၂၀၂၂ ဇူလိုင်လ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင်တစ်စုကို အပြီးတိုင် မောင်းထုတ်ပြီးမှသာ အေးအေးချမ်းချမ်းပြန်လည်နေထိုင်နိုင်ကြရမှာလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ ပြည်သူ့အစိုးရလက်ထက်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့များကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်စီ ချမှတ်
📌 ၃။ စစ်မြေပြင်နေရာတွင် အထက်တန်းကျောင်း (၁) ကျောင်းမှာရှိတဲ့ဖတ်စာအုပ်နှင့် ဗလာစာအုပ်အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုက ယူဆောင်၍ ကျောင်းပေါင်း ၁၂ ကျောင်းကိုဖြန့်ဝေ
📌 ၄။ ကလေးမြို့နယ်တောင်ပိုင်းတွင် သုံးရက်မြောက် တိုက်ပွဲဆက်လက်ဖြစ်ပွား၍ စကစတပ်များအထိအခိုက်အကျအဆုံးများပြား
📌 ၅။ ကချင်ဒေသတွင်လည်း NUG Pay Account ဖွင့်၍ အသုံးပြုနိုင်
📌 ၆။ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာတဲ့ဖျော်ဖြေပွဲမှာ အမေရိကန်ဒေါ်လာခြောက်သောင်းကျော်ရရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်အာဏာရှင်တစ်စုကို အပြီးတိုင် မောင်းထုတ်ပြီးမှသာ အေးအေးချမ်းချမ်းပြန်လည်နေထိုင်နိုင်ကြရမှာလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
စစ်အာဏာရှင်တစ်စုကို အပြီးတိုင် မောင်းထုတ်ပြီးမှသာ မြန်မာတစ်နိုင်ငံလုံး နေရာဒေသမရွေး အေးအေးချမ်းချမ်းပြန်လည်နေထိုင်နိုင်ကြရမှာလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဇူလိုင် ၁၂ ရက်ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။
"တိုင်းပြည်ကို နှစ်ပေါင်းများစွာနည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေး ခဲ့တဲ့ စစ်အာဏာရှင်တစ်စုကို အပြီးတိုင် မောင်းထုတ်ပြီးမှသာ မြန်မာတစ်နိုင်ငံလုံး နေရာဒေသမရွေး အေးအေးချမ်းချမ်းပြန်လည်နေထိုင်နိုင်ကြမှာဖြစ်တာ အသေအချာမို့ ကျွန်တော်တို့အားလုံး အားစိုက်ပြီး ဆက်လက်မောင်းထုတ်ကြဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီရဲ့ အခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ဘက်ပေါင်းစုံက ယိုယွင်းလာတာကို သူတို့သွေးရူးသွေးတန်း နေ့စဉ်ပြောဆိုနေတဲ့စကားတွေ၊ လုပ်ရပ်တွေကိုကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ လက်ရှိအချိန်အထိ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး လူပေါင်းနှစ်ထောင်ကျော်ကို ညှင်းပန်းသတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၂။ ပြည်သူ့အစိုးရလက်ထက်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့များကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်စီ ချမှတ်
ပြည်သူ့အစိုးရလက်ထက်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့များကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့တယ်လို့ဇူလိုင်လ ၁၂ ရက်နေ့မှာ AAPP က သတင်းထုတ်ပြန်ဖော်ပြပါတယ်။ ဇူလိုင်လ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်နှင့် အဖွဲ့ဝင် ဦးသန်းဌေးတို့ကို နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က ဖြင့် ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့တယ်လို့ဆိုပါတယ်။ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၄၈၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၂၄၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၃။ စစ်မြေပြင်နေရာတွင် အထက်တန်းကျောင်း (၁) ကျောင်းမှာရှိတဲ့ဖတ်စာအုပ်နှင့် ဗလာစာအုပ်အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုက ယူဆောင်၍ ကျောင်းပေါင်း ၁၂ ကျောင်းကိုဖြန့်ဝေ
စစ်မြေပြင်နေရာရှိ အထက်တန်းကျောင်း (၁) ကျောင်းတွင် ပြည်သူပိုင်ဖြစ်သော ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုက ယူဆောင်၍ ကျောင်းပေါင်း ၁၂ ကျောင်းကိုဖြန့်ဝေလျက်ရှိပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုကကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်များကို သွားရောက်ထုတ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။
"ဒီးမော့ဆိုမြို့နယ်၊ စစ်မြေပြင်နေရာရှိ အထက်တန်းကျောင်း (၁) ကျောင်းတွင် ပြည်သူပိုင်ဖြစ်သော ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO-LPDF) နှင့် ဒီးမော့ဆိုကျောင်းသားသမဂ္ဂပူးပေါင်းကာ ဇူလိုင်လ (၁၂) နေ့တွင် သွားရောက်ထုတ်ယူခဲ့ပါတယ်။စာအုပ်များကို ကျောင်းပေါင်း (၁၂) ကျောင်းသို့ ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေသော စာအုပ်အများအပြားကို ကျောင်းသားသမဂ္ဂထံ အပ်နှံထားပြီး လိုအပ်သည့်ကျောင်းသို့ ဆက်လက်ဖြန့်ဝေသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ကရင်နီဒေသတွင် အကြမ်းဖက်စစ်ကောင်စီဖွင့်လှစ်နိုင်ခဲ့သည့်ကျောင်းပေါင်း မြို့ပေါ် (၁၀) ကျောင်းသာရှိခဲ့ပြီး ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ မည်သည့်ကျောင်းမျှ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ဆိုပါတယ်။ ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှုအောက်ရှိ ကျောင်းပေါင်း (၃၀၀) ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး အထက်တန်း (၂၀) ကျော်၊ Volunteer ဆရာ/ မ ပေါင်း (၂၀၀၀) ကျော်နှင့် ကျောင်းသူ/ သားပေါင်း (၄၀၀၀၀)ကျော်ကို သင်ကြားပေးခဲ့ပါတယ်။
========================
📌📌 ၄။ ကလေးမြို့နယ်တောင်ပိုင်းတွင် သုံးရက်မြောက် တိုက်ပွဲဆက်လက်ဖြစ်ပွား၍ စကစတပ်များအထိအခိုက်အကျအဆုံးများပြား
ကလေးမြို့နယ်တောင်ပိုင်းတွင် သုံးရက်မြောက် တိုက်ပွဲဆက်လက်ဖြစ်ပွား၍ စကစတပ်များအထိအခိုက်အကျအဆုံးများပြားကြောင်းသတင်း ရရှိပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ PDF Kalay တပ်ရင်း ၁ က စစ်ရေးသတင်းကိုပြောပါတယ်။ မနေ့က တိုက်ပွဲမှာ စကစတပ်က အနည်းဆုံး ၁၀ ဦးသေဆုံးပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းမှာ pdf kalay နဲ့စကစတပ်များ သုံးရက်မြောက် တိုက်ပွဲများဖြစ်ပေါ်နေသောကြောင့် ကလေးမြို့နယ်တောင်ပိုင်း သို့ ခရီးသွားလာခြင်းများ မလုပ်ဆောင်ကြပါရန် မေတ္တာရပ်ခံ သတိပေးအပ်ပါတယ်"လို့ PDF Kalay တပ်ရင်း ၁ က ရဲဘော်တစ်ဦးကပြောပါတယ်။ စကစတပ်များဟာ ကလေးမြို့နယ် တောင်ပိုင်းကို ဇူလိုင် ၁၁ ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးလျက်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။
========================
📌📌 ၅။ ကချင်ဒေသတွင်လည်း NUG Pay Account ဖွင့်၍ အသုံးပြုနိုင်
ကချင်ဒေသတွင်လည်း NUG Pay Account ဖွင့်၍ အသုံးပြုနိုင်ပြီလို့ဆိုပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ KPICT - Sumbu က အသိပေးကြေညာပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၏ NUGPay သည် ပြည်သူလူထုအတွက် ငွေကြေးဝန်ဆောင်မှုနယ်ပယ် ပိုမိုလွယ်ကူစေရန် အားထုတ်ဆောင်ရွက်နေသည့် အစီအစဥ်တစ်ရပ်ဖြစ်သည်ဟု ယုံကြည်ပါတယ်။ထို့ကြောင့် ပါ၀င်ကူညီသောအားဖြင့် ငွေကြေးဝန်ဆောင်မှုနယ်ပယ် ပိုမိုကျယ်ပြန့်လာစေရန်ရှေးရှုကာ၊ ကချင်ဒေသအတွင်း KPICT ၏ SUMBU အစီအစဥ်ဖြင့် NUGPay အား တာ၀န်ယူရောင်းချရခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။ KPICT - Sumbu ရုံးသို့ လူကိုယ်တိုင်လာရောက်ကာ NUGPay Account ဖွင့်ခြင်း ပြုလုပ်နိုင်သလို KPICT - Sumbu ရုံး၏ တရားဝင် Facebook Page နှင့် Email မှသော်လည်းကောင်း ဆက်သွယ်ချိတ်ဆက်ကာ NUGPay Account ဖွင့်ခြင်း ပြုလုပ်နိုင်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာတဲ့ဖျော်ဖြေပွဲမှာ အမေရိကန်ဒေါ်လာခြောက်သောင်းကျော်ရရှိခဲ့
အမေရိကန်နိုင်ငံမှာ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာတဲ့ဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာခြောက်သောင်းကျော်ရရှိခဲ့တယ်လို့အဆိုတော် ဆောင်းဦးလှိုင်ကဆိုပါတယ် ဇူလိုင် ၁၃ ရက်နေ့က အဆိုတော်ဆောင်းဦးလှိုင်က လူမှုကွန်ရက်မှာ အသိပေးပြောပါတယ်။
" LA မြို့က $ 48,000၊ San Diego က $ 22,000 နီးပါးလောက် စစ်ဘေးသင့်ပြည်သူများအတွက်လှူဒါန်းနိုင်ပါတော့မယ်။ ဦးဆောင်သူ၊ ကူညီသူ ၊ လှူဒါန်းသူ ၊ အားပေးသူများကိုကျေးဇူးပါ။ ခက်ခဲလာနေတဲ့ကြားက ကြိုးစားနေကြရတာပါ။ အရင်သွေးပူနေတုန်းက အခြေအနေမျိုးမဟုတ်တော့တာ သေချာပေမယ့်လူကောင်းတွေနဲ့ အတူလုပ်ဆောင်နေတာမို့လုပ်သမျှထိရောက်မှာပါဗျာ"လို့အဆိုတော် ဆောင်းဦးလှိုင်ကဆိုပါတယ်။ ဇူလိုင် ၃၀ ရက်နေ့မှာတော့- Seattle မှာရံပုံငွေရှာ ဖျော်ဖြေပွဲ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment