၂၀၂၂ ဧပြီလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌များမကြာမီ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေ အဖြစ်ဖန်တီးနိုင်တော့မှာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ လူထုကိုအသိပေးပြောကြားခဲ့တဲ့သတင်း
📌အမျိုးသားညီညွတ်ရေးအစိုးရသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးကျော်ဇောကို ခန့်အပ်တာဝန်ပေးတဲ့သတင်း
📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးသံတမန် Igor Driesmans တို့ တွေ့ဆုံဆွေးနွေးတဲ့သတင်း
📌YDF(Htilin) မှပစ်ခတ်တိုက်ခိုက်၍ ပေါင်တွင် သေနတ်ကျည်ထိကာထွက်ပြေးတိမ်းရှောင်နေတဲ့ သုံးပွင့်နဲ့ဗိုလ်ကြီး သေဆုံးလျက် ပြန်လည်တွေ့ရှိတဲ့သတင်း
📌မုံရွာမြို့ပေါ် အမှတ် (၂) ရဲခစခန်းကို လက်နက်ကြီးများနဲ့ ကာကွယ်ရေးများဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ထက်မနည်း သေဆုံး
📌ဟင်္သာတမြို့ နိဗ္ဗာန်တိုက်နယ်စည်တော်ကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်ကို ဟင်္သာတမြို့ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗုံးခွဲဖျက်ဆီး
📌သင်္ကြန်ကာလ လှုပ်ရှားမှု အဖြစ် အမျိုးသမီးစစ်သည်တော် တပ်ရင်း (မြောင်) အတွက် ကျည်ဖိုး ၊ မြေမြှပ် မိုင်းဖိုး အလှူခံရာ ကျပ်သိန်း ၃၀၀ ကျော်ရရှိခဲ့
📌CDM များကို တစ်ရာရာခိုင်နှုန်းအပြည့် ထောက်ပံကူညီမဲ့အလှူရှင် အပလီကေးရှင်းမှ ဧပြီ ၁၄ ရက်နဲ့ ၁၅ ရက်တွင် ကြော်ငြာခ အမေရိကန်ဒေါ်လာ ၅၀၀ ကျော်ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌များမကြာမီ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေ အဖြစ်ဖန်တီးနိုင်တော့မှာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ လူထုကိုအသိပေးပြောကြားခဲ့တဲ့သတင်း
များမကြာမီ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေ အဖြစ်ဖန်တီးနိုင်တော့မှာဖြစ်တယ်လို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
“ယနေ့ နှစ်သစ်ကူးမင်္လာနှင့်အတူ ပြည်သူလူထုကို အသိပေးလိုတာက NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များဟာ နိုင်ငံရဲ့နေရာအတော်များများ အထူးသဖြင့် ကျေးလက်ဒေသများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ မြို့ပြအချို့ကိုလည်း ဝိုင်းပတ်စိုးမိုးထားပြီးဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ တိုင်းရင်းသားလက်နက်ကိုင်များဟာ နယ်မြေတော်တော်များများမှာ လှုပ်ရှားထိန်းချုပ်လာနိုင်တာ စစ်ကောင်စီတွေနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲတွေတိုင်းရဲစွမ်းသတ္တိအပြည့်နဲ့ ဆင်နွှဲနိုင်ကြတာဟာ ဒေသခံပြည်သူတွေနဲ့ ပြည်ပရောက်နိုင်ငံသားတွေရဲ့ထောက်ခံအားပေးမှုတွေနဲ့ ထောက်ပံ့ပေးမှုကြောင့်ပဲဖြစ်ပါတယ်။ များမကြာမည် နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေ အဖြစ်ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိန်းချုပ်စိုးမိုးနိုင်တဲ့နယ်မြေများမှာ ကြားကာလပညာသင်ကြားရေး အစီအစဥ်များကို စတင်လျက်ရှိပါတယ်။ ဆက်လက်ပြီးအိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားထောက်ခံဖို့ နယ်စပ်ဒေသတွေမှာ ပြဿနာမျိုးစုံကိုဖြစ်ပေါ် စေတဲ့ တရားမဝင်စစ်ကောင်စီကို အသိအမှတ်မပြုမိကြဖို့ မျှော်လင့်ပါတယ်။ ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး တရားမဝင် အာဏာသိမ်းထားရုံမက ပြည်သူကို ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အားပေးခြင်း ကူညီခြင်းဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်တဲ့ အပြုအမူဖြစ်တယ်ဆိုတာကိုလည်း သတိချပ်စေလိုပါတယ်လို့ ယာယီသမ္မတက ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ တရားဝင်အသိအမှတ်ပြုမှုကိုရရှိဖို့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယတို့ကို သံတမာန်ရေးအရ ချဥ်းကပ်တွေ့ဆုံမှုတွေရှိနေတယ်လို့သိရပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးကျော်ဇောကို ခန့်အပ်တာဝန်ပေးတဲ့သတင်း
ဧပြီ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ အမိန့်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးကျော်ဇောကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံး အနေဖြင့် ပြည်သူလူထု၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့နှင့် ပိုမိုချိတ်ဆက်ကာ အချိန်နှင့်တပြေးညီ သတင်းစကားပေးနိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့် ရှိသူအဖြစ် ဦးကျော်ဇော်အား ခန့်အပ်တာဝန်ပေးထားကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်လို့ဖော်ပြထားပါတယ်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်အား kyawzaw@nugmyanmar.org မှတဆင့် ဆက်သွယ် ချိတ်ဆက်နိုင်တယ်လို့လည်းထုတ်ပြန်ချက်မှာဆိုထားပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးသံတမန် Igor Driesmans တို့ တွေ့ဆုံဆွေးနွေးတဲ့သတင်း
ဧပြီ ၁၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးသံတမန် Igor Driesmans တို့တွေ့ဆုံရာတွင် ဥရောပသမဂ္ဂကပေးအပ်မဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အမှန်တကယ်လိုအပ်နေတဲ့ မြန်မာပြည်သူတွေလက်ထဲတိုက်ရိုက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကတဆင့်စီစဉ်ပေးအပ်ဖို့လည်း ဥရောပပါလီမန်က ဆုံးဖြတ်ချက်ချထားတာတယ်လို့ အထူးသံတမာန်ကဆိုပါတယ်။
ဆွေးနွေးမှုတွင် မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို အာဏာသိမ်းစစ်ကောင်စီလက်ထဲမရောက်ပဲ အမှန်တကယ်လိုအပ်နေသူတွေဆီတိုက်ရိုက်ရောက်နိုင်မဲ့ နည်းလမ်းတွေကိုအဓိကအသားပေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လက်ရှိတွင် နိုင်ငံတကာနဲ့သံတမာန်ဆက်ဆံရေးကို အထူးတိုးမြှင့်ဆောင်ရွက်နေပြီး လူချင်းတွေ့သည့်ခရီးစဥ်များကို အစိုးရအဖွဲ့ဝန်ကြီးများအားရွေးချယ်၍ သက်ဆိုင်ရာနိုင်ငံများထံပိုမိုစေလွှတ်နေတယ်လို့သိရပါတယ်။
========================
📌📌YDF(Htilin) မှပစ်ခတ်တိုက်ခိုက်၍ ပေါင်တွင် သေနတ်ကျည်ထိကာထွက်ပြေးတိမ်းရှောင်နေတဲ့ သုံးပွင့်နဲ့ဗိုလ်ကြီး သေဆုံးလျက် ပြန်လည်တွေ့ရှိတဲ့သတင်း
"သင်္ကြန်အကြိုနေ့၏ အပိုလက်ဆောင် ဧပြီ ၁၃ ရက် တိုက်ပွဲတွင် ဒဏ်ရာဖြင့်ထွက်ပြေးသွားသော စစ်ကောင်စီတပ် သုံးပွင့်နဲ့ ဗိုလ်နေလင်းအောင်အား ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ ဒေသအခေါ် ဘုန်းကြီးကန်ရေစပ်တွင် သေဆုံးလျက်ရှိသည်ကို ၄င်း၏နောက်လိုက်ခွေးများမှ တွေ့ရှိကောက်ယူသွားပါတယ်။ သေနတ်များရမ်းသမ်းပစ်ဖောက်ခဲ့ကြပြီး နေ့လည်ပိုင်းခန့်တွင် ထီးလင်းသုဿန်၌မီးရှို့သင်္ဂြိုလ်ခဲ့ကြောင်းသိရပါတယ်"လို့ YDF(Htilin) မှဆိုပါတယ်။
ဧပြီ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ အချိန် ထီးလင်းမြို့စွန်ရှိ စစ်ကောင်စီတပ်သားများ ကင်းစောင့်လေ့ရှိသောမီးသတ်ရုံးအား ဝင်ရောက်စီးနင်းနိုင်ရန် ချဥ်းကပ်နေစဥ် ပျော်ပွဲစားထွက်လာသော စစ်ကောင်စီတပ်ကသုံးပွင့်ဗိုလ်နေလင်းအောင်နှင့်အဖွဲ့ကို YDF(Htilin) မှ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဖြစ်စဥ်တွင် သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရခဲ့ကာသုံးပွင့်ဗိုလ်မှာ ပေါင်တွင်ဒဏ်ရာဖြင့်ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
========================
📌📌မုံရွာမြို့ပေါ် အမှတ် (၂) ရဲခစခန်းကို လက်နက်ကြီးများနဲ့ ကာကွယ်ရေးများဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ထက်မနည်း သေဆုံးခဲ့တဲ့ သတင်း
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ မနက် ၁ နာရီ ၄၀ မိနစ် အချိန်က မုံရွာမြို့ပေါ် အမှတ် (၂) ရဲခစခန်းကို လက်နက်ကြီးများနဲ့ ကာကွယ်ရေးများဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစရဲတပ်ဖွဲ့ဝင် ၁၂ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ Monyaw The Boys ကဆိုပါတယ်။
ပထမဦးစွာ RPG 73MM ပစ်သွင်းပြီး လက်နက်ငယ်များနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပါတယ်။ တိုက်ပွဲမှာ ကျည်အတောင့် ၅၃၀ ကျော်ပစ်ခတ်ခဲ့ပြီး RPG 73MM ပစ်ခတ်မှုကြောင့် ရဲနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ လက်နက်ငယ်ပစ်ခတ်မှုကြောင့် ရဲဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။ တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌ဟင်္သာတမြို့ နိဗ္ဗာန်တိုက်နယ်စည်တော်ကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်ကို ဟင်္သာတမြို့ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗုံးခွဲဖျက်ဆီးတဲ့သတင်း
ဧပြီ ၁၅ ရက် ည ၈ နာရီ ၃၀ အချိန်မှာ ဟင်္သာတမြို့ နိဗ္ဗာန်တိုက်နယ် စည်တော်ကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်အုပ်စုပိုင် မိုင်တဲတိုင်အား ဟင်္သာတမြို့ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဟင်္သာတမြို့ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုပါတယ်။
ဟင်္သာတမြို့ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ဧပြီ ၁၂ ရက်နေ့ကလည်း နံနက် ၄:၅၀ နာရီ အချိန်တွင် ဟင်္သာတမြို့၊ အာဇာနည်ကျောက်တိုင်အနီး၌ စစ်ကောင်စီမှ ကြီးမှုးစီစဉ်သော ဗဟိုမဏ္ဍပ်အနီး ဗုံးဖောက်ခွဲခဲ့သေးတယ်လို့သိရပါတယ်။
========================
📌📌သင်္ကြန်ကာလ လှုပ်ရှားမှု အဖြစ် အမျိုးသမီးစစ်သည်တော် တပ်ရင်း (မြောင်) အတွက် ကျည်ဖိုး ၊ မြေမြှပ် မိုင်းဖိုး အလှူခံရာ ကျပ်သိန်း ၃၀၀ ကျော်ရရှိခဲ့တဲ့သတင်း
သင်္ကြန်ကာလ လှုပ်ရှားမှု အဖြစ် အမျိုးသမီးစစ်သည်တော် တပ်ရင်း (မြောင်) အတွက် ကျည်ဖိုး ၊ မြေမြှပ် မိုင်းဖိုး အလှူခံရာ ကျပ်သိန်း ၃၀၀ ကျော်ရရှိတယ်လို့ ဧပြီ ၁၆ ရက် အမျိုးသားညီညွတ်ရေးအစိုးရက ဒုဝန်ကြီး အိသဉ္ဇာမောင်က အသိပေးပြောကြားခဲ့ပါတယ်။
" တတ်အားသ၍ ပါဝင်ပေးကြတဲ့ တဦးတယောက်ချင််းစီ ကို ကျေးဇူးတင်ပါတယ်"လို့ဆိုထားပါတယ်။ အမျိုးသမီးစစ်သည်တော် တပ်ရင်းမြောင် ဟာ မိုင်းများကို အဓိကတပ်ဆင်ထုတ်လုပ်ပြီးသင်္ကြန်ရက်အတွင်း စစ်ဆင်ရေးတွင် စကစတပ်မှ ၁၀ ဦး ကျဆုံးခဲ့ပါတယ်။
========================
📌📌CDM များကို တစ်ရာရာခိုင်နှုန်းအပြည့် ထောက်ပံကူညီမဲ့အလှူရှင် အပလီကေးရှင်းမှ ဧပြီ ၁၄ ရက်နဲ့ ၁၅ ရက်တွင် ကြော်ငြာခ အမေရိကန်ဒေါ်လာ ၅၀၀ ကျော်ရရှိခဲ့တဲ့သတင်း
CDM များကို တစ်ရာရာခိုင်နှုန်းအပြည့်ထောက်ပံကူညီမဲ့အလှူရှင် အပလီကေးရှင်းမှ ဧပြီ ၁၄ ရက်နဲ့ ၁၅ ရက်တွင် ကြော်ငြာခ အမေရိကန်ဒေါ်လာ ၅၀၀ ကျော်ရရှိတယ်လို့သတင်းရရှိပါတယ်။
နွေဉီးတော်လှန်ရေးသူရဲကောင်းတွေဖြစ်တဲ့ ပြည်သူ့ဝန်ထမ်း (CDMer) တွေကို သီးသန့် ထောက်ပံ့ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရေးရာကော်မတီက Ahlu Shin App (အလှူရှင် အပလီကေးရှင်း) က ဧပြီ ၁၄ ရက်တွင် အမေရိကန်ဒေါ်လာ ၁၆၈ ဒေါ်လာ၊ ၁၅ရက်နေ့တွင် ၃၄၉ ဒေါ်လာတို့ ရရှိခဲ့တယ်လို့သိရပါတယ်။
ဒီ App ကနေ ရရှိတဲ့ ကြော်ငြာခ 100 % ကို CDMer ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီးတော့ Ahlu Shin App မှာ သတင်းကဏ္ဍ၊ စာပေကဏ္ဍ၊ ရုပ်ရှင်ကဏ္ဍနှင့် တိုက်ရိုက်ထုတ်လွှင့်မှု ကဏ္ဍ ဆိုပြီး ကဏ္ဍ (၄) ခုပါဝင်ပါတယ်။ ဒီသတင်းနဲ့ ဆက်စပ်ပြီး ဧပြီ ၁၆ ရက်နေ့မှာ တော်လှန်သင်္ကြန်မုန့်ဖိုး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းကို ရတနာပုံတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီကထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ ဝန်ထမ်း ၁၃၈ အား တစ်ဦးလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ သင်ကြားရေး ဆရာ၊ ဆရာမ တစ်ဦးလျှင်ကျပ် ၅၀၀၀၀ နှုန်းဖြင့် ၃ ဦး အားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment