၂၀၂၂ မေလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌မြန်မာအရေးကို အမေရိကန်အစိုးရ အသိအမှတ်ပြုပါဝင်နေမှုဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် တွန်းအားတစ်ခုဖြစ်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
📌မြန်မာနိုင်ငံ၏အကြပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြရန် တွန်းအားပေးရာတွင် အမေရိကန်ဟာ အာဆီယံနှင့် အတူပူးပေါင်းဆောင်ရွက်သွားမယ်
📌တော်လှန်ရေးကို အသက်တွေဘဝတွေပေးလို့ ကျန်းမာရေးဝန်ထမ်းများပါဝင်နေမှုဟာ ပြည်သူလူထု အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုရအောင် ဖြစ်တယ်လို့ ပြောကြား
📌ချက်နိုင်ငံ ပါလီမန်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့မြန်မာမိတ်ဆွေများအဖွဲ့ရဲ့ အဖွဲ့ဝင် ပါလီမန်အမတ်များနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံ
📌ရေဦးမြို့နယ် ပေကြီးအုပ်စုအတွင်း စကစတပ်များ PDF ယူနီဖောင်းများဝတ်ဆင်၍ ဖျက်ဆီးမီးရှို့မှုများလုပ်ဆောင်
📌ရေစကြိုမြို့နယ်အတွင်း တိုက်ပွဲတွင် အောင်ပွဲရခဲ့သည့် တော်လှန်ရေး စစ်သည်တော်များကို ပြည်သူရာနဲ့ချီသပြေပန်းများနဲ့ ကြိုဆို
📌ပုလဲမြို့မရဲစခန်းကို မေလ ၁၂ ရက်နေ့ ညပိုင်းမှာ PDF မဟာမိတ်အဖွဲ့တွေက လက်နက်ကြီးနဲ့အချက် ၈၀ ကျော်ပစ်ခတ်ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။
📌ကလေးမြို့နယ်က စစ်ဘေးရှောင်တွေဟာ အဆက်မပြတ်မိုးရွာသွန်းပြီး သောက်သုံးရေရှာပါးတာကြောင့် ကာလဝမ်းရောဂါခံစားနေရပါတယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြန်မာအရေးကို အမေရိကန်အစိုးရ အသိအမှတ်ပြုပါဝင်နေမှုဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် တွန်းအားတစ်ခုဖြစ်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
မေလ ၁၂ ရက်နေ့ RFA သတင်းဌာနနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံမေးမြန်းရာမှာ မြန်မာအရေးကို အမေရိကန်အစိုးရ အသိအမှတ်ပြုပါဝင်နေမှုဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် တွန်းအားတစ်ခုဖြစ်လိမ့်မယ်လို့ ဝန်ကြီးက ပြောကြားလိုက်တာဖြစ်ပါတယ်။
"ကျမထင်တယ်။ဒါက အိမ်နီးချင်းနိုင်ငံတွေ အတွက်လည်းတွန်းအားတစ်ခုဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။ဘာဖြစ်လို့လဲ အဝေးကြီးကနေ နိုင်ငံတွေကတောင် မြန်မာအရေးကို တွန်းတွန်းတိုက်တိုက် စိတ်ပါဝင်စားဖြစ်နေပြီဆိုရင် ကျမတို့အိမ်နီးချင်း နိုင်ငံတွေကလည်း ပိုပြီးတော့ စိတ်ဝင်စားသင့်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံရဲ့တည်ငြိမ်မှုဒါမှမဟုတ် မတည်ငြိမ်မှု ဒါတွေအကုန်လုံးဟာ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ရိုက်ခံစားရစေတာဖြစ်တယ်။ဒါကြောင့်မို့လို့ ကျမထင်ပါတယ်။ဒါဟာ ထိုက်သင့်တဲ့ တွန်းအားတစ်ခုဖြစ်လိမ့်မယ်။မျက်ကွယ်ပြုလို့မရဘူးလို့မြင်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားပြုကာ မေလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကိုရောက်ရှိခဲ့တာဖြစ်ပြီး မေလ ၁၃ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဝင်ဒီရှားမန်းနဲ့ မြန်မာ့အရေးကို တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။
========================
📌📌မြန်မာနိုင်ငံ၏အကြပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြရန် တွန်းအားပေးရာတွင် အမေရိကန်ဟာ အာဆီယံနှင့် အတူပူးပေါင်းဆောင်ရွက်သွားမယ်
အမေရိကန်ဟာ အာဆီယံနှင့် အတူပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံ၏အကြပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြရန် တွန်းအားပေးရာတွင် ပါဝင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဝင်ဒီရှားမန်းကဆိုပါတယ်။
ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အာဏာရှင်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်စွာဖြိုခွင်းမှုများကို ရင်ဆိုင်နေရသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၏ ခိုင်ခိုင်မာမာအားပေးထောက်ခံမှုနှင့် မြန်မာနိုင်ငံကို အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန် ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသည့်သူများအားလုံးကို ဆက်လက်အားပေးထောက်ခံသွားမည့် ကတိကဝတ်တို့ကို အလေးပေး ပြောကြားခဲ့ပါတယ်။
ဒါ့အပြင်အာဆီယံခေါင်းဆောင်အများစုသည် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ဝါရှင်တန်မြို့တော်သို့ ရောက်ရှိနေကြသည်ဖြစ်ရာမြန်မာနိုင်ငံ၏အကြပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြရန် တွန်းအားပေးရာတွင် အမေရိကန်ပြည်ထောင်စုသည် အာဆီယံနှင့် အခြားသော မိတ်ဖက်များနှင့်အတူ ဆက်လက်ပြီး အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အလေးထား ပြောကြားခဲ့ပါသေးတယ်။
ဒုတိယနိုင်ငံခြားရေးဝန်ကြီးသည်NUGဝန်ကြီး (ဒေါ်)ဇင်မာအောင်ကို မြန်မာပြည်သူများအပေါ် ထားရှိသည့် သူရသတ္တိနှင့် စွန့်လွှတ်အနစ်နာခံမှုတို့အတွက် ကျေးဇူးတင်ရှိခဲ့ပြီး အားလုံးအတွက် အားလုံးပါဝင်ခွင့်ရှိပြီး ငြိမ်းချမ်း၍ စည်ပင်ဝပြောသည့် ဒီမိုကရေစီစနစ်တစ်ခုအတွက် အမေရိကန်ပြည်ထောင်စုအားပေးထောက်ခံမယ်လို့အဆိုပြုခဲ့ပါတယ်။
========================
📌📌တော်လှန်ရေးကို အသက်တွေဘဝတွေပေးလို့ ကျန်းမာရေးဝန်ထမ်းများပါဝင်နေမှုဟာ ပြည်သူလူထု အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုရအောင် ဖြစ်တယ်လို့ ပြောကြားခဲ့တဲ့သတင်း
တော်လှန်ရေးကို အသက်တွေဘဝတွေပေးလို့ ကျန်းမာရေးဝန်ထမ်းများပါဝင်နေမှုဟာ ပြည်သူလူထု အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုရအောင်ဖြစ်တယ်လို့ မေလ ၁၂ ရက်ကျင်းပတဲ့အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ (International Nurses Day 2022) အခမ်းအနားမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့တာပါ။
"ကျနော်တို့ အသက်တွေ ဘဝတွေ ခွျေးတွေပေးပြီး ဒီတော်လှန်ရေးကို လုပ်နေခြင်းဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြည်သူတွေကို ရစေချင်လို့ အကောင်းဆုံးဖြစ်စေချင်လို့ဖြစ်တယ်။ကျနော်တို့ ပြည်သူတွေ နှစ်ပေါင်း၆၀၊၇၀လောက် မရခဲ့ဘူး။ဘာကြောင့်လဲဆိုရင် ဒီစစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်တွေကြောင့် အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုတွေ ရအောင် မလုပ်ပေးနိုင်ခဲ့ဘူး။လုပ်လို့မရခဲ့ဘူး။ဘယ်လောက်ပဲ ကျနော်တို့ပေးချင်၊ပေးချင် ပြည်သူတွေကမရခဲ့ဘူး"လို့ဝန်ကြီးကဆိုပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ကျန်းမာရေးဝန်ထမ်းပေါင်း ၄၀ ကျော်ကျဆုံးခဲ့ရပြီး ၄င်းတို့ထဲတွင် သူနာပြု၄ဦးပါဝင်ခဲ့ပါတယ်။
========================
📌📌ချက်နိုင်ငံ ပါလီမန်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့မြန်မာမိတ်ဆွေများအဖွဲ့ရဲ့ အဖွဲ့ဝင် ပါလီမန်အမတ်များနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံ
ချက်နိုင်ငံ ပါလီမန်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့မြန်မာမိတ်ဆွေများအဖွဲ့ရဲ့ အဖွဲ့ဝင် ပါလီမန်အမတ်များနဲ့တွေ့ဆုံခဲ့တယ်လို့ မေလ၁၃ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာအသိပေးဖော်ပြထားပါတယ်။
"ချက်နိုင်ငံ ပါလီမန်မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ မြန်မာမိတ်ဆွေများအဖွဲ့ရဲ့ အဖွဲ့ဝင် ပါလီမန်အမတ် Mr.Josph Flek နဲ့ Mr. Hayata Josef Okanuraတို့နဲ့ ချက်ပါလီမန်မှာ တွေဆုံခဲ့ပါတယ်။ ယူကရိန်းအရေး အလေးထားပေးသလို မြန်မာအရေးအတွက် သွေးမအေးပါဘူးဆိုတဲ့ ကတိစကားနဲ့အတူ ပါလီမန်အတွင်း ကြိုးပမ်းဆောင်ရွက်မှုတွေကို နောက်နှစ်လအကြာမှာ မြင်လာရတော့မှာပါ"လို့ဝန်ကြီးကဆိုပါတယ်။
အဆိုပါတွေ့ဆုံပွဲကို လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ချက်နိုင်ငံကိုယ်သားလှယ်ဦးလင်းသန့်တို့တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌ရေဦးမြို့နယ် ပေကြီးအုပ်စုအတွင်း စကစတပ်များ PDF ယူနီဖောင်းများဝတ်ဆင်၍ ဖျက်ဆီးမီးရှို့မှုများလုပ်ဆောင်
မေလ ၁၃ ရက် နံနက်ပိုင်းမှာ စစ်ကိုင်းတိုင်းရေဦးမြို့နယ် ပေကြီးအုပ်စုအတွင်းကို စကစတပ်များ ဝင်ရောက်ကာ PDF ယူနီဖောင်းများဝတ်ဆင်၍ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်သောင်းကျန်းခဲ့တယ်လို့ ရေဦးပကဖ ကဆိုပါတယ်။ စကစတပ်မျာဟာ အင်အားရာနဲ့ချီကာ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလျက်ရှိပြီးကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။
========================
📌📌ရေစကြိုမြို့နယ်အတွင်း တိုက်ပွဲတွင် အောင်ပွဲရခဲ့သည့် တော်လှန်ရေး စစ်သည်တော်များကို ပြည်သူရာနဲ့ချီသပြေပန်းများနဲ့ ကြိုဆို
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အာဏာသိမ်းစစ်အုပ်စုတပ်နှင့် မေလ (၁၂) ရက် နံနက်ပိုင်းကကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သား (၂) ဦးသေဆုံးခဲ့ပါတယ်။
"မိမိတို့ "KNT ပြောက်ကျားတပ်"နှင့်အတူ "Yasagyo PDF" ဒေသခံ ကာကွယ်ရေးရဲဘော်များအား ရေစကြိုမြို့နယ် ကျေးလတ်ဒေသခံပြည်သူများမှ သောင်းသောင်းဖျဖျဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။ မိမိတို့ကာကွယ်ရေးတပ်ဖွဲ့များအား ယခုလိုကြိုဆိုပေးခဲ့ကြတဲ့အတွက် အားရှိလှပါတယ်။ ဝမ်းသာလှပါတယ်။ တကယ်ကိုစစ်မှန်တဲ့ အားပေးမှုမျိုးဖြစ်တဲ့အတွက် ပြည်သူ့ ယုံကြည်မှု၊ ပြည်သူ့ ကြည်ညိုမှု၊ ပြည်သူ့အားကိုးမှုကို အလွဲသုံးစား မလုပ်ဘဲ အကြမ်းဖက်စစ်ကောင်စီအား ရေကုန်ရေခမ်း တိုက်ထုတ်သွားပါမည်ဟု ကတိသစ္စာပြုအပ်ပါတယ်။"ဟု K.N.T ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ စကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားပါ့မယ်။
📌📌ပုလဲမြို့မရဲစခန်းကို မေလ ၁၂ ရက်နေ့ ညပိုင်းမှာ PDF မဟာမိတ်အဖွဲ့တွေက လက်နက်ကြီးနဲ့အချက် ၈၀ ကျော်ပစ်ခတ်ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်မှာ စစ်ကောင်စီကလုံခြုံရေးတင်းကြပ်ထားတဲ့ကြားက မြို့မရဲစခန်းကို ဒေသတွင်း PDF ၃ ဖွဲ့ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်တာကြောင့် စစ်သား ၅ ယောက်သေဆုံးပြီး ၁၀ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့အကြောင်းကို(ပုလဲ)ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်။
ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့(ပုလဲ)
လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက အနိုင်တိုက်နိုင်ခဲ့တဲ့အတွက် စစ်ဆင်ရေးဟာ ၁၀၀ရာခိုင်နှုန်းအောင်မြင်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်း PDF တွေကပြောပါတယ်။ စစ်ဆင်ရေးရည်ရွယ်ချက်ကတော့ မေလ ၁၂ ရက်နေ့က ပုလဲမြို့နယ်နဲ့ကပ်ရပ် ယင်းမာပင်မြို့နယ်ထဲကိုဖြတ်သန်းခဲ့တဲ့ စစ်ကောင်စီလမ်းကြောင်းက ကားပေါ်ကနေ လမ်းဘေးဝဲယာကပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်တာကြောင့်လက်တုံ့ပြန်တာဖြစ်တယ်လို့ ယင်းမာပင် PDF တာဝန်ရှိသူတစ်ဦးကအခုလိုပြောပါတယ်
ယင်းမာပင် PDF တာဝန်ရှိသူတစ်ဦး
ပုလဲမြို့မရဲစခန်းကို တိုက်ခိုက်ရာမှာ PDF ပူးပေါင်း ၃ ဖွဲ့က အင်အား ၂၅၀ ကျော်အသုံးပြုခဲ့ပြီး နောက်ထပ်စခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ရှိနေပါတယ်။ ပုလဲမြို့နယ်ဟာ စစ်ကိုင်း၊ မကွေးနဲ့ချင်းပြည်နယ်ဒေသတွင်းသွားလာရေးအတွက် အရေးပါတဲ့နေရာမှာတည်ရှိနေတာကြောင့် စစ်ကောင်စီက လက်လွတ်မခံဘဲ အတင်းအကြပ်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတဲ့ နယ်မြေဖြစ်ပါတယ်။
========================
📌📌ကလေးမြို့နယ်က စစ်ဘေးရှောင်တွေဟာ အဆက်မပြတ်မိုးရွာသွန်းပြီး သောက်သုံးရေရှာပါးတာကြောင့် ကာလဝမ်းရောဂါခံစားနေရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေတဲ့ပြည်သူတွေဟာ သန့်ရှင်းတဲ့သောက်သုံးရေမရှိတာကြောင့် ကာလဝမ်းရောဂါခံစားနေရတယ်လို့ ဒေသခံပရဟိတသမားတစ်ယောက်က ပြောပါတယ်။
ကလေးမြို့ဒေသခံ ပရဟိတသမားတစ်ဦး
ကလေးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံဆေးရုံတွေကိုသွားပြဖို့ကလည်း လမ်းပန်းဆက်သွယ်ရေးနဲ့အခက်အခဲအမျိုးမျိုးတို့ကြောင့် ပြည်သူတွေက မသွားရဲကြပါဘူး။အကူအညီတွေ အရေးတကြီးလိုအပ်နေပေမယ့်လည်း ဒေသခံပြည်သူတွေကို လုံလောက်တဲ့အကူအညီပေးမယ့်သူမရှိသေးဘူးလို့လည်း ယင်းမာပင်ဒေသခံပြည်သူတစ်ယောက်ကပြောပါတယ်။
ယင်းမာပင်ဒေသခံတစ်ဦး
စစ်ကိုင်းတိုင်းထဲက စစ်ဘေးသင့်ပြည်သူတွေဟာ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ပိုင်ဆိုင်တာတွေအားလုံးမီးရှို့ဖျက်ဆီးခံထားရတာကြောင့် အခကြေးငွေပေးရမယ့် မြို့ပေါ်က ဆေးရုံ၊ ဆေးခန်းတွေဆီ မသွားနိုင်ကြပါဘူး။ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တတ်နိုင်သလောက်အင်အားနဲ့ဖွင့်ပေးထားတဲ့ ဆေးပေးခန်းတွေကိုပဲပြည်သူတွေက အားကိုးနေရတာဖြစ်ပါတယ်။
No comments:
Post a Comment