25th FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌တောင်ကိုရီးယားနိုင်ငံ ဖျောင်းချန်းငြိမ်းချမ်းရေးဖိုရမ် ၂၀၂၂ ပွဲကို NUG ကိုယ်စားလှယ်နှင့်အဖွဲ့ တက်ရောက်ဆွေးနွေး
📌မြန်မာ့နွေဦတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ စုစုပေါင်း (၁၅၇၉) ဦး ရှိပြီဖြစ်ကြောင်း AAPP ထုတ်ပြန်
📌နန်းမယ်ခုံမြို့ကို အာဏာသိမ်းစစ်ကောင်စီလေတပ်မှ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးနေရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌တောင်ကိုရီးယားနိုင်ငံ ဖျောင်းချန်းငြိမ်းချမ်းရေးဖိုရမ် ၂၀၂၂ ပွဲကို NUG ကိုယ်စားလှယ်နှင့်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့်အဖွဲ့ဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ ၂၄ရက်နေ့ထိကျင်းပခဲ့တဲ့ ဖျောင်းချန်းငြိမ်းချမ်းရေးဖိုရမ် ၂၀၂၂ ကိုတက်ရောက်ပြီး မြန်မာ့အရေးနှင့် နိုင်ငံတကာ၏ အခန်းကဏ္ဍဟူသော ခေါင်းစဥ်ဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပါတယ်။
ဖျောင်းချန်းငြိမ်းချမ်းရေးဖိုရမ်အား စတင်ကျင်းပခဲ့တာဟာ လေးနှစ်ခန့်ရှိပြီဖြစ်ပြီး တောင်မြောက်ပြန်လည််ပေါင်းစည်းရန် ရည်ရွက်ချက်ဖြင့် စီးပွားရေး ယဥ်ကျေးမှု အားကစားစသည့် ကဏ္ဍတို့နှင့် မည်ကဲ့သို့ဆက်စပ်ကာ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်သနည်းဟု နယ်ပယ်ပေါင်းစုံမှ တတ်သိပညာရှင်များ တက်ကြွလှုပ်ရှားသူများ လူငယ်များနှင့် နိုင်ငံရေးသမား တာဝန်ရှိသူများအထိ အစုံလင်တက်ရောက်ကြသော ခမ်းနားကြီးကျယ်သည့် ဆွေးနွေးပွဲကြီးတစ်ခုလည်းဖြစ်ပါတယ်။ ယခုနှစ်တွင် ကိုရီးယားလွှတ်တော်(National Assembly)ဥက္ကဌ Mr.Park Byeong-seug တက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်တွင် ပဋိပက္ခကြုံတွေ့နေရသော မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့၏ အခြေနေများကို ဆွေးနွေးသုံးသပ်နိုင်မည့် အစီစဥ်ကို တိုးချဲ့ထားခြင်းကြောင့် ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှ တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာပြည်၏လက်ရှိအခြေနေနှင့် နိုင်ငံတကာ၏ အခန်းကဏ္ဍကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အီသီယိုးပီးယားဘက်မှလည်း မြန်မာနှင့်အီသီယိုးပီးယား ပဋိပက္ခတွင် တူညီသည့်အချက်များ သတိပြုစရာများနှင့် ဖြေရှင်းရန်လိုအပ်သည့်အချက်များကို အသေးစိတ် စိတ်ဝင်စားဖွယ်ရာ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။

========================

📌📌မြန်မာ့နွေဦတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ စုစုပေါင်း (၁၅၇၉) ဦး ရှိပြီဖြစ်ကြောင်း AAPP ထုတ်ပြန်လိုက်ပါတယ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၂၀၂၀ ဖေဖော်ဝါရီလ ၂၄ ရက်အထိ (၁၅၇၉) ဦး ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနိုင်တယ်လို့လည်းဆိုပါတယ်။ မှတ်တမ်းပြုစုချက်များအရ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၃၆၈) ဦးရှိပြီး ၎င်းတို့အနက်မှ (၇၅၃) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြပါတယ်။ ဒါအပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၃) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ စာရင်းများအရ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်ကာ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက် ဖော်ပြပေးသွားမယ်လို့ သိရှိရပါတယ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာတွင်နေထိုင်သည့် မသူဇာထွေးကို PDF များအား ထောက်ပံ့သည်ဟု စွပ်စွဲကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ ဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ မသူဇာထွေးဟာ ကိုယ်ဝန် ခုနှစ်လ လွယ်ထားရကြောင်းကိုလည်း AAPP ကဖော်ပြပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ ငါးဖားကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ စစ်ကြောင်းထိုးခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကာ ဒေသခံရွာသား နှစ်ဦးဖြစ်သည့် ဦးအောင်ထွန်းနှင့် စကားပြောနိုင်ခြင်းမရှိသော ဦးသန်းလှတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း AAPP ရဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်ထုတ်ပြန်ချက်အရသိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက နိင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကိုဆက်သွယ်အသိပေး၊ အကြောင်းကြားကြဖို့ကိုလည်း အသိပေးတိုက်တွန်းထားပါတယ်။ AAPP ရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Assistance Association for Political Prisoners (Burma) ကို ဘလူးမတ်အမှတ်အသားဖြင့် အလွယ်တကူရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပြီး အီးမေးလ်လိပ်စာကတော့ info@aappb.org ဖြစ်ပါတယ်။

========================

📌📌နန်းမယ်ခုံမြို့ကို အာဏာသိမ်းစစ်ကောင်စီလေတပ်မှ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးနေရပါတယ်

ဒီးမော့ဆိုကို ပြန်လည်ထိန်းချုပ်လိုတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနှင့် ကရင်နီပြည်နယ် လွိုင်ကော်ကြားဒေသဖြစ်တဲ့ နမ့်မယ်ခုံကို လေကြောင်းစစ်ဆင်မှုနှင့်အတူ အကြီးအကျယ်တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်း နန်းမယ်ခုံနှင့် အနီးဝန်းကျင်ကရွာအချို့ဟာ ဖေဖေါ်ဝါရီလ ၂၃ ရက် ညပိုင်းမှာကတည်းက စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ခံခဲ့ရပါတယ်။ လေကြောင်းပစ်ခတ်မှုခံခဲ့ရတဲ့နေရာဟာ စစ်ဘေးရှောင်စခန်းအနီးတဝိုက်ဖြစ်တယ်လို့သိရပီး ဒီတိုက်ခိုက်မှုကြောင့် ဒေါကမီးရွာနဲ့ဆီလီဒုန်းကျေးရွာက ဒေသခံနှစ်ဦးဗုံးထိမှန်သေဆုံးခဲ့ပါတယ်။ ပြည်သူ ၄ ဦးထက်မနည်း ဒဏ်ရာရရှိကာ နေအိမ်မီးလောက်ပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကလည်းထုတ်ပြန်ထားပါတယ်။ ဒေသခံကာကွယ်ရေးတပ်များရဲ့ သတင်းထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်တို့ကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဆယ်ဦးသေဆုံးတယ်လို့ဆိုပါတယ်။ KNDF ဘက်ကလည်း ထိခိုက်ကျဆုံးမှုနှင့် ဒဏ်ရာရရှိသူတွေ ရှိပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေခံခဲ့ရတဲ့ ကျေးရွာများဟာ လက်ရှိနှစ်ဖက်တိုက်ပွဲတွေဖြစ်နေတဲ့ကျေးရွာတွေမဟုတ်ဘဲ ဗုံးကြဲတိုက်ခိုက်ခံရတာလို့ဒေသခံတွေကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၄ ရက် နံနက် ၅ နာရီ မိနစ်၂၀တွင် တစ်ကြိမ်၊ နေ့လည် ၁၁ နာရီခွဲတွင် တစ်ကြိမ်နှင့် နေ့လည်၁၂ နာရီ ခွဲခန့်တွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ်စလုံးမှာ တိုက်လေယာဥ်များအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ် "ဗျူဟာအရ ဒီးမော့ဆိုကို စစ်တပ်က ပြန်သိမ်း ချင်တယ်။ဒါကြောင့် နန်းမယ်ခုံကို အရင်ရမှ ဖြစ်တာ။ နန်းမယ်ခုံက ဗျူဟာလည်းကျတယ်။ အဲဒီနေရာမှာ လက်နက်ကြီး ထောက်ချင်တာ။ ဒါကြောင့် အခု စစ်ကြောင်း လေးကြောင်းအသည်းအသန်ထိုးနေတာ"ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောပါတယ်။ ယမန်နေ့ နံနက်အစောပိုင်းကစ၍ တိုက်လေယာဥ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှုအပြင် တင့်ကားများ၊ ၁၀၅(မမ)များ အသုံးပြုမှုကြောင့် "ကျွန်တော်တို့ ကရင်နီ တပ်ပေါင်းစုတွေ အားလုံးသဘောတူညီဆုံးဖြတ်ပြီးတော့ နန်းမယ်ခုံကို ယာယီစွန့်လွှတ်လိုက်ကြောင်း DMO PDF တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မေလမှစလို့ အာဏာသိမ်းစစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်တွေက ခုခံတွန်းလှန်စစ်တွေဖြစ်ပွားနေရာမှာ ခုချိန်ထိပြင်းထန်နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ကျူးကျော်စစ်ကြောင့် ပြည်နယ်လူဦးရေ ၃ သိန်းကျော်လောက်ရှိတဲ့ ကယားပြည်နယ်ထဲမှာ လူဦးရေ တဝက်ကျော်လောက်က စစ်ဘေးတိမ်းရှောင်နေရပါတယ်။ အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးအထောက်အပံ့တွေရဖို့ ခက်ခဲတဲ့အခြေအနေတရပ်ကို ကရင်နီပြည်သူတွေ ရင်ဆိုင်နေရတယ်လို့ ကရင်နီလူမှုအဖွဲ့အစည်းတွေကလည်းထုတ်ပြန်ထားပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment