21st FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ချက်ဘဏ်ကငွေတွေ NUG ထုတ်ယူခွင့်ရ
📌ဖေဖော်ဝါရီ ၂၁ ICJ ကြားနာပွဲမှာ မြန်မာစစ်ကောင်စီက ပဏာမကန့်ကွက်ချက် တင်သွင်း
📌မြန်မာစစ်တပ်အတွက် ပံ့ပိုးမှုများ ပေးအပ်ခဲ့ကြသည့် အရှေ့တောင်အာရှဒေသရှိ အစိုးရများနှင့် ကုမ္ပဏီများကို Justice For Myanmar ၏ စစ်ရာဇဝတ်ဂိုဏ်းငွေကြေးမြေပုံ၊ ကဏ္ဍသစ်တစ်ရပ်တွင် ထည့်သွင်းဖော်ပြ
📌NUG အစိုးရနဲ့ တွေ့ခွင့်ရလိုကြောင်း အာဆီယံအထူးသံရဲ့ ပန်ကြားချက်ကို မင်းအောင်လှိုင်ပယ်ချ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ချက်ဘဏ်ကငွေတွေ NUG ထုတ်ယူခွင့်ရ

စစ်ကောင်စီက ကန့်ကွက်သဖြင့် ချက်သမ္မတနိုင်ငံရှိ ဘဏ်တခုမှ ထုတ်ယူလွဲပြောင်းခွင့်မပြုသော အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အမေရိကန်ဒေါ်လာများစွာကို ချက်သမ္မတနိုင်ငံအစိုးရမှ ထုတ်ယူခွင့်ပြုလိုက်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေထံမှ သိရသည်။

မကြာသေးခင် ရက်ပိုင်းက NUG အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများနှင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ချက်သမ္မတနိုင်ငံက ပိတ်မိသော NUG အစိုးပိုင်ငွေကြေး အားလုံးကို ထုတ်ယူခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

NUG အစိုးရမှ တော်လှန်ရေးရန်ပုံငွေအတွက် အလှူခံခြင်းနှင့်ငွေတိုက်စာချုပ် (ဘွန်း) များရောင်းချရာတွင် ချက်သမ္မတနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့တွင် အခြေစိုက်သောဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ပြီး လက်ခံဆောင်ရွက်ခဲ့သည်။

ထို့ကဲ့သို့အလှူခံခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီဖက်မှ အဆိုပါငွေများသည် အကြမ်းဖက်လုပ်ငန်းများတွင် အသုံးပြုမည့်ငွေများဖြစ်သောကြောင့် သက်ဆိုင်ရာဘဏ်အနေဖြင့် ငွေထုတ်ယူခွင့်မပေးရန် စစ်ကောင်စီက ကန့်ကွက်လွှာပေးပို ကန့်ကွက်ခဲ့သဖြင့် သက်ဆိုင်ရာဘဏ်များက NUG အစိုးရထံ လှူဒါန်းသောငွေများအား ထုတ်ယူခွင့် လွှဲပြောင်းခွင့်မပြုပဲ ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုကိစ္စအား NUG အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သက်ဆိုင်ရာဘဏ်များသို့ အကြိမ်ကြိမ် ရှင်းပြခဲ့သော်လည်း ထုတ်ယူခွင့်မပြုခဲ့သဖြင့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံကာ ရှင်းပြခဲ့ရာ ချက်အစိုးရမှာ ပိတ်မိသောငွေများအားလုံးကို ထုတ်ယူခွင့် လွှဲပြောင်းခွင့်ပေးလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထို့အတွက် မြန်မာ့နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာအလူရှင်များနှင့် ငွေတိုက်စာချုပ်ရောင်းချသောငွေကြေးများအား ဘဏ်များမှ ထုတ်ယူခွင့်မရသည့်အတွက် လိုအပ်သော ထောက်ပံ့မှုများအတွက် ကြံ့ကြာနေရပြီး အခုအခါ အကူအညီအချို့ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

========================

📌📌ဖေဖော်ဝါရီ ၂၁ ICJ ကြားနာပွဲမှာ မြန်မာစစ်ကောင်စီက ပဏာမကန့်ကွက်ချက် တင်သွင်းတယ်ဆိုတဲ့သတင်း

ရိုဟင်ဂျာမူဆလင်တွေကို မြန်မာတွေက လူမျိုးတုန်းသတ်ဖြတ်တယ်လို့ စွပ်စွဲခံရပြီး ICJ နိုင်ငံတကာခုံရုံးမှာ တရားရင်ဆိုင်နေရတဲ့ ယနေ့ ကြားနာပွဲကို အားလုံးက စိတ်ဝင်စား စောင့်ကြည့်နေကြပါတယ်။ စစ်ကောင်စီက မူလက မြန်မာပြည်အတွက် ခုခံခဲ့သူ ဒေါ်အောင်ဆန်းစုကြည်အစား သူတို့ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တက်ရောက်လာခဲ့ကြပါတယ်။ ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်တယ်လို့ စွပ်စွဲခံရနေတဲ့အမှုကို ရုတ်သိမ်းပစ်ဖို့ လျောက်လှဲခဲ့ကြတယ်လို့ သိရပါတယ်။
၂၀၁၉ ဒီဇင်ဘာတုန်းက ဒေါ်အောင်ဆန်းစုကြည်က အဲသည် အိုင်စီဂျေ တရားရုံကို တက်ရောက်ပြီး ခုခံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတပ်မတော်၏ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်မှုတွေကို ကာကွယ်ပေးခဲ့တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ အခု သည်ခေါင်းဆောင်ကို မြန်မာစစ်ခေါင်းဆောင်တွေက ၂၀၂၁ ဖေဖော်ဝါရီလကတည်းက ဖယ်ရှား ဖမ်းချုပ်ထားပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပါ ဖျက်သိမ်းထားပါတယ်။ အဲသည်ကတည်းက မြန်မာပြည်မှာ နွေဦးတော်လှန်ရေးဆိုတဲ့ စစ်အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေး လူထုတိုက်ပွဲတွေကို စစ်ကောင်စီ ရင်ဆိုင်နေရပါတော့တယ်။
စစ်ကောင်စီတွေက အခု အကြိုပဏမကန့်ကွက်ချက် တင်သွင်းခွင့်ရာမှာ - အိုင်စီဂျေ ခုံရုံးက မြန်မာပြည်အတွက် သည်စွပ်စွဲမှုနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့် မရှိဘူးဆိုတဲ့ ထောင့်ကနေ ငြင်းပယ်တာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ကြားနာမှု စီရင်မှုတွေ လုပ်စရာမလိုတော့ဘူးလို့ စစ်ကောင်စီကိုယ်စာလှယ်တွေက ထုချေပါတယ်။
စစ်ကောင်စီကိုယ်စား အွန်လိုင်းကနေ ကန့်ကွက်ကြတဲ့ ကိုယ်စားလှယ်နှစ်ဦးကတော့ စစ်ကောင်စီဝန်ကြီး ကိုကိုလှိုင်နဲ့ စစ်ကောင်စီ ရှေ့နေချုပ် သီတာဦး တို့ဖြစ်တယ်လို့ သတင်းများက ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပြည်သူ့အစိုးရ NUG ကိုယ်တိုင်က သည်အမှုမှာ ကိုယ်စားပြုခွင့် စစ်ကောင်စီမှာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ မြန်မာစစ်ကောင်စီဘက်က အကြိုပဏာမကန့်ကွက်ချက်မှန်သမျှကိုလည်း အန်ယူဂျီအစိုးရက လက်မခံကြောင်း၊ သည် လူမျိုးတုန်းသတ်ဖြတ်မှု တရားစီရင်ရန် ကြားနာမှုကို ဆက်လက် ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။
ယခု ဖေဖော်ဝါရီလ ၂၁ ကနေ တပတ်တာအတွင်း ဆက်လက်ပြီး တရားရုံးသတင်းများကို စောင့်ကြည့်နေကြရမှာ ဖြစ်ပါတယ်။

========================

📌📌မြန်မာစစ်တပ်အတွက် ပံ့ပိုးမှုများ ပေးအပ်ခဲ့ကြသည့် အရှေ့တောင်အာရှဒေသရှိ အစိုးရများနှင့် ကုမ္ပဏီများကို Justice For Myanmar ၏ စစ်ရာဇဝတ်ဂိုဏ်းငွေကြေးမြေပုံ၊ ကဏ္ဍသစ်တစ်ရပ်တွင် ထည့်သွင်းဖော်ပြလိုက်ပါသည်။
အဆိုပါမြေပုံတွင် အာဆီယံ အဖွဲ့ဝင်ဖြစ်သော စင်ကာပူသည် စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းအတွက် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်ခြင်းဖြင့် မြန်မာစစ်တပ်၏ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေသည်။

စင်ကာပူနိုင်ငံသည် မြန်မာစစ်တပ်နှင့် စစ်လက်နက်ပွဲစားများအပါအဝင် ၎င်းတို့မိတ်ဖက်များ၏ စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာဗဟိုချက်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာ စစ်တပ်ထံ ငှားရမ်းခ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာကို ပေးချေနေသည့် အိမ်ခြံမြေ ဖော်ဆောင်ရေးလုပ်ငန်းတစ်ရပ်အတွက် ဘဏ္ဍာငွေများရှာဖွေရန် Emerging Towns & Cities Singapore Ltd က စင်ကာပူနိုင်ငံ၏ စတော့အိတ်ချိန်းကို အသုံးပြုခဲ့ပါသည်။ ကုမ္ပဏီအနေဖြင့် မြန်မာစစ်တပ်အတွက် စစ်လက်နက်များ ဝယ်ယူရသည့် စစ်ထောက်ချုပ်ရုံးအတွက် ငွေပေးချေမှု များကြောင့် စင်ကာပူအိတ်ချိန်းက လက်ရှိချမှတ်ထားသော စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်များကြောင့် ကုန်သွယ်မှုများကို ရပ်ဆိုင်းထားရပါသည်။

✅ စင်ကာပူအပါအဝင် အာဆီယံ၊ ဒေသတွင်းအစိုးရများနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင်စစ်ကောင်စီနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ မိတ်ဖက်များထံ ငွေပေးချေမှုအားလုံး ကို ချက်ချင်းရပ်ဆိုင်းရန်။

✅ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ ပင်စင်ရံပုံငွေများနှင့် အခြားသောအဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူ များအနေဖြင့် ရင်းနှီးမြှုပ်နှံရာမှာ အကြမ်းဖက်မြန်မာစစ်ကောင်စီအား ငွေကြေးထောက်ပံ့နေခြင်းကို မဖြစ်မနေ ရပ်တန့်ရမည် သို့မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန်။

✅ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် စဉ်ဆက်မပြတ် လူ့အခွင့်အရေး ဆိုင်ရာ လိုက်နာရမည့် ပြဌာန်းချက်များအတိုင်းလုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ၎င်းတို့လုပ်ငန်းများအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများအတွက် အခွန်ငွေ ရင်းမြစ်ပေးအပ်ခြင်း မပြုစေရန် လုပ်ဆောင်ရန်။

✅ အာဆီယံနှင့် ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်း၏ ကိုယ်စားလှယ်များအား အာဆီယံထိပ်သီးညီလာခံများနှင့် အစည်းအဝေးများအားလုံးသို့ ဖိတ်ကြားခြင်းကို ရပ်တန့်ရန်။

✅ အာဆီယံဆွေးနွေးဖက် မိတ်ဖက်များဖြစ်ကြသည့် ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂနှင့် အခြားသောနိုင်ငံများအနေဖြင့် တရားမဝင်စစ်ကောင်စီ၊ ၎င်း၏ စီပွားရေး လုပ်ငန်းများနှင့်မိတ်ဖက်များအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရမည်ဖြစ်ပြီး စစ်တပ် အား ငွေကြေးဆက်လက်ထောက်ပံ့ခြင်းမရှိစေရန် အာဆီယံအစိုးရများကို ဖိအားပေးရန်
Justice For Myanmar မှ တောင်းဆိုထားတယ်လို့ သိရှိရပါတယ်။

========================

📌📌NUG အစိုးရနဲ့ တွေ့ခွင့်ရလိုကြောင်း အာဆီယံအထူးသံရဲ့ ပန်ကြားချက်ကို မင်းအောင်လှိုင်ပယ်ချ

အာဆီယံအထူးသံတမန်ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ရလိုကြောင်း ပန်ကြားချက်ကို အကြမ်းဖက်စစ်အုပ်စုက ပယ်ချလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၂၀ ရက်နေ့၊ အကြမ်းဖက်စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှာ စစ်အုပ်စုက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှာကို သဘောမတူကြောင်း ဖော်ပြခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၇ ရက်နေ့၊ ဖနွမ်းပင်မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးအပြီးမှာ မြန်မာ့အရေးအာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာပရက်ဆွန်ခွန်းက သူဟာ လာမယ့် မတ်လအတွင်း မြန်မာနိုင်ငံကို သွားပြီး စစ်အုပ်စုနဲ့ တွေ့မှာဖြစ်သလို အဲဒီခရီးစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ခွင့်ရလိုကြောင်းပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံရဲ့အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ပရက်ဆော့ခွန်းက လာမယ့်မတ်လအတွင်း သူမြန်မာနိုင်ငံကို သွားပြီး စစ်ကောင်စီနဲ့ တွေ့မှာဖြစ်သလို အဲဒီခရီးစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ခွင့်ရလိုကြောင်းပြောခဲ့ပါတယ်။

NUG ကို စစ်အုပ်စုက အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားပြီး တိုက်ရိုက်စကားပြောဖို့ ငြင်းဆန်နေတဲ့အတွက် အာဆီယံအထူး သံအနေနဲ့ ကြားခံ တံတားလို ဆက်သွယ်ဆောင်ရွက်ပေးချင်တယ် လို့ ပရက်ဆော့ခွန်းက ပြောခဲ့ပါတယ်။

ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးက စစ်အုပ်စုရဲ့အခုကြေညာချက်ဟာ အာဆီယံအနေနဲ့ အာဆီယံ မူ ၅ ရပ်ကို အိပ်မက်မက်မနေနဲ့လို့ အပြတ်ပြောကြားလိုက်တာလို့ဆိုပါတယ်။

‘NUG နဲ့တွေ့ဖို့ အပြန်ငြင်းမယ်ဆိုတာ အားလုံးကမျှော်လင့်ထားပြီးသားဖြစ်သလို အာဆီယံလည်းမျှော်လင့်ပြီး သားလို့ နားလည်ပါတယ်။ အခုမင်းအောင်လှိုင်ပြောလိုက်တာက အာဆီယံအထူးသံဟာ သူတို့တွေ့ခိုင်းတဲ့လူနဲ့ တွေ့ချင်တယ်ဆိုရင် မြန်မာနိုင်ငံလာလို့ပြောလိုက်တာပဲ’လို့ သူက ပြောပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအနေနဲ့ NUG နဲ့ ထိတွေ့စကားပြောဖို့လိုတယ်လို့ပြောကြားခဲ့သလို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံအရေး အဓိကျတဲ့ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment