21st FEB 2022 - Morning Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အိုင်စီဂျေနဲ့ပက်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်စကားပြောမယ်လို့ သိရ
📌ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားရေးစိတ်ဓာတ်ကို အမြင့်ဆုံးမြှင့်တင်ကြဖို့ CNF တိုက်တွန်း
📌အကြမ်းဖက်အာဏာသိမ်းမြန်မာစစ်တပ်ကို ငွေကြေးနှင့် လက်နက်ပံ့ပိုးနေတဲ့ အာဆီယံအစိုးရ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ စာရင်းကို justice for myanmar အဖွဲ့ကစုံစမ်းဖော်ထုတ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အိုင်စီဂျေနဲ့ပက်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်စကားပြောမယ်လို့ သိရပါတယ်

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှာ အမှုပြန်လည်စစ်ဆေးမယ့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ မြန်မာနိုင်ငံအပေါ်စွဲချက်ကို ပြန်လည်ကြားနာမှာဖြစ်ပြီး အဆိုပါအိုင်စီဂျေကြားနာပွဲမှာတော့ နယ်သာလန် Myanmar Solidarity Platform မှ စီစဥ်သော သတင်းစာရှင်းလင်းပွဲတရပ်ကို ကျင်းပဖို့ရှိနေပါတယ်။
ထိုသတင်းစာရှင်းလင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရမှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပြောကြားမှာဖြစ်တယ်လို့ ဝန်ကြီးက သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။ ဝန်ကြီးဒေါ်ဇင်မာအောင်နှင့်အတူ တက်ရောက်ပြောကြားမယ့်သူတွေကတော့ ဥရောပ ရိုဟင်ဂျာကောင်စီ ဥက္ကဌ Dr Ambia Perveen မြန်မာ့အရေး ဦးဆောင်စာရေးဆရာ မာတင်စမစ် နယ်သာလန်သံအမတ်ဟောင်းနဲ့ ရခိုင်ကော်မရှင်အဖွဲ့ဝင် Laetitia van den တို့လည်းပါဝင်တယ်လို့ သိရပါတယ်။

========================

📌📌ချင်းအမျိုးသားနေ့တွင် ချင်းအမျိုးသားရေးစိတ်ဓာတ်ကို အမြင့်ဆုံးမြှင့်တင်ကြဖို့ CNF တိုက်တွန်းလိုက်ပါတယ်

ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်သော ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ပြည်တွင်းတော်လှန်ရေးဒေသအချို့နှင့် ပြည်ပနိုင်ငံများတွင် ချင်းအမျိုးသားများစုဝေးကျင်းပခဲ့ကြပါတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကြောင့် ချင်းလန်းပြည်သူလူထုတရပ်လုံး အတိဒုက္ခရောက်နေကြတာတွေ့ရပီး ယနေ့ကျရောက်သောချင်းအမျိုးသားနေ့မှသည် ချင်းအမျိုးသားစိတ်ဓာတ်ကိုအမြင့်ဆုံးမြှင့်တင်ရမယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ချင်းအမျိုးသား တပ်ဦး(CNF)ရဲ့တိုက်တွန်းချက်များထဲမှာ ချင်းပြည်တည်ဆောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအောင်မြင်သည်အထိကြိုးပမ်းဖော်ဆောင်ရန်လည်းပါဝင်ပါတယ်။ ချင်းပြည်နယ်သူလူထု၏ အဓိကလုပ်ငန်းကြီးသုံးရပ်မှာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ချင်းပြည်တည်ဆောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ ဖြစ်ကြောင်း CNF ကပြောပါတယ်။ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဆန့်ကျင်ရမှာဖြစ်တယ် ပြည်ထောင်စုတည်ထောင်ခဲ့သူများရဲ့ မျှော်မှန်းချက်အောင်မြင်ပြီးမြောက်သည်အထိ တိုက်ပွဲဝင်ကြရမယ်လို့ CNF က တိုက်တွန်းနှိုးဆော်ကြောင်းသိရပါတယ်။ ချင်းလဲန်းရဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍအရပ်ရပ်ကို ချင်းလဲန်းပြည်သူများကိုယ်တိုင် ကိုယ်ထူကိုယ်ထတည်ဆောက်ကြရမှာဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းလဲန်းပူးတွဲကာကွယ်ရေးကော်မတီ(CJDC)တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြမယ်လို့တိုက်တွန်းချက်မှာပါဝင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ပြည်သူများသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဗဟိုကွပ်ကဲ ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)တို့နှင့် ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ စည်းလုံးညီညွတ်မှုကိုဖော်ပြခဲ့ကြပါတယ်။ အမျိုးသားညီညွင်္တရေးအစိုးရကလည်း ချင်းအမျိုးသားနေ့တွက်ပေးပို့တဲ့သဝဏ်လွှာမှာ- ချင်းနယ်မြေများလွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်ကို ဆင်နွဲနေကြတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့အသီးသီး၏ ထူးချွန်ပြောင်မြောက်စွာ စွန့်လွတ်စွန့်စား တိုက်ပွဲ ဝင်နေမှုများကိုအထူးလေးစားဂုဏ်ပြုကြောင်း ရေးသားပေးပို့ခဲ့ပါတယ်။

========================

📌📌အကြမ်းဖက်အာဏာသိမ်းမြန်မာစစ်တပ်ကို ငွေကြေးနှင့် လက်နက်ပံ့ပိုးနေတဲ့ အာဆီယံအစိုးရ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ စာရင်းကို justice for myanmar အဖွဲ့ကစုံစမ်းဖော်ထုတ်ခဲ့တာကို တင်ပြပေးဖို့ရှိပါတယ်

အာဏာသိမ်းစစ်တပ်ကို စစ်လက်နက်များ၊ ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ထောက်ပံ့ပေးသွင်းခဲ့တဲ့ အာဆီယံနိုင်ငံမှ အစိုးရများနှင့် စီးပွားရေးလုပ်ငန်း များအား Justice For Myanmar အဖွဲ့က ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ထုတ်ဖော်ရေးသားလိုက်ပါတယ်။ အာဆီယံနိုင်ငံ အစိုးရများ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်အချို့ဟာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကျူးလွန်ရာမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေကြောင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အာဏာကိုအဓမ္မသိမ်းယူခဲ့ပြီးနောက်မှာ အကြမ်းဖက်စစ်တပ်ကသတ်ဖြတ်လို့ အရပ်သား ၁၅၀၀ ကျော်ထိသေဆုံးခဲ့ရပီး ဖမ်းဆီးခံထားရသူပေါင်း ၁၂၀၀၀ ကျော်ရှိခဲ့ပါတယ်။ တိုင်းရင်းသားဒေသအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေကျေခဲ့ရသလို ပြည်သူပြည်သား သိန်းဂဏန်းထိ စစ်ဘေးတိမ်းရှောင်ဘဝဖြင့်အတိဒုက္ခရောက်နေရဆဲဖြစ်ပါတယ်။ အခုလိုစစ်ရာဇဝတ်မှုကိုကျူးလွန်ပြီး အဓမ္မအာဏာသိမ်းထားပေမယ့် အာဆီယံနိုင်ငံမှခေါင်းဆောင်များ ကုမ္ပဏီများနှင့် ကိုယ်ကျိုးရှာပုဂ္ဂိုလ်တချို့ဟာ စစ်ကောင်စီကိုကြံရာပါအဖြစ် ပါဝင်ပက်သက်ခဲ့ကြပါတယ်။ အင်ဒိုနီးရှား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစုကြီး PT. Pindad ဟာ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကျည်ဆံများ တင်ပို့ခဲ့ပြီး Pindad လုပ်ငန်းစုနှင့် ပူးပေါင်းဆောင်ရွက်ဖို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဘဏ္ဍာ ရေးဝန်ကြီးဝင်းရှိန်၏ သားဖြစ်သူ ထူးထူးရှိန်ဦး ပိုင်ဆိုင်တဲ့ စစ်လက်နက်ပွဲစားကုမ္ပဏီက သဘောတူထားတယ်လို့သိရပါတယ်။ ထိုင်းကုမ္ပဏီ PTT ကုမ္ပဏီခွဲ တခုက ဓာတ်ငွေ့ ရှာဖွေထုတ်ယူရေး စီမံကိန်းမှ ရရှိသည့် ဘဏ္ဍာငွေများဟာ စစ်ကောင်စီထံ စီးဆင်းနေဆဲဖြစ်ပြီး ဗီယက်နမ် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနပိုင် ဆက်သွယ်ရေးကုမ္ပဏီ Viettel Global သည် မိုင်တဲဆက်သွယ်ရေးလုပ်ငန်းတွင် ပူးတွဲ ရင်းနှီးမြှုပ်နှံထားကြောင်း Justice for Myanmar က ဖော်ပြထားပါတယ်။ မိုင်တဲလ်ဆက်သွယ်ရေးလုပ်ငန်းမှ ရရှိတဲ့ဝင်ငွေတွေဟာ သွေးစွန်းငွေစီးဆင်းမှုအဖြစ် စစ်အုပ်စုထံအဓိစီးဆင်းနေဆဲဖြစ်ပါတယ်။ ဖိလစ်ပိုင်စစ်လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီ United Defense Manufacturing Corporation (UDMC) ဟာ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုစစ်ဆင်ရေး စတင်ချိန်က မြန်မာအတွက် ၄၅၀ ကီလိုရှိ လက်နက်များ တင်ပို့ပေးခဲ့တာကိုလည်း JFM က ထောက်ပြပါတယ်။ ဒါ့အပြင်တရုတ်နိုင်ငံမှ ဝရမ်းပြေးဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားတဲ့ She Zhi Jiang ဟာ ကရင်ပြည်နယ်တွင်းက ရွှေကုက္ကိုလ်ရှိ ရထိုက်မြို့တော်စီမံကိန်းကို ထိန်းချုပ်ထားသော အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။ ရွှေကုက္ကိုလ်မြို့တော်စီမံကိန်းဟာ မြန်မာနိုင်ငံတွင် ကြီးမားလှတဲ့ အိမ်ခြံမြေလုပ်ငန်း၊ ကာစီနိုလုပ်ငန်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် BGF နှင့်အတူဖက်စပ်လုပ်နေတဲ့အဆိုပါလုပ်ငန်းများဟာ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဝင်ငွေများထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။
“အာဆီယံအစိုးရတွေ၊ ကုမ္ပဏီတွေဟာ စစ်ကောင်စီနဲ့ သူတို့မိတ်ဖက်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ကိုချက်ချင်းအဆုံးသတ်ရပါမယ်၊ အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်နဲ့ စစ်ဘက်ပစ္စည်း ထောက်ပံ့ နေတာကို ချက်ချင်းရပ်တန့်ရပါမယ်။ အာဆီယံရဲ့ ဆွေးနွေးဖက်များဖြစ်ကြတဲ့ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယား၊ ယူကေ၊ ကနေဒါ၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေဟာ စစ်ကောင်စီနဲ့ သူ့ရဲ့ စီပွားရေးလုပ်ငန်းတွေ၊ မိတ်ဖက်တွေအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ မဖြစ်မနေချမှတ်ရမှာဖြစ်ပြီး စစ်တပ်ကို ငွေကြေးထောက်ပံ့ခြင်း မပြုဖို့ အာဆီယံအစိုးရတွေကို ဖိအားပေးမှုတွေလဲ ပြုလုပ်ရမှာဖြစ်ပါတယ်” လို့ Justice For Myanmar အဖွဲ့ကို ဦးဆောင်သူတဦးဖြစ်တဲ့ မရတနာမောင်ကပြောပါတယ်။ အာဆီယံဘုံသဘောတူချက်ငါးချက်ကို စစ်ကောင်စီဘက်ကလိုက်နာခြင်းမရှိတာကြောင့် ထိပ်သီးစည်းဝေးပွဲတွေမှာ စစ်ကောင်စီကိုဖယ်ကျဉ်ထားနိုင်ခဲ့ပေမယ့် အာဆယံခေါင်းဆောင်များထံက အရေးပေါ် ဆောင်ရွက်ချက်တွေလည်းလိုအပ်နေဆဲဖြစ်ပါတယ်။ အဓမ္မ အာဏာသိမ်းပြီးနောက်ပိုင်းမည်သည့်အာဆီယံနိုင်ငံကမှ မြန်မာစစ်ကောင်စီနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်း မရှိသေးပါ။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment