၁၃.၅.၂၀၂၂ မနက်ခင်းသတင်းများ (Radio NUG)

၁၃.၅.၂၀၂၂ မနက်ခင်းသတင်းများ (Radio NUG)

 သတင်းခေါင်းစဉ်များ
၁ - အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းတို့ တွေ့ဆုံဆွေးနွေး

၂ - စစ်ကောင်စီထံကို လူသားချင်းစာနာတဲ့အကူအညီပေးဖို့ချဥ်းကပ်နေတဲ့ ပုံစံကို နိုင်ငံတကာရောက် ပြည်သူတွေက ၄င်းပုံစံမဟုတ်ကြောင်းအသံထွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တိုက်တွန်း

၃ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး ကံစမ်းမဲလက်မှတ်၄၀ရါခိုင်နှုန်းကျော်အထိ ရောင်းချထား

၄ - ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုးပမ်းနေမှုမှန်သမျှ မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် အညီ ဆန့်ကျင်ကန့်ကွက်ကြောင်းပြည်နယ်နှင့်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများကသဘောထားကြေညာချက်ထုတ်ပြန်

၅ - မြန်မာနိုင်ငံတွင် မေလဆန်းအထိ နေရပ်စွန့်ခွာသူဦးရေ ကိုးသိန်းကျော်ရှိနေပြီလို့ UN OCHA Myanmar ထုတ်ပြန်




၁ - အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းတို့ တွေ့ဆုံဆွေးနွေး
===========

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။

မေလ၁၂ရက် ည၈နာရီ၃၀အချိန် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်နိုင်ငံဝါရှင်တန်ဒီစီကို မေလ၁၁ရက်နေ့ကတည်းကတရားဝင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအချို့နဲ့လဲ မြန်မာနိုင်ငံအရေးကိစ္စတွေတွေ့ဆုံဆွေးနွေးကြမယ်လို့လည်းသိရပါတယ်။
---------------------------------
၂ - စစ်ကောင်စီထံကို လူသားချင်းစာနာတဲ့အကူအညီပေးဖို့ချဥ်းကပ်နေတဲ့ ပုံစံကို နိုင်ငံတကာရောက် ပြည်သူတွေက ၄င်းပုံစံမဟုတ်ကြောင်းအသံထွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တိုက်တွန်း
===========

စစ်ကောင်စီထံကို လူသားချင်းစာနာတဲ့အကူအညီပေးဖို့ချဥ်းကပ်နေတဲ့ ပုံစံကို နိုင်ငံတကာရောက် ပြည်သူတွေက ၄င်းပုံစံမဟုတ်ကြောင်းအသံထွက်ပေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တိုက်တွန်းပြောကြားလိုက်ပါတယ်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် သီးသန့်မေးမြန်းခန်းတစ်ခုတွင် ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

"အခုလိုမျိုး လူသားချင်းစာနာတဲ့ အကူအညီကို စကစကိုချဥ်းကပ်တဲ့ပုံစံမျိုးနဲ့ သွားနေတယ်ဆိုတာ ဒါမဟုတ်ဘူးဆိုတာ နိုင်ငံတကာရောက် ပြည်သူတွေကလည်းအသံထွက်ဖို့လိုတယ်။ကျနော်တို့က ဆန့်ကျင်ဘက်ပြောပြီး လိုက်နှောင့်ယှက်နေတာမဟုတ်ဘူး။တကယ်
ဒုက္ခရောက်နေတဲ့လူတွေကို ကျကျနနကူညီဖို့ ဒါတွေကိုပြောနေရတာ"လို့ဝန်ကြီးကဆိုပါတယ်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့်၂၀၂၁ခု နှစ်ဧပြီ၁၆ရက်မှ ၂၀၂၂ခု နှစ် ဧပြီ၁၀ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် ၂.၇၃ဘီလီယံကျပ် သုံးစွဲခဲ့ပါတယ်။
---------------------------------
၃ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး ကံစမ်းမဲလက်မှတ်၄၀ရါခိုင်နှုန်းကျော်အထိ ရောင်းချထား
===========

ဒေါ််အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး ကံစမ်းမဲလက်မှတ်၄၀ရါခိုင်နှုန်းကျော်အထိ ရောင်းချထားပြီးပြီလို့သတင်းရရှိပါတယ်။

မေလအတွင်းမှာ ပုသိမ်ထီး ကံစမ်းမဲလက်မှတ်ရောင်းချနိုင်ရေး နှိုးဆော်သူ မပန်ဆယ်လိုကဆိုထားပါတယ်။

"မင်းအောင်လှိုင်အိမ်ရှယ်ယာကို အမုန်းတရားနဲ့ ဝယ်ကြသလို အမေ့ထီးလက်မှတ်တွေကို ချစ်ခြင်းမေတ္တာနဲ့ ဝယ်ကြဖို့လိုပါတယ်။ မျှော်မှန်းချက် 40% ကျော်ထိ အောင်မြင်ထားပြီဖြစ်ပေမယ့် 100% ထိ အောင်မြင်ဖို့ တယောက်တလက် အားပေးလိုက်ကြရအောင်ပါ။ လက်မှတ်တစ်စောင်ကို အပန်းမကြီးလှတဲ့ 10$ နှုန်းနဲ့ ပါဝင်အားဖြည့်နိုင်ပါပြီ"လို့ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး ကံစမ်းမဲလက်မှတ်တွေကို 1 Million in 1 Month ကမ်ပိန်းနဲ့ရောင်းချရာ တစ်ပတ်အတွင်း အ​ရောင်းရလဒ်က ၂၄,၅၈၁ ​စောင် ဖြစ်ပါတယ်။

နိုင်ငံအလိုက်မှာ​တော့ စင်ကာပူက 9,275 ​စောင်နဲ့ ဦး​​ဆောင်​နေပြီး ကျန်ထိပ်ဆုံး ၄ နိုင်ငံအ​နေနဲ့ - မြန်မာပြည်တွင်းက 4,222၊ US က 3,843၊ UK က 2,181 နဲ့Australia က 1,370 ​​စောင်ကံစမ်းမဲလက်မှတ်များ ဝယ်ယူထားတယ်လို့ သိရပါတယ်။

မဲလက်မှတ်တန်ဖိုးက​တော့ တစ်​စောင်ကို $10 ဖြစ်ပြီးရရှိလာတဲ့ မဲရောင်းရငွေရဲ့ ၇၀ % ကို NUG အစိုးရရဲ့ အနောက်မြောက်ဒေသ လွတ်မြောက်နယ်မြေတွေကို ထိန်းချုပ်နယ်မြေအဖြစ် ဖော်ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ကျန်တဲ့ ၃၀ % ကိုတော့ ခုခံစစ် ဆင်နွှဲနေတဲ့ အဖွဲ့အစည်းတွေကို ပေးပို့သွားမှာပဲ ဖြစ်ပါတယ်။
---------------------------------
၄ - ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုးပမ်းနေမှုမှန်သမျှ မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် အညီ ဆန့်ကျင်ကန့်ကွက်ကြောင်းပြည်နယ်နှင့်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများကသဘောထားကြေညာချက်ထုတ်ပြန်
=================

ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုးပမ်းနေမှုမှန်သမျှ မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် အညီ ဆန့်ကျင်ကန့်ကွက်ကြောင်းပြည်နယ်နှင့်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများကသဘောထားကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မေလ၁၂ရက်နေ့မှာ ပြည်နယ်နှင့်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများ၏ပူးတွဲသဘောထားထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူတို့ဆန္ဒမဲဖြင့် ကိုယ်စားပြုခွင့်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားပြု ကော်မတီများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲရလာဒ်ကို ပျက်ပြယ်စေရန် ရည်ရွယ်ချက် ဖြင့် ဥပဒေနှင့်ညီညွတ်ခြင်းလုံးဝမရှိသည့် ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုးပမ်းနေမှုမှန်သမျှ၊ အဆိုပါ ကြိုးပမ်း နေမှုများ၌ စစ်ကောင်စီနှင့်ပူးပေါင်းပါဝင်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒနှင့် အညီ ဆန့်ကျင်ကန့်ကွက်ပါတယ်လို့ဖော်ပြထားပါတယ်။

ထို့ကြောင့် တရားမဝင်ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုးပမ်းနေမှုကို ကန့်ကွက်နေကြသည့် နွေဦးတော်လှန် ရေးအင်အားစုများ၊ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အားလုံးကို ထောက်ခံအပ်တယ်လို့ဆိုပြီး လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ၂၀၂၂ခု မေလ (၁)ရက်နေ့ ရက်စွဲပါ သတင်းထုတ်ပြန် ချက်အမှတ် (၃/၂၀၂၂) ဖြင့် ပါတီကိုယ်စားပြုမှုနှင့် ပတ်သက်ပြီး တိကျရှင်းလင်းသော ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ယင်းထုတ်ပြန်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အလွဲသုံးစားပြုလျက် လွဲမှားသော နိုင်ငံရေးလုပ်ဆောင်ချက်များ လုပ်ဆောင်လာနိုင်ခြင်းမှ ကာကွယ်နိုင်ခဲ့ခြင်း၊ ရွေးကောက်ပွဲအသစ်ကျင်းပရန် ကြိုး ပမ်းနေမှုတွင်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဟန်ဖြင့် ပါဝင်ဆောင်ရွက်ခြင်း မပြုနိုင်အောင် တားဆီးထားနိုင်ခြင်းတို့ဖြစ်ပါသဖြင့် အဆိုပါသတင်းထုတ်ပြန်ချက်ကိုလည်း အပြည့်အဝ ထောက်ခံပါကြောင်း ဖော်ပြအပ်ပါတယ်လို့ဆိုထားပါတယ်။


ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းမည့် အကြမ်းဖက်စစ်ကောင်စီ၏ အတု အယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အား ပြင်းပြင်းထန်ထန် ရှုတ်ချကာ ထိုကဲ့သို့ ဖိတ်ခေါ်ချက်အပေါ် ပြတ်ပြတ်သားသား ငြင်းဆန်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ နွေဦးတော်လှန်ရေး အင်အားစုများအဖြစ် ရပ်တည်ပေးခဲ့ကြသော နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အားလုံးကို အထူး လေးစား ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြည်သူ့ဘက်ကရပ်တည်သော အဖွဲ့အစည်းများအားလုံး၏ သဘောထား ထုတ်ပြန်ချက်များကို အပြည့်အဝ ထောက်ခံပါကြောင်း ပြည်နယ်နှင့်တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီများ အားလုံးက တညီတညွတ်တည်း သဘောထားထုတ်ပြန်ကြေညာအပ်ပါတယ်လို့ဆိုထားပါတယ်။
---------------------------------
၅ - မြန်မာနိုင်ငံတွင် မေလဆန်းအထိ နေရပ်စွန့်ခွာသူဦးရေ ကိုးသိန်းကျော်ရှိနေပြီလို့ UN OCHA Myanmar ထုတ်ပြန်
===========

မြန်မာနိုင်ငံတွင် မေလဆန်းအထိ နေရပ်စွန့်ခွာသူဦးရေ ကိုးသိန်းကျော်ရှိနေပြီလို့ UN OCHA Myanmar ထုတ်ပြန်လိုက်ပါတယ်။

မေလ၁၂ရက်နေ့မှာ UN OCHA Myanmarက
နေရပ်စွန့်ခွာသူများ စာရင်းကိုထုတ်ပြန်ခဲ့တာပါ။

"လွန်ခဲ့တဲ့သီတင်းပတ်များအတွင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့နယ်တွေနဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွေမှာ စကစတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေရှိခဲ့ပြီး ဘီးလင်းမှာ ၈,၄၆၀ ဦး၊ ကြာအင်းဆိပ်ကြီးမှာ ၄,၇၅၀ ဦးနဲ့ မြဝတီမှာ ၅၀၀ ဦးရှိခဲ့တယ်လို့ ကုလသမဂ္ဂကိန်းဂဏန်းတွေအရ သိရပါတယ်"လို့ဖော်ပြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်မှာလည်းစကစ တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဖြစ်လို့ လူ ၁,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးကြရပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကစလို့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှုမရှိတဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာတင် နေရပ်စွန့်ခွာသူဦးရေဟာ ယခုနှစ် မေလ ၂ ရက်အထိ ကိန်းဂဏန်းများအရ ၂၄၉,၅၀၀ ဦး ရှိပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ နေရပ်စွန့်ခွာသူဦးရေ ၅၉၀,၁၀၀ ဦးအပါအဝင် စုစုပေါင်း နေရပ်စွန့်ခွာသူဦးရေဟာ ယခုနှစ် မေလ ၂ ရက်အထိ ၉၃၆,၇၀၀ ဦးရှိခဲ့ပြီဖြစ်ပါတယ်။
Share:

No comments:

Post a Comment