၂၀၂၂ မေလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့ အကြား၂၀၂၂ ခုနှစ် မေလ ၁၆ ရက်မှာ တွေ့ဆုံမှု သတင်းကိုထုတ်ပြန်
📌နွေဦးတော်လှန်ရေးဟာ စစ်တပ်ပြုတ်ကျပြီးရင် ဘာဆက်လုပ်ရမှန်းမသိတဲ့ Political Road Map မရှိတဲ့တော်လှန်ရေးမဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို
📌စစ်ခေါင်းဆောင်တွေရဲ့ အလွယ်တကူအာဏာသိမ်းတဲ့ အလေ့အထကို အဆုံးသတ်ဖို့ အခုအချိန်ဟာ အကောင်းဆုံး အချိန်နဲ့ အနေအထားဖြစ်တယ်လို့ဆို
📌နိုင်ငံတကာမှာ NUG ဟာ လာခြင်းကောင်းတဲ့ဧည့်သည်တော် ဖြစ်နေတာတွေ့ကြမယ်လို့ ကိုမင်းကိုနိုင်ပြောဆို
📌ကျည်ဖိုးမရှိ၍ စိုးမိုးနယ်မြေရှိကျေးရွာများတွင်ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များ မြေပဲနှုတ် အငှားလိုက်နေရ
📌ယင်းမာပင်နယ်မှာ ရွာစဉ်လှည့်ပြီး စစ်ကောင်စီကမီးရှို့နေတာကြောင့် ဒေသခံပြည်သူတွေဟာ ပြေးစရာနေရာမရှိတဲ့အခြေအနေအထိကြုံတွေ့နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့ အကြား၂၀၂၂ ခုနှစ် မေလ ၁၆ ရက်မှာ တွေ့ဆုံမှု သတင်းကိုထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ တို့အကြားတွင် ယနေ့ မေလ ၁၆ ရက်နေ့ မနက်ပိုင်းတွင် ၂ နာရီကြာ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထိုအတူ အမျိုးသားညီညွတ်ရေးအစိုးရဖက်က လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးတင်ပြခဲ့ကြတယ်လို့သိရပါတယ်။
========================
📌📌နွေဦးတော်လှန်ရေးဟာ စစ်တပ်ပြုတ်ကျပြီးရင် ဘာဆက်လုပ်ရမှန်းမသိတဲ့ Political Road Map မရှိတဲ့တော်လှန်ရေးမဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးပြောဆို
မေလ ၁၅ ရက်နေ့ အမေရိကန်ရောက် မြန်မာပြည်ဖွား မိသားစုများနဲ့တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကအခုလိုဆိုခဲ့ပါတယ်။
"စစ်တပ်ပြုတ်ကျပြီးနောက်ထပ်အာဏာရှင်စနစ်ပုံစံမျိုးပေါ်လာလို့လည်းမရဘူး။ State Building ကိုသွားတဲ့အခါမှာ ဘယ်လိုနိုင်ငံ့ရေးစနစ်နဲ့သွားမလဲဆိုတာသေသေချာချာရှိနေပြီဖြစ်ပါတယ်၊ ဒီတော်လှန်ရေးဟာ စစ်တပ်ပြုတ်ကျရင်ပြီးရောဆိုပြီး ဘာဆက်လုပ်ရမှန်းမသိတဲ့ Political Road Map မရှိတဲ့တော်လှန်ရေးမဟုတ်ပါဘူး"လို့ဆိုပါတယ်။
လက်ရှိမှာ NUGအစိုးရဟာ NUCC ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းဆောင်ရွက်လုပ်ကိုင်နေကြောင်းလည်းသိရပါတယ်။
========================
📌📌စစ်ခေါင်းဆောင်တွေရဲ့ အလွယ်တကူအာဏာသိမ်းတဲ့ အလေ့အထကို အဆုံးသတ်ဖို့ အခုအချိန်ဟာ အကောင်းဆုံး အချိန်နဲ့ အနေအထားဖြစ်တယ်လို့ဆို
မေလ ၁၅ ရက်နေ့ အမေရိကန်ရောက် မြန်မာပြည်ဖွား မိသားစုများနဲ့တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုဖွင့်ဟပြောကြားခဲ့ပါတယ်။
"တစ်နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးဟာ အရှိန်အဟုန် မပျက်ဘဲကြံ့ကြံ့ခံနေတာကိုကြည့်ရင်စစ်ခေါင်းဆောင်တွေရဲ့ လွယ်လွယ်ကူကူအာဏာသိမ်းလို့ရမယ်ဆိုတဲ့ ယူဆချက်မှားတာကိုတွေ့ရမှာဖြစ်ပါတယ်။အလွယ်တကူအာဏာသိမ်းတဲ့ အလေ့အထကို အဆုံးသတ်ဖို့ အခုအချိန်ဟာ အကောင်းဆုံး အချိန်နဲ့ အနေအထားဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြုကာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန်နိုင်ငံကို မေလ၁၁ရက်နေ့ကရောက်ရှိခဲ့တာဖြစ်ပြီးတော့ မေလ ၁၂ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဒုတိယဝန်ကြီး ဝင်ဒီရှားမန်းနဲ့တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာ၊ အမေရိကန် သမ္မတရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ရော့ဘာရှင်းစကီး တို့ကိုလည်း သီးခြားဆီတွေ့ဆုံခဲ့ပါသေးတယ်။
========================
📌📌နိုင်ငံတကာမှာ NUG ဟာ လာခြင်းကောင်းတဲ့ဧည့်သည်တော် ဖြစ်နေတာတွေ့ကြမယ်လို့ ကိုမင်းကိုနိုင်ပြောဆိုတဲ့အကြောင်းကို တင်ဆက်ပေးပါ့မယ်
မေလ ၁၆ ရက်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းနိုင်က သူ၏လူမှုကွန်ရက်မှာ နိုင်ငံတကာမှာ NUG ဟာ လာခြင်းကောင်းတဲ့ဧည့်သည်တော် ဖြစ်နေတာတွေ့ကြမယ်လို့အသိပေးရေးသား ပြောကြားခဲ့ပါတယ်။
"ပြည်သူ့တော်လှန်ရေးအောင်စိတ် တက်စရာတွေမြင်နေရမှာပါ။ ပေးဆပ်မှုတွေကြားကပဲ ပြည်သူ့ခုခံတိုက်ပွဲတွေမြင့်တက်လာတာ၊ ငုံ့မယောင်နဲ့အမောက်ထောင်ပြလာတဲ့အမှန်တရားပုံရိပ်တွေပေါ့။ နိုင်ငံတကာမှာ ခုဆိုရင်NUG ဟာ လာခြင်းကောင်းတဲ့ဧည့်သည်တော် ဖြစ်နေတာတွေ့ကြမှာပါ။ဒီကနေ့ရနေတဲ့ နိုင်ငံတကာဆက်ဆံရေးအောင်မြင်မှုတွေ၊ အဝေးပြေးလမ်းတွေအပါအဝင်ရထားတဲ့နယ်မြေစိုးမိုးမှုတွေကြည့်ပါ။ ဘယ်သူ့ကြောင့်လဲ။ တခွန်းတည်းဖြေရရင် ပြည်သူတွေကြောင့်ပဲ။ ဒီလောက်ဇွဲခတ်၊ သတ္တိဉာဏ်ကြီးတဲ့ပြည်သူတွေအတွက် နောက်ထပ်အောင်ပန်းတွေဝေနေမှာပါ"လို့ ကိုမင်းကိုနိုင်ကဆိုပါတယ်။
========================
📌📌ကျည်ဖိုးမရှိ၍ စိုးမိုးနယ်မြေရှိကျေးရွာများတွင်ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များ မြေပဲနှုတ် အငှားလိုက်နေရ
"တပ်ဖွဲ့ရန်ပုံငွေအတွက် စိုးမိုးနယ်မြေရှိကျေးရွာများတွင် မြေပဲနှုတ် အငှားလိုက်၍ ကျည်ဖိုးရှာနေကြသော ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်များ ဖြစ်ပါတယ်လို့ မေလ ၁၆ ရက်နေ့မှာ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြပါတယ်။။ နေ့စဥ် ရဲဘော်များ၏ အသုံးစရိတ် ၊ Mission ကုန်ကျစရိတ် ၊ တိုက်ပွဲသုံး ကျည်ဖိုး ၊ မပြည့်စုံသော လက်နက်များဖြည့်တင်းရမှု ၊ ဝတ်စုံစရိတ် ၊ နေ့စဥ်ဖုန်းဘေဖိုး ၊ ဆေးဖိုး ၊ ရိက္ခာဖိုး အစရှိသဖြင့်တော်လှန်ရေး အသုံးစရိတ်များ အမြဲမပြတ် လိုအပ်ချက်မြင့်မား လျှက်ရှိပါတယ်"လို့ဆိုပါတယ်။
ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ စကစတပ်များအထိနာစေခဲ့တဲ့ စစ်ဆင်ရေးများကိုလည်းဆင်နွှဲခဲ့ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ စကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားပါ့မယ်။
📌📌ယင်းမာပင်နယ်မှာ ရွာစဉ်လှည့်ပြီး စစ်ကောင်စီကမီးရှို့နေတာကြောင့် ဒေသခံပြည်သူတွေဟာ ပြေးစရာနေရာမရှိတဲ့အခြေအနေအထိကြုံတွေ့နေရပါတယ်။
မေလ ၁၄ ရက်နေ့ ညနေ ၆နာရီဝန်းကျင်လောက်မှာ ယင်းမာပင်မြို့နယ်၊ ရွာသာယာရွာကို စစ်ကောင်စီတပ်သားတွေကဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ်ကြီးအိမ်ကောင်း ၁၃လုံးထက်မနည်းမီးလောင်ပျက်စီးခဲ့ပါတယ်။ စစ်သားတွေက လက်နက်ကြီးနဲ့ရမ်းသန်းပစ်ခတ်တာ၊ မဲမဲမြင်ရာသေနတ်နဲ့လိုက်ပစ်နေတာတွေကြောင့် ပြေးစရာနေရာမရှိတဲ့အခြေအနေဖြစ်နေပြီလို့ ရွာသာယာရွာသူတစ်ယောက်ကပြောပါတယ်။
ယင်းမာပင်၊ ရွာသာယာရွာသူတစ်ဦး
စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေစတင်တုန်းက မီးရှို့ခံရတဲ့ရွာတွေကို တခြားရွာတွေက အကူအညီပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရွာအားလုံးနီးပါးအကြမ်းဖက်ခံထားရတဲ့အတွက် အချင်းချင်းအကူအညီပေးနိုင်တဲ့အခြေအနေတောင်မရှိတော့ဘူးလို့ ဒေသတွင်း ဗိုလ်သူရိန်အဖွဲ့မှPDF တစ်ယောက်ကပြောပါတယ်။
ဗိုလ်သူရိန်အဖွဲ့(ယင်းမာပင်)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ယင်းမာပင်မြို့နယ်တွေဟာ ချင်းပြည်နယ်၊ မကွေးတိုင်းတို့ကိုသွားလာဖို့ လမ်းပန်းဆက်သွယ်ရေးအရအရေးပါတဲ့နေရာဖြစ်တာကြောင့် စစ်ကောင်စီက အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတာပါ။ မြောင်နဲ့ ကနီမြို့နယ်တွေကတော့ ချင်းတွင်းမြစ်ရိုးရေလမ်းခရီးအတွက် အရေးပါတဲ့နေရာဖြစ်နေတာကြောင့် စစ်ကောင်စီက မဖြစ်မနေထိန်းချုုပ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
No comments:
Post a Comment