မတပူတင် ယူကရိန်းကို စစ်ကြေညာလိုက်ပြီ

ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးလုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ နိုင်ငံရုပ်သံမိန့်ခွန်းမှာ ကြေညာလိုက်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကို သိမ်းယူဖို့ အစီအစဉ်မရှိဘူး ၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက် ဖြစ်တယ် ၊ သွေးထွက်သံယိုမှု ကိစ္စတွေဟာ ယူကရိန်းအစိုးရနဲ့သာ ဆိုင်တယ်လို့ ပူတင်က ပြောပါတယ်။

ရုရှားရဲ့လုပ်ရပ်ကို ဝင်ရောက်စွက်ဖက်တဲ့ တခြားနိုင်ငံတွေအနေနဲ့ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အကျိုးဆက်တွေ ခံစားရမယ်လို့ ပူတင်က သတိပေးလိုက်ပါတယ်။

ဒီလိုကြေညာတာနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ဟာ ယူကရိန်းကို တိုက်ခိုက်ဖို့ ကြိုတင်ကြံစည်ထားတဲ့ စစ်ပွဲကို စတင်လိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။" ဒီတိုက်ခိုက်မှုကြောင့် သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ရုရှားနိုင်ငံက တာဝန်ရှိပါတယ် ၊ ကမ္ဘာကြီးက ရုရှားကို တာဝန်ခံခိုင်းမှာပါ" လို့ သမ္မတ ဘိုင်ဒန်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရုရှားသမ္မတပူတင် ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်းနေရာ အနှံ့ အပြားတွင် ပေါက်ကွဲသံများကြားရပြီး ရုရှားက ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် နေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသလို ယူကရိန်းအစိုးရကလည်း ရုရှားက ၎င်းတို့ကို ပစ်ခတ် တိုက်ခိုက် နေပြီ ဖြစ် ကြောင်း အတည်ပြုလိုက်ပြီး ယူကရိန်းပြည်သူများကို အရေးပေါ် ရွှေ့ပြောင်းမှုများ စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment