သတင်းခေါင်းစဉ်များ -
📌ICJ မှာ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံကိုယ်စားပြုခွင့်မရှိပါဘူးလို့ NUG က ပြော
📌ဖက်ဒရယ်ဒီမိုကရေစီစနစ် မိတ်ဆက်ပွဲကို နှစ်ရက်ကြာကျင်းပ
📌Dawn Of Revo (DOR) ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် ရန်ပုံငွေပွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ICJ မှာ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံကိုယ်စားပြုခွင့်မရှိပါဘူးလို့ NUG က ပြောဆိုလိုက်ပါတယ်
ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ အာဏာသိမ်းစစ်အုပ်စုဟာ နယ်သာလန်မှာရှိတဲ့အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေကို သွားရောက်ခဲ့ပြီး စစ်ဆေးမှုကိုကြားနာခဲ့ပါတယ်။
ဒီလိုတက်ရောက်ကြားနောနေပေမယ့် ဂမ်ဘီယာက မြန်မာကို စွဲဆိုထားတဲ့အမှုမှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံ၏ အစိုးရတရပ်မဟုတ်သလို
ကိုယ်စားပြုခွင့်လည်းမရှိပါဘူးလို့ အမျိုးသားညိညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“ရှုတ်ထွေးနေတဲ့အနေအထားက အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံတော်ကို ကိုယ်စားပြုခွင့်မရှိတဲ့သူတွေက နိုင်ငံတော်ကို ကိုယ်စားပြုရမယ့်နေရာမှာလာပြီးတော့ ကိုယ်စားပြုနေတဲ့အတွက်ကြောင့် ဖြစ်နေတဲ့ ပြဿနာလို့ ဒီလိုပဲ ရှင်းရှင်းလင်းလင်းမြင်ပါတယ်”ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ဖေဖေါ်ဝါရီလ ၂၁ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းတွင် ပြောပါတယ်။ ဒါ့အပြင် မည်သည့်နိုင်ငံကစစ်တပ်ကမျှ နိုင်ငံကိုကိုယ်စားပြုခွင့်မရှိပါဘူး ပြည်သူတွေကလည်း အုပ်ချုပ်ခွင့်မပေးထားဘူးလို့ ဝန်ကြီးကရှင်းပါတယ်။ မြန်မာပြည်သူလူထု၏ အာဏာအပ်နှင်းခံရသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကသာ ရိုဟင်ဂျာအရေးသာမက အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန် မာစစ်တပ် ကျူးလွန်သောအကြမ်းဖက်မှုများအပေါ် တရားမျှတမှုရရန်ကြိုးစားနေတယ်လို့ဆိုပါတယ်။
“ကျွန်မတို့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိတဲ့ ကျွန်မတို့နိုင်ငံမှာဖြစ်ပေါ်သွားတဲ့ကျူးလွန်မှုတွေကို နိုင်ငံတော်အစိုးရတရပ်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်။ တရားရုံးဆုံး ဖြတ်ချက်တွေကို လိုက်နာသွားမယ်။ ကျွန်မတို့ ရပ်တည်ချက်က တရားမျှတဖို့အတွက်ပဲ။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို တိုင်းပြည်ထဲမှာ ဖြစ်ပျက်နေတဲ့အနေအထားအတိုင်း တင်ပြသွားဖို့ရှိတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်က တရားသူကြီးတွေက ချမှတ်ရမှာဖြစ်တယ်။ တရားသူကြီးတွေက ချမှတ်လိုက်တဲ့ တရားရုံးဆုံးဖြတ်ချက်ကိုလည်း ကျွန်မတို့ အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
NUG ဟာ ICJ မှာ မြန်မာကိုယ်စားပြုတက်ရောက်ရှင်းလင်းရန် အကြောင်းကြားစာပေးပို့ ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ ရုံးတော်ရဲ့ အကြောင်းပြန်ကြားချက် မရရှိသေးပါဘူး။ အကြမ်းဖက်စစ်ကောင်စီက ICJ ရုံးတော်၏ ဆင့်ခေါ်စာရရှိထားတာဖြစ်လို့ ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ထားပြီး အချို့ကတော့ အွန်လိုင်းမှတဆင့် တက်ရောက်ရှင်းလင်းမည်ဟု သတင်းထုတ်ပြန်ထားတာသိရပါတယ်။
========================
📌📌ဆက်လက်ပီး ဖက်ဒရယ်ဒီမိုကရေစီစနစ် မိတ်ဆက်ပွဲကို နှစ်ရက်ကြာကျင်းပမယ့်သတင်းတပုဒ် တင်ပြဖို့ရှိပါတယ်
ပြည်သူ့ရင်ခွင်ကို ခိုလှုံပြီး CDM ပြုလုပ်ထားကြတဲ့ တရားရေးဝန်ထမ်းတွေကို ထောက်ပံ့နိုင်ရေး ရန်ပုံငွေရှာဖွေနိုင်ဖို့နှင့် ဥပဒေပညာကို ပြည်သူလူထုလေ့လာနိုင်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့အစည်း(NPJSO) က နှစ်ရက်အကြာ ပြုလုပ်မယ့်ပွဲဖြစ်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့အစည်း(NPJSO)ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၆ နဲ့ ၂၇ ရက် တွေမှာ ပြုလုပ်မှာဖြစ်ပြီး “ရန်ပုံငွေရှာမျှဝေရာ” လို့ အမည်ပေးထားပါတယ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ဖက်ဒရယ်မိတ်ဆက်နဲ့ အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်တရားရုံးစနစ်အကြောင်း ဆွေးနွေး ပို့ချမှာဖြစ်ပါတယ်။
" တော်လှန်ရေးတစ်ရပ်မှာဆိုလျှင် တွန်းလှန်ကာကွယ်တိုက်ခိုက်ရေးနဲ့ နယ်မြေသိမ်းပိုက် စိုးမိုးရေးဟာအဓိက အကျဆုံးနဲ့အလေးအနက်ထားရဆုံး ကိစ္စဖြစ်သကဲ့သို့ ၎င်းရလဒ် များအပေါ်တရားဝင်မှုနဲ့ စည်းနှောင်မှုအား ရှိကြောင်းပြသရန် တရားစီရင်ရေးဆိုင်ရာကိစ္စ အဝဝသည် အဓိကကျသော အခန်းကဏ္ဍ တစ်ရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် NPJSOအဖွဲ့ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အားစိုက် ကြိုးပမ်းပြီး တော်လှန်ရေးခရီးကို လျှောက်လှမ်းနေတာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်" လို့ ဦးကောင်းမြတ်သူက လူထုနွေဦးမီဒီယာကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေးဝန်ထမ်းများအဖွဲ့အစည်း(NPJSO)က CDMပြုလုပ်ထားတဲ့ တရားရုံးအမှုထမ်းတွေ၊ တရားရေးအရာရှိတရားသူကြီးတွေနဲ့ ဖွဲ့စည်းထားပြီး လွတ်မြောက်နယ်မြေမှာ ရုံးခန်း တည်ရှိပါတယ်။
“ရန်ပုံငွေရှာမျှဝေရာ” ကို တက်ရောက်လိုသူများအနေနဲ့ NPJSO လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖေဖော်ဝါရီ ၂၅ရက် ညနေ၄နာရီ ၃၀မိနစ် နောက်ဆုံးထားပြီး ကြို တင်စာရင်းပေးသွင်းထားရမယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့အဖွဲ့အစည်းအနေဖြင့် CDM ဝန်ထမ်းများဖြင့် စုဖွဲ့ထားရသည့်အတွက်လူမှုဘဝစားဝတ် နေရေး ဆိုင်ရာ အခြေခံလိုအပ်ချက် အခက်အခဲများ ရင်ဆိုင်ကျော်ဖြတ် နေရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သင့်တင့်လျောက်ပတ်သော အထောက်အပံ့ရရှိပါသော်လည်း အခက်အခဲများကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်"လို့ ဦးကောင်းမြ
တ်သူက ပြောထားပါတယ်။ ဦးကောင်းမြတ်သူက စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဉီးမြို့နယ် တွဲဖက်မြို့နယ် တရားသူကြီးဖြစ်ပြီး စစ်အာ ဏာရှင်ဆန့်ကျင်ရေး CDM ပြုလုပ်ကာ အမျိုးသားညီညွတ်ရေး အစိုးရထံတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦး လည်းဖြစ်ပါတယ်။
========================
📌📌Dawn Of Revo (DOR) ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် ရန်ပုံငွေပွဲ တစ်ခု စီစဉ်ထားတဲ့သတင်းကို ထပ်မံတင်ပြပေးပါ့မယ်
မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လိုအပ်ချက်တွေကို တဖက်တလမ်းက ဖြည့်ဆည်းပေးဖို့ Dawn Of Revo (DOR) ရဲ့ ပထမဆုံး ခြေလှမ်းအဖြစ် ရန်ပုံငွေပွဲ တစ်ခု စီစဥိထားပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီရန်ပုံငွေပွဲကို မတ်လ ၁၃ ရက် - မြန်မာနိုင်ငံ လူ့အခွင့်အရေးများနေ့ မှာ ကျင်းပမှာဖြစ်ပြီး ပြည်သူ့ဘက်တော်သား အနုပညာရှင်များက သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေရင်း ပြည်တွင်းပြည်ပ ပန်းချီဆရာ ဓါတ်ပုံဆရာများရဲ့ ပန်းချီကားတွေနဲ့ ဓါတ်ပုံတွေကို ကံစမ်းမဲဖောက်ပေးကြမှာပါ။
ပထမဆု အဖြစ် မဲဖောက်ပေးမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပန်းချီကားကို ဆရာမ နုယဉ်က အသေးစိတ် ရေးဆွဲ ခြယ်မှုန်းပေးထားပြီး ပန်းချီကားရဲ့ အမည်ကို • The Dawn of Hope • လို့ ပေးထားပါတယ်။ အရွယ်အစားက ၃၀ × ၄၀ စင်တီမီတာ ရှိပြီး Canvas မှာ Acrylic ဆေးနဲ့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ အဲဒီပန်းချီကားအပြင် အခြားသော ပြည်တွင်း ပြည်ပ ပန်းချီဆရာ ဓါတ်ပုံဆရာများရဲ့ အနုပညာမြောက် ပန်းချီကားတွေ၊ ဓါတ်ပုံတွေကိုလည်း ကံစမ်းမဲဖောက်ပေးကြမှာပါ။ ကံစမ်းမဲ လက်မှတ်တွေရဲ့ နိုင်ငံအလိုက် ဈေးနှုန်းကို အခုလို သတ်မှတ်ထားပြီး Dawn of Revo Page ကနေ တဆင့်သော်လည်းကောင်း၊ DOR ရဲ့ အဖွဲ့သားတွေက တဆင့်သော် လည်းကောင်း ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
အမေရိကန် - 20 USD
စင်္ကာပူ - 20 SGD
ဩစတေးလျ - 20 AUD
နယူးဇီလန် - 20 NZD
အင်္ဂလန် - 20 Pounds
ထိုင်းနိုင်ငံ - 200 Baht
မြန်မာနိုင်ငံ - 10000 ကျပ်
ဘရူနိုင်း - 20 BD
ကိုရီးယား - 10000 Won
ဂျပန် - 1000 Yen
အခုလို အနုပညာ လက်ရာမြောက်လှတဲ့ ပန်းချီကားနဲ့အတူ အခြားသော ပန်းချီကားများ ဓါတ်ပုံများကို အမှတ်တရ ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ကံစမ်းမဲလက်မှတ်တွေ ဝယ်ယူ အားပေးရင်း တော်လှန်ရေး လိုအပ်ချက်တွေကို တထောင့်တနေရာကနေ ပါဝင် အားဖြည့် ကူညီပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်ဆိုတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထုတ်ပြန်လိုက်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment