4th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဖေဖော်ဝါရီလ ၁ ရက်နေ့က မိမိကိုယ်ကို မီးရှို့၍ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ NUG ကြေညာချက်ထုတ်ပြန်
📌NLD နဲ့ KNU တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ
📌၂၀၂၂ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် NUG အစိုးရအဖွဲ့ကို အမည်စာရင်းတင်သွင်း
📌မြန်မာ့အရေး အာဆီယံမူ ၅ ရပ်နဲ့အညီ ဆောင်ရွက်ပေးဖို့ အထူးသံတမန်ကို လုံခြုံရေးကောင်စီတိုက်တွန်း
📌ပညာရေးဝန်ကြီးဌာန ရန်ပုံငွေကံစမ်းမဲ လက်မှတ်အရောင်းမိတ်ဆက်ပွဲ ကျင်းပမည်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌 ဖေဖော်ဝါရီလ ၁ ရက်နေ့က မိမိကိုယ်ကို မီးရှို့၍ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ NUG ကြေညာချက်ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် (၅/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဆိုပါကြေညာချက်မှာ -
အကြမ်းဖက်စစ်အုပ်စု၏ အဆင်အခြင်မဲ့ အာဏာလုယူမှုကြောင့် မြန်မာတစ်နိုင်ငံလုံးရှိပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝများအားလုံးသည် အကျပ်အတည်းပေါင်းများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ ကျောက်ပန်းတောင်း မြို့နယ် ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ် (ခ) ကိုအောင်အောင်သည် အကြမ်းမဖက်အာဏာဖီဆန်ရေး နည်းလမ်းများထဲမှ အဆုံးစွန်ဆုံးနည်လမ်းကို ရွေးချယ်ကာ အကြမ်းဖက် စစ်ကောင်စီအား မိမိကိုယ်ကို မီးရှို့၍ ဆန့်ကျင်ဆန္ဒပြပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျဆုံးခဲ့ရပါသည်။
ယခုကဲ့သို့ မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြသည့် ဖြစ်ရပ်အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒဖော်ထုတ်မှုများ နေ့စဉ်မပြတ် ရှိနေသော်ငြားလည်း အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့ဆန္ဒကို လျှစ်လျှူရှုမြဲရှုကာ ၎င်းတို့အာဏာတည်မြဲရေးအတွက် အကြမ်းဖက်လုပ်ရပ် များကို ဆက်လက်ကျူးလွန်လျက်ရှိရာ အာဏာလုယူပြီး တစ်နှစ်တာကာလအတွင်း ပြည်သူ (၁၅၁၀) ဦးကျဆုံးခဲ့ရပြီး အသက်မပြည့်သောကလေးသူငယ် (၁၆) ဦးအပါအဝင် အရပ်သားပြည်သူ ၁၈၄ ဦးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ မြို့ရွာများ မီးရှို့ခံရမှု (၂၄၉) ကြိမ်ရှိခဲ့ပြီး ပြည်သူလူထု၏ အိမ်ခြေပေါင်း (၁၂၀၀) ခန့်နှင့် ပိုင်ဆိုင်မှုများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု စာရင်းဇယားများအရ သိရှိရသည်။ အဆိုပါ ကိန်းဂဏန်းများသည် ယခုအချိန်အထိ ရပ်တန့်မှုမရှိပဲ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများအား သတ်ဖြတ်မှု၊ မြို့ရွာအိုးအိမ်များအား မီးရှို့ဖျက်ဆီးမှု တို့ကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်ကိုလဲ တွေ့ရသည်။
အဆိုပါ ဖြစ်ရပ်များသည် အကြမ်းဖက်စစ်အုပ်စု၏ အာဏာရယူလိုမှုဇောတစ်ခုတည်းကို ရှေ့တန်းတင်ကာ အဆင်အခြင်မဲ့ မတရားအာဏာလုယူမှုအောက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝအသီးသီးမှာ အစစအရာရာ ချွတ်ခြုံကျ၍ မလုံခြုံမငြိမ်းချမ်းသော ဘဝသို့ ရောက်ရှိနေသည့် အခြေအနေကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလျက်ရှိပေသည်။
ပြည်သူလူထု၏ ယခုကဲ့သို့သော စွန့်လွှတ်အနစ်နာခံမှုများ၊ ပျက်စီးဆုံးရှုံးရမှုများအတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လွန်စွာကြေကွဲဝမ်းနည်းရပြီး အဆိုပါ ရင်းနှီးပေးဆပ်ရမှုများအားလုံးကို အချည်းနှီးမဖြစ်စေရပဲ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝများအားလုံးကို ချွတ်ခြုံကျပျက်စီးစေသော၊ ပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံငြိမ်းချမ်းမှုကို ထိပါးနှောက်ယှက်နေသော စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှား၍ နောင်အနာဂတ်တွင်လဲ မည်သည့်အခါမှ ပြန်လည်ခေါင်းထောင်မထလာစေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လေးနက်စွာကတိပြုပါသည်။ နိုင်ငံတကာအဝန်းအဝိုင်းအနေဖြင့်လဲ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်များကို နှောက်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များ အမြန် ရပ်တန့်သွားနိုင်ရေး ထိရောက်သော လုပ်ဆောင်မှုများဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည် လို့ ဖော်ပြပါရှိပါတယ်။

========================

📌📌 NLD နဲ့ KNU တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League For Democracy- NLD) ပါတီ (ဗဟိုအလုပ်ကော်မတီ)နဲ့ ကရင်အမျိုးသားအစည်းအရုံး(Karen National Union-KNU) တို့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ တွေ့ဆုံပွဲတစ်ရပ်ကို ဗီဒီယိုမှတစ်ဆင့် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့် ဦးဆောင်ပြီး ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်နှင့် ဆက်ဆံရေးတာဝန်ခံ ဦးဘိုဘိုဦး၊ ကရင်အမျိုးသားအစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးနှင့် ဗဟိုအမြဲတမ်းကော်မတီဝင်ဗဟို ပဒိုစောအဲကလူဆေး၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောအဲထူး၊ ရုံးအဖွဲ့မှူး ပဒိုစောနင်းမရော့ တို့တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
အဆိုပါတွေ့ဆုံမှုဟာ မြန်မာနိုင်ငံရဲ့ ဝါရင့်နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်းအရုံးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ တွေ့ဆုံမှုဖြစ်ပြီး ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးနှစ်ဖက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ အဲ့ဒီလို တွေ့ဆုံပြီးနောက် ထပ်မံတွေ့ဆုံမှုတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြကြောင်း သိရှိရပါတယ်။

========================

📌📌 ၂၀၂၂ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် NUG အစိုးရအဖွဲ့ကို အမည်စာရင်းတင်သွင်း

၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေဆီမှာ ဂုဏ်ပြုဆုတွေ၊ ဆုတွေ ချီးမြှင့်နိုင်ဖို့အတွက် အမည်စာရင်းတင်သွင်းမှုတွေ စတင်ပြုလုပ်နေကြပြီလို့ သိရပါတယ်။ နိုဘယ်ဆုထဲက ထင်ရှားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် မြန်မာနိုင်ငံက အမျိူးသားညီညွတ်ရေးအစိုးရကို အမည်စာရင်းတင်သွင်းထားတယ်လို့လည်း ကြားသိရပါတယ်။ တင်သွင်းသူကတော့ နော်ဝေ လက်ဝဲနိုင်ငံရေးပါတီက အိုလာ အဲလ်ဗ်စတူအန် ဆိုတဲ့ ခေါင်းဆောင်တဦးက ကမကထလုပ်တယ်လို့ သတင်းတွေအရ သိရပါတယ်။
ဘယ်လိုအချက်တွေကြောင့် NUG ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ချင်ရတာလဲဆိုတာနဲ့ပတ်သက်လို့ -
တစ် - စစ်တပ်က အာဏာသိမ်းထားတဲ့ကြားက NUG အစိုးရအဖြစ် ရွေးကောက်ပွဲရလဒ် ပြည်သူ့ကိုယ်စားပြုမှုကို ဆက်လက်ဖော်ဆောင်နိုင်တယ်။ နည်းလမ်းအသစ်တွေ နည်းပညာတွေ သုံးစွဲနိုင်တယ်။ အဲ့ဒီအချက်တွေက ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားနေသူတွေကို ခွန်အားဖြစ်စေတယ်။
နှစ် - စစ်တပ်အာဏာသိမ်းလိုက်တာက မငြိမ်သက်မှုတွေဖြစ်စေပြီး ဒီမိုကရေစီနည်းကျ အခြေခံအုတ်မြစ်တွေနဲ့ ရွေးကောက်ပွဲရလဒ်ကနေ စနစ်တကျသွားတာဟာ အသင့်တော်ဆုံးဖြစ်တယ်ဆိုတာကို NUG က ပြသနေတယ်
သုံး - NUG က ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဘာသာရေး၊ လူမျိုးရေး၊ အချင်းချင်း နားလည်မှု၊ လက်တွဲမှု ဖော်ဆောင်နေရေး အဓိကဖြစ်တယ်ဆိုတာ ဆောင်ရွက်နိုင်တယ်။ ငြိမ်းချမ်းရေး သင့်မြတ်ရေးတို့ကို ဖယ်ဒရယ်ချာတာထဲကနေတဆင့် သွားနိုင်ဖို့ အစုအဖွဲ့အားလုံးနဲ့ တွဲပြီး ကြိုးပမ်းနေတယ်
လေး - အာဏာရှင်တွေ ခေါင်းထောင်နေတဲ့ ကမ္ဘာမှာ အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ NUG ရဲ့ အလုပ်တွေဟာ ငြိမ်းချမ်းရေးအတွက်၊ နိုင်ငံရေးအဖြေရှာနေကြသူတွေအတွက် ခွန်အား ဖြစ်တယ်။ စစ်အာဏာသိမ်းခံထားရတဲ့ကြားက ဒီမိုကရေစီအတွက် ဆက်ကြိုးပမ်းဖို့ ဖြစ်နိုင်စွမ်းရှိတယ်ဆိုတာ NUG က ပြသနေတယ်။ NUG က တိုင်းပြည်တည်ငြိမ်မှု၊ တာဝန်ခံမှု၊ တရားဝင်မှု စတာတွေဘက်က ရပ်တည်နေပြီးတော့ တဘက်က စစ်တပ်ဟာ မတည်ငြိမ်မှု၊ အကြမ်းဖက်မှု၊ တရားမဝင်မှုတွေ သက်သက်သာဖြစ်တယ်ဆိုတာ ထင်ရှားလာနေတယ် ဆိုပြီး ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

========================

📌📌 မြန်မာ့အရေး အာဆီယံမူ ၅ ရပ်နဲ့အညီ ဆောင်ရွက်ပေးဖို့ အထူးသံတမန်ကို လုံခြုံရေးကောင်စီတိုက်တွန်း

မြန်မာ့အရေးကို မြန်မာပြည်သူတွေရဲ့ လိုလားချက်အတိုင်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ အညီ ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အာဆီယံအထူးသံတမန်ကို တိုက်တွန်းလိုက်ပါတယ်။
ကုလလုံခြုံရေးကောင်စီက ဒေသစံတော်ချိန် ဖေဖော်ဝါရီ၂ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ရာမှာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn ကို အာဆီယံအထူးသံအဖြစ် တာဝန်ပေးလိုက်တဲ့အပေါ် ကြိုဆိုလိုက်သလို အဲဒီလိုလည်း တိုက်တွန်းခဲ့ပါတယ်။
Prak Sokhonnဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့အတူ မြန်မာနိုင်ငံကိုသွားရောက်ပြီး နောက်တစ်ရက် ဇန်နဝါရီ ၈ ရက်နေ့၊ ကမ္ဘောဒီးယားနိုင်ငံမှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ရဲ့ ဆွေးနွေးမှုနဲ့ သဘောတူညီချက်တွေကို ကန့်ကွက်သူတွေဟာ စစ်ပွဲကိုလိုလားသူတွေ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးက ‘ဟွန်ဆန်လာတာကိုရော ဟွန်ဆန်နဲ့ မင်းအောင်လှိုင်တို့ရဲ့ သဘောတူညီချက်တွေကို ကန့်ကွက်တဲ့အထဲမှာ နိုင်ငံတကာတင်မကဘူး။ မြန်မာပြည်သူတွေလည်း ပါဝင်ပါတယ်။ ပြောရရင် Prak Sokhonnဟာ မြန်မာမြေပေါ်လာပြီး နောက်တစ်ရက်မှာပဲ မြန်မာပြည်သူတွေကို စစ်ပွဲလိုလား သူအဖြစ် မင်းအောင်လှိုင်ဘက်ကနေရပ်ခံပြီး သံတမန်မပီသစွာပဲ မြန်မာပြည်သူတွေကို စော်ကားခဲ့သူပါ’ လို့ ဆိုပါတယ်။
ဒါ့အပြင် ဟွန်ဆန်ရဲ့ မူရင်းအဓိပ္ပါယ်ဟာ မင်းအောင်လှိုင်ကို ကယ်ထုတ်ရေးကိုသာရှေ့ရှုပြီး မြန်မာပြည်သူတို့အကျိုးကို ခေါင်းထဲမထည့်ခဲ့တာကြောင့် အာဆီယံအထူးသံတမန် Prak Sokhonnရဲ့ မြန်မာ့အရေးဆောင်ရွက်မယ့်အပေါ် သတိကြီးကြီးထား စောင့်ကြည့်ရမယ်လို့လည်း ဆိုပါတယ်။
လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ အာဆီယံအထူးသံအနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ပြီး မြန်မာ့ ပြဿနာတွေကို အဖြေရှာဖို့၊ မြန်မာ့အရေးပါဝင်ပတ်သက်သူအားလုံးနဲ့ တွေ့ဆုံစကားပြောဖို့နဲ့မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။
ကုလအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာကိုလည်း မြန်မာနိုင်ငံက ပါဝင်ပတ်သက်သူတွေ အားလုံးနဲ့တွေ့ဆုံဖို့ အားပေးထားသလို အာဆီယံအထူးကိုယ်စားလှယ်နဲ့ လက်တွဲဆောင်ရွက်ဖို့လည်း တိုက်တွန်းထားကြောင်း သိရှိရပါတယ်။

========================

📌📌 ပညာရေးဝန်ကြီးဌာန ရန်ပုံငွေကံစမ်းမဲ လက်မှတ်အရောင်းမိတ်ဆက်ပွဲ ကျင်းပမည်

ပညာရေးဝန်ကြီးဌာန " Education and Healthcare for Myanmar (EHM) နှင့် Myanmar Migrat Workers Committee (MMWC) တို့ပူးပေါင်းဆောင်ရွက်တဲ့ "ပညာဖြင့်တော်လှန်နွေဦးရဲ့အောင်လံ မလေးရောက်မြန်မာတို့ရဲ့အသံ" အမည်ရ လက်မှတ်အရောင်းမိတ်ဆက်ပွဲကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက် (စနေနေ့ ) မြန်မာစံတော်ချိန်ည (၇:၀၀) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပညာရေးဝန်ကြီးဌာန ရန်ပုံငွေကံစမ်းလက်မှတ်အ​ရောင်းမိတ်ဆက်ပွဲ" အခမ်းအနားမှာ နွေဦးတော်လှန်ရေးတွင် ရှေ့တန်းက ရဲရဲဝံ့ဝံ့ ရပ်တည်တော်လှန်ပေးနေကြတဲ့ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ၊ ပညာရေးနှင့်ကျန်မာရေး ပြည်ထောင်စုဝန်ကြီး ဆရာကြီး ဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြတဲ့ ဒေါ်ဂျာထွယ်ပန် နဲ့ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း၊ ကိုမင်းကိုနိုင်၊ ဒါရိုက်တာ သည်ခေတ်နေ၊ သရုပ်ဆောင်များဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ချစ်သုဝေ၊ ပိုင်ဖြိုးသုနဲ့ သီဟထွန်း၊ DJ Wine၊ ဟား၅ကောင်အဖွဲ့နဲ့ ကိုရဲဟိန်း တို့ပါဝင်သွားကြမယ်လို့ သိရပါတယ်။
အဆိုပါ လက်မှတ်အရောင်းမိတ်ဆက်ပွဲကို Education and Healthcare for Myanmar"၊ ပညာဖြင့်တော်လှန်နွေဦးရဲ့အောင်လံ မလေးရောက် မြန်မာတို့အသံ" နဲ့ D-Day Channel Facebook Page တို့မှာ တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်တဲ့အတွက် ဝင်ရောက်ကြည့်ရှူ နားဆင်နိုင်ကြောင်း သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment