16th APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက်နေပြီးတော့ နိုင်ငံတကာဆက်ဆံရေးမှာ အစိုးရချင်းလူတွေ့ဖို့ကို အရှိန်တိုးမြှင့်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား
📌ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်ဟာ နိုင်ငံတကာကနေ ပညာလာသင်ရတဲ့အဆင့်အထိ နောင်တစ်ချိန်မှာ ရောက်လာမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
📌တက္ကသိုလ်ကောင်စီနဲ့ ဆရာ၊ ကျောင်းသား သမဂ္ဂများအားလုံးနဲ့တိုင်ပင်ကာ အများကလက်ခံမဲ့ ပညာရေးအစီအစဥ်တွေ လုပ်သွားဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပညာရေးဒုဝန်ကြီးအသိပေး
📌စစ်တပ်က အာဏာသိမ်းမှုကြောင့် တိုင်းပြည်ဟာ ကျရှုံး နိုင်ငံဖြစ်သွားပြီလို့ဆို
📌WY စိတ်ကြွဆေးပြားများ ၁၈၀ ကျော်ဖမ်းဆီးရမိ တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ-CDSOM ထုတ်ပြန်
📌ကလေးမြို့နယ် နတ်မြောင်းဒေသတွင် စစ်တပ်က အရပ်သားနှစ်ဦးကို သတ်ဖြတ်၍ မီးရှို့ခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက်နေပြီးတော့ နိုင်ငံတကာဆက်ဆံရေးမှာ အစိုးရချင်းလူတွေ့ဖို့ကို အရှိန်တိုးမြှင့်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဆောင်ရွက်နေပြီးတော့ နိုင်ငံတကာဆက်ဆံရေးမှာ အစုိးရချင်းလူတွေ့ဖို့ကို အရှိန်တိုးမြှင့်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဝန်ကြီးဌာနဆောင်ရွက်ချက်များအား ပြည်သူသို့ အစီရင်ခံရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာမှာ လူရာမသွင်းဖို့ တရားဝင်မှုမရှိဖို့ကို ဝန်ကြီးဌာနကဆောင်ရွက်ပါတယ်။ တစ်ဖက်မှာလည်းပဲ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဖက်ဒရယ်ချာတာကို အခြေခံပြီးတော့ နိုင်ငံရေးလမ်းပြမြေပုံတစ်ခုနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျမတို့တွေက တော်လှန်ရေးကို သွားချင်ရာသွား၊ ဖြစ်ချင်ရာဖြစ် ဆောင်ရွက်နေတာ မဟုတ်ဘဲနဲ့ ဖက်ဒရယ် ဒီမိုကရေစီချာတာမှာပါတဲ့ နိုင်ငံရေးကိုက်လိုင်းတွေနဲ့အညီဆောင်ရွက် နေတယ်ဆိုတာကို နိုင်ငံတကာကလက်ခံလာအောင်တွေ့ဆုံ ဆွေးနွေးဆောင်ရွက်နေတာရှိပါတယ်။ အခုဆိုရင် ဆက်ဆံရေးကို ပိုတိုးမြှင့်ဖို့ လူကိုယ်တိုင်တွေ့ဆုံတဲ့ခရီးစဥ်တွေ ဒါဝန်ကြီးတွေ ခရီးစဥ်ကို သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေ့မြင်ပြီးဖြစ်ပါလိမ့်မယ်။ရှေ့လျှောက်လည်းပိုတိုးမြှင့်ပြီး လူချင်းတွေ့တဲ့ခရီးစဥ်တွေရှိပါမယ်"လို့ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးများကို ချက်နိုင်ငံ၊ ယူကေ၊ တောင်ကိုရီးယား၊နော်ဝေ၊ပြင်သစ်၊​ြ သစတြေးရီးယား၊ ဂျပန်နိုင်ငံများမှာဖွင့်လှစ်နိုင်ခဲ့ပြီလို့သိရပါတယ်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီက ကျူးလွန်သော စစ်ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရေး အပြည်ပြည်ဆိုင်ရာ တရားရုံးအပါအဝင် ရာဇဝတ်ခုံရုံးများနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။

========================

📌📌ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်ဟာ နိုင်ငံတကာကနေ ပညာလာသင်ရတဲ့အဆင့်အထိ နောင်တစ်ချိန်မှာ ရောက်လာမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်ဟာ နိုင်ငံတကာကနေ ပညာလာသင်ရတဲ့အဆင့်အထိ နောင်တစ်ချိန်မှာ ရောက်လာမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန မြစ်ကြီးနားတက္ကသိုလ် ကြားကာလ အွန်လိုင်း အခြေပြုပညာရေး ဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"အခုသင်ကြားရေးကနေ တဆင့်ပြီး တဆင့် တိုးတက်လာပြီးတော့ ကချင်ဒေသမှာ ကချင်ပညာရေးဟာ စံယူရလောက်တဲ့ ကမ္ဘာ့အဆင့်အတန်းမှာ တစ်နေရာရတဲ့အထိ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ သမိုင်းကိုပြန်ပြန်ကြည့်ရင်လည်း ကချင်ဒေသ ပညာရေးဟာ စံနမူနာယူရတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ပညာရှင်တွေ မွေးထုတ်ပေးနိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ အနာဂါတ်မှာ မြန်မာနိုင်ငံရဲ့ပညာရေး ပြန်လည် ဦးမော့လာတာနဲ့အညီ ကချင်ဒေသပညာရေးဟာ ကမ္ဘာ့အဆင့်အတန်းမီ ပညာရေးဖြစ်လာပါလိမ့်မယ်။ ဒီမြစ်ကြီးနားတက္ကသိုလ်ဟာ ဘယ်နေရာမှာရှိတယ်ဆိုတာ ဝံ့ဝံ့ကြွားကြွား ပြောနိုင်တဲ့အနေအထားမျိုး၊နိုင်ငံတကာကနေ ပညာလာသင်ရတဲ့အဆင့်အထိ ရောက်လာပါလိမ့်မယ်"လို့ ဝန်ကြီးကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာကြားကာလ ပညာသင်ကြားရေးကို စတင်နေပြီးတော့ အဆင့်မြင့်ကျောင်းများ ပွံမှန်အတန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးကိုလည်း စီစဥ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

=======================

📌📌တက္ကသိုလ်ကောင်စီနဲ့ ဆရာ၊ ကျောင်းသား သမဂ္ဂများအားလုံးနဲ့တိုင်ပင်ကာ အများကလက်ခံမဲ့ ပညာရေးအစီအစဥ်တွေ လုပ်သွားဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပညာရေးဒုဝန်ကြီးအသိပေး

တက္ကသိုလ်ကောင်စီနဲ့ ဆရာ၊ ကျောင်းသား သမဂ္ဂများအားလုံးနဲ့တိုင်ပင်ကာ အများကလက်ခံမဲ့ ပညာရေးအစီအစဥ်တွေ လုပ်သွားဖို့ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပညာရေးဒုဝန်ကြီးကအသိပေးပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန မြစ်ကြီးနားတက္ကသိုလ် ကြားကာလ အွန်လိုင်း အခြေပြုပညာရေး ဖွင့်ပွဲအခမ်းအနားမှာ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောကြားခဲ့ပါတယ်။

"လတ်တလောမှာ တက္ကသိုလ်ကောင်စီအားလုံးနဲ့ ဆရာသမဂ္ဂ၊ ကျောင်းသား သမဂ္ဂတွေနဲ့ဆွေးနွေးတိုင်ပင်ပြီး အများကလက်ခံမဲ့ တော်လှန်ရေးကို အင်အားရှိစေမဲ့ ပညာရေးအစီအစဥ်တွေ လုပ်သွားဖို့ရှိပါတယ်။ ကျောင်းသားအာမခံမှု၊ ဆရာအာမခံမှုကို သေချာလေး သွားရမဲ့အနေအထားရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

လတ်တလောမှာ ပုံမှန်သင်တန်းများပြန်လည်ဖွင့်လှစ်ရေးအပြင် အထက်တန်းအောင်မြင်ပြီသားကျောင်းသားများအတွက် သင်ယူရေး၊ တော်လှန်ရေးဘက်မှ ရပ်တည်သော ပြည်သူများ ပညာသင်ကြားနိုင်ရေးတို့ကို အဓိကထားဆောင်ရွက်နေတယ်လို့သိရှိရပါတယ်။

========================

📌📌စစ်တပ်က အာဏာသိမ်းမှုကြောင့် တိုင်းပြည်ဟာ ကျရှုံး နိုင်ငံဖြစ်သွားပြီလို့ဆို

စစ်တပ်က အာဏာသိမ်းမှုကြောင့် တိုင်းပြည်ဟာကျရှုံးနိုင်ငံဖြစ်သွားပြီလို့ မြောက်ဒဂုံအမတ် ဒေါက်တာဘိုင်အိုကဆိုလိုက်ပါတယ်။ ဧပြီ ၁၅ ရက် ဆက်သွယ်မေးမြန်းရာမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ်၂ တိုင်းကိုယ်စားလှယ် ဒေါက်တာ ဘိုင်အိုကပြောပါတယ်။

"တိုင်းပြည်က ရှင်းရှင်းပြောရရင် ကျရှုံးနိုင်ငံလုံးဝဖြစ်သွားပြီ။ ကမ္ဘာ့ဖွံဖြိုးမှု အနိမ့်ဆုံးနိုင်ငံကနေ ရုန်းထဖို့တောင် ကျနော်တို့ NLD အစိုးရလက်ထက် မှာအပြင်းအထန် ကြိုးစားခဲ့ရတယ်။ လွတ်မြောက်ဖို့ လက်မတင်လေးဗျာ။ ဒီအမှောင်ထုထဲကထွက်ပြီး တွင်းဝကိုရောက်ပြီးအလင်းရောင်မြင်နေရပြီ။ အဲဒီအချိန်မှာ ပြန်တွန်းချလိုက်တာ ဟိုးအောက်ကိုရောက်သွားသလိုပဲ။ အခုလက်ရှိတိုင်းပြည်ကတော့ ကျရှုံးနိုင်ငံဖြစ်နေပါပြီ"လို့ဆိုပါတယ်။

၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အကြောင်းပြလို့ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပါတယ်။ လက်ရှိမှာစကစဟာ အရပ်သားတစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ထားပြီးတော့ ထောင်နဲ့ချီကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။

========================

📌📌WY စိတ်ကြွဆေးပြားများ ၁၈၀ ကျော်ဖမ်းဆီးရမိ တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ-CDSOM ထုတ်ပြန်

WY စိတ်ကြွဆေးပြားများ ၁၈၀ ကျော်ဖမ်းဆီးရမိ တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ-CDSOM ထုတ်ပြန်ပါတယ်။

ဧပြီလ (၁၅) ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စိတ်ကြွဆေးပြားများ၊တရားမဝင် မူးယစ်ဆေးဝါးများ ရောင်းချနေမှု သုံးစွဲနေမှုများအားကာကွယ်ရေးတပ်များက ဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါတယ်။

ဖမ်းဆီးသိမ်းဆည်မှုတွင် '' ပန်းရောင် ဆေးပြား (၁၈၀) ပြား၊ အစိမ်းရောင် (၃) ပြား ၊သုံးစွဲလက်စ ပိုက်၊ ဆေးပြား (၁) ပြားနှင့် ငွေသား (၄၀၇,၀၀၀) ကျပ် နှင့် ရောင်းသူ ၊ဝယ်သူ၊ အသုံးပြုသူများ '' အား ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ယခုမူးယစ်ဆေးဝါးကိစ္စဖမ်းဆီးနိုင်ခြင်းများအတွက် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ-CDSOM ၊ ပြည်သူ့တပ်မတော်(မြောင်)-MUA၊ PDF Taloke နှင့် စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ (၂) တပ်ခွဲ (၃) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

စီးပွားပျက်လောက်စေသော လောင်းကစားမှုများ ပြုလုပ်ခြင်း၊ မူးရစ်ဆေးဝါးများ ရောင်းဝယ်ခြင်း ၊ သုံးစွဲခြင်းများအား NUG-MOD ဌာန၏ လမ်းညွှန်မှုအတိုင်း ဖမ်းဆီးအရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ - CDSOM ကဆိုပါတယ်။

========================

📌📌ကလေးမြို့နယ် နတ်မြောင်းဒေသတွင် စစ်တပ်က အရပ်သားနှစ်ဦးကို သတ်ဖြတ်၍ မီးရှို့ခဲ့

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်မြောင်းဒေသတွင် စစ်တပ်က အရပ်သားနှစ်ဦးကို သတ်ဖြတ်၍ မီးရှို့ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၁၅ ရက်နေ့တွင် ဖြစ်စဥ်အား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှဆိုပါတယ်။

ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာမှ ကိုခိုင်လင်းသူဟာ ကလေးမြို့သို့ ဆိုင်ကယ်ဖြင့်သွားစဉ် စည်သာကျေးရွာအနီး၌ ကင်းလှည့်နေသည့် အကြမ်းဖက်စစ်အုပ်စုတပ်နှင့်တိုးကာ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ ကိုခိုင်လင်းသူ၏ ရုပ်အလောင်းကိုလည်း စကစတပ်ကမီးရှို့သွားခဲ့ပါတယ်။

အလားတူ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက်စစ်အုပ်စု၏တပ်မှ နတ်မြောင်းကျေးရွာရှိ နေအိမ်များအတွင်းကို ဖောက်ထွင်းဝင်ရောက်၍ နေအိမ်အတွင်း၌ ပိတ်မိနေသည့် အသက် ၆၀ ကျော်အရွယ် ဦးဌေးဝင်းကို ဖမ်းဆီး သတ်ဖြတ်ခဲ့ ကြောင်း သိရှိရပါတယ်။ လက်နောက်ပြန်ကြိုးတုပ်ကာ ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် ဦးဌေးဝင်း၏ ရုပ်အလောင်းကို ဒေသခံများမှ တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၇၅၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment