21st JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရန်သူဟာ ဘဏ္ဍာရေး စစ်မျက်နှာမှာ အကြီးအကျယ် ပြိုလဲနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရက လွတ်လပ်စွာပညာသင်ကြားခွင့်ကိုမပိတ်ပင်ထားဘူးလို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်

📌 ၃။ ပုလောမြို့နယ်၊ ပိန္နဲတောင်ကျေးရွာအတွင်းကို ၂၈၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာနေအိမ်ပေါ်ကျရောက်ပေါက်ကွဲ၍ အရပ်သားတစ်ဦးသေဆုံး

📌 ၄။ တိုက်ပွဲတွင်ကျဆုံးခဲ့သော စစ်ကိုင်းတိုင်း ကောလင်းခရိုင် တပ်ရင်း မှပြည်သူ့ရဲဘော် မောင်ရဲသီဟအတွက် အလှူရှင်တစ်ဦးက ငွေတိုက်စာချုပ်ဝယ်ပေး

📌 ၅။ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်ရဲ့သားကြီး ယနေ့နံနက်တွင်ကွယ်လွန်

📌 ၆။ ခရီးမသွားသင့်သော နိုင်ငံခုနစ်ခုမှာ မြန်မာနိုင်ငံထိပ်ဆုံးကပါဝင်လာ

📌 ၇။ ကန်ပက်လက်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားမှ လက်နက်နဲ့တကွ အလင်းဝင်လာ၍ CDF-Kanpetlet မှ ဂုဏ်ပြုချီးမြှင့်ငွေ အဖြစ် ဆုကြေး သိန်း ၆၀ ကျပ် ပေးအပ်

📌 ၈။ NUGPay ကို သုံးစွဲသူစုစုပေါင်း ၃၀၀၀ ကျော်ရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရန်သူဟာ ဘဏ္ဍာရေး စစ်မျက်နှာမှာ အကြီးအကျယ် ပြိုလဲနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား


ဇူလိုင်လအတွင်း ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရတွေ့ဆုံပွဲမှာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဦးတင်ထွန်းနိုင်က အခုလိုပြောကြားခဲ့ပါတယ်။


"ဒီတော်လှန်ရေးက အောင်ပွဲနှင့် ဘယ်လောက်နီးနေပြီလဲဆိုတာကို တစ်ဖက် ရန်သူ၏ ခြေလှမ်းတွေကို ကြည့်ရင် သိသာပါတယ်။ တစ်ဖက် ရန်သူက ဘဏ္ဍာရေး စစ်မျက်နှာမှာ အကြီးအကျယ် ပြိုလဲနေပြီ ဖြစ်ပါတယ်။ဒီရက်ပိုင်းမှာ သူတို့ထုတ်ပြန်ခဲ့တဲ့ ဒေါ်လာနှင့် ပတ်သက်တာတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ကုန်ကြမ်း ပြတ်လပ်လို့ဆိုပြီး စက်ရုံတွေ ရပ်နားတာတွေ၊ ပြန်လည် ထွက်ခွာတာတွေရှိပါတယ်။ အလားတူ ဒေါ်လာကို ရသမျှ မတရား ဆောင်ရွက်နေပြီး သူတို့၏ နောက်ဆုံးထွက်သက်ကို အသက်ဆက်ဖို့ မဟားဒယား ဆောင်ရွက်နေတာကို တွေ့မြင်နေရပါတယ်။ ဒါကို ပြည်သူအားလုံးကလည်း တွေ့မြင်နေရပြီး ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားငွေစျေးကွက်မှာ ဒေါ်တန်ဖိုးမြင့်တက်နေပြီး ကျပ်ငွေတန်ဖိုးကျဆင်းနေတာကို လုံးဝထိန်းချုပ်နိုင်ခြင်းမရှိဘဲ စီမံခန့်ခွဲမှုအလွဲနဲ့ ညွှန်ကြားမှုအမှားများသာ ထုတ်ပြန်နေပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရက လွတ်လပ်စွာပညာသင်ကြားခွင့်ကိုမပိတ်ပင်ထားဘူးလို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်


အမျိုးသားညီညွတ်ရေးအစိုးရက လွတ်လပ်စွာပညာသင်ကြားခွင့်ကိုမပိတ်ပင်ထားဘူးလို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ ဇူလိုင်လအတွင်းကျင်းပတဲ့ ပြည်သူလူထုနဲ့ NUG အစိုးရတွေ့ဆုံပွဲမှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်။


"ပညာရေးမှာ ဘယ်သူ့ကိုမှ ပညာမသင်နဲ့လို့ ကျနေည်တို့မပြောခဲ့ဘူး။စစ်ကျွန် ပညာရေးဟာ အကျိုးမရှိဘူးလို့ပဲပြောတာ။စစ်ကျွန်ပညာရေးကို အသိအမှတ်မပြုဘူးလို့ပဲပြောခဲ့တာ။စစ်တပ်က သင်ပေးလိုက်တဲ့၊ စစ်တပ်ကထည့်ပေးလိုက်တဲ့ခေါင်း၊အဲဒီခေါင်းနဲ့ပညာရေးကိုလက်မခံဘူး။အဲဒါကြောင့် သူတိူ့ထုတ်ပေးတဲ့အသိအမှတ်ပြု လက်မှတ်တွေ ဘွဲ့တွေ၊သင်ကြားမှုတွေကို ကျနော်တို့အစိုးရအနေနဲ့ ပြည်သူအနေနဲ့ အသိအမှတ်မပြုဘူးလို့ပဲပြောတာ။ပညာသင်ကြားခွင့် အခွင့်အရေးကိုချိုးဖောက်ထားတာ မရှိဘူး"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ လွတ်မြောက်နယ်မြေများမှာ NUGပညာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီပြည်သူ့ပညာရေးများ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။


========================


📌📌 ၃။ ပုလောမြို့နယ်၊ ပိန္နဲတောင်ကျေးရွာအတွင်းကို ၂၈၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာနေအိမ်ပေါ်ကျရောက်ပေါက်ကွဲ၍ အရပ်သားတစ်ဦးသေဆုံး


တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပိန္နဲတောင်ကျေးရွာအတွင်းကို ပုလောအခြေစိုက် ၂၈၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာနေအိမ်ပေါ်ကျရောက်ပေါက်ကွဲ၍ အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။


ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက် နာရီဝန်းကျင်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပိန္နဲတောင်ကျေးရွာအတွင်းကို ပုလောအခြေစိုက် ၂၈၅ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်းရှိ နေအိမ် တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား တစ်ဦးဖြစ်သူ ကိုဇင်ဝိုင်းကို ထိမှန်၍ သေဆုံးသွားခဲ့ပါတယ်။ စကစတပ်များဟာ အကြောင်းအရင်းမရှိဘဲနယ်မြို့များမှာ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်ရုံသာမက ဘသာရေးအဆောက်အဦးများကိုလည်း ဖျက်ဆီးလျက်ရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက်နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၉၉) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၄။ တိုက်ပွဲတွင်ကျဆုံးခဲ့သော စစ်ကိုင်းတိုင်း ကောလင်းခရိုင် တပ်ရင်း မှပြည်သူ့ရဲဘော် မောင်ရဲသီဟအတွက် အလှူရှင်တစ်ဦးက ငွေတိုက်စာချုပ်ဝယ်ပေး


ဇူလိုင်၂၁ ရက်နေ့မှာ OurSpringHeroes က အခုလိုဖော်ပြခဲ့ပါတယ်။


"တိုက်ပွဲဝင်ရင်း အသက်ပေးလှူသွား‌ခဲ့တဲ့ သူရဲကောင်းရဲဘော် မောင်ရဲသီဟ ကို နွေဦးပြည်သူအပေါင်းက ဦးညွတ်အလေးပြုရင်း ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ အလှူရှင်တစ်ဦးက "ဒို့နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်အား ပေးအပ်ဂုဏ်ပြုလိုက်ပါတယ်"လို့ ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်နှင့် စစ်ကိုင်းတိုင်း ကောလင်းခရိုင် ဒီပဲရင်းတွင်ဖြစ်ပွါးခဲ့သော တိုက်ပွဲမှာ စစ်ကိုင်းတိုင်း ကောလင်းခရိုင် တပ်ရင်း မှ ပြည်သူ့ရဲဘော် မောင်ရဲသီဟ သည် အကြမ်းဖက်စစ်တပ်အား တွန်းလှန်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။


========================


📌📌 ၅။ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီးဦးရာဇတ်ရဲ့သားကြီး ယနေ့နံနက်တွင်ကွယ်လွန်


အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ သားကြီးဦးတင်မြင့်ယနေ့နံနက်ကွယ်လွန်ခဲ့ပါတယ်။ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှာ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ သားကြီးဦးတင်မြင့် ကွယ်လွန်ခဲ့တယ်လို့ မိသားစုဝင်များနဲ့နီးစပ်သူများကဖော်ပြပါတယ်။ ကွယ်လွန်ချိန်မှာ ဦးတင်မြင့်ဟာ အသက် ၈၂ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ သားသမီးများဟာ လက်ရှိအချိန်မှာ အနည်းငယ်သာကျန်ရှိတော့ပါတယ်။


========================


📌📌 ၆။ ခရီးမသွားသင့်သော နိုင်ငံခုနစ်ခုမှာ မြန်မာနိုင်ငံထိပ်ဆုံးကပါဝင်လာ


ဇူလိုင်လအတွင်း US Department of state Consular Affairs ကခရီးမသွားသင့်တဲ့ အဆင့် သတ်မှတ်ထားတဲ့နိုင်ငံများကိုထုတ်ပြန်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံမှာ ပထမထိပ်ဆုံးကပါဝင်ပြီးတော့ ဟောင်ကောင်၊ အီရန်၊အီရတ်၊ မြောက်ကိုရီးယား၊ရုရှား၊ ဗင်နီဇွဲလားနိုင်ငံတို့ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အာဏာသိမ်းထားခဲ့တာ တစ်နှစ်ကာလထဲဝင်ရောက်လာပြီး တရားဥပဒေစိုးမိုးရေး၊စီးပွားရေး၊လူမှုရေး အဘက်ဘက်က ကျဆင်းယိုယွင်းလျက်ရှိပါတယ်။


========================


📌📌 ၇။ ကန်ပက်လက်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားမှ လက်နက်နဲ့တကွ အလင်းဝင်လာ၍ CDF-Kanpetlet မှ ဂုဏ်ပြုချီးမြှင့်ငွေ အဖြစ် ဆုကြေး သိန်း ၆၀ ကျပ် ပေးအပ်


ကန်ပက်လက်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ပြည့်ဆန်းနောင်မှ လက်နက်နဲ့တကွ အလင်းဝင်လာ၍ CDF-Kanpetlet မှ ဂုဏ်ပြုချီးမြှင့်ငွေ အဖြစ် ဆုကြေး သိန်း ၆၀ ကျပ် ပေးအပ်ခဲ့ပါတယ်။ ဇူလိုင်၂၀ ရက်နေ့မှာ CDF-Kanpetlet မှ ဂုဏ်ပြုချီးမြှင့်ငွေ အဖြစ် ဆုကြေး သိန်း ၆၀ ပေးအပ်ခဲ့ကြောင်းဆိုပါတယ်။


"G-3 လက်နက်ဖြင့် အလင်းဝင်လာသူ ရဲတပ်သား ပြည့်ဆန်းနောင်၊ ကိုယ်ပိုင် အမှတ် (-၂၅၅၈၆၃)အား မိမိတို့ CDF-Kanpetlet မှ ဂုဏ်ပြုချီးမြှင့်ငွေ အဖြစ် ဆုကြေး သိန်း ၆၀ ကျပ် ပေးအပ်ခဲ့ပြီး ၄င်း၏ သဘောဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ချင်းပြည်နယ်၊ကန်ပက်လက်မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ပြည့်ဆန်းနောင်မှ လက်နက်ဖြင့် အလင်းဝင်လိုကြောင်း ဆက်သွယ်လာသဖြင့် ဇွန်လ၂၃ ရက်မှာ CDF-Kanpetlet မှ သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ ပြည်သူနှင့်ပူးပေါင်းလိုသော မည်သည့် ရဲနှင့် တပ်မတော်သားကိုမဆို  CDF-Kanpetlet မှ နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိကြောင်း  ထုတ်ပြန်ပါတယ်။


========================


📌📌 ၈။ NUGPay ကို သုံးစွဲသူစုစုပေါင်း ၃၀၀၀ ကျော်ရှိလာ


NUGPay ကို သုံးစွဲသူစုစုပေါင်း ၃၀၀၀ ကျော်ရှိလာတယ်လို့ဇူလိုင်လ၁၉ရက် နေ့မှာ NUG Pay ကသတင်းထုတ်ပြန်ခဲ့ပါတယ်။


"ယနေ့ထိ NUGPay ကို သုံးစွဲသူစုစုပေါင်း ၃၀၀၀ ကျော်ရှိနေပြီ။ NUGPay ဟာ တော်လှန်ရေးကာလအတွင်း ငွေကြေးစီးဆင်းမှု လွယ်ကူစေမယ့် စနစ်တစ်ခုပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ငွေကြေးယန္တရားမှ လွတ်ကင်းတဲ့ ငွေပေးချေမှု စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ NUGPay ရဲ့ Pilot Project ဟာ Wallet ပေါင်းတစ်သောင်းဖြင့်သာ စတင်လည်ပတ်မှာ ဖြစ်ပြီး NUGPay အား တဆင့်ချင်းစီ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment