20th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလမှ ဒီနေ့၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှာကျရောက်တဲ့ (၇၄) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြား
📌"ပြန်လည်စုရုံး နှစ်ခြောက်လုံး" အမည်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစည်ကားသပိတ်တိုက်ပွဲခေါ်သံ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလမှ ဒီနေ့၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှာကျရောက်တဲ့ (၇၄) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြား ခဲ့ပါသည်။

ထိုသို့ပြောကြားရာတွင် ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီ၊ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှ ကြီးမှူးကျင်းပပြုလုပ်သည့် Online အခမ်းအနားသို့ မိန့်ခွန်းပြောကြားခွင့်ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ သမိုင်းကြောင်းအရ နယ်ချဲ့ကိုလိုနီတို့လက်အောက်မတိုင်ခင် ချင်းလူမျိုးများက သီးခြားလွတ်လပ်သည့် နယ်မြေတွင် မည်သူ၏ အုပ်ချုပ်မှုအောက်တွင်မှ မရှိခဲ့ဖူးကြောင်း၊ အင်္ဂလိပ်နယ်ချဲ့များကိုလည်း စွမ်းစွမ်း တမံတော်လှန်ခဲ့ကြပါသည်။

ထို့အတူ ချင်းခေါင်းဆောင်များကလည်း ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရှမ်း၊ ကချင် ခေါင်းဆောင်များနှင့်ပူးပေါင်းကာ လွတ်လပ်ရေးကို အတူတကွ ရယူရန် မြန်မာအစိုးရကိုယ်စားပြုသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံဆွေးနွေးပြီး ဗမာ၊ ချင်း၊ ကချင်၊ ရှမ်း စသည့် ပြည်ထောင်များ စုပေါင်းကာ ပြည်ထောင်စုကို အတူတကွတည်ထောင်ရန် သဘောတူစာချုပ် ချုပ်ခဲ့ကြကြောင်း၊ ထို့ကြောင့် ချင်းလူမျိုးများသည် ပြည်ထောင်စုမြန်မာနိုင်ငံကို ပူးတွဲထူထောင်ခဲ့သည့် ပြည်ထောင်စုဝင် ပြည်ထောင်တစ်ခု၊ Co-Founders of the Union ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်တွင်လည်း ချင်းလူမျိူးများက ပြည်ထောင်စုအပေါ် သစ္စာရှိရှိ ပါဝင်ခဲ့ကြသကဲ့သို့ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်လက်အောက်တွင် ပင်လုံစာချုပ်ပါ ကတိများကို မျှော်လင့်လျက် ပြည်ထောင်စုအတွက် ပါဝင် ပေးဆပ်ခဲ့ကြပါကြောင်း၊ သို့သော်လည်း အာဏာရှင်အဆက်ဆက်ဆီက ချင်းလူမျိုးများသည် ခွဲခြား ဆက်ဆံခံရခြင်း၊ လျစ်လျူရှုခံရမှုများသာရရှိခဲ့ခြင်းကြောင့် မြန်မာပြည်၏ အဆင်းရဲဆုံးပြည်နယ် တစ်ခုဖြစ်ခဲ့ရကြောင်း၊ ချင်းလူမျိုးများအနေဖြင့် ဇွဲလုံ့လဝီရိယကြီးစွာ ကြိုးစားပြီး အမျိုးသားတည်ဆောက်ရေး၊ ပြည်ထောင်စုအရေးတွင်လည်း ဆက်လက် ပါဝင်နေကြခြင်းကို တွေ့ရပါသည်။

ယခု နွေဦးတော်လှန်ရေးတွင်လည်း မြို့ပြလမ်းမများပေါ်၌ ငြိမ်းချမ်းစွာ ဆန္ဒပြလူထုကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်လာချိန် ကလေးကဘော်ဒေသရှိ ချင်းလူမျိုးများနှင့် တောင်ပေါ်ဒေသရှိ ချင်းလူမျိုးများက တူမီးသေနတ်များဖြင့် စတင်တော်လှန် ဦးဆောင်ခဲ့မှုများကို ဂုဏ်ယူစွာ တွေ့မြင်ခဲ့ရကြောင်း၊ နိုင်ငံအနှံ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်များ တခုပြီးတခု ပေါ်ပေါက်လာခြင်းသည် ချင်းလူမျိုးများ၏ တော်လှန်ရေးဆီကနေရလာသည့် အင်အားများ၊ လှုံ့ဆော်မှုများ ပါဝင်ပါကြောင်း၊ ထို့ကြောင့် Ram-UK ခေါ် ပဒေသရာဇ်ချင်းစော်ဘွားများ အုပ်ချုပ်သည့် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး လူအများ၏ ဆန္ဒဖြင့်အုပ်ချုပ်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ချင်းတစ်မျိုးသားလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ကြသည့်နေ့ကို အစွဲပြု၍ ပေါ်ပေါက်လာသော ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုပါကြောင်း၊ ထိုနည်းတူ ချင်းလူမျိုးများအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေးတွင် အင်ပြည့်အားပြည့် ပါဝင်ခဲ့ကြပြီးဖြစ်သကဲ့သို့ ဆက်လက်ပါဝင် ပေးကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ချင်းပြည်နယ်ကို ဖက်ဒရယ်ယူနစ်တစ်ခု ဖြစ်သည်နှင့်အညီ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူ ခွင့်ရရှိပြီး တိုးတက်တဲ့ ပြည်ထောင်စုဝင်ဖြစ်ရန် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂတိပြုရင်း ချင်းအမျိုးသားနေ့ အဓွန့်ရှည်ပါစေကြောင်း ပြောကြားခဲ့ပါသည်။

========================

📌📌"ပြန်လည်စုရုံး နှစ်ခြောက်လုံး" အမည်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစည်ကားသပိတ်တိုက်ပွဲခေါ်သံ သတင်းကိုပြောပြပေးချင်ပါတယ်

မကြာခင်ကျရောက်မယ့် ၂၀၂၂ ခုနှစ် ၂ လပိုင်း ၂၂ ရက်နေ့မှာ ၂ ခြောက်လုံးပြည့် လူထုသပိတ်တရပ်ကိုဆင်နွှဲဖို့ နွေဦးတော်လှန်ရေးအင်အားစုများက နှိုးဆော်တိုက်တွန်းထားကြောင်းသိရပါတယ်။ "ပြန်လည်စုရုံး နှစ်ခြောက်လုံး" အမည်ဖြင့်အဆိုပါလူထုသပိတ်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က ဦးဆောင်တိုက်တွန်းထားတာကိုတွေ့ရပီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာလည်းပဲ အဆိုပါသပိတ်ကို ထောက်ခံစည်းရုံးတဲ့အနေနဲ့ ဆန္ဒပြပွဲတစ်ခုကို ဖေဖော်ဝါရီ ၁၉ ရက်၊ ဒေသစံတော်ချိန် နေ့ခင်း ၂ နာရီမှ ၄ နာရီမှာစုရုံးတိုက်တွန်းခဲ့ကြပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ကျေးလက်ဒေသများမှာ ရရာလက်နက်စွဲကိုင်ပြီး ပုန်ကန်နေကြသလို မြို့ပြများမှာလည်း အာဏာဖီဆန်တဲ့လှုပ်ရှားမှုကို ပုံစံမျိုးစုံနဲ့ ပြသဖို့လိုအပ်ကြောင်း နှစ်ခြောက်လုံးသပိတ်က ထောက်ပြထားပါတယ်။

ရဲ​ဘော်ပြည်သူတို့​ရေ ၂၀၂၂ခုနှစ်ထဲမှာ ​တော်လှန်​ရေးကို ဘက်​ပေါင်းစုံက အရှိန်မြှင့်ကြဖို့လိုတာ အားလုံးအသိဖြစ်မှာပါ။ လက်နက်ကိုင်​​​ တော်လှန်​ရေးသမား​တွေက လွတ်​မြောက်နယ်​မြေ​တွေရ​အောင် ရွပ်ရွပ်ချွံချွံ တိုက်​ပွဲဝင်နေကြသလို လက်နက်မကိုင်ထားတဲ့ ပြည်သူလူထုကြီးကလည်း ရရာနည်းလမ်း​တွေနဲ့ တစုတစည်းတည်း လူထုတိုက်ပွဲ​​တွေ ဆင်နွှဲ​နေရမှာပါ။ လက်နက်မဲ့သပိတ် လူထုလှုပ်ရှားမှု​တွေက ဘာ​တွေ ရနိုင်သလဲဆိုရင်
၁။ ပြည်သူလူထုရဲ့ ​စစ်​ကောင်စီအ​​ပေါ် သွေးမ​အေးဘဲ ဆန့်ကျင်​နေမှုကို အမြဲမပြတ်ပြနိုင်ပြီး၊ လူထုအကြား ညီညွတ်မှုနဲ့ ယုံကြည်မှု တိုးပွား​စေတယ်။
၂။ လူထုလှုပ်ရှားမှု​တွေကို တားဆီးဖြိုခွဲဖို့ ကြိုးစား​နေရလို့ စစ်​ကောင်စီရဲ့ လူသူအင်အား ယန္တရား​တွေကို အလုပ်များ ပင်ပန်း​စေနိုင်တယ်။
၃။ အာဏာပိုင်ပြီကွဆိုပြီး အုပ်ချုပ်ပြချင်​နေတဲ့ အာဏာရူး မအလကို ပြည်သူလူထုက လုံးဝအုပ်ချုပ်ခွင့် မ​ပေးဘဲ အုပ်ချုပ်မှု အာဏာအ​ခြေတည်မရ ဖြစ်​စေနိုင်ပါတယ်။
ဆိုလိုချင်တာက ဘယ်​လောက် အ​သေးအဖွဲ လှုပ်ရှားမှု​လေးဘဲ ဖြစ်ပ​​စေ လူထုတရပ်လုံး တညီတညွတ်တည်း ပါဝင်လှုပ်ရှားကြပြီဆိုရင် အင်အားကြီးမားတဲ့ အရှိန်အဟုန်ကို ရရှိ​စေပြီး ထိ​ရောက်အကျိုးရှိတဲ့ ရလဒ်​တွေကို ရနိုင်တယ်ဆိုတာပါပဲ။ ဒါ​လေးလုပ်လို့ ထိ​ရောက်ပါ့မလား ​တွေးမိတဲ့အခါတိုင်း နှမ်း​​စေ့​တွေကို သတိရပါ။ နှမ်းတ​စေ့နဲ့ ဆီမဖြစ်တာမှန်​ပေမယ့် နှမ်း​စေ့ သိန်းသန်းချီတဲ့အခါ ဆီ​တွေအများကြီးရနိုင်တာ နမူနာပါ။ ဒါ​​တွေ​ကြောင့်မို့လို့ လက်နက်မကိုင်တဲ့ ပြည်လုံးကျွတ် လူထုသပိတ်လှုပ်ရှားမှု​တွေကို အခါအား​လျော်တိုင်း ဆက်လက်ဆင်နွှဲကြဖို့လိုပါတယ်။
လာမယ့် ​ (၂၂.၂.၂၀၂၂)ရက်နေ့ နှစ်​ခြောက်လုံး ​နေ့မှာလည်း လူထုတရပ်လုံးပါဝင်ပြီး လူထုသပိတ်ကြီး ပါဝင်ဆင်နွှဲကြဖို့ ဖိတ်​ခေါ်ချင်ပါတယ်။ စစ်​ကောင်စီရဲ့ ဖိနှိပ်မှု အမျိုးမျိုးရှိ​နေ​ပေမယ့် ပြည်သူလူထုအ​နေနဲ့ လူတိုင်းပါဝင်နိုင်​စေဖို့ အဆင်​ပြေဆုံးနည်းလမ်း​တွေကို သပိတ်အဖွဲ့​တွေက စနစ်တကျ အချိန်ယူရှာ​ဖွေထားပါတယ်။
၂၂.၂.၂၀၂၂ အတွက် ​ကြွေး​ကြော်သံက​တော့
"ပြန်လည်စုရုံး နှစ်​ခြောက်လုံး" ဆိုတာဖြစ်ပြီး ပြည်သူလူထုတရပ်လုံး ပြန်လည်စုစည်း ရုန်းထကြဖို့ ရည်ရွယ်ပါတယ်လို့ ရေးသားနှိုးဆော်ထားတာ သိရပါတယ်။ နှစ်​​ခြောက်လုံး​နေ့မှာ လုပ်​ဆောင်ရမယ့် လှုပ်ရှားမှု​တွေကို​​တော့ "စည်ကားသပိတ်" လို့ အမည်​ပေးထားပြီး နေအိမ်မှာ မ​နေကြဘဲ မြို့ထဲ/​စျေး/လမ်းဆုံ​ စတဲ့ လူစည်ကားရာ​နေရာ​တွေကို အဲဒီ​နေ့တ​နေ့လုံး လှည့်ပတ် သွား​ရောက်ကြပါမယ်။
"စည်ကားသပိတ်" အဖြစ် အပြင်ထွက် လှည့်ပတ် ကြတဲ့အခါမှာ
(၁) ဦးထုပ်/ခ​မောက် စတာ​တွေ ​ဆောင်းပြီး သွားလာကြမယ်။
(၂) မျက်နှာမှာ သနပ်ခါး ပါးကွက်ကြား​လေး​တွေ လိမ်းထားကြမယ်။
(၃) လက်ထဲမှာ ပန်းစည်း ပန်းပွင့် ပန်းတမျိုးမျိုးကို ကိုင်ထားကြမယ် (ဒါမှမဟုတ် ပန်းပွင့်​တွေကို ​​ကြွေး​ကြော်သံ​တခုခုရေးထားတဲ့ စာရွက်​တွေနဲ့အတူ ကြဲချကြမယ်)။
(၄) ကိုယ်​ရောက်တဲ့​နေရာရဲ့ လုံခြုံ​ရေး အ​ခြေအ​​နေ​ပေါ် မူတည်ပြီး လက်၃​ချောင်း​ထောင်တာ ​ကြွေး​ကြော်သံ ​အော်တာ​တွေလုပ်ကြမယ်။
(၅) ည ၈နာရီမှာ သံပုံး​တွေတီးကြမယ်။
​ဖော်ပြပါ အချက်​တွေကို အားလုံးဖြစ်​စေ နှစ်သက်ရာ တနည်းနည်းဖြစ်​စေ လှုပ်ရှား​ဆောင်ရွက်ကြပြီး "ပြန်လည်စုရုန်း နှစ်​ခြောက်လုံး" စည်ကားသပိတ်ကြီးကို ပါဝင် ဆင်နွှဲကြဖို့ တိုက်တွန်းနှိုး​ဆော်ပါရ​စေလို့လည်း အသေးစိတ်ဖော်ပြပါရှိပါတယ်။

ပြည်သူလူထုရဲ့ လက်နက်မဲ့ လူထုသပိတ်ကြီး​တွေဟာ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်​​နေကြတဲ့ လက်နက်ကိုင် ​​​တော်လှန်​​ရေးရဲ​ဘော်​တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အား​ဆေး​တွေလည်း ဖြစ်ပြီး လက်နက်ကိုင် လက်နက်မဲ့ နည်းလမ်း​ပေါင်းစုံနဲ့ လူထုတရပ်လုံး တိုက်ပွဲဝင်မှ အ​ရေး​တော်ပုံ​အောင်မယ့် ​နွေဦး​​​တော်လှန်​ရေးကြီးအတွက် အသက်တမျှ အ​ရေးကြီး တယ်ဆိုတာ သိနားလည်ကြ​စေချင်ပါတယ်။
ဒါ​ကြောင့်မို့ ၂၂.၂.၂၀၂၂ နှစ်​​ခြောက်လုံး​နေ့​ရောက်ရင် "ပြန်လည်စုရုံး နှစ်​ခြောက်လုံး"ဆိုတဲ့ ​​ကြွေး​ကြော်သံနဲ့ "စည်ကားသပိတ်ကြီးမှာ ပါဝင်ဖြစ်​အောင် ပါဝင်ပြီး အ​ရေး​တော်ပုံကြီး မြန်မြန်​အောင်ဖို့ တာဝန်​ခွဲ​ဝေယူကြပါလို့ တိုက်တွန်းလိုက်ရပါကြောင်း နှိုးဆော်ဖော်ပြထားပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment