7th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌တော်လှန်ရေးအတွင်းကျဆုံးခဲ့တဲ့ရဲဘော်တွေ၊ ခြေလက် အင်္ဂါစွန့်လှူခဲ့ရတဲ့ရဲဘော်တွေဟာ ပြည်သူ့သူရဲကောင်းတွေအဖြစ် အစဉ်အမြဲ မော်ကွန်းတင် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဆို
📌ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ တစ်ခုတည်းသော တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းဖြစ်တယ်လို့ ဂျာမန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌတို့က စာပေးပို့
📌မင်းအောင်လှိုင်အိမ်ကို အစုရှယ်ယာ တစ်စုလျှင်ဒေါ်လာ ၁၀၀ ဖြင့် နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် ကိုယ်စားလှယ်များရောင်းချပေး
📌အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို AA စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေး
📌ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ် ဝင်ရောက်လာခဲ့ပြီး မီးရှို့ခဲ့ခြင်းကြောင့် အသက် ၇၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦး မီးလောင်
📌ဘုံရန်သူဟာ စစ်ကောင်စီဖြစ်တယ်လို့ CDM ဗိုလ်ကြီးခန့်ကိုဆို

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌တော်လှန်ရေးအတွင်းကျဆုံးခဲ့တဲ့ရဲဘော်တွေ၊ ခြေလက် အင်္ဂါစွန့်လှူခဲ့ရတဲ့ရဲဘော်တွေဟာ ပြည်သူ့သူရဲကောင်းတွေအဖြစ် အစဉ်အမြဲ မော်ကွန်းတင် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဆို

တော်လှန်ရေးအတွင်းကျဆုံးခဲ့တဲ့ရဲဘော်တွေ၊ ခြေလက် အင်္ဂါစွန့်လှူခဲ့ရတဲ့ရဲဘော်တွေဟာ ပြည်သူ့သူရဲကောင်းတွေအဖြစ် အစဉ်အမြဲ မော်ကွန်းတင် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကဆိုလိုက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့်အမှာစကားမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ဒီနေ့၊ဒီရက်မှာ ငါတို့အထူးသတိရနေမိတာက တော်လှန်ရေးအတွင်းကျဆုံးခဲ့တဲ့ရဲဘော်တွေ၊ ခြေလက် အင်္ဂါစွန့်လှူခဲ့ရတဲ့ရဲဘော်တွေကိုပဲဖြစ်တယ်။သူတို့အားလုံးဟာ ပြည်သူ့သူရဲကောင်းတွေအဖြစ် အစဉ်အမြဲ မော်ကွန်းတင် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။

စကစတပ်များဟာ လက်ရှိမှာ ဖမ်းဆီးရမိတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်လျက်ရှိပါတယ်။ လက်ရှိမှာလည်း ကျဆုံးရဲဘော်များအတွက် ကျန်ရစ်တဲ့မိသားစုဝင်များကို ေငွတိုက်စာချုပ်များ ဝယ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်လျက်ရှိပါတယ်။

=======================

📌📌ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ တစ်ခုတည်းသော တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းဖြစ်တယ်လို့ ဂျာမန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌတို့က စာပေးပို့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ တစ်ခုတည်းသော တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းဖြစ်တယ်လို့ ဂျာမန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌတို့က ပေးပို့စာမှာဖော်ပြခဲ့ပါတယ်။ ဂျာမန် အထက်လွှတ်တာ် ဥက္ကဋ္ဌ Sgd. Bado Ramelow နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ Sgd. Barbel Bas တို့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သို့ ပေးပို့စာ တစ်စောင်ပေးပို့ခဲ့တယ်လို့ CRPH ကဖော်ပြပါတယ်။

ယင်းပေးပို့စာတွင် "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် တစ်ခုတည်းသော တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းဖြစ်ပါ‌ေကြာင်း၊ လက်ရှိအချိန်တွင် လွှတ်တော်လုပ်ငန်းများအား အွန်လိုင်းမှတဆင့်သာ ဆောင်ရွက်နိုင်သော်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဆောင်ရွက်ချက်များသည် စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားသည့် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် ဒီမိုကရေစီအုတ်မြစ်ကို ထိန်းသိမ်းနေခြင်း ဖြစ်ပါကြောင်း၊လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော လူကြီးမင်းတို့ တည်ရှိမှုသည် မြန်မာပြည်သူလူထုအနေဖြင့် ဒီမိုကရေစီ အခွင့်အရေးများနှင့် လွတ်လပ်မှုအတွက် ရပ်တည်ရန် ခွန်အားနှင့်အတူ မျှော်လင့်ချက်များ ပေးလျက်ရှိပါကြောင်းဖော်ပြထားသည်။


ဒါ့အပြင်လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက မြန်မာစစ်တပ်သည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သည့်စနစ်ကို ဥပဒေမဲ့ ဖောက်ဖျက်ခဲ့ပြီးနောက် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီတို့အား အင်အားသုံး ပိတ်ပင်တားဆီးရန် ကြိုးပမ်းခဲ့ပြီး မြန်မာပြည်သူတို့ကို အလွန်အကျွံအကြမ်းဖက်မှုများနှင့် တိုက်ခိုက်ခဲ့ပါကြောင်း၊ စစ်တပ်က အင်အားသုံး၍ အစိုးရအား ဖယ်ရှားရန် ကြိုးပမ်းခဲ့မှုနောက် မိမိတို့ ထုတ်ပြန်ခဲ့သည့်အတိုင်းပင် အနှောင့်အယှက်လုပ်ရပ်များ ချက်ချင်းအဆုံးသတ်နိုင်ရေး လူကြီးမင်းတို့၏ တုံ့ပြန်လုပ်ဆောင်ချက်များနှင့် တရားဝင်နိုင်ငံအဖွဲ့အစည်းများအဖြစ် ပြန်လည်တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေးနှင့်အတူ နိုင်ငံရေးအကျည်းသား ၉၀၀၀ ကျော် ပြန်လည်လွတ်မြောက်ရေး၊ ပြည်သူ ၁၀၀ ကျော် သေဒဏ်ချမှတ်ခံထားရမှု ဖျက်သိမ်းပေးရေးတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တိုက်တွန်းတောင်းဆိုချက်များကို ထောက်ခံပါကြောင်းဆိုထားသည်။

ဂျာမန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ ဥက္ကဋ္ဌများအနေဖြင့် မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခံထားရသည့် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ် ၉၀ ကျော်အား ဖမ်းဆီးထိန်းသိမ်းခံထားရမှုအပေါ် များစွာ စိုးရိမ်လျက်ရှိပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းမှ ပိတ်ပင်တားဆီးမှုမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ရန်သည် အထူးအရေးကြီးပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ရွေးကောက်ခံမိတ်ဆွေလွှတ်တော်ကိုယ်စားလှယ်များ လွတ်မြောက်ရေးအတွက် ကမ္ဘာတစ်ဝှမ်းမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံပါကြောင်းဟူ၍ ပေးပို့စာအားပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်ထားပါတယ်။

========================

📌📌မင်းအောင်လှိုင်အိမ်ကို အစုရှယ်ယာ တစ်စုလျှင်ဒေါ်လာ ၁၀၀ ဖြင့် နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် ကိုယ်စားလှယ်များရောင်းချပေး

မင်းအောင်လှိုင်အိမ်ကို အစုရှယ်ယာ တစ်စုလျှင်ဒေါ်လာ ၁၀၀ ဖြင့် နိုင်ငံပေါင်း ၂၉ နိုင်ငံတွင် ကိုယ်စားလှယ်များရောင်းချပေးလျက်ရှိပါတယ်။ မေလ ၆ ရက်နေ့မှာ End of Dictatorship EOD ကတရားဝင်ကြေညာခဲ့ပါတယ်။

"End of Dictatorship (EOD) ရဲ့ အစု ရှယ်ယာတွေကို EOD အသိအမှတ်ပြု ကိုယ်စားလှယ်တွေက တဆင့် ရောင်းချပေးနေပါပြီ။ အစုရှယ်ရာ တခုကို USD 100 ဖြစ်ပါတယ်။ မိမိတို့နဲ့ သက်ဆိုင်တဲ့ နိုင်ငံအသီးသီးမှာ ငွေပေးချေတဲ့ အခါ ဘယ်ငွေလဲနှုန်းနဲ့ တွက်သလဲ ဆိုတာ MoPFI ရဲ့ ၂၀၂၂ မေလ ငွေလဲနှုန်းမှာ ကြည့်နိုင်ပါတယ်။ နမူနာအားဖြင့် 1 USD = 1.38 AUD ဖြစ်လို့၊ Austria ကိုယ်စားလှယ်ဆီက ဝယ်ယူပါက အစုရှယ်ရာ တစုကို AUD 138 ပါ" လို့ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)ရှိ မြေနှင့်အဆောက်အအုံအား ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်းအရ (၆) ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်၏ ၉၇% ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူရန် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိခဲ့ပါတယ်။

ယခု ရောင်းချသည့်အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဘိုးဖြတ်၍ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချသွားမည်ဖြစ်ပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ် ထားတာဖြစ်ပါတယ်။

========================

📌📌အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို AA စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေး

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို AAစစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က "အာရုံနောက်နေပြီ" လို့ သတိပေးပြောကြားလိုက်ပါတယ်။

“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်”လို့ ၎င်း၏ တွစ်တာမှာရေးသားပြောကြားထားပါတယ်။ ယင်းတိုင်းမှူးမှာလတ်တလောတွင် အုပ်ချုပ်ရေးအကြောင်းအရာများကို ဝင်ရောက်လုပ်ဆောင်ကာ လုပ်ငန်းဆောင်ရွက်မှုများပြသလျက်ရှိပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA ဟာ နယ်မြေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးကို အဓိကဆောင်ရွက်နေပြီး စစ်တပ်က စင်ပြိုင်သဖွယ်လာရောက်လုပ်ဆောင်တဲ့အတွက် သတိပေးတာဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံသပ်သူတစ်ဦးကဆိုပါတယ်။

========================

📌📌ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ် ဝင်ရောက်လာခဲ့ပြီး မီးရှို့ခဲ့ခြင်းကြောင့် အသက် ၇၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦး မီးလောင်

ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ် ဝင်ရောက်လာခဲ့ပြီး မီးရှို့ခဲ့ခြင်းကြောင့် အသက် ၇၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦး မီးလောင် သေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလ ၆ ရက်နေ့ နံနက် ၄ နာရီအချိန်မှာ စကစတပ်များဟာ ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာအတွင်းကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ AAPP ကဖော်ပြပါတယ်။

"(မေ ၆) နံနက် ၄ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ် ဝင်ရောက်လာခဲ့ပြီး မီးရှို့ခဲ့ခြင်းကြောင့် အသက် ၇၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦး မီးလောင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်"လို့ ဆိုထားပါတယ်။

မေလ ၅ ရက်နေ့မှာ Fire Service Department - MOHAI - NUGကနေ အကြမ်းဖက်စစ်ကောင်စီမှ ကျူးလွန်သော မီးရှို့ဖျက်စီးမှုများစာရင်းကိုထုတ်ပြန်ချက်များအရ ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းတွင် စကစတပ်များမှ လူနေအိမ် ၃၅၅၅ လုံးကို မီးရှို့ဖျက်စီးခဲ့ပြီး မီးရှို့သတ်ဖြတ်ခံရသူအရပ်သား ၇ ဦးရှိကာ ပစ်သတ်ခံရသူ ၂၆ ဦးရှိခဲ့ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၂၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

========================

📌📌ဘုံရန်သူဟာ စစ်ကောင်စီဖြစ်တယ်လို့ CDM ဗိုလ်ကြီးခန့်ကိုဆို

ဘုံရန်သူဟာ စစ်ကောင်စီဖြစ်တယ်လို့ CDMဗိုလ်ကြီးခန့်ကိုကပြောကြားလိုက်ပါတယ်။ မေလ ၆ ရက်နေ့မှာ CDM ဗိုလ်ကြီးခန့်ကိုက လူမှုကွန်ရက်မှာ တော်လှန်ရေးအင်အားစုတွေစည်းရုံးဖို့ကိုပြောကြားခဲ့ပါတယ်။

"အတိုချုံးပဲ ပြောတော့မယ် ။ NUG ကို အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေနဲ့ ရှေ့ဆက်ကြမယ် ။ အတွေးအခေါ်တွေအရမ်းမြင့်ပြီး လမ်းလွဲမသွားဖို့လိုတယ် ။ ဘုံရန်သူဟာ စကစ "လို့ဆိုပါတယ်။

လတ်တလောမှာ အကြောင်းအရာများအပေါ် တော်လှန်ရေးအင်အားစုများ အငြင်းပွားလျက်ရှိကြပါတယ်။ လက်ရှိမှာ CDMဝင်လာတဲ့ တပ်နဲ့ရဲအင်အားတစ်သောင်းခန့်ရှိပြီဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment