1st MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးနဲ့ KNLA က စစ်ဆင်ရေးဗျူဟာမှူးစောထူးကရှောတို့ တွေ့ဆုံရန်စီစဥ်ခဲ့
📌ဂျပန် National Defense Academy နဲ့ စစ်ကောင်စီတို့ ပူးပေါင်းလုပ်ဆောင်မှုတွေကို အထူးအရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဂျပန်လွှတ်တော်အမတ်များသမဂ္ဂအဖွဲ့ကဆို
📌ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဌဟောင်းဖြစ်သူ ဦးခွန်ထွန်းဦးကွယ်လွန်သွားတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
📌လက်နက်အပြည့်အစုံနဲ့ စကစတပ်များ အလင်းဝင်လာရင် ကျောက်ထု PDF က ငွေကျပ်သိန်း ၈၀ ပေးအပ်မယ်
📌CNO/CNDF ထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်လာသည့် ခလရ (၂၆၈) တပ်မှ တပ်သား ထက်မြတ်အောင်အား ငွေကျပ်သိန်းငါးဆယ် ချီးမြှင့်ပေးအပ်
📌ခမရ (၁) သထုံ မှ စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံလာ၍ အမျိုးသားညီညွတ်ရေး အစိုးရမှ ချီးမြှင့်သော မြန်မာငွေ သိန်းခြောက်ဆယ်ကို ကော်ဘရာ စစ်ကြောင်းမှူးက ပေးအပ်ချီးမြှင့်
📌မြစ်ကြီးနားတက္ကသိုလ်က ကြားကာလ အွန်လိုင်းအခြေပြုပညာရေး Short Course Training သင်တန်းသားခေါ်ယူ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးနဲ့ KNLA က စစ်ဆင်ရေးဗျူဟာမှူးစောထူးကရှောတို့ တွေ့ဆုံရန်စီစဥ်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးနဲ့ KNLA က စစ်ဆင်ရေးဗျူဟာမှူးစောထူးကရှောတို့ တွေ့ဆုံရန်စီစဥ်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၃၀ ရက်နေ့မှာ ကျဆုံးသွားတဲ့ ဗိုလ်မှူကြီအကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က လူမှုကွန်ရက်မှာရေးသားပြောကြားခဲ့ပါတယ်။

"ဗိုလ်မူးကြီးနဲ့ တစ်ကြိမ်ပဲ တွေ့ခဲ့ရတယ် ကျ​နော်တို့ လက်ထက်မှာ တော်လှန်ရေး အပြီးသတ်အောင်ရမယ်" လို့ ဆိုခဲ့တယ်။ ငယ်ရွယ်တယ်။ ရဲရင့်တယ်။ ခေါင်းဆောင်းကောင်း ပီသတယ်ဆိုတဲ့ သူ့ဂုဏ်ရည်ကို အပြည့်အဝပုံမဖော်နိုင်တဲ့ချီးမွမ်းမှုတွေ နားထောင်ရင်း ဒီနေ့ တွေ့ရဖို့ ကျနော်စောင့်နေခဲ့တယ်။ ဗိုလ်မှူးကြီး ရောက်မလာ ခဲ့ပေမယ့် ဒီနေ့ ရောက်လာကျတဲ့ မြေပြင်ခေါင်းဆောင်တွေ ရဲဘော်တွေဆီက ဗိုလ်မှူးကြီး အစီအစဉ်တွေအတိုင်းရွပ်ရွပ်ချွံချွံဆက်ပြီး အကောင်အထည်ဖော်မယ်ဆိုတဲ့ စိတ်အား ထက်သန်မှုတွေနဲ့ ခိုင်မာတဲ့ ​ပြတ်သားတဲ့ ပြောဆိုသံတွေက ဒီတော်လှန်ရေးမှာ ဗိုလ်မှူးကြီး ထာဝရ ရှိနေတယ်ဆိုတာကို ပြသနေတာပဲလို့ ခံစားမိရင်း ကျတော် အလေးပြု နှုတ်ဆက်ပါတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။

KNLA တပ်မဟာ ၅ ရဲ့ စစ်ဆင်ရေးဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောဟာ ဧပြီ ၂၈ ရက် ကရင်ပြည်နယ် ဖာပွန်ခရိုင် ကျောက်ညှပ် စခန်းသိမ်းတိုက်ပွဲမှာ စကစတို့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျဆုံးခဲ့ရပါတယ်။

=======================

📌📌ဂျပန် National Defense Academy နဲ့ စစ်ကောင်စီတို့ ပူးပေါင်းလုပ်ဆောင်မှုတွေကို အထူးအရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဂျပန်လွှတ်တော်အမတ်များသမဂ္ဂအဖွဲ့ကဆို

ဂျပန် National Defense Academy နဲ့ စစ်ကောင်စီတို့ ပူးပေါင်းလုပ်ဆောင်မှုတွေကို အထူးအရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို ဂျပန်လွှတ်တော်အမတ်များသမဂ္ဂအဖွဲ့က ဆိုလိုက်ပါတယ်။ ဧပြီ ၂၇ ရက်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆွေးနွေးပွဲကျင်းပရာမှာ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂက ဆိုလိုက်တာဖြစ်တာပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ဂျပန် National Defense Academy နဲ့ စစ်ကောင်စီတို့ ပူးပေါင်းလုပ်ဆောင်မှုတွေ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြဆွေးနွေးရာမှာ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂက အထူးအရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် အမျိုးသမီး၊ လူငယ်နဲ့ ကလေး သူငယ်ရေးရာဝန်ကြီး နော်စူစင်နာ လှလှစိုး၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမူဝန်ကြီး ဦးတင်ထွန်းနိုင်၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တို့တက်ရောက်ခဲ့ကြပါတယ်။

ဂျပန်လွှတ်တော်အမတ်များသမဂ္ဂဥက္ကဌက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ ပြည်သူတွေအတွက် စွန့်လွှတ်အနစ်နာခံမှုအပေါ် အထူးလေးစားဂုဏ်ယူပြီး မြန်မာပြည်သူတွေ လိုလားတောင့်တတဲ့ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေးတို့အတွက် NUG အစိုးရနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားကြမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

========================

📌📌ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဌဟောင်းဖြစ်သူ ဦးခွန်ထွန်းဦးကွယ်လွန်သွားတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဌဟောင်းဖြစ်သူ ဦးခွန်ထွန်းဦးကွယ်လွန်သွားတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဧပြီလ (၃၀) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလ ကဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့ခဲ့တယ်လို့သိရပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ ရှမ်းတိုင်းရင်းသားခေါင်းဆောင်ကြီး ဦးခွန်ထွန်းဦးသည် ယနေ့ ဧပြီလ (၃၀) ရက်နေ့ နေ့လည်တွင် ကွယ်လွန် အနိစ္စရောက်သွားပြီဖြစ်ကြောင်း သိရပါသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိသားစုနှင့်အတူ ဝမ်းနည်းပူဆွေးရပါတယ်လို့ဖော်ပြပါတယ်။

ဦးခွန်ထွန်းဦးသည် ၁၉၈၈ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ကာ ပါတီဥက္ကဌအဖြစ် နှစ်ပေါင်းသုံးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တဲ့အပြင် ထို့အပြင် တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်၏ နာယကကြီးလည်းဖြစ်ကာ တိုင်းပြည်၏ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားအားလုံးလေးစားရသော ခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်။

တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံကာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ခေါင်းဆောင်ကြီး ဦးခွန်ထွန်းဦး ကောင်းရာသုဂတိ လားပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတာ်လို့ သဝဏ်လွှာမှာဖော်ပြ ပါရှိပါတယ်။

========================

📌📌လက်နက်အပြည့်အစုံနဲ့ စကစတပ်များ အလင်းဝင်လာရင် ကျောက်ထု PDF က ငွေကျပ်သိန်း ၈၀ ပေးအပ်မယ်

လက်နက်အပြည့်အစုံနဲ့ စကစတပ်များ အလင်းဝင်လာရင် ကျောက်ထု PDF က ငွေကျပ်သိန်း ၈၀ ပေးအပ်မယ်လို့ ဆိုပါတယ်။ ဧပြီ ၃၀ ရက်မှာ ဆုကြေးငွေကြေညာချက်ကို ကျောက်ထု PDF ကထုတ်ပြန်ခဲ့ပါတယ်။

"လက်နက်အပြည့်အစုံနဲ့ ထွက်ခွာလာပါက ဆုကြေးငွေ သိန်း ၈၀ ကိုပါ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါ၍ ထွက်ခွာလိုသူများအနေနဲ့ ကျောက်ထု PDF ထံဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်"လို့ဖော်ပြပါတယ်။

ဧပြီ ၂၈ ရက် ညနေ (၃ နာရီ ၃၀မိနစ်) ခန့်အချိန် ကျောက်ထုရဲစခန်းမှ ရဲတပ်သားတစ်ဦး CDM ဝင်ရောက်လာသဖြင့် ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KTU-PDF) မှ ချိတ်ဆက် ပြီး လွတ်မြောက်နယ်မြေသို့ အထိအခိုက်မရှိ ပို့ဆောင်ပေးခဲ့တယ်လို့လည်းဆိုထားပါတယ်။

========================

📌📌CNO/CNDF ထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်လာသည့် ခလရ (၂၆၈) တပ်မှ တပ်သား ထက်မြတ်အောင်အား ငွေကျပ်သိန်းငါးဆယ် ချီးမြှင့်ပေးအပ်

CNO/CNDF ထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်လာသည့် ခလရ(၂၆၈)တပ်မှ တပ်သား ထက်မြတ်အောင်အား ငွေကျပ်သိန်းငါးဆယ် ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဧပြီ ၃၀ ရက်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်က အဆိုပါသတင်းအားထုတ်ပြန်ခဲ့ပါတယ်။

"ဧပြီလ ၁၈ ရက်တွင် CNO/CNDF ထံသို့ လက်နက်အပြည့်စုံဖြင့် အလင်းဝင်လာသည့် ခလရ (၂၆၈) တပ်မှ တပ်သား ထက်မြတ်အောင်အား ဆုကြေးငွေချီးမြှင့်ပေးအပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။

စကစတပ်နှင့်ရဲ CDM မှာလက်ရှိတွင် တစ်သောင်းခန့်ရှိပြီဖြစ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့များကလည်း စကစတပ်များ လက်နက်နှင့်အတူ အလင်းဝင်ပါက ဆုကြေး သိန်းသုံးဆယ်မှ သိန်းငါးဆယ်အထိ ပေးအပ်မယ်လို့ဆိုပါတယ်။

========================

📌📌ခမရ (၁) သထုံ မှ စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံလာ၍ အမျိုးသားညီညွတ်ရေး အစိုးရမှ ချီးမြှင့်သော မြန်မာငွေ သိန်းခြောက်ဆယ်ကို ကော်ဘရာ စစ်ကြောင်းမှူးက ပေးအပ်ချီးမြှင့်

ခမရ (၁) သထုံ မှ စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင် ခိုလှုံလာ၍ အမျိုးသားညီညွတ်ရေး အစိုးရမှ ချီးမြှင့်သော မြန်မာငွေ သိန်းခြောက်ဆယ်ကို ကော်ဘရာ စစ်ကြောင်းမှူးက ပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။ ဧပြီ ၃၀ ရက်နေ့မှာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စကစတပ်သားများကို လက်ခံကြိုဆိုကြောင်း ကော်ပရာ စစ်ကြောင်းကထုတ်ပြန်ခဲ့ပါတယ်။

"အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁) သထုံ မှ တပ်သား မောင်ဇော် နှင့် တပ်သား ကျော်သူစိုး တို့မှ ဆက်သွယ်ပြီး ဧပြီ (၂၈) ရက်နေ့က ကော်ဘရာစစ်ကြောင်းထံ CDM ခိုလှုံလာခဲ့ပါတယ်။ ထို့ကြောင့် လက်နက်နှင့်အတူ CDM ဝင်ရောက်လာသော တပ်သား ကျော်သူစိုးအား အမျိုးသား ညီညွတ်ရေး အစိုးရမှ ချီးမြှင့်သော မြန်မာငွေ သိန်းခြောက်ဆယ် နှင့် တပ်သား မောင်ဇော်အား ချီးမြှင့်ငွေ ဘတ‌်ငွေ တစ်သောင်းအား ကော်ဘရာ စစ်ကြောင်းမှူး " ဗိုလ်ကြီးဒါဘော " မှ ပေးအပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။

အဆိုပါ CDM ခိုလှုံလာသော စစ်ကောင်စီ တပ်သား နှစ်ဦးအနက် တစ်ဦးသည် MA 4 ပူးတွဲ သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ၄၀ မမ ကျည် (၈)လုံး၊ ၅.၅၆ ကျည်ဆန် (၁၀၀) တောင့်နှင့်အတူ ပါရှိလာခဲ့ပါတယ်။

CDM ခိုလှုံလာသော အရာရှိစစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များ၏ လုံခြုံရေး၊ နေထိုင်ရေးတို့အတွက်ကော်ပရာ စစ်ကြောင်းကစီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

========================

📌📌မြစ်ကြီးနားတက္ကသိုလ်က ကြားကာလ အွန်လိုင်းအခြေပြုပညာရေး Short Course Training သင်တန်းသားခေါ်ယူ

မြစ်ကြီးနားတက္ကသိုလ်က ကြားကာလ အွန်လိုင်းအခြေပြုပညာရေး Short Course Training သင်တန်းသားခေါ်ယူလိုက်တယ်လို့သိရပါတယ်။ မြစ်ကြီးနားတက္ကသိုလ် ကြားကာလ အွန်လိုင်းအခြေပြု ပညာရေး Short Course အစီအစဉ်အဖြစ် Human Rights Training နှင့် Digital Security Training အား မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဦးစီး၍ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်း (၂) ခုအား ကချင်ဒေသအတွင်းရှိ တက္ကသိုလ် / ကောလိပ် / သင်တန်းကျောင်း အသီးသီးမှ ကျောင်းသား၊ကျောင်းသူများ လျှောက်ထားနိုင်တယ်လို့သိရပါတယ်။ စိတ်ပါဝင်စား၍ လျှောက်ထားသူ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်များမှ CDM ကျောင်းသား/သူ ဖြစ်ရမှာဖြစ်ပြီးတော့ အသုံးပြုသော အင်တာနက်လိုင်း ကောင်းမွန်၍ သင်တန်းရက်တွင် မပျက်မကွက် တက်ရောက်မည့်သူ ဖြစ်ရန် လိုအပ်မှာဖြစ်ပါတယ်။
သင်တန်းသို့ လျှောက်ထားလိုပါက
Digital Security – https://forms.gle/pesBaZxDfU6rMLo79
Human Rights - https://forms.gle/Qbp5WpmpYNauFPgt7
အထက်ပါ Link များ ဝင်ရောက်ဖြည့်စွက်ကာ လျှောက်ထားနိုင်တယ်လို့သိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment